အပိုင်း ၃၅
Viewers 18k

Chapter 35


ကျောက်လင်းယွီသည် ငယ်စဉ်က ကြောင်တောင်တောင်ကိစ္စအချို့ကို လုပ်ခဲ့သော်ငြား အရွယ်ရောက်လာလေလေ ပိုပြီး တည်ငြိမ်လာလေပင် ဖြစ်သည်။ သုံးလေးနှစ်သား အရွယ်တွင်တော့ လေ့ကျင့်ရေးဆင်းနေပြီဖြစ်သည်။ 


မျက်နှာတွင် အဆီများ ရှိနေသေးသည့် ကလေးလေးသည် ချွေးများပေါက်ပေါက်ကျနေသည့်တိုင် လေ့ကျင့်ရေးတွင်ပါ အာရုံအလုံးစုံကို နှစ်မြှုပ်ထားသည်။ ညွှန်ကြားရေးစက်က နားချိန်ရောက်ပြီဟု မညွှန်ကြားလာမချင်း မရပ်တန့်ပေ။ 


အနည်းငယ် အရပ်ပိုရှည်လာချိန်တွင်တော့ လက်နက်အသုံးပြုပုံကို စတင်သင်ကြားကာ ငြီးငွေ့သွားခြင်း မရှိဘဲ ကြိမ်ဖန်များစွာ လေ့ကျင့်ခဲ့သည်။ 


ဆယ်ကျော်သက်အရွယ်တွင်တော့ သူ့အဖေနှင့်အတူ စစ်တပ်ထဲသို့ လိုက်ကာ တပ်သားသစ်များနှင့်အတူ လေ့ကျင့်ရေးဆင်းခဲ့သည်။ 


.... 


ရမ်ရှန့်မှာ ကြည့်လေလေ နှစ်လိုမှုတို့ကို ထိန်းမရလေပင် ဖြစ်သည်။  သို့သော် သက်ပြင်းချသံတစ်ချက်က တားမရဆီးမရ ထွက်ပေါ်လာလေသည်။ 


"သူ ကြီးပြင်းလာတာ အရမ်းမြန်တာပဲ ..." 


"ဟုတ်တယ်နော် အန်တီလည်း အမြဲတမ်း အဲ့ဒီလိုပဲ ခံစားခဲ့ရတာ သူ့ကို မွေးထားတာတောင် သိပ်မကြာသေးဘူးလို့လေ ဒါပေမယ့် တကယ်တမ်းတော့ သူလည်း အသက်ကြီးနေပါပြီ ..." 


ရှန်းချိုးရှစ်က သက်ပြင်းချလိုက်သည်။ 


ရမ်ရှန့်က ကျောက်လင်းယွီ၏ အသက်ကို ရေတွက်ကြည့်လိုက်သည်။ 


ကျောက်လင်းယွီ၏ အသက်မှာ နှစ် ၅၀ ခန့်သာ ရှိသေး‌ရာ သူနှင့် နှိုင်းယှဥ်ပါလျှင် အတော်ငယ်ရွယ်သေးသည့်အရွယ်ဖြစ်သည်။ ဓာတ်ပုံများကို အကဲဖြတ်မှုအရ နောက်နှစ်အနည်းငယ်ကြာလျှင် သူ့ခြေထောက်ပေါ်သူ နေနိုင်တော့မည်ဖြစ်သည်။ 


အကယ်၍ သူသာ လူသားကလေးကို မွေးနိုင်လျှင် နှစ်အနည်းငယ်ခန့် ကြန့်ကြာနေမည်ဖြစ်သည်။ သို့သော် သူအနေဖြင့် မွေးနိုင်ရန်မှာပင် မသေချာလှ။ ရမ်ရှန့်က မသိလိုက်မသိဘာသာဖြင့် သူ့ခေါင်းကို နောက်တစ်ကြိမ် ပြန်ထိလိုက်သည်။ 


ရမ်ရှန့် ဖိအားများနေမည်ကို စိုးရိမ်သဖြင့် ရှန်းချိုးရှစ်သည် သူ့ကို အချိန်အကြာကြီး အဖော်လုပ်ကာ စကားပြောပေးနေခဲ့သည်။ 


"ရမ် ကလေးကလေ စွမ်းရည်ပိုင်ရှင် ဟုတ်ဟုတ် မဟုတ်ဟုတ် အန်တီတို့အတွက် ကိစ္စမရှိဘူးနော် တကယ်လို့ မင်းမှာ ကလေးလိုချင်စိတ် ရှိတယ်ဆိုရင် အန်တီတို့တွေ သုတေသနဌာနကို သွားပြီးတော့ တစ်ယောက်လောက် ပျိုးထောင်လို့ရတယ်နော် အဲ့ဒီ့ကလေးမှာ စွမ်းရည်ပါမလာရင်တောင် အနည်းဆုံးတော့ မင်းရဲ့ သွေးသားတွေ ပါလာမှာပဲလေ ..." 


"ဟုတ်ကဲ့ ..." 


ရမ်ရှန့်က အသိစိတ်တစ်ဝက်ဖြင့် ပြန်တုန့်ပြန်လိုက်သည်။ 


ဧည့်ခံပွဲသည် အချိန်သိပ်မကြာလိုက်ပေ ။ ရှန်းချိုးရှစ်နှင့် ကျောက်လင်းယွီတို့သည် သူတို့ကို သွားပုတ်လေလွင့် ပြောထားသူများအပေါ် စိတ်မရှည်သည့်အတွက် ခန္ဓာကိုယ် မသက်သာသေးသည်ကို အကြောင်းပြကာ တစ်ယောက်ပြီးတစ်ယောက် ထွက်လာလိုက်သည်။ ပွဲရှင်မရှိတော့သည့်အတွက် ဧည့်သည်များမှာလည်း ထွက်လာရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။ 


ပွဲထဲမှ ထွက်လာချိန်အထိ ဧည့်သည်များမှာ စိတ်နှင့်လူနှင့် မကပ်သေးချေ။ 


ကျောက်လင်းယွီက တကယ်ကြီး ကလေးမမွေးနိုင်တဲ့ ယောကျာ်းနဲ့ လက်ထပ်ဖို့ စီစဉ်ထားတာပေါ့ ... 


လော့ခဲမိသားစုခေါင်းဆောင်သည် ယာဉ်ပျံထဲမှ တစ်ဖြေးဖြေး ဆင်းလာသည်။ သူ့မျက်နှာအမူအယာတို့မှာ အမျိုးမျိုး ပြောင်းလဲနေပြီး နောက်ဆုံးတွင် ရှုပ်ထွေးနေသည့်ဟန်သာ ကျန်ခဲ့တော့၏။ 


သူသည် ကျောက်မိသားစုထံမှ သတင်းအချက်အလက်များ ရရှိရန် အားသွန်ခွန်စိုက် ကြိုးစားခဲ့ရသည်။ အကယ်၍ S အဆင့် ပေါင်းစပ်စွမ်းရည်ပိုင်ရှင် ကျောက်လင်းယွီသည် ကလေးပင် မမွေးနိုင်သည့် ‌ယောကျာ်းတစ်ယောက်နှင့် လက်ထပ်ရန် အကြံရှိနေမှန်း ကြိုသိခဲ့ပါလျှင် သူ့အနေဖြင့် အားကုန်ခံခဲ့မည် မဟုတ်ချေ။ 


"အဖေ ကျောက်လင်းယွီက ဟိုကောင်လေးကို ဖြားယောင်းထားတာထင်တယ် ကျွန်တော်တို့ တစ်ခုခု လုပ်သင့်လား ..." 


မက်သရူးက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ 


"မင်းမှာ ဦးနှောက်ရော ရှိသေးရဲ့လား ..." 


မစ္စတာလော့ခဲက သူ၏ ဒုတိယသားကို စိုက်ကြည့်လိုက်သည်။ 


"မင်းနဲ့ ဝမ်ယွဲ့တို့ ကျောက်မိသားစုကို သွားတုန်းက ရှန်းချိုးရှစ်ရဲ့ ဗီဒီယိုထဲ ပါလာတာ အဲ့ဒီ့ရမ်ရှန့်ရဲ့ အသံပဲလေ ပြီးတော့ မင်းအမေနဲ့ ဝမ်ယွဲ့ မောလ်မှာ ရှန်းချိုးရှစ်ကို တွေ့တော့လည်း လူတိုင်းက မင်းကိုပဲ သွားတွေးမိကြမှာ နောက်ဆုံးကျရင် လူတွေရဲ့အမြင်မှာ ‌ကျောက်လင်းယွီက ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရား ကြီးမားတဲ့ ယောကျာ်းတောင် ဖြစ်သွားနိုင်တယ် ..." 


စွမ်းရည်ပိုင်ရှင် ကလေးကို မလိုချင်တဲ့သူ ဘယ်သူများ ရှိလို့လဲ ကျောက်လင်းယွီက သူဒဏ်ရာရနေတဲ့အချိန်မှာ စွန့်ပစ်မသွားတဲ့သူအ‌တွက်နဲ့ ဒါကို စွန့်လွှတ်ခဲ့တာလေ ... 


မိသားစုကြီး ငါးစုသည် ဖက်ဒရယ်ကို ကာကွယ်နိုင်လောက်သည့် စွမ်းရည်များ ရှိနေ၍သာ အင်အားကြီးမားနေခြင်းဖြစ်သည်။ အကယ်၍ ကျောက်မိသားစုသာ မျိုးဆက်ပြတ်သွားပါလျှင် သူတို့ပိုင်ဆိုင်သမျှသည် အခြားသူတစ်ဦး၏ လက်ထဲသို့ မနှေးမုချ ရောက်ရှိမည်ဖြစ်သည်။ 


မက်သရူးသည် ဖခင်၏ ကြိမ်းမောင်းခြင်းကို ခံလိုက်ရသည့်တိုင် ဒေါသထွက်နေဆဲဖြစ်သည်။ သူ့ပုံစံကို မြင်လိုက်သည့် မစ္စတာလော့ခဲက သက်ပြင်းသာ ချလိုက်တော့သည်။


"ငါ မင်းကို အရမ်းအလိုလိုက်ခဲ့မိတာပဲ အိမ်ပြန်ရောက်ရင် နေ့တိုင်း ငါနဲ့အတူတူ လိုက်ပြီးလေ့လာဖို့ ပြင်ဆင်တော့ ပျင်းဖို့တော့ စိတ်တောင်မကူးနဲ့ ..." 


မက်သရူးကို သူ့အ​ဖေ က အိမ်ပြန်ခေါ်သွားချိန်တွင် ဖန့်ချန်ကျွင့်သည် စီးကရက်တစ်လိပ်ကို လက်ကြားညှပ်ကာ ယာဉ်ပျံကို မှီပြီး ရပ်နေသည်။ သေသေသပ်သပ် ဝတ်ဆင်ထားသည့်တိုင် အချို့လူများအတွက်တော့ ညှို့နိုင်စွမ်း ပြင်းနေဆဲပင် ဖြစ်သည်။ 


"ဝမ်းကွဲအစ်ကို ... ကျောက်လင်းယွီက ရမ်ရှန့်ကို တကယ် လက်ထပ်မှာတဲ့လား ..." 


ဖန့်ရူမုန့်၏နှုတ်ခမ်းတို့မှာ တဆတ်ဆတ် တုန်လာခဲ့သည်။ ယနေ့ပွဲကို မလာခင်ကမူ ကျောက်လင်းယွီကို သွေးဆောင်ရန် ယုံကြည်ချက်အပြည့်ဖြင့်ဖြစ်သည်။ သူမသည် အမျိုးသမီးတစ်ဦး ဖြစ်သည့်အပြင် ကျောက်လင်းယွီနှင့် လိုက်ဖက်နှုန်းမှာ ဝမ်ယွဲ့ထက် နိမ့်သော်ငြား ကိုက်ညီနေဆဲပင်ဖြစ်သည်။ ထို့ပြင် ‌သူ ဒဏ်ရာရသည့်အချိန်တွင်လည်း ပြဿနာမရှာခဲ့ချေ။ 


ကျောက်လင်းယွီလို စွမ်းရည်ဆုံးရှုံးသွားတဲ့သူအတွက်ဆို သူမက လုံလောက်တာထက်တောင် ပိုနေပြီကို ... 


ဒါပေမယ့် တကယ်တမ်းကျတော့ သူက အကြည့်တစ်ချက်တောင် ပို့မလာဘူး ... 


"ကျောက်လင်းယွီက အဲ့ဒီလို ပြောမှတော့ တကယ်ဖြစ်မှာပေါ့ ..." 


ဖန့်ချန်ကျွင့်က ပြောလိုက်သည်။ 


"သူက ဘာလို့ ဒီလိုလုပ်ရတာလဲ ..." 


ဖန့်ရူမုန့်မှာ လုံးဝ နားမလည်နိုင်သေးချေ။ 


"ဘာလို့လဲဆိုတော့ သူဆန္ဒရှိလို့လေ ..." 


သူက မီးခိုးအချို့ကို ရှုသွင်းလိုက်သည်။ ဆေးလိပ်ငွေ့တို့ကို ငေးကြည့်နေရင်း ရုတ်ချည်း ‌ထပြောလိုက်သည်။ 


"ကျောက်လင်းယွီကို အမိမဖမ်းနိုင်မှတော့ ရှေ့ဆက်မတိုးနဲ့တော့ ..." 


"အစ်ကို!!! ..." 


သူမက အော်ပြောလိုက်သည်။ 


"ကျောက်လင်းယွီအကြောင်း ဆက်တွေးနေဦးမှာဆို ငါ့ကို အစ်ကိုလို့ မခေါ်နဲ့တော့ ..." 


သူက ထပ်ပြောလိုက်သည်။

35.2


သူ၏ အဘိုးဖြစ်သူ ဖန့်မိသားစုခေါင်းဆောင်တွင် သမီးတစ်ဦးသာ ရှိခဲ့သော်ငြား သူ့အမေသည် မျိုးဆက်ရရန်အတွက် ယောကျာ်းပေါင်းများစွာဖြင့် နှီးနွယ်ပတ်သက်ခဲ့ရသည်။ သူ့ကို ရလာကာမှသာ ထိုသူများနှင့် အဆက်ဖြတ်နိုင်ခဲ့ရတော့သည်။ 


ဒါပေမယ့် သူကရော... သူကလည်း ဖန့်မိသားစုရဲ့ သတ္ထုစွမ်းရည်ကို အမွေဆက်ခံနိုင်မယ့် သွေးသား မွေးပေးဖို့ လိုနေတုန်းပဲလေ ... 


လူအများအပြားနှင့် ချိန်းတွေ့ခဲ့သော်ငြား သူ့နှလုံးသားကို လှုပ်‌ခါစေသူနှင့် တွေ့မိချိန်တိုင်း ချစ်ကျွမ်းဝင်သွားမည်ကို စိုးရိမ်စိတ်ဖြင့် ရှေ့ဆက်မတိုးရဲတော့ချေ။ ထို့ကြောင့် ကျောက်လင်းယွီ၏ အပြုအမူများမှာ သူ့အတွက်တော့ အလွန်အားကျစရာပင် ဖြစ်သည်။ 


သူ၏ မနာလိုခြင်းကို ခံနေရသည့် ကျောက်လင်းယွီမှာတော့ ဂျင်ဆင်းလေးကို ရေစိမ်ရန် ကူညီပေးနေရသည်။ 


တစ်လခန့်အကြာတွင်တော့ ကျောက်လင်းယွီသည် ရမ်ရှန့်၏ လူလစ်ချိန်တွင် အမြစ်များ ဆန့်ထုတ်ကာ သူ့ကို ရစ်ပတ်ထားလေ့ရှိသည့် အပြုအမူနှင့် နေသားကျသွားတော့၏။ အချို့နေရာများသို့ နီးကပ်လာမှသာ သူ့အမြစ်များကို ပြန်ရုတ်သိမ်းသွားတော့သည်။ ရမ်ရှန့်သည် အင်မတန် နာခံတတ်ပြီး နှစ်ဦးကြားတွင် အပေးအယူညီညီမျှမျှဖြင့် ဆောင်ရွက်လေ့ရှိကြသည်။ 


"လင်းယွီ ဒီဆယ်ရက်အတွင်းမှာ ‌အစေ့တွေ မထုတ်သေးဘူးနော် ဘယ်အချိန်မှ ထုတ်မှာလဲ ..." 


ရမ်ရှန့်က သူ့အမြစ်တစ်ခုဖြင့် ကျောက်လင်းယွီ၏ ကိုယ်ပေါ်တွင် စက်ဝိုင်းများ ဝိုင်းနေလိုက်သည်။ အမြစ်များက သူ့အင်္ကျီထဲအထိ ဝင်ကာ ရင်ဘက်ပေါ်ရှိ အဖုနှစ်ဖုသို့ တန်းတန်းမတ်မတ် နယ်ချဲ့သွားတော့သည်။ 


"ကိုယ်လည်း မသိဘူးလေ ..." 


ကျောက်လင်းယွီက အမူအယာ မပြောင်းဘဲ ရင်ဘက်ထဲမှ အမြစ်များကို ဆွဲထုတ်ရင်း ပြောလိုက်သည်။ 


"ဒီညရော လက်ထပ်ကြမလား ..." 


ရမ်ရှန့်က သူ့လက်များကိုပါ အမြစ်ပုံစံပြောင်းရင်း လှုပ်ရှားလိုက်သည်။ 


"မင်းပြောတော့ တစ်လတစ်ကြိမ်က လုံလောက်ပြီဆို ..." 


ကျောက်လင်းယွီက သူ့ရင်ဘက်ပေါ်မှ အမြစ်များကို နောက်တစ်ကြိမ် ဆွဲထုတ်ရင်း ပြောလိုက်သည်။ 


"ကျွန်တော်က ပန်းပွင့်တော့မှာလေ ..." 


သူက မျက်နှာသေဖြင့် ပြောလိုက်သည်။ 


"စောစောစီးစီး ပန်းပွင့်ချင်လို့ ..." 


သူက ထိုသို့ပြောရင်း ရေချိုးကန်ထဲမှ ထရပ်လိုက်သည်။ ရေချိုးကန်ထဲတွင်ပင် လူသားပုံစံပြောင်းကာ ကျောက်လင်းယွီကို လှမ်းဆွဲလိုက်သည်။ 


"လင်းယွီ တစ်ခါလောက်ပဲ လုပ်ကြရအောင်လေ နော် ..." 


သူက ကလူကျီစယ်လိုက်သည်။ ပြီးခဲ့သည့်အခေါက်ကလည်း ထိုသို့ ကျီစယ်ပြီးနောက် ကျောက်လင်းယွီသည် အစေ့များ ထုတ်လုပ်နိုင်ခဲ့ရာ ဤတစ်ကြိမ်တွင်လည်း အလုပ်ဖြစ်မည်ဟု မျှော်လင့်ထားသည်။ 


ကျောက်လင်းယွီသည်လည်း ယနေ့ အစေ့ထုတ်လုပ်မှု ပိုများလာတော့မည်ဟု တွက်ဆလိုက်သည်။ 


သူ့အတွေးမှာ ကွက်တိပင်ဖြစ်သည်။ 


တစ်စုံတစ်ယောက်က သူ့ခန္ဓာကိုယ်ကို ထိတွေ့နေပြီး နိုးထလာချိန်တွင် ထိုအစေ့များကို အမှန်တကယ် ထုတ်လုပ်လိုက်ပြီးဖြစ်ကြောင်း ခံစားလိုက်ရသည်။  ရမ်ရှန့်က သူ့ကို ကူညီသန့်ရှင်းပေးကာ ရှောင်လွီကလည်း ပြတင်းပေါက်တံခါးကို လာခေါက်ပြန်သည်။ 


ထိုသို့ ဖြစ်ပွားသည်မှာ တတိယအကြိမ် ဖြစ်ပြီး နောက်ထပ်လည်း ကြိမ်ဖန်များစွာ ဖြစ်သွားနေဦးမည်ဖြစ်သည်။ ... ရှက်စရာကောင်းလှသော်ငြား သူ့အနေဖြင့် မုန်းလည်း မမုန်းတီးနိုင်ပေ။


ရမ်ရှန့်သည် ကျောက်လင်းယွီကို ကူညီသန့်ရှင်းပေးရင်း သူကိုယ်တိုင်လည်း စုပ်ယူရန် ကြိုးစားလိုက်သည်။ ထို့နောက် သူ၏ ချိုးရေများကို ခပ်ယူကာ ခြံဝင်းထဲသို့ ပတ်ဖျန်းလိုက်သည်။ 


သူသည် ဝဝလင်လင် စားသောက်ပြီးဖြစ်၍ ရှောင်လွီကို အနည်းငယ် မြည်းစမ်းခိုင်းရန် တွန့်တိုမနေတော့ချေ။ ၎င်းသည်လည်း သူနှင့် မျိုးနွယ်တူဖြစ်နေပေသည်။ 


"....." 


‌ကျောက်လင်းယွီသည် ထိုအခြင်းအရာကိုကြည့်ရင်း အတော်ကြာသည်အထိ စကားမပြောနိုင်တော့။ 


"နောက်တစ်ခေါက်ကျ ရေတွေကို မဖြန်းနဲ့တော့နော် အဲ့ဒါတွေက ချိုးရေတွေ‌လေ ..." 


"အိုး ..." 


သူက ခေါင်းငြိမ့်ပြလိုက်သည်။ 


ချိုးရေက ဖြန်းလို့ မရဘူးဆိုတော့ အိမ်တော်ထိန်းကို လက်ဆေးရေပေးရမယ့် အလှည့်ပေါ့ ...


xxxxxx