အပိုင်း ၃၄
Viewers 18k

Chapter 34


ရမ်ရှန့်၏ ရုတ်တရက် မေးခွန်း ထုတ်မှုကို ကျောက်လင်းယွီ သူ့ကို အရူးလုပ်လိုက်၍ ရသော်ငြား သူကိုယ်တိုင်ကလည်း မလိမ်ညာလိုပေ။ 


အနာဂတ်တွင် တစ်စုံတစ်ယောက်က သူ့ကို တပ်မက်လာပါလျှင် ချောမော့ခန့်ညားသည့် အမျိုးသားကိုဖြစ်စေ ကိုယ်ခန္ဓာပါးလျသေးသွယ်သော ကေးကို ဖြစ်စေ မရှာနိုင်တော့မည်ကို စိုးရိမ်မိသည်။ ဤကမ္ဘာတွင် သူ့ခြေလက်များကို အမြစ်အဖြစ် ပြောင်းနိုင်ကာ နှစ်တစ်သိန်းကျော် အသက်ရှင်ခဲ့သော်ငြား ဆယ်ကျော်သက်အရွယ်သာ ရှိနေသေးသူမှာ ရမ်ရှန့်တစ်ဦးတည်းသာ ဖြစ်ပြီး သူသဘောကျနှစ်သက်ရပါသည့် တစ်ဦးတည်းသောသူ ဖြစ်ပေသည်။ 


"ခင်ဗျားကို မမေးလိုက်သင့်ဘူးလားဟင် ..." 


ရမ်ရှန့်သည် တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်သဖြင့် ပူပန်လာတော့သည်။ 


"ကိစ္စမရှိပါဘူး ဒါပေမယ့် ဒီလိုကိစ္စမျိုးကိုတော့ ကိုယ်တို့သီးသန့်ပဲ ရှိနေတဲ့အချိန်မှ မေးရမယ်နော် ..." 


သူက ပြောလိုက်သည်။ 


ရမ်ရှန့်ကို ကေးဟု ထင်နေသူများ အများအပြား ရှိနေသေးသည့်အပြင် ဖက်ဒရယ်တွင် အရွယ်ရောက်ပြီးသည့်တိုင် ကလေးရုပ်သွင် မပျောက်သေးသည့် ကိုယ်နေဟန်ထားသေးသွယ်သူများ ရှိနေသေးသည်။ 


ရမ်ရှန့်နဲ့ အတူရပ်နေလိုက်ရင် သူက ပိုရှည်နေတာ‌ကတော့ စိတ်မကောင်းစရာပဲ။ သူ့ကြောင့်ကို ရမ်ရှန့်က ပိုသေးသွားသလိုပဲ ... 


"ဒါဆိုရင်လေ လင်းယွီ ခင်ဗျားကို တိုးတိုးလေး မေးစရာ ရှိနေသေးတယ် ..." 


သူက ပြောလိုက်သည်။ 


ကျောက်လင်းယွီက သူ့ကို အပေါ်ထပ်ဧည့်ခန်းသို့ ခေါ်လာလိုက်သည်။ 


"ဘာမေးစရာ ရှိသေးလဲ ..." 


"လက်ထပ်ဖို့ကလေ မဖြစ်‌မနေ ကလေးရှိရမှာလား ကျွန်တော့်မှာသာ ကလေးမရှိရင် ခင်ဗျားနဲ့ လက်ထပ်လို့ မရတော့ဘူးပေါ့ ..." 


"မဟုတ်တာ ကိုယ် မင်းကို သဘောကျနေဖို့ပဲ လိုတာလေ ကလေးရှိတာ မရှိတာက ပြဿနာမှ မဟုတ်တာ ..." 


သူက ပြောလိုက်သည်။ 


ရမ်ရှန့်သည် သူ့ကလေးကို မွေးမပေးနိုင်ရုံသာမက သူနှင့်လည်း မျိုးနွယ်မတူချေ။ အကယ်၍ ရမ်ရှန့်ကြောင့်သာ မဟုတ်ပါလျှင် သူသည် အသက်ပင် ရှင်နိုင်တော့မည် မဟုတ်သည့်အတွက် ကလေးမွေးနိုင် မမွေးနိုင်ကို ဂရုစိုက်နေမည် မဟုတ်ချေ။ 


"ဆိုတော့ ဒီလိုမျိုးကိုး ..." 


သူက ခေါင်းငြိမ့်ပြလိုက်သည်။ 


"တကယ်တမ်းတော့လေ ကျွန်တော်လည်း ကလေးမွေးနိုင်တယ်သိလား ကြည့်လေ ဒီနားမှာ အဖုလေးတစ်ဖု ရှိနေတယ် အဲ့ဒါက ကြီးထွားလာပြီးတော့ ပန်းပွင့်၊ ပြီးရင် တစ်ဖြေးဖြေးနဲ့ ဂျင်ဆင်းစေ့တွေ ဖြစ်လာမှာလေ ..." 


ရမ်ရှန့်က သူ့ဆံပင်ကို ခွဲပြလိုက်သည်။ သူ့ဆံပင်၏ အလယ်ခေါင်မှာ အမှန်တကယ်ပင် ကွဲပြားနေပေသည်။ 


"ငယ်ထိပ်ကနေပြီးတော့ ပန်းကြီး ပွင့်လာမှာတော့ မဟုတ်ပါဘူးနော် ..." 


ကျောက်လင်းယွီက မေးလိုက်သည်။ အကယ်၍သာ ထိုအတိုင်း ဖြစ်လာပါလျှင် ရမ်ရှန့်အနေဖြင့် အပြင်ထွက်ရန် မဖြစ်နိုင်လောက်တော့ချေ။ 


"မဟုတ်ပါဘူး အခု ကျွန်တော်က အသွင်ပြောင်းထားတာဆိုတော့ ဒီအတိုင်းပဲ ဖြစ်နေမှာပါ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ အပင်ပုံစံ ပြန်ပြောင်းမှသာ ပန်းပွင့်နှင့် ဂျင်ဆင်းစေ့တို့ ထွက်လာမည်ဖြစ်သည်။ သို့မဟုတ်ပါလျှင် သူ့ဆံပင်တို့မှာ ပိုထူလာမည်သာ ဖြစ်သည်။ 


"လင်းယွီ ကျွန်တော်က စွမ်းအားမကြီးဘူးလား ကျွန်တော့်မှာလည်း ကလေးတွေ ရှိလာနိုင်တယ်လေ ဒါပေမယ့် ဂျင်ဆင်းစေ့တွေက အပင်ပေါက်လာရင်တောင် ဉာဏ်အလင်းပွင့်ဖို့ကတော့ ခက်ခဲနေတုန်းပဲ ..." 


မြေဩဇာကောင်းတယ်လို့ ပြောရမလား မြုံနေတယ်လို့ ပြောရမလား ... 


ဒါဆို သူက ရမ်ရှန့်ရဲ့ သားသမီးတွေကို စားမိနေတယ်ဆိုတဲ့ သဘောလား ... 


ကျောက်လင်းယွီက ချောင်းအသာဟန့်လိုက်သည်။ 


"ကလေးမွေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ရှုပ်နေဖို့ မလိုပါဘူး လူသားတွေရဲ့ ကလေးက အပင်တွေနဲ့ မတူဘူးလေ တကယ်လို့ မင်းက ကလေးတွေကို သဘောကျတယ်ဆိုရင်‌လည်း အတူတူ ပျိုးထောင်ကြတာပေါ့ ကိုယ် သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးပါ့မယ် ..." 


ရမ်ရှန့်လို ကလေးမျိုး ရှိလာမည်ကလည်း ကောင်းသည့်ကိစ္စပင် ဖြစ်သည်။ 


"မလိုချင်ပါဘူး ခင်ဗျားက သူတို့ကိုပဲ သဘောကျပြီး ကျွန်တော့်ကို မကြိုက်တော့ရင် ဘယ့်နှယ့်လုပ်မလဲ ..." 


ရမ်ရှန့်က ခေါင်းကို အသည်းအသန် ခါယမ်းလိုက်သည်။ 


"ဒါဆိုလည်း ကိုယ်တို့တွေ ကလေးမယူတော့ဘူးလေ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ သူသည် ရမ်ရှန့်နှင့် လက်တွဲတော့မည်ဟု ဆုံးဖြတ်လိုက်ကတည်းက ကလေးယူရန် မစဉ်းစားတော့ချေ။ 


ရမ်ရှန့်က ခေါင်းငြိမ့်ပြလိုက်လျှင် သူက ဆက်ပြောလိုက်သည်။ 


"အယ်လီ့ကို အဖော်လာလုပ်ခိုင်းလိုက်မယ်နော် စားချင်တာ တစ်ခုခုရှိရင် သူမကိုယူခိုင်း သိလား အောက်ထပ်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို ဒီမော်နီတာကနေ ကြည့်လို့ရတယ်နော် ကိုယ့်မှာ ကိုင်တွယ်စရာလေးတွေ ရှိနေသေးလို့ အဲ့တာတွေပြီးရင် လာပြီး အဖော်လုပ်ပေးမယ်နော် ..." 


ရမ်ရှန့်တွင် မေးခွန်းအများကြီး ထွက်လာခြင်းသည် တစ်ယောက်ယောက်က ပြောလိုက်၍သာ ဖြစ်သည်။ သူသာ အောက်ထပ်သို့ ဆင်းသွားပါလျှင် အလားတူ ဖြစ်ရပ်မျိုးနှင့် ကြုံနေရဦးမည်ဖြစ်သည်။ 


"ဟုတ်ပြီလေ ..."

34.2


ရမ်ရှန့်က ခေါင်းငြိမ့်ပြရင်း သူရှေ့ရှိ စောင့်ကြည့်စခရင်ကို ဟိုဟိုသည်သည် ကလိနေလိုက်သည်။


အခန်းထဲမှ ထွက်လာပြီးနောက် ကျောက်လင်းယွီသည် တံခါးဘေးတွင် သက်တော်စောင့်လုပ်နေရသည်ကို မနှစ်မြို့နေသည့် ဝူရွှိုက်၏ အတင်းပြောလိုဟန် အမူအယာကို တွေ့လိုက်ရသည်။ 


"အယ်လီကို ဒီနေရာကို ခေါ်လိုက်ပါဦး အစောပိုင်းက ဘာတွေဖြစ်သွားလဲ သိချင်လို့ ..." 


သူက ပြောလိုက်သည်။ 


ရမ်ရှန့်သည် သူ့အကြိုက် အစားအစာများကို ပန်ကန်းပြားတစ်ချပ်ဖြင့် အပြည့်သယ်လာသည့် အယ်လီကို မမြင်ရခင်အထိ တစ်ယောက်တည်း အချိန်ဖြုန်းနေခဲ့သည်။ 


စားစရာကို‌ တွေ့လိုက်ရချိန်တွင်တော့ ရမ်ရှန့်၏ ခံစားချက်တို့မှာ ပိုမို တက်ကြွလာ‌ခဲ့လေသည်။ အသားကင်အချို့ကို သူ့ပါးစပ်ထဲ ထည့်လိုက်ပြီးကာမှ အယ်လီ၏ တစ်ခုခုပြောလိုဟန် အမူအယာကို သတိထားမိလိုက်သည်။ 


" အယ်လီ တစ်ခုခု ပြောချင်တာ ရှိလို့လား ..." 


"ရမ်ရှန့် မင်းက  ကေးမဟုတ်ဘူးဆိုတာ တကယ်လား မာရှယ်ကရော မင်းကို တကယ် လက်ထပ်မှာတဲ့လား ..." 


ရမ်ရှန့်သည် ကေးမဟုတ်ဟု သိလိုက်ရချိန်တွင် သူမသည် ရမ်ရှန့်အနေဖြင့် မာရှယ်နှင့် လက်ထပ်ရန် မဖြစ်နိုင်တော့ဟုသာ ထင်ခဲ့သည်။ သို့သော် မာရှယ်၏ သဘောထားကို မြင်လိုက်ရချိန်တွင်တော့ သူသည် ရမ်ရှန့်ကို အမှန်တကယ် သဘောကျနေခြင်းဖြစ်ကြောင်း သေချာသွားတော့သည်။ 


"ဟုတ်တယ်လေ ..." 


သူက ခေါင်းငြိမ့်ပြလိုက်သည်။ 


"မာရှယ်က မင်းကို အများကြီး သဘောကျတာနော် ရမ်ရှန့် မင်းကလည်း သူ့အပေါ် သေချာပေါက်ကို ကောင်းပေးရမယ် သိလား ..." 


မာရှယ်၏ သဘောထားအရဆိုလျှင် တရားမဝင်ကလေး ရှိလာရန်မှာလည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် ကျောက်မိသားစုတွင် မျိုးဆက်ရှိတော့မည် မဟုတ်ချေ။ 


"ဒါပေါ့ သူ့ကို သေချာပေါက်ကို ကောင်းပေးမှာပါ ကျွန်တော်ကလည်း သူ့ကို အများကြီး ကြိုက်လို့ သူကလည်း ကျွန်တော့်အပေါ်ကို အများကြီး ကောင်းပေးမှ ဖြစ်မှာ ..." 


သူက ပြောလိုက်သည်။ 


သူ၏အဖြေက အယ်လီကို ရယ်မြူးစေတော့သည်။ 


ဒီကလေးက အရမ်းကို ရိုးအတာပဲ ဒီလိုမျိုး ရိုးရှင်းနေလို့လည်း မာရှယ်က သူ့ကို တန်းတန်းစွဲ သဘောကျ နေတာနေမှာ ... 


ရမ်ရှန့်သည် စောင့်ကြည့်စခရင်ကို စိတ်မဝင်စားသည့်အတွက် စားသောက်ပြီးနောက် သူ့ဆက်သွယ်ရေးစက်ဖြင့် အချက်အလက်များကို ရှာဖွေနေလိုက်သည်။ 


လက်ထပ်ခြင်းနှင့် ကလေးမွေးဖွါးခြင်းမှတစ်ပါး အခြားမဟုတ်ပေ။ 


PDAသည် အသက်မပြည့်သေးသူများနှင့် မအပ်စပ်သည်များကို ရှာဖွေ၍ မရနိုင်သည့်အတွက် ကလေးငယ်များ၏ ဇစ်မြစ်ကို ရှင်းပြထားသည့် ကာတွန်းကိုသာ ရှာနိုင်ခဲ့၏။ 


"ကလေးတစ်ယောက်ဆိုတာ အမေတစ်ယောက်ရဲ့ တစ်စိတ်တစ်ပိုင်းနဲ့ အဖေတစ်ယောက်ရဲ့ တစ်စိတ်တစ်ပိုင်းကနေ သန္ဓေတည်လာတာပါ မိဘနှစ်ပါးရဲ့ အချစ်တွေ၊ မျိုးရိုးဗီဇတွေ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာ‌တာပေါ့ တစ်ချို့မိသားစုတွေမှာတော့ အမေနှစ်ယောက် ဒါမှမဟုတ် အဖေနှစ်ယောက်ကနေလည်း ကလေးလေးတွေ ဖြစ်လာနိုင်ပါတယ် ..." 


ကလေးများအတွက် ပညာပေးဗီဒီယိုသည် မရှည်လျားဘဲ နားလည်ရန် လွယ်ကူပေသည်။ ယနေ့နည်းပညာခေတ်၏ မျိုးဆက်များသည် အမျိုးသားဖြစ်စေ  အမျိုးသမီးဖြစ်‌စေ လိင်အမျိုးအစားကို အရေးထားကာ မခွဲခြားတော့သည့်အတွက် ဤကဲ့သို့သော မိသားစုမျိုးကိုပါ ထည့်သွင်းထားခြင်း ဖြစ်သည်။ 


ရမ်ရှန့်လည်း ၎င်းကို မြင်လိုက်ကာမှ တဖြေးဖြေး သဘောပေါက်သွားတော့သည်။ 


တစ်ချို့အပင်တွေမှာဆိုလည်း ဒီလိုပဲလေ အဖိုပင်နဲ့ အမပင်က အတူတူ ကြီးထွားလာပြီးတော့ အသီးသီးဖို့ အဖိုပင်က အမပင်ထဲကို ဝတ်မှုန်ကူးရတယ်လေ လူသားတွေကလည်း ဒီလိုပဲကိုး ... 


သူနဲ့ လင်းယွီမှာသာ ကလေးရှိလာရင် အဲ့ဒီ့ကလေးက သူနဲ့ရော လင်းယွီနဲ့ပါ တူမှာပေါ့ ... 


ရမ်ရှန့်က မှန်းဆချက်အချို့ကို ပြုလုပ်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ 


သူက ဘယ်လိုလုပ်ပြီးတော့ ‌ကလေးရမှာလဲ ... 


ဟုတ်သားပဲ သူ့မှာ အမဝတ်ဆံ ပါနေတာပဲ တကယ်လို့ လင်းယွီသာ ဝတ်မှုန်ကူးနိုင်ရင် သူက အသီးသီးလာနိုင်မှာပဲ ... 


ရမ်ရှန့်က သူ့ခေါင်းကို ထိရင်း အတွေးပေါက်သွားတော့သည်။ 


"ရမ်ရေ အန်တီရောက်လာပြီနော် ..." 


ရှန်းချိုးရှစ်က တံခါးကိုဖွင့်ကာ အထဲဝင်လာသည်။ 


"အန်တီ ..." 


သူက ရယ်ပြကာ သူ့ခေါင်းကို ပွတ်ရန် ကြိုးစားနေသည့် သူမ၏ လက်များကို ရှောင်တိမ်းလိုက်သည်။ 


ရှန်းချိုးရှစ်က သူ့မျက်နှာကိုသာ ပြောင်းပြီး ဖျစ်ညှစ်လိုက်သည်။ 


"ရမ် တစ်ချို့လူတွေက ပေါက်ကရတွေ လျှောက်ပြောနေတာ သူတို့ကို ဂရုစိုက်မနေနဲ့ ..." 


"သိပါပြီ ..." 


သူက ခေါင်းငြိမ့်ပြလိုက်သည်။ 


"ရမ်လေးက လူတော်လေးပဲ ..." 


သူမက ပြုံးလိုက်သည်။ 


"အန်တီကတော့ ရမ်ကလေး ကြီးပြင်းလာပြီး အန်တီ့ချွေးမလေး ဖြစ်လာမယ့်အချိန်ကို မျှော်နေမိပြီ ..." 


"ဟုတ်ကဲ့ ..." 


သူက ခေါင်းတဆတ်ဆတ် ငြိမ့်ပြရင်း မေးလိုက်သည်။ 


"အန်တီ လင်းယွီငယ်ငယ်‌ကလေ ဘယ်လိုပုံစံလေးလဲဟင် ..." 


"လင်းယွီငယ်ငယ်ကလား သူငယ်ငယ်က အရမ်းကို ချစ်စရာကောင်းတာလေ သူ့ကို မြင်နေရရင်ကို စိတ်ချမ်းသာနေတာ ..." 


သူမက ပြောရင်း ရမ်ရှန့်၏ ဆက်သွယ်ရေးကိရိယာကို ဖွင့်ကာ အွန်လိုင်းပေါ်မှ ဖိုင်တွဲတစ်ခုကို ရှာလိုက်သည်။ 


"အဲ့တုန်းက သူ့ပုံတွေ ဗီဒီယိုတွေ အများကြီး ရိုက်ထားခဲ့တာလေ အန်တီရဲ့ သီးသန့်အကောင့်မှာလည်း သိမ်းထားသေးတယ် နေဦး အန်တီပြမယ် ..." 


ရမ်ရှန့်က နာနာခံခံဖြင့် စောင့်နေလိုက်သည်။ ထို့နောက် အသားဖြူဖြူနှင့်  ကြင်နာတတ်သည့် ကလေးဝတုတ်လေး၏ ပုံဖြင့် ဖိုင်တွဲတစ်တွဲကို တွေ့လိုက်ရသည်။


"ကြည့်ပါဦး လင်းယွီငယ်ငယ်က ချစ်စရာ မကောင်းဘူးလား ..." 


သူမက ပြုံးကာ မေးလိုက်သည်။ 


သူ ငယ်တုန်းက ပိုပြီး ချစ်စရာကောင်းသင့်ပေမယ့် ဒါက ကျောက်လင်းယွီလေ ... 


ကျောက်လင်းယွီ၏ ဓာတ်ပုံအားလုံးကို မြင်လိုက်ရချိန်တွင်တော့ ရမ်ရှန့်၏ မျက်လုံးတို့မှာ ပိုပြီး တောက်ပလာတော့သည်။ 


သူမက ရုတ်တရက် ချောင်းဟန့်လိုက်သည်။ 


"ရမ် အန်တီသိမ်းထားတဲ့အထဲက ရတနာလေးတွေကို ပြမယ်နော် ..." 


သူမပြောသည်ကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ရမ်ရှန့်လည်း ဆက်သွယ်ရေးစက်ကို အာရုံစိုက်ထားလိုက်သည်။ ထို့နောက်တွင်တော့ စခရင်တွင် လသားအရွယ် ကလေးဝတုတ်လေး၏ ဗီဒီယိုကို တွေ့လိုက်ရသည်။ 


သူသည် တစ်ယောက်တည်း ထိုင်နေရင်း ရုတ်တရက် လဲကျသွားသည်။ မတ်တပ်ထရပ်ရန် ကြိုးစားရင်း သူ့ခြေထောက်တို့ကို မြှောက်လိုက်သည်။ ထို့နောက် လက်ကိုဆန့်ကာ ခြေထောက်ကို လှမ်းဆွဲလိုက်ပြန်သည်။ ထို့နောက် ခြေထောက်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီးနောက် သူ့ပါးစပ်ထဲသို့ ထည့်လိုက်တော့သည်။ 


ရမ်ရှန့်၏ နှလုံးသားလေးမှာ ရုတ်ချည်း ယားယံသွားတော့၏။  


ရှန်းချိုးရှစ်နှင့် ရမ်ရှန့်တို့သည် ကျောက်လင်းယွီ ကြီးပြင်းလာခဲ့ပုံကို အတူတူ ကြည့်ခဲ့ကြတော့သည်။ 


xxxxxx