အပိုင်း ၃၆
Viewers 18k

Chapter 36


ညဉ့်နက်နေပြီဖြစ်သော်ငြား ရှန်းချိုးရှစ်မှာ အိပ်၍ မပျော်နိုင်သေး။ လန်းဆန်းတက်ကြွနေသဖြင့် ကျောက်ဖမ်းကို ဆက်သွယ်ကာ ညည်းညူလိုက်သည်။ 


ကျောက်ဖမ်းသည် တစ်နေကုန် လေ့ကျင့်ရေးဆင်းပြီးနောက် နွမ်းနယ်နေသည့်အတွက် သူ့ဇနီး ဖုန်းဆက်လာချိန်တွင် အနားမယူနိုင်သေးချေ။ ယမန်ည ဧည့်ခံပွဲတွင် ဖြစ်ပျက်ခဲ့သည်များကို မကြားရခင်အထိ ခေါင်းတဆိတ်ဆတ်ငြိမ့်ရင်းသာ သံယောင်လိုက်နေခဲ့သည်။ 


" လင်းယွီ အချစ်နွံထဲမှာ နစ်နေမှာကိုပဲ စိုးရိမ်မိတာ တကယ်လို့ သူ့ကို ကြိုက်သွားရင်တောင် မတတ်နိုင်ဘူးလေ သူတို့နှစ်ယောက်ကို နည်းနည်းလေး အာရုံစိုက်လိုက်ပါဦး ..." 


အစောပိုင်းတွင် ရှန်းချိုးရှစ်နှင့် သူမလက်တွဲဖော်၏ လိုက်ဖက်နှုန်းမှာ မမြင့်မားသည့်အပြင် ကလေးရနိုင်ချေလည်း လုံးဝမရှိပေ။ သို့သော် သူက သူမကို လက်ထပ်ရန် စိတ်ကူးမပြောင်းခဲ့သည့်အတွက် သူ့သားကိုလည်း တားမြစ်နိုင်မည် မဟုတ်ချေ။ 


"ဘာကို အာရုံစိုက်ရမှာလဲ ကျွန်မသားက အရွယ်ရောက်နေပြီ သူ့ကို ထိန်းချုပ်ထားလို့ မရတော့ဘူး ..." 


ရှန်းချိုးရှစ်က ဗီဒီယိုတစ်ဖက်ခြမ်းရှိ အမျိုးသားကို မျက်လုံးလှန်ပြလိုက်သည်။ သူမ၏ အမျိုးသားမှာ ပြန်လည်သက်သာလာသည်နှင့်အမျှ ပိုမိုခန့်ညားလာတော့သည်။ 


"သူက မင်းရဲ့သားလေ သူ ဘယ်လောက်ပဲ အသက်ကြီးကြီး ထိန်းချုပ်နိုင်ရမှာပေါ့ ..." 


ကျောက်ဖမ်းက ဇနီးဖြစ်သူကို စိတ်အေးလက်အေးဖြင့် ပြုံးကာ ပြောလိုက်သည်။ 


"ပေါက်ကရတွေ ဒါဆို ရှင်က ဘာလို့ ကျွန်မအတွက် လာမကြည့်ပေးတာလဲ ရမ်ရှန့်က တကယ်ကောင်းတဲ့ ကလေးပါ ဒါပေမယ့် ကံမကောင်းတာက ..." 


သူမသည် ရမ်ရှန့်ကို သဘောကျသော်ငြား မြေးမရနိုင်ဟု စဉ်းစားမိသည့်အခါတွင်တော့ ဘာဆက်လုပ်သင့်မှန်း မသိတော့ချေ။ 


"ကလေးလိုချင်တယ်ဆိုရင် ကိုယ်တို့ပဲ နောက်တစ်ယောက် ထပ်ယူလိုက်ရင်ရော ..." 


သူက ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


"ကျွန်မက မမွေးနိုင်တော့ဘူးလေ ဆိုတော့ ရှင်ကပဲ တစ်ယောက်လောက် မွေးပေးရင်ရော ဘယ်လိုလဲ ..." 


သူမက သူ့ကို စိုက်ကြည့်လိုက်သည်။ 


သူမတို့နှစ်ဦးလုံးမှာ အသက် ၂၀၀ ပင် မပြည့်သေးရာ စွမ်းရည်ပိုင်ရှင်များအနေဖြင့် ငယ်ရွယ်သေးသည်ဟုပင် ပြော၍ရပေသည်။ ထို့ကြောင့် သူမ၏အရွယ်မှာ  သန္ဓေတည်နိုင်သေးသော်ငြား ကျောက်လင်းယွီကို မွေးဖွားခဲ့စဉ်က စွမ်းရည်အားလုံး ကုန်ဆုံးကာ ခန္ဓာကိုယ်လည်း ပျက်ဆီးလုနီးပါး ဖြစ်ခဲ့သည့်အတွက် ကလေးမွေးလိုလျှင်တောင် စိတ်ကူးယဉ်ရုံသာ တတ်နိုင်ပေမည်။ 


"ကောင်းပြီလေ ..." 


ကျောက်ဖမ်းက သူမကို တစ်ခုခု သတိပေးလိုက်ချင်သော်ငြား သူမ၏ ထူးဆန်းနေသော အမူအယာကို တွေ့လိုက်ရ၍ ချက်ခြင်း မေးခွန်းထုတ်လိုက်သည်။ 


"ဘာဖြစ်လို့လဲ ..." 


"ရှင့်သားအခန်းထဲကနေ အပြင်ဘက်ကို ရေသွန်နေတာ တွေ့လိုက်လို့ ..." 


ပြတင်းပေါက်မှ လှမ်းကြည့်ပါလျှင် ကျောက်လင်းယွီ၏ သတ္ထုအိမ်ကို မြင်နေရပေသည်။ 


သန့်ရှင်းရေးစနစ် ပါပြီးသား အခန်းကနေ ရေသွန်တာက ထူးဆန်းလိုက်တာ ညလယ်ခေါင်ကြီးမှ ထသွန်တာက ပိုတောင် ထူးဆန်းနေသေးတယ် သူမသားက ဘာတွေများ လုပ်နေတာလဲ ... 


ရှန်းချိုးရှစ်သည် အင်အားကြီးသော စွမ်းရည်ပိုင်ရှင်ဖြစ်သည့်အတွက် တစ်ညလုံး အိပ်စက်ရန် မလိုပေ။ ထို့ကြောင့် မနက်မိုးလင်းသည်အထိ သားဖြစ်သူ၏ အခန်းကိုသာ စိုက်ကြည့်နေလိုက်သည်။ 


သားဖြစ်သူနှင့် ရမ်ရှန့်တို့ တစ်ခန်းထဲမှ အတူတူ ထွက်လာသည်ကို တွေ့လိုက်ရချိန်တွင်တော့ သူမ၏ နှုတ်ခမ်းတို့မှာ ‌တစ်ဖြောင့်တည်း ဖြစ်သွားတော့သည်။ 


အတိတ်တွင်တော့ ရမ်ရှန့်သည် ငယ်ရွယ်သေးသည့်အတွက် သူမသားအပေါ် သံယောဇဉ်ရှိနေသည်ကို အရေးတယူ မပြုခဲ့။ ဒါပေမယ့် အခုပုံစံအတိုင်းဆို ဒီတိုင်းလွှတ်ထားလို့ အဆင်ပြေပါ့မလား ... 


"အန်တီ ..." 


ရမ်ရှန့်က သူမထံ အပြေးလေး ရောက်လာသည်။ 


"အမေ ..." 


ကျောက်လင်းယွီက သူမကို ခေါင်းငြိမ့်ပြကာ ဓားရှည်တစ်ချောင်းကိုဆွဲ၍ ခြံထဲတွင် စတင်လေ့ကျင့်တော့သည်။ 


ရမ်ရှန့်ကလည်း ခေါင်ရမ်းပန်းစွတ်ပြုတ်ကိုသောက်ရင်း သူလေ့ကျင့်သည်ကို ထိုင်ကြည့်နေလိုက်သည်။ သူ့နံဘေးတွင် ဂျင်ဆင်းနံ့နှင့် သန့်စင်မြေရနံ့တို့ ဆွဲဆောင်ခြင်းကို ခံနေရသည့် ရှောင်လွီက သူ့တစ်ကိုယ်လုံးကို တွန့်လိမ်ရင်း မျက်နှာ‌ချိုသွေးနေသည်။ 


"ရမ်ရေ လင်းယွီကလေ မင်းကို မကောင်းတာတွေ မလုပ်ဘူးမဟုတ်လား ..." 


သူမက မေးလိုက်သည်။ 


"မကောင်းတာတွေဆိုတာ ဘာတွေလဲ ..." 


သူက ပြန်မေးလိုက်သည်။ 


"ဖက်တာတို့ နမ်းတာတို့ပေါ့ ..." 


"အဲ့ဒါတွေက မကောင်းဘူးလား လင်းယွီက မကြိုက်ဘူးပေါ့ ..." 


ရမ်ရှန့်က သူ့ပုခုံးများကို ငုံ့ကြည့်လိုက်သည်။ 


ဒါတွေက သူနေ့တိုင်း လုပ်တဲ့ဟာတွေလေ ... 


"...." 


နောက်ဆုံးတွင်တော့ ရှန်းချိုးရှစ်လည်း သူမ၏ သားကသာ နစ်နာသူဖြစ်နေကြောင်းကို သိသွားတော့သည်။ 


နစ်နာသူကပဲ ပိုပြီး အရသာတွေ့နေပြီးတော့ ရမ်ရှန့်ကို ပိုပြီး ကြိုးစားဖို့ မျှော်လင့်နေတာ‌ကတော့ တစ်ကဏ္ဍပေါ့လေ ... 


"ရမ်ရေ အိမ်ထိန်းအဖိုးက ဟိုတယ်ကနေ လတ်လတ်ဆတ်ဆတ်ဟင်းလျာတွေ မှာထားတယ်တဲ့ အဲဒါ အခုလေးတင် လာပို့သွားတယ် သွားပြီး မြည်းကြည့်ချင်လား ..." 


"ဟုတ်ကဲ့ ..." 


ရမ်ရှန့်က ချက်ခြင်း သဘောတူလိုက်သည်။ ‌လေ့ကျင့်ခန်းလုပ်နေသည့် ကျောက်လင်းယွီမှာ မျက်စိပသာဒ ဖြစ်လှသော်ငြား အစားအစာများသည်လည်း ထပ်တူထပ်မျှ အရသာရှိလှပေသည်။

36.2


သူထွက်သွားသည်နှင့် တစ်ပြိုင်နက် အခြေအနေကို အကဲခတ်နေသည့် ကျောက်လင်းယွီက သူမအနားသို့ ရောက်လာသည်။ 


"အမေ ကျွန်တော့်ကို ပြောစရာရှိလို့လား ..." 


သူမသာ ရမ်ရှန့်ကို ဟင်းလျာအချို့ ကျွေးလိုပါလျှင် တစ်စုံတစ်ယောက်ကိုခေါ်ကာ ပြင်ဆင်ခိုင်းမည်ဖြစ်သည်။ အခု ရမ်ရှန့်ကို သွားမြည်းခိုင်းသည်မှာ သူ့ကို ပြောစရာရှိနေ၍ဖြစ်ကြောင်း ထင်ရှားနေပေသည်။ 


"ဟုတ်တယ် ပြောစရာရှိလို့ ..." 


သူမက ပြောလိုက်သည်။ 


"မင်းနဲ့ ရမ်ရှန့်ရဲ့ ဆက်ဆံရေးအကြောင်း မေးချင်လို့ပါ ..." 


"အမေ တကယ်လို့ သူသာ ကျွန်တော်ကို စွန့်ပစ်မသွားရင် တစ်ဘဝလုံး အတူတူနေသွားကြမှာပါ ..." 


ကျောက်လင်းယွီက သူမကို ယဉ်ကျေးသည့်ပုံစံဖြင့် ဆက်မခေါ်တော့။ အမေဟု ရင်းရင်းနှီးနှီး ခေါ်ဝေါ်လိုက်တော့သည်။ 

(T.N မြန်မာလိုရေးရင်တော့ အကုန် အမေတွေပဲ ဆိုပေမယ့် အစောပိုင်း သူသုံးသွားတာတွေက ယဉ်ကျေးတဲ့ အသုံးအနှုန်းပါတဲ့ အခုမှ ရင်းနှီးတဲ့ပုံစံကို ပြောင်းသုံးတာပါ) 


"အမေ သိပါတယ် ... မင်းတို့ကိုလည်း မကန့်ကွက်ပါဘူး ဒါပေမယ့် အခုရော အခြေအနေက ဘယ်လိုလဲ ..." 


သူမက သူ့အောက်ပိုင်းကို မျက်စပစ်ပြရင်း မေးလိုက်သည်။ 


သူ၏ အဖြေမှာ အနည်းငယ် လျှို့ဝှက်နေသည်။ 


"အမေရေ ဘာတွေတွေးနေတာလဲ ..." 


ရမ်ရှန့်က ငယ်သေးလို့ ဒီလိုမျိုးတွေ လုပ်လို့ မရသေးပါဘူးနော် ... 


"စီစဉ်စရာရှိတာတွေ စီစဉ်ဖို့ပါ တကယ်လို့ မင်းစိတ်သာ မပြောင်းတော့ဘူး ရမ်ရှန့်ကိုပဲ အတည်လက်တွဲတော့မှာဆို အရင်ဆုံးစေ့စပ်ထားပြီး နှစ်နှစ်အတွင်း လက်ထပ်ကြပါလား ..." 


သူမက မေးလိုက်သည်။ 


"ရမ်ရှန့်က တအားငယ်လွန်းသေးတယ် သူမသိသေးတဲ့ ကိစ္စတွေမှ အများကြီးပဲ ဆိုတော့ သိပ်ပြီး အလျင်လိုစရာ မရှိပါဘူး ..." 


သူက ပြောလိုက်သည်။ 


သူက ရမ်ရှန့်ကို သဘောကျသော်ငြား ရမ်ရှန့်ကတော့ သူ့ကို သဘောကျမကျ မသိသေးချေ။ ရမ်ရှန့်ကို ပိုပြီး အသိပညာ ကြွယ်ဝစေရန် သင်ကြားပေးခြင်းကသာ အစောတလျင် လုပ်ရမည့်ကိစ္စဖြစ်သည်။ 


"ခေတ်ကာလ သားသမီးတွေများ ဘာလို့ လက်ထပ်ဖို့ မလောရတာလဲ မသိဘူး ..." 


သူမက သားဖြစ်သူကို ကြည့်ကာ ခေတ်နောက်ပြန်ဆွဲနေသည့် လေသံဖြင့် ရေရွတ်လိုက်သည်။ 


"အမေရေ ဒီလေသံကြီးက အမေနဲ့ မလိုက်ဖက်ဘူးနော် ..." 


သူက ပြောလိုက်သည်။ ရှန်းချိုးရှစ်သည် ယခင်ကတည်းက နုပျိုသူဖြစ်သည်။ ယခုအချိန်တွင် စိတ်ချမ်းသာနေသည့်အတွက် ပို၍ပင် နုပျိုလာတော့သည်။ 


"မင်းတို့အတွက်ပဲ မဟုတ်ဘူးလား တကယ်လို့ မင်းတို့နှစ်ယောက်ကသာ သာမန်ယောကျာ်းလေး မိန်းကလေးသာဆိုရင် မတော်တဆ ကလေးရမသွားအောင် အရင်ဆုံး လက်ထပ်ဖို့ပဲ တိုက်တွန်းမှာ ..." 


"ဒါပေမယ့် အခု မင်းတို့က လက်မထပ်ခင် ကိုယ်ဝန်ရဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူးဆိုတော့ အေးအေးဆေးဆေး အချိန်ယူပြီးမှ စီစဉ်လည်း အဆင်ပြေပါတယ် ..." 


"လက်မထပ်ခင် ကိုယ်ဝန်ရတယ်ဟုတ်လား ..." 


ရမ်ရှန့်က စားစရာတစ်ပန်းကန်ကြီးကိုကိုင်လာရင်း တစူးတစမ်း မေးလိုက်သည်။ 


"အဲဒါက မင်္ဂလာမဆောင်ဘဲ ကလေးမွေးတာကို ပြောတာ ဒါပေမယ့် သူတို့က မင်းမျိုးမင်းနွယ်တွေလေ သူတို့တွေက လက်ထပ်ဖို့အရေး ကလေးရအောင် စောင့်ရသေးတယ် ..." 


မစ္စတာထန့်က သူ့နောက်နားမှ ဝင်ဖြေလိုက်သည်။ 


"မစ္စတာထန့် မနေ့ကပွဲကို ဘာလို့ မလာတာလဲဟင် ..." 


ရှန်းချိုးရှစ်က သူ့ကို မေးလိုက်သည်။ မနေ့ညကပွဲကို သူ့အား ဖိတ်ကြားချင်သော်ငြား မစ္စတာထန့်ကို ရှာ၍ပင် မတွေ့တော့ချေ။ 


"ကျွန်တော်က လူရှုပ်တာတွေကို မကြိုက်လို့လေ ..." 


သူက လက်ကို ယမ်းရင်း ရယ်ပြလိုက်သည်။ 


အတိတ်က သူမြို့တော်ကြယ်သို့ ပြန်မလာသည်မှာလည်း လူရှုပ်သည်ကို သဘောမကျ၍သာ ဖြစ်မည်ဟု တွေးကာ သူမက နောက်ထပ် ထပ်မမေးတော့။ ထိုအစား ကျောက်လင်းယွီကိုသာ လှည့်မေးလိုက်သည်။ 


"မနေ့က ရမ်ရှန့်ကို ဘယ်သူတွေ ပေါက်ကရပြောလွှတ်လိုက်တာလဲ ..." 


"တစ်ယောက်က ဝမ်ယွဲ့ရဲ့အဒေါ် နောက်တစ်ယောက်ကတော့ ဖန့်မိသားစုအခွဲက မိန်းကလေး ..." 


သူက ပြောလိုက်သည်။ 


"ဝမ်ယွဲ့ရဲ့အဒေါ် ပြောသွားတာတွေက နည်းနည်းပြင်းထန်လို့ တစ်ယောက်ယောက်ကိုလွှတ်ပြီး သူ့ခင်ပွန်းကို ပြောခိုင်းလိုက်ပြီ ဖန့်မိသားစုကတော့ နည်းနည်းလေး ကိုင်တွယ်ဖို့ ခဲယဉ်းနေတယ် ..." 


ဖန့်မိသားစုသည် ငြိမ်းငြိမ်းချမ်းချမ်း စီးပွားရှာနေသူများသာ ဖြစ်ကာ ကျောက်မိသားစုနှင့် ရင်းနှီးသည့် အနေအထားတွင်ပင် ရှိနေပေသည်။ ဖန့်ရူမုန့်က ရမ်ရှန့်ကို အနည်းငယ် လွန်လွန်ကျူးကျူး ပေုယခဲ့သော်ငြား ဆိုးရွားသည့်ကိစ္စ တစ်ခုတစ်လေကိုမှတော့ မလုပ်ခဲ့ချေ။ 


"ဖန့်မိသားစု ဟုတ်လား ..." 


ရှန်းချိုးရှစ်က ကောက်ကာငင်ကာ မေးလိုက်သည်။ 


"ဟုတ်တယ် ဖန့်ရူမုန့်တဲ့ ..." 


သူက ပြောလိုက်သည်။ 


သူမသည်လည်း ဖန့်ရူမုန့်၏နာမည်ကို ကြားဖူးပြီးသားဖြစ်သည်။ သူမသည် ကျောက်လင်းယွီကို သဘောကျသည့်အတွက် မြို့တော်ကြယ်နှင့် ဝေးရာသို့ အပို့ခံခဲ့ရကြောင်းပင် သိထားသည့်အတွက် ရှန်းချိုးရှစ်သည် အကြောင်းအရင်းကို တွက်ဆမိလိုက်တော့သည်။ 


"သူမက ဆိုးဆိုးဝါးဝါး ပြောမထားဘူး ဆိုမှတော့ ငါတို့လည်း တစ်ဖက်မိသားစုကို ပြဿနာရှာဖို့ မသင့်တော်ဘူးလေ နောင် သူမနဲ့ မတွေ့အောင် ရှောင်ကြ‌တာပေါ့ ..." 


"နားလည်ပါပြီ ..."


ကျောက်လင်းယွီနှင့်လည်း အတွေးအတူတူပင် ဖြစ်သည်။ မနေ့ကတည်းက ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီး ဖြစ်သည့်အတွက် ဖန့်ရူမုန့်သည်လည်း သူ့အတွေးကို သိနေလောက်ပြီဖြစ်သည်။ ထို့ကြောင့် အနာဂတ်တွင် ပတ်သက်ရန်အကြောင်း မရှိတော့ပေ။ 


ဖန့်မိသားစုအကြောင်း ပြောနေစဉ်အတွင်း အိမ်တော်ထိန်းက ခပ်သွက်သွက်ဝင်လာသည်။ 


"သခင်လေး မဒမ် ဖန့်မိသားစုရဲ့ အကြီးဆုံးသခင်လေးက လက်ဆောင်နဲ့အတူတူ ရောက်လာပါတယ် မနေ့က ကိစ္စအတွက် တောင်းပန်ချင်လို့ပါတဲ့ ..."


xxxxxx