အပိုင်း ၃၀
Viewers 18k

Chapter 30


နောက်နေ့မနက်တွင် ရမ်ရှန့်သည် သူစိတ်ကောင်းဝင်နေသည်ကို လူတိုင်းသိနိုင်လောက်သည်အထိ အပြုံးတို့ကို ဖောဖောသီသီ စွန့်ကျဲနေသည်။ သူက မစ္စတာထန့်ကိုပင် ပြုံးပြုံးကြီး နှုတ်ဆက်လိုက်သေးသည်။ 


ကျောက်လင်းယွီသည် ဝူရွှိုက်ကို ဆက်သွယ်ရန် ပြင်ဆင်နေချိန်တွင် ဆူညံသံတစ်ခုကို ကြားလိုက်ရသည်။ လှုပ်ရှားသံကို ကြား၍ ရမ်ရှန့်ကို မော့ကြည့်လိုက်ချိန်တွင် စိတ်ကြည်နေရခြင်း၏ အကြောင်းအရင်းကို သိနေသည့်အလား နှုတ်ခမ်းစွန်းတို့ကို အသာကော့ညွတ်လိုက်သည်။ 


"ရှောင်လွီ လာ အဖေနဲ့ ကစားရအောင် ..." 


မစ္စတာထန့်က ရမ်ရှန့်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။ 


မူလက ရမ်ရှန့်အနားတွင် ရစ်ဝဲနေသော ရှောင်လွီသည် သူ့အသံကို ကြားလိုက်ရသည်နှင့် မစ္စတာထန့်အနားသို့ တစ်ဖန်ပြန်ရောက်သွားတော့သည်။ 


သူက ရယ်မောကာ လက်တို့ကို လှုပ်ရှားလိုက်သည်။ သူ့လက်ထဲမှ အပင်တစ်ပင် ပေါက်လာကာ ရောင်စုံပန်းပွင့် သုံးပွင့် ထွက်ပေါ်လာသည်။ သူက တစ်ခုကို ရှောင်လွီသို့ ပေးလိုက်လျှင် ၎င်းက ချက်ခြင်း စုပ်ယူလိုက်သည်။ ထို့နောက် သူက ရမ်ရှန့်ကိုကြည့်ကာ ပြောလိုက်သည်။ 


"ရမ် မင်းရော လိုချင်လား ..." 


ရမ်ရှန့်မှာ အပင်စွမ်းရည်ပိုင်ရှင်တို့၏ အလုပ်လုပ်ပုံကို သိလိုသည့်အတွက် အကြည့်တို့ကို မခွါနိုင်တော့ချေ။ မစ္စတာထန့်က ရှောင်လွီ့ကို ပန်းပေးလိုက်ချိန်တွင်တော့ သူသည် ကျောက်လင်းယွီထံ ခြေကုန်သုတ်ကာ ပြေးသွားလိုက်တော့၏။ 


"မလိုချင်ဘူး ..." 


ပန်းပွင့်များသည် ကလေးမွေးဖွားရန်အတွက်ဖြစ်ကာ အခြားသူများ၏ပန်းကို ယူခြင်းသည် ကျင့်ဝတ်နှင့် မညီပေ။ ထို့ပြင် ထိုပန်းများမှာ အလွန် လှပနေသေးသည်။ 


"ငါ့ဆီကနေ သင်ချင်လား ..." 


မစ္စတာထန့်က ထပ်မေးလိုက်သည်။ 


သူ့လက်ထဲမှ ပန်းနှစ်ပွင့်သည် ချက်ခြင်း အသီးသီး၊ အပင်ပေါက်ကာ ဖူးပွင့်လာပြန်သည်။ ထိုလုပ်ငန်းစဉ်ကို ထပ်ကာထပ်ကာ ပြသရင်း သူ့လက်ထဲတွင် ပန်းများ တပွေ့တပိုက် ဖြစ်လာတော့သည်။ 


"မသင်ချင်ဘူး ..." 


ရမ်ရှန့်က ထပ်ပြောလိုက်သည်။ 


သူလည်း လုပ်နိုင်သားပဲ။  ကျောက်လင်းယွီသာ အစေ့တွေ ပိုပြီး ထုတ်ပေးနိုင်ရင် ‌သူလည်း သန့်စင်မြေတွေ လုံလုံလောက်လောက် ရှိလာမှာ အဲ့ဒီ့အချိန်ကျရင် ပန်းပွင့်ဖို့ ၊ အပင်ကြီးထွားဖို့ဆိုတာ လွယ်လွယ်လေးပဲ ... 


"ရမ် မင်း ဒီပန်းကို သဘောကျလား ကိုယ် မင်းစိုက်ဖို့ ပန်းအိုးတွေ သွားရှာပေးရမလား ..." 


ကျောက်လင်းယွီက မေးလိုက်သည်။ 


မစ္စတာထန့်ဘေးတွင် ရှ်ိနေသည့် ရှောင်လွီသည် သူ့စကားကို နားလည်၍ပဲလား။ ရမ်ရှန့်ကို မျက်နှာချိုသွေးလို၍ပဲလားတော့ မသိ။ ပန်းပွင့်အချို့ကို ယူကာ ရမ်ရှန့်ဘေးသို့ ပို့ပေးလိုက်သည်။


"ဒီ ရူးမိုက်တဲ့ ကလေးလေးကတော့ ..." 


သူ့ကိုယ်ပိုင်ကလေးကိုပင် သွေးမဆောင်နိုင်သည့် မစ္စတာထန့်မှာ အခက်ကြုံနေလေပြီ။ 


"ဒီပန်းတွေကို မထိနဲ့ ..." 


ကျောက်လင်းယွီ အခြားပန်းများကို ကြိုက်သွားမည်ကို မလိုလားသည့် ရမ်ရှန့်က ခပ်သွက်သွက် ပြောလိုက်သည်။ 


ဒီပန်းတွေက သူရှာတွေ့ထားတဲ့ မျိုးစိတ်အသစ်တွေပါနော် ဒါတွေက စိတ်ပျက်စရာ ကောင်းနေလို့လား ... 


မစ္စတာထန့်မှာ ပြောစရာစကားပင် မရှိတော့။ 


သူက ရမ်ရှန့်ကို သွေးဆောင်ရန် ကြိုးပမ်းနေစဉ်တွင် ရှောင်လွီကလည်း သူ့ကို စိတ်ကျေနပ်စေရန် စွမ်းဆောင်နေသည်။ ကျောက်လင်းယွီကတော့ သမားရိုးကျ စီစဉ်မှုများကို ဆောင်ရွက်ရင်း သူ့ကို စာလေ့လာရန် နှိုးဆော်နေသည်။ 


၇ ရက် ၈ ရက်ခန့်အကြာ ကျောက်လင်းယွီ၏ ဒုတိယ‌မျိုးစေ့ကို ရရှိပြီးချိန်တွင်တော့ ဖက်ဒရယ်၏ လူ့ဘောင်သစ်အထိမ်းအမှတ်နေ့သို့ ရောက်ရှိလာတော့သည်။ 


....


မြို့တော်ကြယ်သည် ဖက်ဒရယ်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အချက်အခြာကျသော မြို့တော်ဖြစ်သည်။ မြို့တော်ကြယ်၏ အလယ်ဗဟ်ိုတွင် ဖင်ဒရယ်အစိုးရအဖွဲ့၏ အဆောက်အဦးရှိနေပြီး ၎င်းနှင့် မနီးမဝေးတွင် မြို့တော်ကြယ်တစ်ခုလုံးတွင် အကြီးဆုံးရင်ပြင် ရှိသည်။ 


လူ့ဘောင်သစ်အထိမ်းအမှတ်နေ့ကို ကျင်းပလေတိုင်း ထိုရင်ပြင်တွင် စစ်ရေးပြအခမ်းအနားကို ဆောင်ရွက်လေ့ရှိသည်။ ဖက်ဒရယ်၏ ခေါင်းဆောင်အားလုံး စုံလင်စွာ တက်ရောက်ကြပြီး ထိုဓလေ့သည် ရှေးခေတ်ကမ္ဘာမှ ဆင့်ကဲသယ်ဆောင်လာခြင်း ဖြစ်သည်ဟုပင် ဆိုစမှတ်ပြုကြသည်။ 


အခမ်းအနားပွဲကို နေရာတိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်ပြသသည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို မဖမ်းယူနိုင်သည့် နေရာများ၌မူ ရိုက်ကူးရေးဗီဒီယို ရလျှင်ရချင်း ချက်ခြင်း ထုတ်လွှင့်ပေးကြသည်။ 


ထိုကဲ့သို့ အခမ်းအနားမျိုးသည် ပြည်သူတို့၏ စိတ်ဝင်စားမှုကို မုချပင် ဆွဲဆောင်ထားသည်။ မိုးမသောက်ခင်ကပင် ရင်ပြင်တွင် စစ်ရေးပြပွဲကို ကြည့်ရှုရန်အတွက် လူများပြည့်နှက်နေပြီဖြစ်သည်။ 


အပြင်ဘက်မြင်ကွင်းကို မြင်လိုက်ရချိန်တွင်တော့ ယူနီဖောင်းအဖြူကို လဲပြီးကာစ ကောင်းကျွင်းဖုန့်မှာ စိတ်လှုပ်ရှားလာတော့သည်။ 


"ခေါင်းဆောင် ကျွန်တော်တို့တွေ ပြဿနာတော့ မဖြစ်လောက်ပါဘူးနော် ..." 


"ငါတို့က စွမ်းရည်ပိုင်ရှင်အဖွဲ့ကပဲလေ ဘာဖြစ်နိုင်မှာမိုလို့လဲ ..." 


စွမ်းရည်အဖွဲ့၏ ခေါင်းဆောင်က သူ့ကို လှမ်းကြည့်လိုက်သည်။ 


"ကျွန်တော့်စွမ်းရည်တွေက ..." 


စွမ်းဆောင်နိုင်ရန် အဆင်မပြေတော့သည့် သူ့စွမ်းရည်အကြောင်းကို တွေးမိလျှင် ကောင်းကျွင်းဖုန့်မှာ ချွေးသီးချွေးပေါက်တို့ ကျဆင်းလာတော့သည်။ စွမ်းရည်များကို S,A,B အစရှိသဖြင့် မြင့်ရာမှ နိမ့်ရာသို့ အမျိုးအစား ခွဲထားကာ E သည် အနိမ့်ဆုံးအဆင့်ဖြစ်သည်။ ကောင်းကျွင်းဖုန့်သည် E အဆင့် မြေစွမ်းရည်ပိုင်ရှင်ဖြစ်ကာ E အဆင့်ထဲတွင်မှ အဆင့်အနိမ့်ဆုံးဖြစ်သည်။ 


သူကဲ့သို့ စွမ်းရည်ပိုင်ရှင်မျိုးသည် စစ်မြေပြင်တွင်ပင် အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နိုင်ပြီး သူ၏ နေ့စဉ်ဘဝမှာလည်း သာမန်သာဖြစ်သည်။ သို့သော် ယနေ့တွင်တော့ စွမ်းရည်ပိုင်ရှင်အဖွဲ့၏ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံလိုက်ရသည်။ 


"စိတ်ပူမနေပါနဲ့ ဒီက စွမ်းရည်ပိုင်ရှင်တွေ အကုန်လုံးကလည်း မင်းလိုတွေပဲ အဆင့်မြင့်စွမ်းရည်ပိုင်ရှင်တွေက စစ်ရေးပြအခမ်းအနားမှာ ပါမှာမဟုတ်ဘူး  ..." 


အဖွဲ့ခေါင်းဆောင်က သူ့ကို နှစ်သိမ့်လိုက်သည်။ 


အဆင့်မြင့်စွမ်းရည်ပိုင်ရှင်တွေဆိုတာ ဖက်ဒရယ်ကတောင် မျက်နှာသာပေးထားရတဲ့ နိုင်ငံ့ရတနာတွေလေ သူတို့စွမ်းရည်ကို စစ်ရေးပြအခမ်းအနားမှာ သုံးပါ့မလား သေချာပေါက်ကို E အဆင့်က လူတွေကိုပဲ သုံးမှာပေါ့ ... 


"ဟုတ်ရောဟုတ်ပါ့မလား ..." 


ကောင်းကျွင်းဖုန့်က သူ့ဂုတ်ကို ဖျစ်ညှစ်ရင်း ပြောလိုက်သည်။ ထို့နောက် တစ်ခုခုကို သတိရသွားသဖြင့် သူ့အမူအယာမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားတော့၏။ 


"တကယ်တမ်းလေ ဒီစစ်ရေးပြပွဲကို ပါဝင်ဖို့အရေး မိုးပြာကြယ်ကနေ မြို့တော်ကြယ်ကို လာခဲ့တာက မာရှယ့်ကို အနီးကပ်တွေ့ချင်လို့ လာခဲ့တာ ဒါပေမယ့် မာရှယ်က ပွဲမတက်ဘူးလို့တော့ လုံးဝ တွေးမထားမိဘူး ..." 


သူ မြို့တော်ကြယ်သို့ ရောက်စကလည်း မာရှယ်သည် ဒဏ်ရာရထားသည့်အတွက် သူ့မျက်နှာကို  ဓာတ်ပုံများ၊ ဗီဒီယိုများတွင်သာ မြင်ခဲ့ရသည်။ 


"မာရှယ်က တစ်ဖြေးဖြေး သက်သာလာနေပြီ မဟုတ်ဘူးလား နောက်တစ်နှစ်လောက် စောင့်လိုက်ပါဦး အဲ့ဒီ့အချိန်ကျ သူ့ကို သေချာပေါက် တွေ့ချင်တွေ့ရမှာ..." 


အဖွဲ့ခေါင်းဆောင်က သူ့ပုခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

30.2


"မင်းလည်း ကောင်းကောင်းလုပ်မှ ရမယ်နော် ပြောမရဘူး မာရှယ်ကလည်း တိုက်ရိုက်လွှင့်တာကို ကြည့်ချင်ကြည့်နေမှာ ..." 


"အကောင်းဆုံးကြိုးစားပါ့မယ်! ..." 


သူက ပြောလိုက်သည်။ သူ့မျက်ဝန်းတို့တွင်လည်း အလင်းရောင် ပြန်ပေါ်လာလေပြီ။ 


စစ်ရေးပြအခမ်းအနားကို အနီးကပ်ပြကွက်နှင့် ရွေ့လျားပြကွက်ဟူ၍ နှစ်ပိုင်းခွဲခြားထားသည်။ အနီးကပ်ပြကွက်တွင် တပ်စိတ်တစ်ခုချင်းစီသည် စတုရန်းပုံဖြင့် စီတန်းလမ်းလျှောက်ကာ အသေးစားလက်နက်အချို့ကို ခင်းကျင်းပြသရင်း စွမ်းရည်ပိုင်ရှင်တို့က ၎င်းတို့၏ စွမ်းရည်တို့ဖြင့် တင်ဆက်သည့်ပွဲ ဖြစ်သည်။ ရွေ့လျားပြကွက်တွင်မူ မြို့တော်ကြယ်၏ အနီးတစ်ဝိုက်တွင် စစ်ပွဲသဏ္ဍာန် ဟန်ရေးပြလေ့ကျင့်ခြင်းများ ပြုလုပ်ကြပြီး ၎င်းကို ဒရုန်းဖြင့် ရိုက်ကူးကာ ရင်ပြင်၏ အရှေဘက်နှင့် အနောက်ဘက်တို့တွင် စခရင်အကြီးကြီးများဖြင့် ပြသပေမည်။ 


ကောင်းကျွင်းဖုန့်တို့ အဖွဲ့ကို အခမ်းအနား၏ နောက်ဆုံးပိုင်းတွင်မှ ထွက်ပေါ်ရန် စီစဉ်ထားသည်။ မီးစွမ်းရည်ပိုင်ရှင်များက မီးရှူးမီးပန်းများကို ထုတ်လွှင့်ရင်း မြေစွမ်းရည်ပိုင်ရှင်တို့က အထိမ်းအမှတ်နေ့စာတမ်းကို မြေစိုင်ခဲတို့ဖြင့် ပုံဖော်ရင်း ခေါင်းကို မြင့်မြင့်မော့ကာ စီတန်းလျှောက်လာကြသည်။ 


သာမန်သူများအဖို့ စွမ်းရည်ပိုင်ရှင်များနှင့် တွေ့ဆုံရန်မှာ မလွယ်ကူလှချေ။ ဤအခမ်းအနားပွဲသည် စွမ်းရည်ပိုင်ရှင်တို့၏ လုပ်နိုင်စွမ်းကို မျက်မြင်တွေ့နိုင်သည့် တစ်ခုတည်းသော အခွင့်အရေးပင်ဖြစ်သည်။


ကောင်းကျွင်းဖုန့်၏ စွမ်းရည်သည် အလွန်အားနည်းရာ မြေစိုင်ခဲတို့ကို တိတိကျကျ ဖန်တီးနိုင်ရန် ဘေးလူများနှင့်ပါ ပူးပေါင်းရသည့်အတွက် အမှားတစ်ခုမှ မလုပ်မိစေရန် သတိကြီးကြီးထားကာ စိတ်ကို စူးစိုက်ထားရသည်။ 


သို့သော် ဖက်ဒရယ်အဆောက်အဦးရှေ့ကို ဖြတ်ကာ စစ်ရေးပြကွင်းပြင်တွင် မတ်တပ်ရပ်နေသည့် ခေါင်းဆောင်များကိုလည်း အလေးပြုရသေးသည့်အတွက် သူ့အာရုံအလုံးစုံကို မြေစိုင်ခဲတွင်သာ နှစ်မြုပ်ထား၍ မရချေ။ 


မြေစိုင်ခဲများ ဖန်တီးခြင်းကို ယာယီ ရပ်တန့်ကာ ကောင်းကျွင်းဖုန့်တို့အုပ်စုသည် တစ်ညီတစ်ညာတည်း ချီတက်လိုက်ကြ၏။ ထို့နောက် ဖက်ဒရယ်အဆောက်အဦးရှေ့သို့ ရောက်သည့်အခါ ဘေးတိုက်တန်းစီကာ အလေးပြုလိုက်ကြပြန်သည်။ 


ဖက်ဒရယ်၏ ခေါင်းဆောင်များက သူတို့ကို ‌လက်များဝှေ့ယမ်းကာ နှုတ်ဆက်နေကြသည့်အတွက် ထိုသူများမှာ သူ၏ အိုင်ဒေါ မဟုတ်သည့်တိုင် ကောင်းကျွင်းဖုန့်မှာ  စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ချေ။ ထိုအချိန်တွင် ဤစစ်ရေးပြပွဲ၌ ရှိနေလိမ့်မည်ဟု မည်သူမှ ထင်မထားသူတစ်ဦး ရုတ်တရက် ထွက်ပေါ်လာသည်။ သူသည် တည်ကြည်လေးနက်သော ခြေလှမ်းတို့ဖြင့် စစ်ရေးပြစင်မြင့်၏ ဘယ်ဘက်ခြမ်းမှ တစ်လှမးချင်း တက်လာသည်။ 


လူငယ်မှာ အရပ်ရှည်လျားကာ လွှမ်းမိုးနိုင်ဟန် အပြည့်ဖြင့်ပင်။ သူ့ဘေးတွင် ရပ်နေသူများမှာလည်း ရာထူးကြီးသူများ ဖြစ်သော်ငြား မည်သူကမှ သူ့ကို လျစ်လျူမရှုရဲချေ။ 


အမှန်စင်စစ်တွင် သူသည် ငေးရလောက်အောင် ချောမောနေသူ မဟုတ်ချေ။ သို့သော် ထိုနေရာတွင် ရပ်နေသည်မှာ နှစ်ထောင်ပေါင်းများစွာ မရွေ့မလျားဘဲ တည်ရှိခဲ့သည့် တောင်တန်းကြီးသဖွယ် ခံစားရသည်။ အင်အားကြီးမားလွန်း၍ မော့ကြည့်ရုံမှတစ်ပါး မစွမ်းသာသည့် ခံစားချက်မျိုးပင်။ 


ကျောက်လင်းယွီ! အဲ့ဒါ ကျောက်လင်းယွီပဲ ! နောက်ဆုံးတော့ မာရှယ်က သက်သာလာပြီး ပွဲကိုလည်း လာတက်တယ် ... 


ကောင်းကျွင်းဖုန့်မှာ စိတ်ပျံ့လွင့်သွားကာ နေရာတွင်ပင် တုန့်ခနဲ ရပ်ပစ်လိုက်သည်။ ကျန်အဖွဲ့သားများမှာလည်း သူ့လိုပင် ဖြစ်သည့်အတွက် တစ်ဖွဲ့လုံး တစ်ပုံစံတည်း ရပ်တန့်သွားတော့၏။ 


ဤသည်မှာ ကြီးမားလှစွာသော မှားယွင်းမှု ဖြစ်သော်ငြား မည်သူကမှ သတိမပြုမိချေ။ ရင်ပြင်ရှိ အခမ်းအနားပွဲကို ကြည့်နေသူတိုင်းသည် ယခုတော့ ကျောက်လင်းယွီထံမှ အကြည့်မခွါနိုင်ကြတော့ချေ။ 


ပွဲပြီးဆုံးချိန် နီးလာသည့်အတွက် ကြည့်ရှုနေသူများမှာလည်း တလှုပ်လှုပ်တရွရွဖြင့် စကားစမြည် ပြောစပြုလာသည်။ သို့သော် ကျောက်လင်းယွီကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ရင်ပြင်တစ်ခုလုံး ငြိမ်ကျသွားတော့သည်။ 


ကျောက်လင်းယွီသည် လူတိုင်း၏ အိုင်ဒေါ မဟုတ်သော်ငြား ဤသည်မှာ သူဒဏ်ရာရပြီးနောက် ပထမဆုံးအကြိမ် လူထုရှေ့ ပြန်ထွက်ပေါ်လာခြင်း ဖြစ်သည်။ 


အဝေးကြည့်ကိရိယာများနှင့် ရိုက်ကူးရေးကိရိယာအားလုံးတို့သည် သူ့ထံသို့ ဦးတည်လိုက်ကြတော့၏။ လူထုကလည်း တိုက်ရိုက်လွှင့်ခြင်းကို စတင်လိုက်ကြပြီး‌ လေထုတစ်ခွင် အံ့ဩမှုတို့ဖြင့် ပြည့်နှက်နေသည်။ 


ကျောက်လင်းယွီမှာလည်း ထိုသို့ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားပေ။ ဖက်ဒရယ်ကရော ဝူရွှိုက်တို့ကပါ သူ့ကို ပွဲတက်ရန် တိုက်တွန်းခဲ့ကြသော်ငြား ဤမျှ သောင်းသောင်းဖျဖျ ကြိုဆိုခံရလိမ့်မည်ဟုတော့ စိတ်ကူးမထားဖူးချေ။ 


ဒါက ဖုံးကွယ်ထားခြင်းရဲ့ ကောင်းကျိုးလို့ပဲ ပြောရမလား ... ဘာပဲဖြစ်ဖြစ် ဒါက သူလုပ်ရမယ့်ကိစ္စတွေကို ချောချောမွေ့မွေ့ ဖြစ်သွားစေတာပါပဲ ... 


ပြုံးရယ်နေကြသော လူထုကို လွှမ်းခြုံကြည့်ရင်း ကျောက်လင်းယွီသည် အရှေ့တည့်တည့်သို့ ဆက်လျှောက်လာလိုက်၏။ 


"အားလုံးပဲ မင်္ဂလာပါ ဒီနေ့ပွဲကို ကိုယ်တိုင် လာရောက်ကြတဲ့သူတွေပဲဖြစ်ဖြစ် ကွန်ပျူတာရှေ့မှာ ထိုင်ပြီး တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်နေတဲ့သူတွေပဲဖြစ်ဖြစ် ကျွန်တော် ဒီနေရာမှာ ရပ်နေတဲ့အတွက်  အံ့ဩသွားကြမယ်ထင်ပါတယ် တကယ်တမ်း ဒီလိုမျိုး နောက်တစ်ကြိမ် မတ်တပ်ပြန်ရပ်နိုင်တာကကို ကျွန်တော့်အတွက်တော့ အင်မတန် ကံထူးနေပါပြီ ..." 


စစ်ရေးပြအခမ်းအနားမှာ မပြီးဆုံးသေးသည့်အတွက် မိန့်ခွန်းပြောချိန် မရောက်သေးပေ။ သို့သော် သူကတော့ မိုက်ခရိုဖုန်းကိုယူကာ သဘာဝကျကျပင် စကားပြောလိုက်သည်။ 


ဖခင်ဖြစ်သူ၏ ဘေးတွင် ရပ်နေသည့် ရန်ယဲ့ကတော့ သူ့ကို မီးဝင်းဝင်းတောက်နေသော မျက်ဝန်းတို့ဖြင့်သာ စိုက်ကြည့်နေ၏။ 


ဒီလူက သေလုမျောပါး ဖြစ်နေရမှာလေ သူတောင် အောင်ပွဲမခံရသေးဘူး ပြန်သက်သာလာပြီပေါ့ ဟုတ်လား ... 


ကျောက်လင်းယွီက ပြန်သက်သာလာပြီဆိုတာကို ဖုံးကွယ်ပြီးတော့ ဒီအချိန်ကို အခွင့်ကောင်းယူပြီး ပြန်ပေါ်လာတယ်ပေါ့ သူလည်း လွယ်တော့ မလွယ်ဘူးပဲ ... 


ရန်ယွဲ့သည် သူ့ကို တားမြစ်ကာ အခမ်းအနားပွဲကို ဆက်ဆောင်ရွက်လိုစိတ်များ ဖြစ်ပေါ်လာတော့သည်။ 


သူက မနာလိုမုန်းတီးနေသော်ငြား သူ့အဖေက သတိပေးသည့်အကြည့်တစ်ချက်ကို  ပစ်လွှတ်လိုက်သည်။ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းတစ်ချက် ခိုးချလိုက်မိတော့၏။ 


သူ့သားက ဘာလို့များ ကျောက်လင်းယွီကို အမြဲတမ်း ရန်လိုနေရတာလဲ ...


ကျောက်လင်းယွီက တကယ်ကို မရိုးရှင်းဘူးပဲ ... ဘုရင်ကို ကာကွယ်ဖို့အရေး တပ်သားကို ချကျွေးလိုက်ရမှာပဲ စိုးရိမ်မိတယ် ...

(ဒီမှာ သူပြောတဲ့ဘုရင်ကလေ တကယ့်ဘုရင်အစစ်ကို ပြောတာမဟုတ်ဘူးနော် အရေးကြီးတာကို ကာကွယ်ဖို့ အရန်လေးတွေကို ထိုးကျွေးလိုက်ရမယ့် သဘောမျိုးကို ပြောချင်တာပါ ) 


"လူတိုင်းရဲ့ အမြင်မှာ ကျွန်တော်က အိပ်မက်ကြယ်ကို ကာကွယ်ပေးတဲ့ သူရဲကောင်းဖြစ်နေမယ်လို့ ထင်ပါတယ် ဒါပေမယ့် သူရဲကောင်းက ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး ..." 


သူက စင်‌မြင့်ရှေ့ရှိ ကွန်ပျုတာကို နှိပ်လိုက်သည်။ အရှေ့နှင့် အနောက်ဘက်ရှိ စခရင်တို့တွင် ပြသနေသည့် ဟန်ပြတိုက်ပွဲသည် သူနှင့် ဇာ့ဂ်ဘုရင်မတို့၏ တိုက်ပွဲဗီဒီယိုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ 


xxxxxxxx