အပိုင်း ၃၇
Viewers 18k

Chapter 37


"လုပ်စရာလေး ရှိနေသေးလို့ ခွင့်ပြုပါဦး ..." 


မစ္စတာထန့်၏မျက်နှာမှာ ရုတ်ချည်း ဖြူဖျော့သွားတော့သည်။ သူက ရှောင်လွီကို ခေါ်ကာ ခပ်သုတ်သုတ် ထွက်သွားလိုက်၏။ 


ကျောက်အိမ်တော်ကို ရောက်ကတည်းက သူလုပ်စရာရှိတာဆိုလို့ ရမ်ရှန့်ကို သူ့တပည့်လုပ်ဖို့ မဲဆွယ်နေတာပဲ ရှိတာလေ သူ့မှာ တစ်ခြား ဘာများ လုပ်စရာ ရှိနေသေးလို့လဲ ... 


ကျောက်လင်းယွီသည် မစ္စတာထန့်ကို သူတို့နှင့်အတူ နေခိုင်းသည်မှာ ရမ်ရှန့်၏ သရုပ်မှန်ကို ရှာတွေ့သွားသလား စမ်းသပ်လို၍ ဖြစ်သည်။ တစ်ချိန်တည်းတွင် ရမ်ရှန့်ကိုလည်း ပိုပြီး ကောင်းကောင်းမွန်မွန် ဖုံးကွယ်နိုင်ရန် အပင်စွမ်းရည်ပိုင်ရှင်တို့၏ ဗီဒီယိုများကို လေ့လာခိုင်းထားသည်။ အခု ဖန့်ချန်ကျွင့်ကြောင့် မစ္စတာထန့် အမူအယာပျက်သွားသည်ကို မြင်လိုက်ရချိန်တွင်လည်း သူ့စိတ်ထဲတွင်သာ တေးမှတ်ထားလိုက်သည်။ 


"ဝင်ခွင့်ပေးလိုက်ပါ အရင်တစ်ခေါက်က သူ ကူညီပေးခဲ့တာပဲလေ ..." 


ရှန်းချိုးရှစ်သည် ဖန့်ချန်ကျွင့်အပေါ် အမြင်ကောင်းရှိသည့်အတွက် ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


မကြာမီ သူက အပြုံးတစ်ပွင့်ဖြင့်အတူ ဝင်လာကာ လောကဝတ်စကား အနည်းငယ်ဆိုရင်း ကျောက်လင်းယွီကို လှမ်းကြည့်လိုက်သည်။ 


"လင်းယွီ မနေ့က အဖြစ်အပျက်က ရူမုန့်ရဲ့ အဆင်အခြင်မဲ့မှုကြောင့် ဖြစ်သွားတာပါ တကယ်ကို တောင်းပန်ပါတယ် ..." 


"ရပါတယ် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


ဖန့်ချန်ကျွင့်သည် သူ့ထက် အနည်းငယ် အသက်ကြီးပေသည်။ တစ်ဦးက စီးပွားရေးနယ်ပယ်က ဖြစ်ကာ ကျန်တစ်ဦးက စစ်တပ်က ဖြစ်သဖြင့် တစ်ယောက်နှင့်တစ်ယောက် များစွာ မရင်းနှီးကြပေ။ သိူ့သော် ဖန့်ချန်ကျွင့်အပေါ် သူ့အမြင်မှာတော့ ကောင်းမွန်လှသည်။ 


"သူမက မြို့တော်ကြယ်ကနေ ထွက်သွားနှင့်ပါပြီ ဒါမျိုး နောက် ဘယ်တော့မှ ထပ်ဖြစ်လာတော့မှာ မဟုတ်ပါဘူး ..." 


သူက ခပ်ပြုံးပြုံးပြောကာ ရမ်ရှန့်ကို လှမ်းကြည့်လိုက်သည်။ 


"ဒါပေမယ့် နစ်နာကြေးကတော့ ပေးရဦးမှာပဲပေါ့ အပြင်ဘက်က ပစ္စည်းတွေအားလုံးက ရမ်ရှန့်အတွက်ဆိုပြီး ဝယ်ခဲ့တာတွေပါ ..." 


သူပြင်ဆင်လာသမျှ အားလုံးမှာ  ရမ်ရှန့်အတွက် ဖြစ်သဖြင့် ကျောက်လင်းယွီတွင် ငြင်းဆန်ပိုင်ခွင့် မရှိချေ။ 


"ကျေးဇူးတင်ပါတယ် ..." 


"ကျေးဇူးတင်ဖို့ မလိုအပ်ပါဘူး မင်းတို့ လက်ထပ်ပွဲကိုသာ ဖိတ်ဖို့ မမေ့ကြနဲ့ ..." 


သူက ကြာကြာမနေဘဲ အစောတလျင် ပြန်ထွက်သွားတော့သည်။ 


ဖန့်ချန်ကျွင့်သည် ကျောက်လင်းယွီလောက် နာမည်မကြီးသော်ငြား သူ၏ ဂုဏ်ပုဒ်မှာတော့ ကျောက်လင်းယွီထက် မနိမ့်ပေ။ ထို့ကြောင့် သူ့ကို အပြင်ဘက်အထိ လိုက်ပို့ပေးရသည်။ 


"ကျောက်လင်းယွီ မင်းက ကောင်းကောင်းမြင်တတ်တာပဲ ..." 


တံခါးဝဆီသို့ သွားနေရင်း သူက ကောက်ကာငင်ကာ ပြောလိုက်သည်။ 


သူသည်လည်း ရုပ်ရည်ချောမောလွန်းသည့်အတွက် အများ၏ အာရုံစိုက်မှုကို ခံရသော်ငြား ရမ်ရှန့်ကတော့ သူ့ကို တစ်ချက်ပင် လှည့်မကြည့်။ အာရုံအလုံးစုံကို ကျောက်လင်းယွီထံတွင်သာ ပုံအပ်ထားသည်။ 


မင်းကို စိတ်ဝိဉာဉ်တစ်ခုလုံးနဲ့ အပြည့် ချစ်ပေးနိုင်တဲ့သူကို ရှာတွေ့တာ ပျော်စရာကိစ္စပဲ ... 


"မင်းလည်း အတူတူပါပဲ ..." 


သူက ပြောလိုက်သည်။ 


ဖန့်ချန်ကျွင့်သည် ပြုံးကာ လှည့်ထွက်သွားလိုက်တော့သည်။ ဖန့်မိသားစုသည် ကျောက်မိသားစုကဲ့သို့ ရိုးရှင်းမနေပေ။ 


သူထွက်သွားသည်နှင့်တစ်ပြိုင်နက် ကျောက်လင်းယွီသည်  ထိုသူ လက်ဆောင်ပေးခဲ့သည့် အဝတ်အစားများမှာ ရမ်ရှန့်နှင့် သင့်တော်ခြင်းရှိမရှိ စစ်ဆေးရန် အခန်းသို့ ပြန်လာလိုက်သည်။ 


အချို့မှာ သမားရိုးကျသာ ဖြစ်သော်ငြား အချို့အင်္ကျီများမှာတော့ ထူးဆန်းပြီး လှ‌ပနေသည်။ 


ဒိုင်နိုဆောဝတ်စုံကို ကိုင်ထားသည့် ရမ်ရှန့်ကို တွေ့လိုက်ရချိန်တွင်တော့ သူသည် ဘေးနားရှိ အိမ်အကူကို ညွှန်ကြားလိုက်သည်။ 


"ဒီအဝတ်တွေအားလုံးကို ကျွန်တော့်အခန်းထဲ ရွှေ့ထားလိုက်ပါ ..." 


"ဒါနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက် မဖြစ်ဘူးဆိုတာ သေချာလား ..." 


ရှန်းချိုးရှစ်က နောက်တစ်ခေါက် ထပ်မေးလိုက်သည်။ 


သူက ပြတ်ပြတ်သားသား ပြောလိုက်သည်။ 


"မဖြစ်ပါဘူး ..." 


ရမ်ရှန့်အနေဖြင့် သူ့ကို နေ့တိုင်း နွေဦးအိပ်မက် မက်စေရုံထက်ပိုပြီး တတ်နိုင်မည် မဟုတ်ချေ။ 


သူသည် စစ်တပ်သို့ မပြန်မီ နှစ်ရက်ခန့် အနားယူလိုက်သေးသည်။ သူ့အတွက် စစ်တပ်သည် ကိစ္စရပ်အမျိုးမျိုးကို ကိုင်တွယ်၍ ပိုပြီး အဆင်ပြေကာ သူ့ခန္ဓာကိုယ်ကိုလည်း ပိုပြီး လျင်လျင်မြန်မြန် ထိန်းချုပ်နိုင်စေသည်။ ထို့ပြင် ကျောက်မိသားစုကလည်း ထိုနေရာကို ရှင်းလင်းကာ သူယုံကြည်ရသူများနှင့်သာ ဖြည့်တင်းထားသည့်အတွက် သတင်းပေါက်ကြားသွားမည်ကို ပူနေရန် မလိုပေ။ 


သူ နေ့တိုင်း မိုးမလင်းမီကတည်းက ထွက်သွားကာ နောက်ကျမှ ပြန်လာသည့်အတွက် ရမ်ရှန့်မှာ အတော်ကို မသက်မသာ ဖြစ်မိတော့သည်။ 


ကျောက်လင်းယွီထံမှ သန့်စင်မြေကို မစုပ်ယူနိုင်တော့သည်မှာ ကြာမြင့်နေပြီဖြစ်သော်ငြား သူနှင့် နေကုန်နေခမ်း ကပ်တွယ်နေရခြင်းတွင် အသားကျနေပြီဖြစ်သည်။ ထို့ကြောင့် ရမ်ရှန့်မှာ ဗလာဖြစ်နေပြီး ကြယ်တာရာကွန်ယက်ပေါ်မှ လေ့လာရန်လည်း စိတ်မပါတော့ချေ။ အခန်းထဲတွင်သာ တစ်နေကုန်ပိတ်နေရင်း သန့်စင်မြေကို ‌ရင်ခွင်ထဲ ပွေ့ဖက်ကာ တတ်အားသရွေ့ လျင်လျင်မြန်မြန် ပန်းပွင့်ရန်သာ ကျင့်ကြံနေလိုက်တော့သည်။


သူ ဉာဏ်အလင်းပွင့်ကတည်းက အပွင့်ပွင့်သည့်နှုန်းသည် နည်းသည်ထက် နည်းလာသည်။ တစ်ကြိမ်ပွင့်လေတိုင်းလည်း ပန်းပွင့်အရေအတွက်မှာ လက်ချိုးရေ၍ ရလောက်သည်အထိပင် နည်းပါးလာသည်။ 


ရေချိုးကန်ထဲတွင် လဲလျောင်းရင်း ရမ်ရှန့်သည် သူ့ခေါင်းကို ပြန်ကိုင်ကြည့်နေလိုက်သည်။ ဒီတစ်ခေါက် ပန်းလေးပွင့် ပွင့်မယ်ထင်တယ် ...

37.2


အရေအတွက်မှာ နည်းပါးသော်ငြား အရွယ်အစားမှာမူ ယခင်ထက် ကြီးမားပေသည်။ ယခုလတ်တလောတွင် အာဟာရဓာတ် လုံလုံလောက်လောက် ရရှိထား၍ ဖြစ်ရမည်။ 


သူ့ကိုယ်ပိုင် ဆက်သွယ်ရေးစက်တို့ ထုတ်ကာ ပန်းပွင့်များကို ဓာတ်ပုံရိုက်လိုက်သည်။ ကြည့်လေလေ ပန်းတို့ကို ပိုပြီး သဘောကျလေလေ ဖြစ်သည်။ 


သူ့ပန်းပွင့်များမှာ မလှပသော်ငြား လောကကြီးတွင် အစားမထိုးနိုင်သည့် တစ်ခုတည်းသောအရာ ဖြစ်သည်။ ကျောက်လင်းယွီ၏ နံပါတ်ကို ရှာဖွေကာ ဓာတ်ပုံကို ပို့ပေးလိုက်သည်။ 


ပို့ပြီးကာမှ နောင်တရသွားမိတော့၏။ သူ့ပန်းပွင့်တွေဆိုတော့ တစ်ခြားလူကို မပြသင့်ဘူး မဟုတ်လား ... 


ကျောက်လင်းယွီကတော့ သူ၏ အခက်အခဲများကို မသိ‌သေး။ ထိုအချိန်တွင် သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို စစ်ဆေးရင်း အလုပ်များနေသည်။ 


စွမ်းရည်ပိုင်ရှင်အားလုံးတွင် စွမ်းရည်ရှိနေကြောင်း သက်သေပြနိုင်သည့် စွမ်းအင်ဗဟိုချက် ရှိနေပြီး စွမ်းအင်ဗဟိုချက်၏ အဆင့်ကို အထူးစက်ကိရိယာတစ်မျိုးဖြင့် စမ်းသပ်နိုင်ပေသည်။ ကျောက်လင်းယွီတွင်တော့ စွမ်းအင်ဗဟိုချက်လည်း မရှိတော့သည့်အတွက် ခွန်အား၊ အရှိန် အစရှိသည်တို့ကို တိုင်းတာ၍သာ သူ့အခြေအနေကို မှန်းဆရတော့မည် ဖြစ်သည်။ 


ခွန်အားတိုင်းတာရေးနံရံရှေ့တွင် ရပ်နေရင်း ကျောက်လင်းယွီသည် သူ့ခွန်အားတို့ကို ချုပ်တည်းမထားဘဲ နံရံကို ထိုးလိုက်သည်။ 


နံရံက သူရှိရာဘက်သို့ ပြိုကျလာပြီး 3689.12 T ဆိုသည့် စာသား ပေါ်လာသည်။ 


"မာရှယ် ခွန်အားက အရင်ထက် နည်းသွားတယ်နော် မဟုတ် ..." 


ဝူရွှိုက်သည် ဂဏန်း၏ အနောက်ဘက်ရှိ အတိုင်းအတာယူနစ်ကို ကြည့်ရင်း လန့်ဖျတ်သွားတော့သည်။ 


"အဲဒါ T ဟ kg မဟုတ်ဘူး တန်သုံး‌ထောင်ကျော်! ဒီခွန်အားနဲ့ဆို စစ်သင်္ဘောကိုတောင် လက်သီးတစ်ချက်နဲ့ ဖျက်ဆီးလို့ ရနေပြီ ..." 


"နံရံက ဒီလောက်အကြီးကြီး အက်သွားတာ ပြန်ပြင်လို့ ရပါ့မလား ..." 


ကြက်သေသေနေပြီးကာမှ ဝူရွှိုက်သည် ကျောက်လင်းယွီ၏ လက်မောင်းမှာ နံရံထဲသို့ တစ်ဝင်ခန့် ကျွံနေသည်ကို သတိပြုလိုက်မိသည်။ 


ကျောက်လင်းယွီကတော့ ဝူရွှိုက်၏ပုံစံကို အသားကျနေသည့်ဟန်ပင်။ သူက လက်မောင်းကို ပြန်ဆွဲယူကာ အိုင်ဗာကို ရှာလိုက်သည်။ 


"မာရှယ် ဖက်ဒရယ်မှာဆိုရင် ခွန်အားအပေါ် အခြေခံတဲ့ စွမ်းရည်နဲ့ ပတ်သက်ပြီး အဆင့်သတ်မှတ်ချက်က S- ထက်ပိုပြီး မရှိပေမယ့် အတိတ်က မှတ်တမ်းတွေအရဆိုရင် ဖက်ဒရယ်သမိုင်းမှာ အသန်မာဆုံးသူရဲ့ စံချိန်က 5327 T ပါ ..." 


သူက အချက်အလက်များကို အတိအကျ ပြောလိုက်သည်။ 


"ငါ့ခွန်အားတွေက တိုးတက်နေတုန်းပဲ ..." 


ကျောက်လင်းယွီက သူ့လက်ကို ပြန်ကြည့်ရင်း ပြောလိုက်သည်။ 


"မာရှယ် ခင်ဗျားကဝောာ့ အမှိုက်ထဲကနေ ရွှေတွေ့တာပဲ အတိတ်တုန်းက စွမ်းရည်ကမှ ချို့ယွင်းချက်တွေ အများကြီး ရှိနေသေးတယ် ဒါပေမယ့် အခုလက်ရှိ စွမ်းရည်အရဆိုရင် S- အဆင့်ပဲ..." 


အိုင်ဗာက ပြောလိုက်သည်။ 


"ဟုတ်တယ် အဆိုးထဲက အကောင်းပဲ ..." 


ရမ်ရှန့်အကြောင်း တွေးလိုက်မိချိန်တွင်တော့ သူ့အကြည့်တို့မှာ နူးညံ့သိမ်မွေ့သွားတော့သည်။ ထိုအချိန်တွင် သူ့ဆက်သွယ်ရေးစက်က အသံမြည်လာသည်။ 


သူဖွင့်ကြည့်လိုက်ချိန်တွင် တွေ့လိုက်ရသည်မှာ ... 


ဒါက ပန်းအဖုလား ... 


ကျောက်လင်းယွီသည် ဓာတ်ပုံကို အံ့ဩတကြီး ငေးကြည့်နေလိုက်သည်။ ရမ်ရှန့်၏ ပန်းပွင့်ချိန် နီးကပ်လာပြီဟု မမှတ်မိခင်အထိ အချိန်အတော်ကြာ ကြက်သေသေနေခဲ့သည်။ 


ရမ်ရှန့်ရဲ့ ပန်းပွင့်တွေ ... 


"မာရှယ် ဘာတွေ စိတ်ဝင်တစား ကြည့်နေတာလဲ ..." 


ဝူရွှိုက်က စပ်စပ်စုစုဖြင့် မေးလိုက်သည်။ 


"ဘာမှမဟုတ်ဘူး ..." 


ကျောက်လင်းယွီက သူ့ဆက်သွယ်ရေးစက်ကို အလောတကြီး ပိတ်လိုက်သည်။ ရမ်ရှန့်၏ ပန်းပွင့်ကို အခြားသူများထံ မပြလိုပေ။ 


"ကျောက်နာ မာရှယ် ဘာတွေကြည့်နေလဲ အာရုံခံလို့ရလား ..." 


ဝူရွှိုက်က ဘေးနားတွင် အသံတိတ်ရပ်နေသည့် ကျောက်နာကို လှမ်းမေးလိုက်သည်။ 


သူမက ခေါင်းယမ်းကာ ကျောက်လင်းယွီကို ရေပုလင်း ကမ်းပေးလိုက်သည်။ အယ်လီကတော့ ဝူရွှိုက်ကို ဗလာအကြည့်တို့ဖြင့် ကြည့်လိုက်သည်။ 


"နာနာက သေရေးရှင်ရေးကိစ္စတွေကိုပဲ အာရုံခံနိုင်တာ စိတ်မဖတ်နိုင်ဘူး ..." 


ကျောက်လင်းယွီကတော့ သူ့လုပ်ဖော်ကိုင်ဖက်များကို ဂရုပင်မစိုက်။ ရေအနည်းငယ်သောက်ပြီးနောက် ပြောလိုက်သည်။ 


"အရင်ပြန်နှင့်တော့မယ် ..." 


"မာရှယ် ရှောင်ရမ်လေးဆီ ပြန်တော့မလို့လား ..." 


ဝူရွှိုက်က ခပ်ပြုံးပြုံး မေးလိုက်သည်။ 


ကျောက်လင်းယွီ၏ လတ်တလောအပြုအမူများမှာ သူတို့ကို အံ့အားသင့်စေသည်။ စစ်တပ်ထဲတွင်သာ အချိန်ပြည့်နေလိုခဲ့သူသည် ယခုတော့ အိမ်ကိုသာ အလောတကြီး ပြန်ချင်နေတော့သည်။ 


"သူ့ကို ရှောင်ရမ်လေးလို့ ခေါ်လိုက်တာလား ..." 


သူက ဝူရွှိုက်ကို မျက်မှောင်ကြုတ်ကာ ‌ကြည့်လိုက်သည်။ 


"သူ့ကို ရမ်ရှန့်လို့ပဲခေါ် ..." 


ရှောင်ရမ်လေးတို့၊ ဂျင်ဆင်းလေးတို့ဆိုတာ သူတစ်ယောက်ပဲ သီးသန့်ခေါ်ရမယ့် နာမည်တွေ ... 


"ဒါဆို သူ့ကို မရီးလို့ပဲ ခေါ်ရမလား ..."


ဝူရွှိုက်က ‌ထပ်မေးလိုက်သည်။ 


"ကောင်းတယ် ..." 


ကျောက်လင်းယွီက ချက်ခြင်း သဘောတူလိုက်သည်။ 


အယ်လီ၏ အမူအယာမှာတော့ ထိုသို့ ဖြစ်လာမည်ဟု ကြိုတွေးထားသည့်ဟန်ပင်။ ကျောက်နာက အသံတိတ်နေပြီး ဝူရွှိုက်နှင့် အိုင်ဗာတို့ကတော့ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ကြည့်နေလိုက်သည်။ နောက်ဆုံးမှ အိုင်ဗာက ထပြောလိုက်သည်။ 


"မာရှယ် ဆုံးဖြတ်ပြီးသွားပြီပေါ့ ..." 


"အားလုံးပဲ သူက ငါ့ထက် ပိုပြီး အရေးပါတယ်ဆိုတာ မှတ်ထားကြ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


ကျောက်လင်းယွီထက်ကို ပိုအရေးကြီးတယ်... 


အားလုံးက ခေါင်းကိုငုံ့ကာ ရမ်ရှန့်၏ အရေးပါမှုကို ရှင်းရှင်းလင်းလင်း သဘောပေါက်လိုက်ကြတော့သည်။ 


ကျောက်လင်းယွီလည်း အိမ်ကို စောစောပြန်သွားပြီး အိမ်ပေါက်ဝသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ရမ်ရှန့်က  သူ့ကို အပြေးလာဖက်တော့သည်။ 


ကောင်ငယ်လေးကို သူ့ရင်ခွင်ထဲ ထည့်ထားရင်း အိမ်ရှိရာသို့ ပြန်လာလိုက်သည်။ ထို့နောက် သူ့ခေါင်းနောက်ကို ထိကိုင်ရင်း 


"ပန်းပွင့်တော့မှာလား  ကိုယ်ကြည့်လို့ရမလား ..." 


ရမ်ရှန့်၏ မျက်နှာမှာ ရုတ်ချည်း နီမြန်းသွားတော့သည်။ ပြီးမှ သူက ခေါင်းငြိမ့်ပြလိုက်သည်။ 


xxxxxxx