အပိုင်း ၃၃
Viewers 18k

Chapter 33


"သဘောပေါက်ပါပြီ ..." 


သူမက ခေါင်းငြိမ့်ပြလိုက်သည်။ 


ရမ်ရှန့်တစ်ယောက် ရှန်းချိုးရှစ်သွားရာနောက်သို့ တကောက်ကောက်လိုက်နေရသော်ငြား သူမပြောနေသည့် အကြောင်းအရာတို့ကို စိတ်မဝင်စားချေ။ သူ့အာရုံအလုံးစုံသည် ပွဲအပြင်အဆင်များနှင့် စားပွဲပေါ်ရှိ စားသောက်ဖွယ်ရာတို့တွင်သာ ကပ်ငြိနေပေသည်။ 


ကျောက်လင်းယွီက သူ့ကို သာမန်အစားအစာများကိုလည်း မြည်းစမ်းကြည့်ရန် နားချပြီးချိနိမှစ၍ သူ အရသာရှိသော အစားအသောက်များကို ယခင်ထက် ပိုမိုနှစ်ခြိုက်လာသည်။ သူ့ဘေးနားရှိ စားပွဲမှာ အရသာရှိသော စားစရာများ အပြည့်ဖြစ်နေသည့်အတွက် တံတွေးကိုသာ အကြိမ်ကြိမ် မျိုချမိနေသည်။ 


ထိုသည်ကို မြင်လိုက်သည့် ရှန်းချိုးရှစ်ကလည်း သူမတွင် လုပ်စရာများ ရှိနေသေးသည့်အတွက် အယ်လီကို လှမ်းခေါ်ကာ ပြောလိုက်သည်။ 


"အယ်လီ ရမ့်ကို တစ်ခုခု စားဖို့ ခေါ်သွားပေးလိုက်ပါဦး ..." 


ဧည့်ခံပွဲကို မလာခင်ကတည်းက အယ်လီသည် ရမ်ရှန့်ကို ကာကွယ်ပေးရန်နှင့် သူ့ဆံပင်ကိုပင် ဘယ်သူမှ မထိနိုင်စေရန် ကျောက်လင်းယွီထံမှ ညွှန်ကြားခံထားရသည်။ ထို့ကြောင့် သူမသည် ရှန်းချိုးရှစ်၏ စကားများကို မငြင်းဆန်ဘဲ ရမ်ရှန့်ကို ဘေးနားသို့ ခေါ်သွားလိုက်သည်။ 


သူမသည် ကျောက်လင်းယွီ၏ ဗီဒီယိုကို ပေးထားသူ ဖြစ်သည့်အတွက် ရမ်ရှန့်ကလည်း သူမကို မှတ်မိနေသည်။ 


"ကျွန်တော့်ကို ဗီဒီယိုပေးလို့ ကျေးဇူးတင်ပါတယ် ..." 


"ရပါတယ် မင်းကို မာရှယ့်အကြောင်းတွေ ပိုပြီး သိစေချင်လို့ပါ ..." 


သူမက ရမ်ရှန့်ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ 


"ဆိုတော့ ဘယ်လိုခံစားရလဲ မာရှယ်က အရမ်းကို ကြီးမြတ်လွန်းလို့ လေးစားသဘောကျတဲ့စိတ်ကို ချုပ်ထိန်းလို့ကို မရတော့ဘူးလို့ ခံစားရလား သူက ဒီကမ္ဘာကြီးမှာ အချောမောဆုံး အမျိုးသားနော် ..." 


ရမ်ရှန့်က အလေးအနက် ခေါင်းငြိမ့်ပြလိုက်သည်။ သိုသော် အယ်လီက ကျောက်လင်းယွီကို ချီးကျူးနေချိန်တွင်တော့ အကြောင်းအရင်း မရှိပါဘဲလျက် မနှစ်မြို့မှုအနည်းငယ်ကို ခံစားလိုက်ရသည်။ 


ကျောက်လင်းယွီကို ဘာလို့ တစ်ခြားသူတွေကပါ ချီးကျူးနေရတာလဲ ... 


"မာရှယ်က မင်းအပေါ်ကို တကယ်ကောင်းတာပဲ အပြာရောင်မီးတောက်ရေမွှေးဆိုတာကလေ ဖက်ဒရယ်ရဲ့ ထိပ်တန်းဇိမ်ခံပစ္စည်းဆယ်မျိုးထဲက တစ်ခုနော် ဘယ်သူမဆို တစ်ကိုယ်လုံးကို နည်းနည်းလေးပဲ ဆွတ်နိုင်တာ ဒါပေမယ့် မင်းကတော့ တစ်ပုလင်းလုံးနီးပါးလောက်ကို ဆွတ်လာတာပဲ ..." 


အယ်လီက နှာခေါင်းရှုံ့ကာ အနံ့ခံလိုက်သည်။ 


"အနံ့က အရမ်းကောင်းတာပဲ အခုချက်ခြင်းကို ခွန်အားတွေ တိုးလာသလိုပဲ ... စွမ်းအားတွေကို တိုးမြှင့်ပေးနိုင်တဲ့ အပြာရောင်မီးတောက်မြက်က ဒီရေမွှေးကို နာမည်နဲ့ ထိုက်တန်အောင်ကို လုပ်ပေးလိုက်တာပဲ ..." 


"သူက ပုလင်းတစ်ဝက်ပဲ ဆွတ်ပေးတာပါ ..." 


ရမ်ရှန့်က သူ့ဆံပင်ကို ကိုင်ရင်း ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့် အခြားအပင်၏ အနံ့မှာ စိတ်မသက်မသာ ဖြစ်လှသည်။ 


"ပုလင်းတစ်ဝက်ပဲ ဟုတ်လား ဒီရေမွှေးတစ်ပုလင်းက ဘယ်လောက်တန်လဲရော သိလား ..." 


သူမမှာ ပြောစရာစကားပင် မရှိတော့ချေ။ ရေမွှေးတစ်ပုလင်းလုံး ဆွတ်လာသလားဟု မေးသည်မှာ ဟာသသဘောသာ ဖြစ်သည်။ သို့သော် မာရှယ်သည် တကယ်ကြီးကို ပုလင်းတစ်ဝက်နီးပါး ဆွတ်ပေးလိုက်၏။ 


သေချာပါတယ် ဒီကလေးအပေါ် မာရှယ့်ခံစားချက်တွေက လုံးဝ မရိုးရှင်းတော့ဘူး ... 


"ကျွန်တော်မသိဘူး ..." 


ရမ်ရှန့်က ရိုးရိုးသားသား ပြောလိုက်သည်။ ငွေရေးကြေးရေးနှင့် ပတ်သက်၍ သူသည် တစ်ခုတစ်လေကိုမျှ မသိချေ။ 


"သေချာတာပေါ့ မင်းက ဘယ်တောကြိုတောကြားက လာမှန်းမှ မသိတာ ..." 


ထူးထူးကဲကဲ ကြည့်ကောင်းလှသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက အနားရောက်လာကာ ရမ်ရှန့်ကို အစုန်အဆန် လှည့်ပတ်ကြည့်လိုက်သည်။ 


"မင်းက ကျောက်မိသားစု ကံမကောင်းတာကို အခွင့်ကောင်းယူပြီး သူတို့နဲ့ မိတ်ဆွေဖွဲ့ ၊ သူတို့ရဲ့ ပစားပေးမှုပေါ် မှီခိုပြီးတော့ အနာဂတ်ကောင်းရဖို့ ကြံနေတာပဲ ..." 


"ဒါက နံရံပေါ် တွယ်တက်ဖို့တောင် ကျရှုံးသွားလို့ ပူပန်နေရတဲ့သူတွေထက်တော့ အများကြီး သာပါသေးတယ် ..." 


အယ်လီက ထိုသူမှာ ဝမ်ယွဲ့၏ အဒေါ်ဖြစ်ကြောင်း အမှတ်ရလိုက်သည်။ ဝမ်ယွဲ့သည် အစောပိုင်းက မာရှယ့်အနားတွင် ကပ်တွယ်နေသော်ငြား သူဒဏ်ရာရသွားကြောင်း သိသည်နှင့်တစ်ပြိုင်နက် ခြေရာပင် မကျန်တော့အောင် တစ်ချိုးတည်း ထွက်ပြေးသွားတော့သည်။ 


မာရှယ်က ဝမ်မိသားစုကို မဖိတ်ကြားခဲ့သော်ငြား သူမသည် ခင်ပွန်းကောင်းတစ်ဦးနှင့် လက်ထပ်ခွင့်ရသည့်အတွက် ဤပွဲသို့ တက်ခွင့်ရခဲ့ခြင်း ဖြစ်သည်။ 


"ကျွန်တော်က အနာဂတ်မှာလည်း အဆင်ပြေမှာပါ စိတ်မပူပါနဲ့ ..." 


ရမ်ရှန့်က သူမ၏ နောက်ကျောဘက်ကို ကြည့်ရင်း မင်သေသေဖြင့် ပြောလိုက်သည်။ 


"ကျွန်တော့်လမ်းကနေ ဖယ်ပေးလို့ ရမလား ..." 


"ဟုတ်တယ် ခွေးလိမ္မာတွေက လမ်းမပိတ်တတ်ဘူးနော် ..." 


အယ်လီက သူမကို သနားလေဟန်ဖြင့် ကြည့်လိုက်သည်။ ဤအချိန်တွင် ရန်လာစရဲသည့် ဝမ်မိသားစု၏ မိန်းမတို့တွင် ဦးနှောက်ရော ပါလေရဲ့လားဟုပင် တွေးမိတော့သည်။ 


ဝမ်ယွဲ့၏ အဒေါ်သည် ရမ်ရှန့်၏ အပြစ်ကင်းစင်သော မျက်နှာလေးကို ကြည့်ရင်း ပို၍ပင် ဒေါသထွက်လာတော့သည်။


"ရမ်ရှန့် ကောင်းတယ် မင်း ဘယ်လောက်အထိ ဘဝင်မြင့်နေ‌နိုင်မလဲ စောင့်ကြည့်ရသေးတာပေါ့ ကလေးမမွေးနိုင်တဲ့ ယောကျာ်းတစ်ယောက်က ကျောက်မိသားစုရဲ့ မဒမ်နေရာကို ယူနိုင်ပါ့မလား ..." 


"မစ္စစ်ဟဲရေ အန်တီရှန်းက ရမ်ရှန့်ကို သူ့သားအရင်းလိုပဲ သဘောထားပါတယ်လို့ ပြောထားဖူးတယ်လေ ဒါတောင်မှ ရှင်က ရှင့်ယောက်ျားကို ပြဿနာရှာပေးရဲသေးတယ်ပေါ့ ..." 


ဖန့်ရူမုန့်က စိတ်သဘောထားကြီးမြတ်လေဟန်ဖြင့် ဝင်ပြောလိုက်သည်။ 


မစ္စစ်ဟဲမှာ ဖြူဖျော့သွားကာ စကားပင် ဆက်မပြောရဲတော့ဘဲ ခြေကုန်သုတ်ပြီး ထွက်ပြေးသွားတော့သည်။ ရမ်ရှန့်ကတော့ သူမကို ဂရုပင်မစိုက်။ သူ့ပန်းကန်ထဲကိုသာ စားစရာအမျိုးမျိုး ထည့်နေလေသည်။ အယ်လီက ဖန့်ရူမုန့်၏ အကြည့်ထဲသို့ ထွင်းဖောက်ကြည့်လိုက်သည်။ 


သူမသည် ဖန့်ရူမုန့်ကို မမုန်းတီး​ပေ။ ကျောက်လင်းယွီကြောင့် မြို့တော်ကြယ်မှ ဝေးရာသို့ အပို့ခံရသည်ဟု ကြားလိုက်ရချိန်တွင် ကရုဏာပင် သက်မိသေးသည်။ သို့သော် သူမကို မည်မျှပင် ကရုဏာသက်နေပါစေ သူမ၏ ကျောက်လင်းယွီ‌အပေါ် မျက်ကန်းအချစ်မှာ လွယ်လွယ်နှင့် ပျောက်ကွယ်ဦးမည် မဟုတ်ကြောင်းလည်း သိနေပေသည်။

33.2


.

ဖန့်ရူမုန့် မြို့တော်ကြယ်သို့ ပြန်လာပြီဟု ကြားရချိန်က မာရှယ်ကို အစီရင်ခံခဲ့သေးသော်ငြား သူက ဖန့်ရူမုန့်မှာ မည်သူလဲဟုပင် ပြန်မေးလိုက်သေးသည်။ 


ကျောက်လင်းယွီ ရောက်မလာခင် ဖန့်ရူမုန့်က ရမ်ရှန့်အနားသို့ ခပ်ပြုံးပြုံးဖြင့် လျှောက်လာသည်။ 


"သူပြောသွားတာတွေကို လိုက်တွေးမနေနဲ့နော် မင်းက မာရှယ်နဲ့ လက်ထပ်မယ် ထင်လို့ မနာလိုဖြစ်နေတာပါ ..." 


"ဒါပေမယ့် ကျွန်တော်က တကယ်လည်း လင်းယွီနဲ့ လက်ထပ်ပြီးသားလေ ..." 


သူက သစ်သီးတစ်စိတ်ကို ဝါးစားလိုက်သည်။ 


သူက ဟိုးအရင်ကတည်းက လင်းယွီနဲ့ လက်ထပ်ပြီးသား မဟုတ်ဘူးလား ... 


ဖန့်ရူမုန့်သည် ရမ်ရှန့်ထံမှ စကားနှိုက်ရန် ကြံရွယ်ခဲ့သော်ငြား ထိုကဲ့သို့ အပြောခံရလိမ့်မည်ဟု မျှော်လင့်မထားပေ။ သူမမှာ မိုးကြိုးပစ်ချခံလိုက်ရသလိုမျိုး ကြက်သေသေသွားတော့သည်။ 


"မင်းက မာရှယ်နဲ့ လက်ထပ်ပြီးသား ..." 


"ဒါပေါ့ ..." 


သူက ပြောလိုက်သည်။ 


"လင်းယွီက ကျွန်တော့်အပိုင်လေ ..." 


"မင်း ... ရမ်ရှန့်ရေ မင်းတော့ အမှတ်မှားနေပြီထင်တယ်နော် မာရှယ့်ရဲ့ လတ်တလောကိုယ်ရေးအကျဉ်းမှာလည်း သူက အိမ်ထောင်မပြုရသေးဘူးလို့ပဲ ရေးထားတာ ပြီးတော့ သူက မင်္ဂလာပွဲလည်း မလုပ်ထားတော့ မင်းက သူနဲ့ လက်ထပ်ပြီးသားပါလို့ ပြောလို့မရဘူးလေ ပြီးတော့ မင်းက ကေးမဟုတ်တော့ ကလေးလည်း မမွေးနိုင်ဘူး မဟုတ်လား မာရှယ်က မင်းကို လုံးဝ လက်ထပ်မှာ မဟုတ်ဘူး ..." 


သူမက ပြောလိုက်သည်။ 


ရမ်ရှန့်သည် ကေးမဟုတ်ကြောင်း ဖန့်ချန်ကျွင့်ထံမှ ကြားလိုက်ရချိန်တွင် သူမ ဘယ်လောက်ပျော်သွားမှန်း မည်သူမှ မမှန်းဆနိုင်ချေ။ အဆင့်မြင့်စွမ်းရည်ပိုင်ရှင်များသည် မျိုးဆက်ပြန့်ပွားနိုင်စွမ်း နိမ့်သည့်အတွက် ဖန့်ချန်ကျွင့်ကပင်လျှင် သူ့ကလေးကို လွယ်ပေးနိုင်သူနှင့် လက်ထပ်ပါမည်ဟု ပြောထားသေးသည်။ ထို့ကြောင့် ကျောက်မိသားစုသည်လည်း ကျောက်လင်းယွီကို ယောကျာ်းတစ်ဦးနှင့် လက်ထပ်ခွင့် ပေးမည် မဟုတ်ချေ။ 


"ကလေးမွေးတယ် ..." 


ရမ်ရှန့်က ရေရွတ်လိုက်သည်။ 


သူလည်း ကလေးမွေးနိုင်သားပဲ။ ဉာဏ်အလင်းမပွင့်ခင်ကဆို ဂျင်ဆင်းပင်ပေါက်လေးတွေ အများကြီး မွေးနိုင်တယ်လေ ဉာဏ်အလင်းပွင့်ပြီးတော့လည်း ဂျင်ဆင်းစေ့တွေကို မွေးထားတာမှ အများကြီးပဲ ပြီးတော့ အခု သူက ပန်းပွင့်ခါနီးနေပြီလေ ဒါတောင် ကျောက်လင်းယွီက သူနဲ့ လက်မထပ်ဘူးလား ... 


"ကလေးတစ်ယောက် ရှိလာမယ်ဆိုတဲ့ အဓိပ္ပါယ်လေ မင်းမှာ ကလေးရှိမလာနိုင်လို့ ‌လင်းယွီကလည်း မင်းနဲ့ လက်ထပ်မှာ မဟုတ်ဘူး ..." 


ဖန့်ရူမုန့်က ရမ်ရှန့်ကို ပြောနေသည်လား သူမကိုယ်သူမပဲ ရေရွတ်နေသလားတော့ မကွဲပြားလှချေ။ 


ရမ်ရှန့်က သူမကို ပြန်လည်ချေပလိုက်ချင်သော်ငြား မူမမှန်မှု တစ်ခုကိုမှ ထုတ်ပြ၍မရဟု ကျောက်လင်းယွီက ရှင်းပြထားသည့်အတွက် ပါးစပ်ကို တင်းတင်းစေ့ကာ သူမကို စိတ်ဆိုးမာန်ဆိုးဖြင့် စိုက်ကြည့်နေလိုက်သည်။ 


"ရမ်ရှန့် ဟိုမှာ မာရှယ်ရောက်လာပြီ ..." 


အယ်လီက အလောတကြီး ပြောလိုက်သည်။ 


ရမ်ရှန့်မှာ ကေးမဟုတ်ကြောင်း မည်သူကမှ သူမကို ပြောမထားဖူးသည့်အတွက် ဖန့်ရူမုန့်၏ စကားများကို ကြားလိုက်ရချိန်တွင် အံ့ဩလွန်း၍ ရပ်တန့်ရန်ပင် မေ့သွားခဲ့သည်။ 


လျှောက်လမ်းတစ်လျှောက် တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ရမ်ရှန့်သည် အထဲသို့ ဝင်လာသည့် ကျောက်လင်းယွီကိုသာ ငေးကြည့်နေလိုက်သည်။ ဝမ်ယွဲ့နှင့်အတူ ပြဿနာလာရှာသည့် လူငယ်လေးကလည်း ကျောက်လင်းယွီကို မကျေမချမ်းစွာဖြင့် တောင်းပန်နေသည်။ 


"လင်းယွီ ..." 


သူက ကျောက်လင်းယွီ၏ လက်မောင်းကြားထဲသို့ ခုန်ဝင်လိုက်ချင်သော်ငြား အစောပိုင်းက သူကြားခဲ့သည်များကို ပြန်တွေးရင်း အရှိန်ကို လျော့လိုက်သည်။ 


"ကျွန်တော်က ခင်ဗျားနဲ့ လက်မထပ်ရသေးဘူးလား ..." 


ရမ်ရှန့်က သူ့ကို လက်ထပ်ရန် မပြောတော့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည့်အတွက် ကျောက်လင်းယွီမှာ ကြက်သေသေသွားတော့သည်။ ပြီးမှ သူက ရယ်မောရင်း 


"မင်း ကြီးပြင်းလာကာမှ ကိုယ်တို့ လက်ထပ်ကြတာပေါ့ ..."


ဘယ်လောက်အထိ သူစောင့်ရမည်ကိုတော့ မသိသေးချေ။ ရမ်ရှန့်က ထိုကျင့်ကြံရေးလမ်းစဉ်ကို လေ့ကျင့်ပါလျှင် အသက်ရှည်ရှည်နေရမည်ဟု ပြောထားသည့်အတွက် ပိုပြီးကြိုးစားရုံသာ ရှိတော့သည်။ 


တိကျသည့် အဖြေတစ်ခုကို ရကာမှ ရမ်ရှန့်၏ နှလုံးသားလေးလည်း သက်သာရာရသွားတော့သည်။ ဒီရက်ပိုင်းအတွင်း သူသင်ယူခဲ့သည့် ဗဟုသုတများအရ လက်ထပ်ပြီးမှသာ အတူတကွ နေနိုင်မည်ဖြစ်သည့်အတွက် သူသည် ကျောက်လင်းယွီကို အခြားတစ်ယောက်နှင့် လုံးဝလက်ထပ်ခွင့်ပြုမည် မဟုတ်ချေ။ 


"အိုကေ ကိုယ်တို့ နောက်မှ ဆက်ဆွေးနွေးကြရအောင် တစ်ခုခုစားဖို့ ခေါ်သွားပေးမယ်နော် ..." 


သူက ပြောလိုက်သည်။ ရမ်ရှန့် ထူးထူးဆန်းဆန်းမေးခွန်းတို့ ထပ်မေးလာမည်ကို စိုးရိမ်နေမိသည်။ 


ဒီကလေးကို ဇီဝကမ္မဖြစ်စဉ်တွေအကြောင်း မသင်ပေးခဲ့မိတာ မှားပြီထင်ပါတယ် ... 


ကျောက်လင်းယွီက သူ့ကို ချော့မော့ကာ ခေါ်သွားသော်ငြား အနီးနားရှိ လူများမှာတော့ အံ့ဩမင်သက်သွားကြတော့သည်။ 


ဒီ ... စကားကို ကြင်ကြင်နာနာနဲ့ ပြောသွားတဲ့ တစ်ယောက်က ကျောက်လင်းယွီတဲ့လား သူက ဘယ်တုန်းကများ လူတွေနဲ့ စကားပြောတဲ့နေရာမှာ နူးညံ့ညင်သာသွားရတာလဲ ... 


ရမ်ရှန့်သည် ကျောက်မိသားစုတွင် နေထိုင်ခွင့်ရကာ ရှန်းချိုးရှစ်၏ အလေးပေးမှုကို ခံနေရသည်ကပင် ကံကောင်းလှပြီဟု ထင်ခဲ့ကြသော်ငြား ယခုတော့ ဒီ့ထက်မက ရှိနေသေးဟန်ပင်။ 


ကျောက်လင်းယွီက ‌ဘယ်ယောကျာ်း ဘယ်မိန်းမနဲ့မှ နီးနီးကပ်ကပ်နေဖူးတာမှ မဟုတ်တာ ... သူ့မှာ ထူးဆန်းတဲ့အကြိုက် ရှိနေလို့များလား ... 


ဘာပဲဖြစ်ဖြစ် သူ့အကြိုက် ထူးဆန်းနေတယ်ဆိုဦးတော့ ဒီဆယ်ကျော်သက်လေးနဲ့ လက်ထပ်ပါ့မယ်လို့ လူပုံအလယ်မှာ ကတိပေးစရာမှ မလိုတာ ... လျှို့ဝှက်ချက်တစ်ခုခုများ ရှိနေလို့လား ... 


"ရမ်ရှန့်က ငယ်သေးတဲ့ပုံ ပေါက်နေတယ်ဆိုပေမယ့် သူက အသက်ပြည့်ပြီးနေပါပြီ ..." 


ရှန်းချိုးရှစ်က သူမ၏သား ချန်ထားခဲ့သည့် ဟာကွက်အချို့ကို ဖြည့်ကာ ပြောလိုက်သည်။ ရမ်ရှန့်ကို ၁၈ နှစ်ဟု စာရင်းသွင်းခဲ့သည့်အပေါ် သူမကိုယ်သူမ ဂုဏ်ယူနေမိတော့၏။ 


"ဒါပေမယ့် သူ့အရိုးအဆစ်တွေက သေးပြီးတော့ လတ်တလော စားသောက်ပုံကြောင့် ထွားမလာဘူး ဖြစ်နေတာလေ ကျွန်မဖြင့် စိတ်ပူရလွန်းလို့ကို သေတော့မှာပဲ ..." 


ဒါနဲ့ သူမရဲ့သားက တကယ်ရော အဆင်ပြေပါ့မလား ...


xxxxxxx