အပိုင်း ၃၁
Viewers 18k

Chapter 31


ကနဦးတိုက်ပွဲ ဗီဒီယိုကို အင်တာနက်ပေါ်တွင် အပိုင်းဆက်ဖြင့် ထုတ်လွှင့်ခဲ့သော်ငြား သူနှင့် ဇာ့ဂ်ဘုရင်မအကြား အပြီးသတ်တိုက်ပွဲကိုသာ အဓိကထား တည်းဖြတ်ထားခြင်းဖြစ်သည်။ ဒါပေမယ့် စစ်ပွဲပါဆို ဘယ်လိုလုပ် လူ‌တစ်ယောက်ထဲ ဖြစ်နိုင်မှာလဲ ... 


ဇာ့ဂ်ဘုရင်မသည် ကိုယ်ထည်ကြီးမားကာ ရှေးခေတ်ကမ္ဘာ၏ ပိုးဟပ်များဖြင့်ပင် ဆင်တူသေးသည်။ ၎င်းတို့ကို ကြယ်တာရာပိုးဟပ်များဟုပင် ခေါ်ဝေါ်ကြပြီး ဘုရင်မသည် အသန်မာဆုံးဖြစ်သည်။ စစ်သင်္ဘောတစ်စီးကသာ သူမကို တိုက်မိပါလျှင် အာကာသထဲသို့ အစိတ်စိတ်အမွာမွာ လွင့်စင်ကာ ယာဉ်ပေါ်ရှိ စစ်သားတို့မှာလည်း လွတ်မြောက်ရန် အခွင့်အရေးပင် ရလိမ့်မည် မဟုတ်ချေ။ 


အာကာသယာဉ်ပေါ်တွင် အထူးရိုက်ကူးရေး ကိရိယာများ တပ်ဆင်ထားကာ စစ်သားများက သူတို့၏ နောက်ဆုံးနှုတ်ဆက်စကားများကို ရိုက်ကူးနေသည်။ ကျောက်လင်းယွီသည် ထိုဗီဒီယိုများကို တည်းဖြတ်ကာ တစ်စုတစ်စည်းတည်း ပြသလိုက်သည်။ 


"အမေ ကျွန်တော်လေ အမေလုပ်ကျွေးတဲ့ ပေါင်မုန့်ကို လွမ်းနေခဲ့တာ ..." 


"သင်္ဘောက သိပ်မကြာခင် ပေါက်ကွဲတော့မှာ အဖေ သား တောင်းပန်ပါတယ် ..." 


"အိုရန် ကိုယ့်ကို စောင့်မနေပါနဲ့တော့ သင့်တော်တဲ့ တစ်ယောက်ယောက်နဲ့ပဲ လက်ထပ်လိုက်ပါ ..." 


"ကားရယ်လ် ကိုယ် မင်းကို ချစ်တယ် ..." 


............. 


စစ်သားတို့၏ မကျဆုံးခင် မှာကြားခဲ့သည့် စကားများနှင့် အာကာသယာဉ် ပေါက်ကွဲစဉ်က ဝမ်းနည်းဖွယ်ရာများ အားလုံးကို လူထုထံ ရှင်းရှင်းလင်းလင်း ချပြလိုက်သည်။ 


လူအုပ်ထဲမှ တစ်ယောက်က ရုတ်တရက် ငိုကြွေးလိုက်သည်။ ထို့နောက်တွင်တော့ ငိုကြွေးသည့် လူအရေအတွက်မှာ များသည်ထက် များလာတော့သည်။ 


"ဒါတွေက ရုပ်ရှင်မဟုတ်ပါဘူး အကုန်လုံးက ဖြစ်ရပ်မှန်တွေပါ ဒီစစ်ပွဲမှာ တပ်သား ၅၄၂၇၁ ဦး ကျဆုံးခဲ့ပြီး အများစုက စစ်ပွဲပြီးကာနီးမှ သေဘေးနဲ့ ကြုံခဲ့ရတာပါ။ သူတို့အတွက်သာ မဟုတ်ရင် ကျွန်တော်လည်း ဇာ့ဂ်ဘုရင်မကို တစ်ကိုယ်တည်း သတ်နိုင်မယ့် အခွင့်အရေး ရခဲ့မှာ မဟုတ်ပါဘူး ..." 


ကျောက်လင်းယွီက ထပ်ပြောလိုက်သည်။ 


"ဒါပေမယ့် ဒီစစ်ပွဲက ရှောင်လွှဲလို့ ရနိုင်ပါတယ် တကယ်လို့ မရှောင်လွှဲနိုင်ရင်တောင် ဆုံးရှုံးမှုကို လျော့ချနိုင်ခဲ့ရမှာပါ ..." 


စစ်ပွဲကို ရှောင်လွှဲလို့ ရနိုင်ခဲ့တယ် ဟုတ်လား ဘာကို ဆိုလိုချင်တာလဲ  ... 


လူထုမှာ အံ့ဩမင်သက်သွားတော့သည်။ သူ့နောက်ကျောဘက်ရှိ လူများမှာလည်း အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြတော့၏။ 


ရန်မိသားစုခေါင်းဆောင်သည် သားဖြစ်သူကို အပြုအမူများကို  ရပ်တန့်ရန် အေးစက်စက်ကြည့်ကာ သတိပေးလိုက်သည်။ သူသည်လည်း အခြားသူများကဲ့သို့ပင် စိတ်ဆိုးဝမ်းနည်းနေပေသည်။ 


ကျောက်လင်းယွီသည် သူ့လက်ထဲရှိ သက်သေအားလုံးကို ထုတ်ဖော်လိုက်သည်။ 


တစ်ယောက်ယောက်ကသည်ဇာ့ဂ်ဘုရင်မ ချဉ်းကပ်လာသည့် သတင်းကို ကြားဖြတ်ဟန့်တားခဲ့သည့်အတွက်  စစ်တပ်က သတင်းရသည့် အချိန်တွင်  သူမကို မောင်းထုတ်ဖို့ အချိန်နှောင်းသွားခဲ့ရလေပြီ 


မထွက်ခွါခင်တွင်  စစ်တပ်ကို ထောက်ပံ့ပေးထားသည့်  ပစ္စည်းကိရိယာများကိုလည်း အစားထိုးခံခဲ့ရသည့်အတွက် စစ်သားအများစုမှာ  လက်နက်ခဲယမ်း ပြတ်တောက်သွားခဲ့ရတော့သည်။  


"ကျွန်တော်က ကံကောင်းတယ်လို့ပဲ ပြောရမှာ စွမ်းရည်တွေ ဆုံးရှုံးသွားတယ်ဆိုပေမယ့် အနည်းဆုံးတော့ အသက်ရှင်ကျန်ရစ်ပြီး လူထုရဲ့ မေတ္တာတွေကို ခံယူနိုင်သေးတယ်လေ ကျွန်တော့်ရဲဘော်တွေကတော့ စကြဝဠာထဲမှာပဲ အသက်ဆုံးရှုံးခဲ့ရပြီး ရုပ်အလောင်းကိုတောင် ပြန်မရှာနိုင်တော့ဘူး သူတို့ရဲ့ နောက်ဆုံးနှုတ်ဆက်စကားကို ရိုက်ကူးပေးခဲ့ဖို့ဆိုတာ ပိုပြီးတော့တောင် မဖြစ်နိုင်ခဲ့ဘူး ..." 


ထိုစကားအဆုံးတွင်တော့ ကျောက်လင်းယွီသည် အံကိုသာ တင်းတင်းကြိတ်ထားလိုက်တော့သည်။ 


ထိုနည်းဖြင့် လူထု၏ ကရုဏာကို သိမ်းပိုက်လိုက်သည်။ သို့မှသာ လူထုက နောက်ကွယ်ရှိ တရားခံကို ပြင်းပြင်းထန်ထန် အပြစ်ပေးရန် တောင်းဆိုကြမည် ဖြစ်သည်။ 


သူလိုချင်သည့်ကိစ္စမှာ အောင်မြင်တော့မည်ဖြစ်သည်။ 


ရန်နှင့် လော့ခဲမိသားစုကို အပြည့်အဝ ဆွဲမချနိုင်သည့်တိုင် သူတို့၏ လက်ရုံးများကိုတော့ ဖြတ်တောက်နိုင်ပါသေးသည်။ ဤရှင်းလင်းမှု အပြီးတွင် အနာဂတ်စစ်တပ်သည် ပိုမိုသန့်ရှင်းကာ အလားတူ ကိစ္စမျိုး မဖြစ်ပွားစေရန် ကာကွယ်နိုင်တော့မည်ဖြစ်သည်။ 


ထို့အပြင် ကျောက်မိသားစုသည်လည်း အာဏာကို ပြန်လည်ထိန်းချုပ်နိုင်ကာ ဖက်ဒရယ်၏ အချက်အခြာထဲသို့ ခြေတစ်လှမ်း တိုးလာနိုင်တော့မည်ဖြစ်သည်။


အနာဂတ်တွင် တစ်စုံတစ်ယောက်ကသာ သူ့ကို ထိပါးလိုပါလျှင် သူတို့၏ အင်အားကို ပြန်လည်ချိန်ဆရတော့မည် ဖြစ်သည်။ 


......


"မာရှယ်ကြီးက ပြန်သက်သာလာပြီဆိုတဲ့အကြောင်းကို ဘာကြောင့်များ ကျွန်တော်တို့ကို ဖုံးကွယ်ထားကတာလဲ လူတိုင်းက ပူပန်နေခဲ့ကြတာလေ ..." 


အခမ်းအနားအပြီး ရုံးအဆောက်အဦးသို့ ရောက်သည့်အချိန်တွင် ရန်ယဲ့က သူ့ကို ခပ်ပြုံးပြုံး မေးလိုက်သည်။ 


ကျောက်လင်းယွီကတော့ သူ့ကို စောင်းငဲ့၍ပင် မကြည့်။ ဘေးမှ ဖြတ်လျှောက်သွားလိုက်သည်။ 


ရန်ယဲ့က ပြုံးနေသည်ကို မရပ်တန့်သေးဘဲ ရှေ့တစ်လှမ်းတိုးကာ သူ့ကို ပိတ်ဆို့လိုက်သည်။ 


"ကျောက်လင်းယွီ မင်းက သေချာပေါက်ကို သက်သာနေတာတောင် သေတော့မလိုလို ဟန်ဆောင်ခဲ့သေးတယ်ပေါ့ ..." 


စစ်ရေးပြစင်မြင့်တွင်မူ အခြားဂြိုဟ်များမှ ခေါင်းဆောင်များလည်း ရှိနေသည့်အတွက် သူသည် ကျောက်လင်းယွီကို မေးခွန်းထုတ်ကာ အကွက်မရွှေ့ရဲခဲ့။ သို့သော် ယခုတော့ ပူပန်ရန် မလိုတော့ချေ။ သူနှင့် ကျောက်လင်းယွီမှာ စိတ်သဘောထား မတိုက်ဆိုင်ကြသည်ကို ဖက်ဒရယ်၏ အထက်တန်းလွှာတစ်ရပ်လုံးက သိရှိထားကြပြီးဖြစ်သည်။ 


"ငါက သေခါနီးနေပြီလို့လည်း မပြောခဲ့ပါဘူး ..." 


ကျောက်လင်းယွီက သူ့ကို စိတ်မပါလက်မပါဖြင့် ပြန်ကြည့်လိုက်သည်။ 


"ကျောက်လင်းယွီ အပျော်စောမနေနဲ့ဦး ..." 


သူက အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်သည်။ ကျောက်လင်းယွီ၏ ထိခိုက်မှုအပြီးတွင် ရန်မိသားစုသည် အကျိုးအမြတ်များစွာ ရလိုက်သော်ငြား ယခုတော့ ထိုအကျိုးအမြတ်များသာမက ကြီးမားသည့် ဆုံးရှုံးမှုတို့ကိုပါ တွေ့ကြုံလိုက်ရတော့သည်။ 


"ဂရုစိုက်နေရမှာ ငါမဟုတ်ဘူး ..." 


ကျောက်လင်းယွီက နှုတ်ခမ်းထောင့်စွန်းတို့ကို ကော့ညွတ်လျက် ပြောလိုက်သည်။ သူ့စကားသံ ပဲ့တင်လာသည်နှင့်တစ်ပြိုင်နက် အဆောက်အဦး အပြင်ဘက်ရှိ စစ်ရေးပြစင်မြင့်သည် ဘန်းခနဲ အသံအကျယ်ကြီး မြည်ကာ ပြိုကျသွားတော့သည်။ 


အားလုံး ထိတ်လန့်သွားကြသော်ငြား ကျောက်လင်းယွီကတော့ စိတ်အေးလက်အေးပင်။ သူက ရန်ယဲ့ကို ကြည့်ကာ ခပ်ဖွဖွ ရယ်လိုက်သည်။ 


"စစ်ရေးပြစင်မြင့်ကို ဒီ့ထက်ပိုပြီး ခိုင်ခိုင်မာမာလေး ဆောက်ခဲ့ဖို့ ကောင်းတယ်နော် ..." 


ထိုသို့ပြောပြီးနောက် ကျောက်လင်းယွီလည်း အဆောက်အဦး အနောက်ဘက်ရှိ လေယာဉ် ရပ်နားထားရာသို့ ထွက်လာလိုက်သည်။

31.2


ရန်ယဲ့သည် အပြင်ဘက်ရှိ ပျက်စီးသွားသော စင်မြင့်ကိုသာ စူးစူးရဲရဲ ကြည့်နေလိုက်သည်။ 


"သွား တစ်ယောက်ယောက်ကို သွားစစ်ဆေးခိုင်းလိုက်စမ်း စင်မြင့်က ဘာဖြစ်သွားတာလဲ အခုချက်ခြင်း သိချင်တယ် ..." 


ကျောက်လင်းယွီသည် ဤကဲ့သို့ အရေးကြီးလှသော အခြေအနေမျိုးတွင်ပင် ဝင်လာနိုင်သည်မှာ အဆန်းတော့မဟုတ်ပေ။ သူ့မျက်နှာကပင်လျှင် ‌အကောင်းဆုံး ဖြတ်သန်းခွင့် ဖြစ်နေသည်။ မည်သူ့ကမှ နိုင်ငံ့သူရဲကောင်း မာရှယ်ကို တားရဲမည် မဟုတ်ချေ။ သို့သော် သူတည်ဆောက်ထားသည့် စင်မြင့်ကို ရုတ်တရက် ပျက်စီးစေခြင်းမှာမူ သိသိသာသာ ရန်စလိုက်ခြင်း ဖြစ်သည်။ 


ရန်စရုံလောက်နှင့် ပြီးမသွားမည်ကို တွေးပူမိနေသည်။ စင်မြင့်ကိုတောင် ခြေဆော့လက်ဆော့ လုပ်ရဲတဲ့သူက သူ့အိမ်ကိုလည်း ဒီလို လုပ်မလာဘူးလို့ မပြောနိုင်ဘူးလေ ဒါက ရှင်းရှင်းလင်းလင်းကြီးကို ခြိမ်းခြောက်လိုက်တာပဲ ... 


ရန်မိသားစုအကြီးအကဲမှာလည်း သူသား၏ ကျောက်လင်းယွီကို လူပုံအလယ်တွင် ရန်စလိုက်သည့်လုပ်ရပ်အပေါ်  အတော်ကို စိတ်ပျက်မိသွားတော့သည်။ သို့သော် စင်မြင့်ပျက်စီးမှုကြောင့် သူ၏ မနှစ်မြို့မှုကို ကြာရှည် လျစ်လျူရှုထား၍ မရတော့ချေ။ 


တကယ်လို့ သူတို့ ရှိနေတုန်းသာ စင်မြင့်က ပျက်စီးသွားခဲ့ရင် သေချာပေါက်ကို အရှက်ကွဲမှာပဲ ... 


ရန်မိသားစုသာမက အခြားသူများကပါ စင်မြင့်ပျက်စီးခြင်း၏ အကြောင်းအရင်းကို တစ်ညီတစ်ညွတ်တည်း ရှာဖွေလိုက်ကြသည်။ သို့သော် မာရှယ်၏ အလေးချိန်မှာ မခံနိုင်လောက်အောင် မြင့်မားလွန်း၍ ပြိုကျရသည်ဟုသာ တွေ့လိုက်ရသည်။ 


အလေးချိန်များတယ် ဟုတ်လား ... စစ်ရေးပြစင်မြင့်က အထူးသတ္ထုတွေ တွင်းထွက်တွေနဲ့ လုပ်ထားတာလေ စွမ်းရည်ပိုင်ရှင်တွေတောင် မထိန်းချုပ်နိုင်လောက်တဲ့အထိ ခိုင်မာတဲ့ဟာ လူနည်းနည်းလောက် တက်လိုက်ရုံနဲ့ ဝိတ်မခံနိုင်တော့ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား ... 


ထိုအဖြေကို ကြားလိုက်ရသည့် ရန်ယဲ့မှာ ပါးရိုက်ခံလိုက်ရသလို ခံစားမိတော့သည်။ အခြားသူများမှာလည်း တရားခံကို ရှာမတွေ့သည့်အတွက် စိတ်အခြေအနေ မကောင်းကြတော့ချေ။ 


စုံစမ်းစစ်ဆေးရန် မည်မျှပင် တွန်းအားပေးနေပါစေ သတင်းအချက်အလက် တစ်ခုတစ်လေကိုမှ ထပ်ပြီး ရှာမတွေ့တော့ပေ။ 


ကျောက်လင်းယွီကတော့ အစောပိုင်းကတည်းကပင်  ကျောက်စံအိမ်သို့ ပြန်ရောက်နေပြီဖြစ်သည်။ 


လေယာဉ်ထဲ ဝင်ပြီးနောက် လဲလျောင်းလိုက်ချိန်တွင်လည်း ခွန်အားကို များစွာ မသုံးရဲ။ လေယာဉ်ပေါ်မှ ဆင်းချိန်တွင် ယာဉ်ကိုပါ ဖျက်ဆီးမိမည်ကို စိုးရိမ်သဖြင့် အထူး ဂရုစိုက်နေရပေသည်။ 


"လင်းယွီ ခင်ဗျားက အရမ်းကို ခန့်ညားတာပဲ ..." 


ရမ်ရှန့်က အိမ်ထဲမှ ပြေးထွက်လာကာ သူ့ကို စိတ်လှုပ်ရှားစွာဖြင့် မော့ကြည့်လိုက်သည်။ ကျောက်လင်းယွီ၏ ရုပ်ပုံ ပေါ်လာသည်နှင့်တစ်ပြိုင်နက် အတွေးထဲတွင် အခြားသူများနှင့် နှိုင်းယှဉ်လိုက်သည်။ 


"ဟုတ်လား ..." 


ရမ်ရှန့်ကို မြင်လိုက်ရချိန်တွင်တော့ သူ၏ စိတ်ခံစားချက်ရေချိန်မှာ ပြန်လည်မြင့်တက်လာပြီဖြစ်သည်။ 


"ဒါပေါ့ ..."


သူက ခေါင်းကို ထပ်ကာထပ်ကာ ငြိမ့်ပြလိုက်သည်။ သူ့ရဲ့ လင်းယွီက ကမ္ဘာပေါ်မှာ အခန့်ညားဆုံးပဲ ... 


"လင်းယွီ အဆင်ပြေရဲ့လား စစ်ရေးပြစင်မြင့်ကြီး ကျိုးသွားတာ မြင်လိုက်ရလို့ ..." 


ရှန်းချိုးရှစ်က မေးလိုက်သည်  သူမ၏ သားသည် တစ်နေ့ထက်တစ်‌နေ့ ပိုပြီး သန်မာလာရာ ဤဖြစ်ရပ်မှာလည်း မုချပင် သူနှင့် ဆက်နွယ်နေပေမည်။ 


"အဆင်ပြေပါတယ် ဒီတိုင်း ဗီဒီယိုကို ဖွင့်ပြတုန်းက အားနည်းနည်း သုံးမိသွားလို့ပါ ..." 


စင်ပေါ်တွင် သူ့ခွန်အားကို သတိလက်လွတ် အသုံးပြုခဲ့လျှင်တောင် စင်မြင့်သည် ကျိုးသွားနိုင်မည် မဟုတ်ချေ။ သူဆင်းလာသည့်အချိန်တွင် ခြေလှမ်းကို ပြင်းပြင်းနင်းမိ၍သာ ပျက်စီးသွားခဲ့ရခြင်းဖြစ်ပေသည်။ 


ချက်ခြင်းကြီး ပြိုကျသွားမယ်လို့ ထင်ခဲ့ပေမယ့် မှန်းထားတာထက် နည်းနည်းလေး ပိုကြာသားပဲ ... နည်းနည်းလေး နောက်ကျသွား‌တာကတောင် ပိုကောင်းသွားသလိုပဲ ... 


"ဒီလိုကိုး ... မင်းအကြောင်းကိုတော့ သူတို့တွေ တွေ့မသွားကြဘူး မဟုတ်လား ..." 


သူမက မေးလိုက်သည်။ 


ကျောက်လင်းယွီသည် သူ၏ ပေါင်းစပ်စွမ်းရည်ကို ဆုံးရှုံးခဲ့ရသော်ငြား သူမအတွက်မူ ရုပ်ပိုင်းဆိုင်ရာခွန်အားကိုပင် ထိုပေါင်းစပ်စွမ်းရည်ထက် ပိုပြီး သဘောကျမိသေးသည်။ အနည်းဆုံးတော့ သူမ၏ သား စောစောစီးစီး သေသွားမည်ကို ပူပန်နေစရာ မလိုအပ်တော့ချေ။ 


"မတွေ့သွားကြဘူး ..." 


သူက ပြောလိုက်သည်။ 


ဖက်ဒရယ်အစိုးရအဖွဲ့ရဲ့ အဆောက်အဦးတွေက သာမန်မှ မဟုတ်တာ။ ပြီးတော့ နည်းနည်းလေး ပိုပြီးတော့ ဂရုတစိုက် လုပ်ခဲ့တာဆိုတော့ ဘာမှ ပြဿနာ မရှိလောက်ပါဘူး ... 


"ကောင်းတယ် မင်း ဒီစွမ်းရည်ကို ပိုင်ပိုင်နိုင်နိုင် အသုံးမချနိုင်ခင်အထိ အမေတို့တွေ ဂရုတစိုက် နေမှ ရမှာ ဟုတ်သားပဲ လင်းယွီ မနက်ဖြန်ကျ တို့အိမ်မှာ ညစာစားပွဲတစ်ပွဲ လုပ်ရလိမ့်မယ် ..." 


သူမက ပြောလိုက်သည်။ 


"ညစာစားပွဲ ..." 


သူက မျက်မှောင်ကြုတ်လိုက်သည်။ ထိုကဲ့သို့ ပွဲမျိုးကို ဘယ်သောအခါကမှ သဘောမကျခဲ့ဖူးပေ။ 


"သိပ်မကြာခင်တုန်းက အမေ့ကို မင်းသတင်းတွေ လာမေးကြတယ်လေ စပ်စုချင်တဲ့သူတွေက များလာဖို့ပဲ ရှိတော့မှာ ဆိုတော့ မင်းသက်သာလာတဲ့ အထိမ်းအမှတ်နဲ့ ညစာစားပွဲလုပ်ရင်း ရမ်ရှန့်ကိုပါ တစ်ခါတည်း မိတ်ဆက်ပေးလိုက်တာက ပိုကောင်းမယ် ထင်တာပဲ ..." 


သူမက ပြောလိုက်သည်။ 


"ကျောက်မိသားစုက အချိန်တွေ အကြာကြီး နှုတ်ဆိတ်နေခဲ့တာဆိုတော့ အခု တုန့်ပြန်မှုတစ်ခုခု ပြရတော့မယ့်အချိန် ရောက်နေပြီ ..." 


"ဒါဆိုလည်း ကောင်းသားပဲ ..." 


သူက ခေါင်းငြိမ့်ပြလိုက်သည်။ 


ကျောက်အိမ်တော်တွင် တစ်လခန့် နေထိုင်ခဲ့သော မစ္စတာထန့်သည်ပင်လျှင် ရမ်ရှန့်၏ သရုပ်မှန်ကို မရိပ်မိသည့်အတွက် သူ့ကို ကြီးပြင်းလာစေရန် အခြားသူများနှင့် တွေ့ဆုံခြင်းအား မတားမြစ်နိုင်ချေ။ 


အခြားသူများနှင့် ဆက်ဆံရမည်ဟု တွေးမိချိန်တွင် ကျောက်လင်းယွီ၏ အတွေးထဲ၌ ကြယ်တာရာကွန်ယက်ပေါ်မှ အဖြစ်အပျက်များ ပေါ်လာပြန်တော့သည်။ အချိန်တိုအတွင်း ရမ်ရှန့်သည် သူ့အတန်းထဲမှ ကလေးများနှင့် သူငယ်ချင်းဖြစ်ကာ တစ်ချို့တစ်လေကို ဂရုစိုက်ပေးရင်း ယခင်ထက် တက်ကြွလာသည်။ 


ရှန်းချိုးရှစ်လည်း မနက်ဖြန်ပွဲအတွက် အတည်ပြုကာ လိုအပ်သည်များကို ခပ်သွက်သွက် စီစဉ်လိုက်သည်။ ထိုသည်ကို မြင်လိုက်ရသည့် ရမ်ရှန့်က သူ့ရင်ခွင်ထဲ ခုန်ဝင်ကာ ပြောလိုက်သည်။ 


"အခန်းထဲ ပြန်သွားရအောင် ..." 


ကျောက်လင်းယွီ၏ အခန်းထဲတွင် သူသည် အမြစ်ပုံစံပြောင်းကာ ကြယ်တာရာကွန်ယက်ကို အတူတူ ကြည့်နေနိုင်သည်။ ထိုအရာထက် ဇိမ်ကျသည့်အရာဟူ၍ ဤကမ္ဘာတွင် မရှိနိုင်တော့ချေ။ 


"အိုကေ ..." 


xxxxxx