အပိုင်း ၃၂
Viewers 18k

Chapter 32


သူ့အနေဖြင့် နောက်ဆက်တွဲကိစ္စများကို ကိုင်တွယ်ရန် လိုအပ်နေသေးသည်။ အကယ်၍ ရမ်ရှန့်သာ ညစာစားပွဲကို တက်လိုပါလျှင် သူ့အတွက် အဝတ်အစားများ စီစဉ်ပေးရဦးမည်ဖြစ်သည်။ 


သူ့အမေ ဝယ်ပေးထားသည့် အဝတ်အစားများမှာ စိတ်ချ၍ မရချေ။ ခေါင်းတွင် ဦးချိုနှစ်ချောင်းပါဝင်သည့် ဒရယ်ဝတ်စုံကို ဝတ်ဆင်ထားသော ရမ်ရှန့်ကို ကြည့်ရင်း စစ်ယူနီဖောင်းအသေးတစ်စုံကို မှာပေးရန်သာ တေးမှတ်ထားလိုက်တော့သည်။ 


သူ့အစီအစဉ်ကို သတိမပြုမိသည့် ရမ်ရှန့်ကတော့ ကျောက်လင်းယွီ၏ အခန်းထဲသို့ သွားရာလမ်းတစ်လျှောက် သူ့ဆံပင်ကိုသာ အဆက်မပြတ် ထိတွေ့နေသည်။ 


"ဆံပင်က ဘာဖြစ်လို့လဲ ..." 


သူက ရမ်ရှန့်၏လက်ကို ဆွဲယူကာ မေးလိုက်သည်။ 


"နည်းနည်းလေး ယားနေလို့ ကြည့်ရတာ ပန်းပွင့်တော့မှာ ထင်တယ် ..." 


ရမ်ရှန့်က သူ့ခေါင်းကို နောက်တစ်ခါ ကုတ်လိုက်ပြန်သည်။ သူ့အနေဖြင့် ပန်းမပွင့်တော့သည်မှာ အချိန်အတော်ကြာနေပြီဖြစ်သည်။ အကယ်၍ ဤတစ်ကြိမ်တွင် ပန်းပွင့်လာခဲ့ပါလျှင် အာဟာရဓာတ်လွန်ကဲ၍သာ ဖြစ်ရပေမည်။ 


အတိတ်ကာလများတွင်တော့ စွမ်းအင်ကုန်ခမ်းမှု မြန်ဆန်သဖြင့် ပန်းပွင့်ကာ အသီးသီးရခြင်းကို သဘောမကျချေ။ သို့သော် ယခု ကျောက်လင်းယွီက သူ့ကို တစ်လလျှင်နှစ်ကြိမ် သန့်စင်မြေကို ထောက်ပံ့ပေးနေသည့်အတွက် ပူပန်နေစရာ မလိုအပ်တော့ပေ။ 


ပန်းပွင့်တယ် ဟုတ်လား ဒါက အရမ်းတည့်တိုး ဖြစ်မနေဘူးလား အနာဂတ်ကျ သူ့ခေါင်းပေါ်မှာ ပန်းပွင့်ကြီးတစ်ပွင့် ရှိနေတော့မှာပေါ့ မဟုတ်သေးဘူး တစ်ပွင့်ထက်တောင် ပိုနေမလားပဲ ... 


ကျောက်လင်းယွီသည် ကြယ်တာရာကွန်ယက်တွင် ဂျင်ဆင်းပင်၏ ဓာတ်ပုံများကို ပြန်ရှာကြည့်ရန် သူ့စိတ်ကို ပြင်ဆင်ထားလိုက်သည်။ 


......


ကျောက်လင်းယွီသည် လူ့ဘောင်သစ်အထိမ်းအမှတ်နေ့တွင် ပေါ်လာကာ သူရှာထားသမျှ သက်သေတို့ကို ထုတ်ပြလိုက်ခြင်းသည် အချိန်အတော်ကြာ လျှို့ဝှက်ကြံစည်ထားခြင်းဖြစ်ကြောင်း သိသာနေပေသည်။ 


လူအချို့ကလည်း ဤသည်ကို ရိပ်မိသော်ငြား မြို့တော်ကြယ်တစ်ခုလုံး၏ အကြည့်အောက်တွင် မသမာမှု တစ်ခုကိုမှ မလုပ်ရဲချေ။ ကျောက်လင်းယွီဘက်မှ ရပ်တည်ကာ ထိုဆန်ကုန်မြေလေးကောင်များကို ဖြုတ်ချရန်သာ ရှိတော့သည်။ 


လော့ခဲမိသားစု၏ အကြီးအကဲသည် အိမ်ပြန်ရောက်လာပြီးနောက် စစ်ရေးပြအခမ်းအနားတွင် သူကြုံခဲ့သည့် အရှက်ရမှုတို့ကို ပြန်တွေးရင်း မျက်စိရှေ့ရှိ ကြွေပန်းအိုးကို ဖျက်ဆီးလိုက်တော့သည်။ 


ကျန်မိသားစုဝင်များမှာလည်း ကျောက်လင်းယွီ ပြန်ပေါ်လာသည်ကို သိနှင့်ကြပြီးဖြစ်၍ ဘယ်သူကမှ သူ့ရှေ့သို့ ပေါ်မလာရဲကြချေ။ အနည်းငယ် စိတ်တည်ငြိမ်လာကာမှ မစ္စစ်လော့ခဲက သူ့အနားသို့ ရောက်လာသည်။ 


"ယောကျာ်း အခု ဘယ်လိုလုပ်ကြမလဲ ..." 


"ဘာလုပ်ရမှာလဲ ဘာများ ဆက်လုပ်နိုင်တော့မှာလဲ ဒီတိုင်း လက်ခံရုံပဲ ရှိတော့တာပေါ့ ..." 


သူသည် ကျောက်လင်းယွီကို သေခါနီးနေပြီဟုသာ တွက်ဆထားသည့်အတွက် ဤဖြစ်ရပ်ကို အကြောင်းပြုပြီး လူထု၏ စိတ်ဝင်စားမှုကို ဆွဲယူသွားလိမ့်မည်ဟု စိတ်ပင် မကူးဖူးချေ။ သူ့လက်အောက်ငယ်သားများသည်လည်း သက်သေအများအပြားကို ရှာတွေ့သွားကြတော့၏။ 


အကယ်၍ ကျောက်လင်းယွီသာ ဤသက်သေများကို အခြားပွဲအခမ်းအနားတွင် ချပြခဲ့ပါမူ သူ့အနေဖြင့် အဆုံးအရှုံးနည်းပါးစေရန် ကြံရွယ်နိုင်ဦးမည်ဖြစ်သည်။ သို့သော် မြို့တော်ကြယ်တစ်ခုလုံးက ကြည့်နေသည့်အတွက် ကျောက်လင်းယွီနှင့် တစ်သားတည်း ရပ်တည်ကာ သူ့လူများကို ဆွဲချရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။ 


"ကျောက်မိသားစုက မနက်ဖြန် ညစာစားပွဲ လုပ်မှာတဲ့ ..." 


မစ္စစ်လော့ခဲက ပြောလိုက်သည်။ 


"ငါတို့လည်း သွားရမှာပေါ့ ရှောင်းအာကို  ပြင်ဆင်ဖို့ ခေါ်လာခဲ့လိုက် ..." 


သူက အလျင်အမြန် ဆုံးဖြတ်ချက်ချလိုက်သည်။ 


ကျောက်လင်းယွီက သူ့ကို မုန်းတီးကာ သူကလည်း ကျောက်မိသားစုကို ပျက်စီးစေလိုသော်ငြား အပေါ်ယံတွင်တော့ ကောင်းဟန်ဆောင်နေရဦးမည်ဖြစ်သည်။ 


လော့ခဲ့မိသားစုနည်းတူ အခြားမိသားစုများသည်လည်း သတင်းရထားပြီးဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ထားသည့် ဝမ်ယွဲ့သည်လည်း သူမ၏ သူငယ်ချင်းဆိုသူထံမှ အကြွားခံလိုက်ရသည့်အတွက် အံကိုသာ တင်းတင်းကြိတ်ထားလိုက်ရတော့သည်။ 


ရှန်းချိုးရှစ်သည်လည်း သူမကို မုန်းတီးနေပြီဖြစ်ရာ ကျောက်လင်းယွီကပါ သူမအပေါ် ခံစားချက်မရှိတော့မည်ကို စိုးရိမ်မိသည်။ သူမသာ သူတို့ရှေ့တွင် နောက်တစ်ကြိမ် ပြန်ပေါ်လာပါလျှင် အရှက်ကွဲရုံမှတစ်ပါး အခြားမရှိနိုင်ပေ။ 


သူမသာ ကျောက်လင်းယွီ မသေသေးမှန်း သိခဲ့ပါလျှင် ထိုကဲ့သို့ ပြုမူခဲ့မည် မဟုတ်ချေ။ ယခုတော့ စကားဖာထေးရန်ပင် နောက်ကျသွားချေပြီ။ 


ဝမ်ယွဲ့တစ်ဦးတည်းကသာ နောင်တရနေခြင်း မဟုတ်ချေ။ ကျောက်မိသားစု ပျက်သုဉ်းတော့မည်ဟု သိလိုက်ရချိန်တွင် လူအများစုက အပေါ်ယံတွင် စိတ်မကောင်းဟန် ဆောင်နေကြသော်ငြား နောက်ကွယ်တွင်တော့ တိတ်တိတ်လေး အဆက်သွယ်ဖြတ်ခဲ့ကြသည်။ ယခုအချိန်တွင်တော့ သူတို့ကိုယ်သူတို့သာ အချက်ပေါင်းများစွာ ရိုက်နှက်လိုက်ချင်တော့သည်။ 


လူနည်းစုက စိတ်ညစ်နေကြသော်ငြား အခြားသူများကတော့ ဝမ်းသာပျော်မြူးနေကြသည်။ မြို့တော်ကြယ်တွင် ကျောက်လင်းယွီကို လေးစားသည့် လူငယ်မျိုးဆက်သစ်များ အများအပြားရှိရာ သူပြန်ကောင်းလာပြီဟု သတင်းကြားလိုက်ချိန်တွင် ထိုသူများသည် ပျော်ရွှင်မှုကို သိုဝှက်၍ပင် မရတော့ချေ။ 


မိသားစုကြီး ငါးခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် ဖန့်မိသားစုအခွဲတွင် ဖန့်ရူမုန့်သည် လူ့ဘောင်သစ်အထိမ်းအမှတ်နေ့ အခမ်းအနားကို ကြည့်ရင်း မျက်ရည်တို့ ဖြိုင်ဖြိုင်ကျဆင်းလာတော့သည်။ သူမသည် ကျောက်လင်းယွီကို လွန်ခဲ့သည့် နှစ် ၃၀ ခန့်  သူနှင့် မတော်တဆ တွေ့ဆုံခဲ့စဥ်ကတည်းက ချစ်ကြိုက်ခဲ့သော်ငြား နီးကပ်ရန် အခွင့်အရေးတစ်ခုတစ်လေမှ မရရှိခဲ့။ သူ မတော်တဆမှု ဖြစ်ပွါးခဲ့သည်ဟု သိရစဉ်ကလည်း ကျောက်အိမ်တော်သို့ သွားတွေ့ ချင်သော်ငြား သူမ၏ မိဘများသည် မြို့တော်ကြယ်နှင့် ဝေးရာသို့ အတင်းအဓမ္မ ပို့လွှတ်ခဲ့သည်။ 


လူ့ဘောင်သစ်အထိမ်းအမှတ်နေ့ အခမ်းအနားကို တက်ရောက်ရမည့် အချိန်မှသာ မြို့တော်ကြယ်သို့ ပြန်လာရခြင်း ဖြစ်သည်။ ထို့ကြောင့် ကျောက်လင်းယွီ ပြန်သက်သာလာသည်ကို မြင်လိုက်ရချိန်တွင် အပျော်လုံးဆို့ကာ မျက်ရည်တို့မှာ တားမနိုင် ဆီးမနိုင် ကျဆင်းလာတော့သည်။ 


အပြင်ဘက်ရှိ အခြေအနေများနှင့် မတူစွာ ကျောက်မိသားစုက ယခင်အတိုင်း အေးချမ်းနေဆဲပင်။ 


ပွဲကို ကျောက်စံအိမ်တွင် ကျင်းပမည် မဟုတ်သဖြင့် ရှန်းချိုးရှစ်သည် မြို့တော်ရှိ ဟိုတယ်တစ်ခုကို ဆက်သွယ်ကာ ပွဲစီစဉ်သူတစ်ဦးကိုလည်း ငှားရမ်းလိုက်သည်။ သူမအနေဖြင့် အလုံးစုံ စီစဉ်နေရန် မလိုအပ်ပေ။ ထို့ကြောင့် အိမ်တော်ထိန်းအိုကြီးမှလွဲ၍ ကျန်သူများသည် ယခင်အတိုင်းပင် စားလိုက်အိပ်လိုက် အခြားသူကို အနှောင့်အယှက်ပေးလိုက်ဖြင့်သာ အချိန်ကို ကုန်ဆုံးစေလိုက်သည်။

32.2


ကျောက်လင်းယွီ သူ့အိပ်ယာ‌ထဲတွင် လှဲနေသည့် ရမ်ရှန့်ကို ကြည့်လိုက်ပြီးနောက် အခန်းထဲမှ ထွက်သွားချင်စိတ် မရှိတော့ချေ။ ထို့ကြောင့် ကျင့်ကြံခြင်းကိုသာ စတင်လိုက်တော့သည်။


ရမ်ရှန့် သူ့ကို ပေးသည့် နည်းလမ်းမှာ အလွန်နာကျင်လှသော်ငြား အာနိသင်ကလည်း အံ့မခန်းလောက်စရာပင် ဖြစ်သည်။ ၎င်းက စိတ်ကို ကြည်လင်စေကာ ပေါက်ကရအတွေးတို့ကို ရပ်တန့်စေသည်။ 


နာကျင်မှု ပြင်းထန်လာသည်နှင့်အမျှ မတွေးသင့်သော အတွေးတို့မှာ ပျောက်ကွယ်သွားတော့သည်။ 


ကျောက်လင်းယွီ ကျင့်ကြံနေသည်ကို မြင်လိုက်သည့် ရမ်ရှန့်လည်း သူ့ကို ခြေလက်တို့ဖြင့် ရစ်ပတ်ကာ သန့်စင်မြေကို စုပ်ယူရင်း အိပ်ပျော်သွားတော့သည်။  


ဧည့်ခံပွဲကို နောက်နေ့ညနေပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး ရမ်ရှန့်အတွက် ဝတ်စုံများမှာတော့ နေ့ခင်းပိုင်းကတည်းကပင် ရောက်နှင့်နေပေပြီ။ 


ရမ်ရှန့်သည် ဆယ်ကျော်သက်ကလေးဟု အထင်ခံရလောက်အောင် သေးသွယ်သော်ငြား သူ့တွင် ပါးလျသော ခါး၊ ရှည်သွယ်သော ခြေထောက်တို့နှင့်အတူ ကောင်းမွန်သည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိပေသည်။ ကျောက်လင်းယွီ သူ့အတွက် အထူးတလည် မှာယူပေးထားသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်လိုက်ချိန်တွင် စာမဖွဲ့နိုင်လောက်အောင်ပင် တင့်တယ်နေတော့၏။ 


"အစိမ်းရောင်ကို ပိုပြီး အားသန်နေတုန်းပဲ ..." 


ရမ်ရှန့်က သူ့အင်္ကျီကို ထိတွေ့ရင်း ပြောလိုက်သည်။ 


"ကျွန်တော့်ရဲ့ သစ်ရွက်အင်္ကျီတွေက အရမ်းလှတာကို ..." 


"သစ်ရွက်အင်္ကျီ ဟုတ်လား အဲဒါက အရမ်းကို လှစ်ဟပြနေပြီးတော့ အခန်းထဲမှာ ဝတ်ဖို့လောက်ပဲ အဆင်ပြေတာကို ..." 


ကျောက်လင်းယွီက ရေမွှေးတစ်ပုလင်းကို ယူကာ သူ့ကိုယ်ပေါ် ဆွတ်ပေးလိုက်သည်။ 


"ဘာကြီးလဲ ..." 


ရမ်ရှန့်က မျက်မှောင်ကြုတ်ကာ အနံ့ခံလိုက်သည်။ 


"ကျွန်တော့်ကိုယ်ပေါ်ကျ အနံ့က မကောင်းသလိုပဲနော် ..." 


"ဒါက ဖက်ဒရယ်မှာ ဈေးအကြီးဆုံး ရေမွှေးပါကွာ လန်းဆန်းစေရုံတင် မကဘူး စွမ်းရည်ပိုင်ရှင်တွေအတွက်လည်း သင့်လျော်တယ်တဲ့ ..." 


ကျောက်လင်းယွီက ပြောကာ အကြိမ်အနည်းငယ် ထပ်ဆွတ်ပေးလိုက်သည်။ 


မစ္စတာထန့်သည် ရမ်ရှန့်၏ သရုပ်မှန်ကို သတိမပြုမိဘဲ ကျောက်အိမ်တော်တွင် တစ်လနီးပါးခန့် နေသွားပြီး အခြားသူများကလည်း သူ့ကို အပင်ဖြစ်နေလိမ့်မည်ဟု တွေးကြမည် မဟုတ်သော်ငြား သူ၏ ဂျင်ဆင်းနံ့မှာတော့ ဖုံးကွယ်ထားရန် လိုအပ်နေဆဲပင်ဖြစ်သည်။ 


သို့သော် ဤရေမွှေးနံ့မှာ သူအသားကျနေသည့် ရမ်ရှန့်၏ ကိုယ်သင်းနံ့လောက်တော့ မကောင်းချေ။ 


"အိုး ..." 


သူ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရမ်ရှန့်သည် လိမ်လိမ်မာမာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ 


ပွဲတွင် လူမစုံသေးခင်ကတည်းက ရှန်းချိုးရှစ်သည် ရမ်ရှန့်ကို သူမနှင့်အတူ ပွဲကျင်းပရာသို့ ခေါ်လာခဲ့သည်။ ကျောက်လင်းယွီက ပွဲစမှသာ ပေါ်လာမည်ဖြစ်သည်။ 


"ဒီကလေးက ခန့်ညားပြီး ချစ်စရာလည်း ကောင်းလိုက်တာ ..." 


သူမတို့နှစ်ဦးကို မြင်သည်နှင့်တစ်ပြိုင်နက် ရှန်းချိုးရှစ်၏ မိတ်ဆွေကောင်း  အထက်တန်းလွှာ အမျိုးသမီးတစ်ဦးက အနားရောက်လာကာ သူ့ကို ချီးကျူးလိုက်သည်။ 


ရှန်းချိုးရှစ်ကလည်း အညံ့မခံချေ။ 


"ကျွန်မလည်း အတူတူပဲ ခံစားရတယ် ဒီကလေးကလေ အရမ်းလည်း လိမ္မာသေးတာ ကျွန်မရဲ့ နှလုံးသားလေးကို တကယ်ကို သိမ်းပိုက်သွားတာပဲရှင် ..." 


သူမသည် ရောက်ကတည်းက ရမ်ရှန့်နှင့် ရင်းနှီးမှုကို ထုတ်ပြထားပြီး မြင်မြင်သမျှလူတိုင်းကို လိုက်လံကြွားဝါနေသည့်အတွက် ပွဲသို့ ရောက်လာကြသူတိုင်းသည် ကျောက်မိသားစုထဲရှိ ရမ်ရှန့်၏ အနေအထားကို သဘောပေါက်သွားကြတော့သည်။ 


ဖန့်ချန်ကျွင့်သည် ထိုမြင်ကွင်းကို မလှမ်းမကမ်းမှ ကြည့်နေသည်။ သူ့ဘေးနားသို့ ရောက်လာသည့် ဖန့်ရူမုန့်ထံ အကြည့်မပို့ခင်အထိ ရမ်ရှန့်ကိုသာ တအံ့တဩ ငေးမောနေပေသည်။ 


"ရူမုန့် သူ့ကို ဘယ်လိုထင်လဲ ..." 


"သူက ကေးမဟုတ်ဘူးဆိုတော့ ကလေးမွေးမပေးနိုင်ဘူးဆိုတဲ့ သဘောပဲ အသက်ကလည်း အရမ်းငယ်‌နေသေးတာဆိုတော့ ကျောက်မိသားစုက သူ့ကို ဘယ်လိုနည်းနဲ့မှ ကျောက်လင်းယွီရဲ့ လက်တွဲဖော် ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး ..." 


ဖန့်ရူမုန့် ပြောခဲ့သည်မှာ အခြားသူများ၏ အတွေးနှင့် တစ်ထေရာတည်းပင် ဖြစ်သည်။ 


"ဆိုတော့ မင်းအကြံကို ဆက်လုပ်ဦးမယ့် သဘောပေါ့ ..." 


သူက မေးလိုက်သည်။ 


"ကျွန်မ လက်မလျော့ချင်သေးဘူး ကျောက်လင်းယွီမှာ စွမ်းရည်တွေ မရှိတော့ဘဲနဲ့ စောစောစီးစီး သေသွားနိုင်တဲ့ သာမန်သူ ဖြစ်သွားရင်တောင်မှပေါ့ ..." 


သူမက ပြောလိုက်သည်။ 


အခြားဂြိုဟ်တစ်ခုသို့ အပို့ခံရစဉ်က  သူမ၏ ဖွင့်ဟဝန်ခံလိုသည့် အကြံကို လက်လျော့ရန် တွေးခဲ့ဖူးသော်ငြား သူ့ကို စစ်ရေးပြစင်ပေါ်တွင် ပြန်မြင်လိုက်ရချိန်တွင်တော့ သူမမှာ နောင်တရလာမိတော့၏။ ထို့ကြောင့် ဘယ်လိုအကျိုးဆက် ရှိလာပါစေ သူ့အချစ်ကိုရရန် ကြိုးစားတော့မည်ဖြစ်သည်။ 


"ငါတို့က မျိုးရိုးတူနေရုံသက်သက်ပဲ မင်းလုပ်သမျှကိုလည်း လိုက်နှောင့်ယှက်မှာ မဟုတ်ဘူး ဒါပေမယ့် ... ရမ်ရှန့်က ကျောက်လင်းယွီရဲ့ ပါတနာ မဟုတ်ဘူးဆိုရင်တောင် သူ့မှာ ကျောက်လင်းယွီနဲ့ ရှန်းချိုးရှစ်ရဲ့ ခွင့်ပြုချက်က ရှိနေပြီးသား မင်းက ကျောက်လင်းယွီကို ဆွဲဆောင်ချင်ရင်တောင် သူ့ကိုတော့ အမှားလုပ်လို့ မရဘူး ..." 


သူက ထပ်ပြောလိုက်သည်။ 


သူသည်လည်း ရမ်ရှန့်သည် ကျောက်လင်းယွီ၏ လက်တွဲဖော် ဖြစ်မလာနိုင်ဟု တွေးမိသော်ငြား ထိုအချက်သည် ရမ်ရှန့်ကို လွယ်လွယ်ကူကူ အနိုင်ကျင့်နိုင်သည်ဟုတော့ မဆိုလိုပေ။ 


xxxxxx