အပိုင်း ၃၉
Viewers 18k

Chapter 39


ကျောက်လင်းယွီက သူ့ကို အေးအေး‌ဆေးဆေး အချိန်ယူရန်ပြောပြီး နောက်တစ်နေ့တွင် ပန်းလေးပွင့်လုံး ပွင့်လန်းလာပြီး အတွင်းရှိ ဝတ်ဆံဖိုတို့မှာလည်း အပြည့်အဝ ဖွံ့ဖြိုးလာတော့သည်။ 


ထိုသည်ကို တွေ့လိုက်ရသော ရမ်ရှန့်က ဝတ်ဆံဖိုကို ကျင့်ကြံရေးနည်းလမ်းတစ်ခုဖြင့် ရုပ်ဖျက်ကာ အလယ်ရှိ အမဝတ်ဆံကို နက်နက်နဲနဲ စိုက်ကြည့်နေလိုက်သည်။ 


သူသည် ထိုပန်းများ ပွင့်လာရန် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရသော်ငြား ယခု ပွင့်လန်းလာချိန်တွင်လည်း ဘာဆက်လုပ်ရမလဲ မသိတော့ချေ။ သူ၏ သီးသန့် helmet ကို ထုတ်ကာ အွန်လိုင်းစာသင်ခနသို့ သွားလိုက်သည်။ စာသင်ချိန်ပြီးနောက် "မာရှယ်ကြီးက ဒီကမ္ဘာပေါ်မှ တုနှိုင်းမဲ့ " အမည်ရ ဂရုချက်သို့သွားကာ အခြားသူများနှင့်အတူ မာရှယ်၏ သတင်းစကားများကို ဖလှယ်လိုက်သည်။ 


"မာရှယ်ကလေ စွမ်းရည်တွေ ပျောက်ကုန်ပြီဆိုပေမယ့် ဒီရက်တွေမှာ လေ့ကျင့်ရေး ပြန်ဆင်းနေပြီးတော့ အရင်က‌ထက်တောင် ပိုသန်မာလာသလိုပဲ ..." 


"ငါလည်း ပထမတပ်ဖွဲ့က မာရှယ်ရှိနေတဲ့ တပ်ရင်းကို သွားပြီး ဓာတ်ပုံခိုးရိုက်ခဲ့သေးတယ် လိုချင်ကြလား ..." 


"‌ဓာတ်ပုံတွေကို မြန်မြန်ချပြလိုက်ပါ ဘယ်သူမှ နင့်ကို မသတ်ပါဘူး ငါတော့လေ မာရှယ့်ကို တစ်သက်လုံး မျက်မြင်ကိုယ်တွေ့ မတွေ့ရတော့မှာကို ကြောက်လိုက်တာ ဓာတ်ပုံတွေကိုပဲ သိမ်းနိုင်တော့မှာလား မသိပါဘူး ..." 


..... 


ရမ်ရှန့်လည်း ခဏမျှ လျှောက်ကြည့်လိုက်ပြီးနောက် လူတိုင်းက မာရှယ်ကို အကောင်းသာပြောကြကြောင်း တွေ့လိုက်ရသည်။ သူတို့၏အချစ်ကိုပင် ဝန်ခံကြသူများ ရှိနေသော်ငြား မည်သူကမှ သူလောက် မရင်းနှီးကြပေ။ ထို့ကြောင့် စိတ်ကျေနပ်အားရစွာဖြင့် ကြယ်တာရာကွန်ယက်မှ ထွက်လာလိုက်သည်။ ကျောက်လင်းယွီသည် သူ့အပိုင်ဖြစ်ကာ နေ့တိုင်း မြင်တွေ့နိုင်ပြီး ညတိုင်းလည်း အတူတူ အိပ်နေကြောင်းကိုတော့ ထိုသူများကို ပြောပြမည် မဟုတ်ချေ။ 


သိပ်မကြာခင် သူ့မှာ ကျောက်လင်းယွီရဲ့ ကလေးလေးတွေတောင် ရှိချင်ရှိလာမှာလေ ... 


သူ့အကောင့်နှင့် ချိတ်ဆက်ထားသည့် အသက်မပြည့်သေးသူများအတွက် အင်တာနက်အကောင့်ကို စစ်ဆေးနေသော ကျောက်လင်းယွီသည်လည်း ထပ်တူထပ်မျှပင် မနောခွေ့လာသည်။ 


သူ့ရဲ့ ဂျင်ဆင်းလေးက သူ့ကို တကယ်ကြီး သဘောကျနေတာပဲ ဒီလို ဂရုချက်မျိုးကိုတောင် နေ့တိုင်း ဝင်ကြည့်နေတယ် ဒါပေမယ့်လေ သူ့ကိုယ်ထဲက သန့်စင်မြေကို ပစ်ချက်ထားနေတာ မဟုတ်ဘဲနဲ့ သူတစ်ယောက်ထဲကိုပဲ သီးသန့်ချစ်ပေးတာဆိုရင်တော့ ပိုကောင်းမှာပေါ့ ... 


ဒါကလည်း အနာဂတ်ကျရင်တော့ သေချာပေါက်ကို ဖြစ်လာမှာပါ ... 


သူ့လက်ထဲသို့ တာဝန်များ ရောက်လာသည်နှင့်တစ်ပြိုင်နက် မာရှယ်ကြီးသည် အိမ်စောစောပြန်နိုင်ရန် အားသွန်ခွန်စိုက် အလုပ်လုပ်လိုက်တော့သည်။ 


"ကျွန်တော့်ပန်းတွေ ပွင့်နေပြီ ..." 


အပြင်ဘက်သို့ စိတ်စွမ်းအင်ဖြန့်ကျက်ထားသော ရမ်ရှန့်လည်း  ကျောက်လင်းယွီ ပြန်လာသည်ကို သိလိုက်ရသည်နှင့်တစ်ပြိုင်နက် သူ့ကို ဝမ်းသာအားရ ပြောလိုက်သည်။ 


"ကြည့်ရအောင် ..." 


သူက ရမ်ရှန့်ကို အခန်းဆီသို့ ပြန်ခေါ်သွားရင်း ပြောလိုက်သည်။ 


ရမ်ကှန့်၏ ခေါင်းပေါ်မှ ပန်းလေးပွင့်သည် အလယ်မှ ဝတ်ဆံဖိုကို လှစ်ဟရင်း အစွမ်းကုန် ပွင့်လန်းနေလေပြီ။ ကျောက်လင်းယွီသည် ၎င်းတို့ကို မထိ‌ခင် အကြာကြီး ငေးကြည့်နေလိုက်သေးသည်။ 


ရမ်ရှန့်သည် ထခုန်တော့မလို လုပ်လိုက်ပြီးကာမှ ပြန်ထိုင်လိုက်သည်။ သူက အတော်ကြာ အခက်တွေ့နေပြီးမှ ကျောက်လင်းယွီကို အလေးအနက် ပြောလိုက်သည်။ 


"ပန်းတစ်ပွင့်တည်းကိုပဲ ထိမနေနဲ့..." 


သူသည် အနည်းငယ် ထူးဆန်းနေသော်ငြား ကျောက်လင်းယွီအနီးသို့ သူမထိရသေးသည့် ပန်းပွင့်များကို ဆွဲယူပေးလိုက်သေးသည်။ 


ဆိုတော့ ဒါက ပန်းပွင့်တွေအားလုံးကို စိတ်ကြိုက်လုပ်ဆိုပြီး ခွင့်ပေးလိုက်တဲ့ သဘောလား ... 


ကျောက်လင်းယွီကလည်း သေချာပေါက် ငြင်းဆန်မည် မဟုတ်ချေ။ သို့သော် သူပင် ဘာမှမလုပ်ရသေးခင် ရမ်ရှန့်၏ အမြစ်တို့က သူ့အဝတ်ကြား တိုးဝင်လာတော့သည်။ 


သူက ဟိုဟိုသည်သည် ရွေ့လျား‌နေသော အမြစ်တို့ကို ဆွဲယူရင်း ပြောလိုက်သည်။ 


"ဒီနေရာကြီးမှာ ဘာမှ မလုပ်နဲ့နော် ..." 


"ခင်ဗျား အစေ့တွေ မထုတ်တော့တာ လဝက်တောင် ရှိပြီလေ အခု ကျွန်တော်တောင် ပန်းပွင့်တော့မယ် ဘယ်အချိန်မှ အစေ့ရမှာလဲ ..." 


သူက မေးလိုက်သည်။ 


အမြစ်များကို လက်အသွင် ပြန်ပြောင်းရင်း ကျောက်လင်းယွီ၏ အဝတ်အောက်သို့ တိုးဝင်ကာ ‌ချက်အောက်ဘက် သုံးလက်မအကွာကို ထိတွေ့လိုက်သည်။ 


ရမ်ရှန့်ကို စတင် ရမ်းကားခဲ့သူမှာ သူဖြစ်သော်ငြား ယခုတော့ သူက တစ်ပြန် ခံနေရချေပြီ။ ကျောက်လင်းယွီသည် အမြဲလိုလို လှုပ်ရှားနေသည့် အမြစ်များကို ကာကွယ်ရာမှအပ ဘာမှ မလုပ်ချေ။ အခု ရမ်ရှန့်၏ လက်များက သူ့ခန္ဓာကိုယ်ကို ထိတွေ့လာချိန်တွင်တော့ ရုတ်ချည်း တုန့်ပြန်‌လာတော့သည်။ 


ရမ်ရှန့်ကို ဖက်တွယ်ရင်း သူက ခါးသီးစွာ ပြောလိုက်သည်။ 


"မလှုပ်နဲ့တော့ ..." 


ထို့နောက်တွင်တော့ ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။ 


ဒီလောက်ကောင်းတဲ့ ကျင့်ကြံရေးနည်းလမ်းကို သူ့ဆန္ဒတွေကို ထိန်းချုပ်ဖို့အတွက်ပဲ အသုံးချနေရတာတော့ မဟုတ်သေးပါဘူး ...

39.2


တစ်ညတာ ကျင့်ကြံပြီးနောက် ပြင်းထန်လှစွာသော နာကျင်မှုတို့၏‌ အောက်တွင် နွေဦးအိပ်မက်သည် လွင့်စင်ပပျောက်သွားတော့သည်။ သူထုတ်လွှတ်ပြီး နှစ်ရက်အကြာတွင်တော့ ရမ်ရှန့်၏ အပြုအမူက သူ့ကို ညလယ်ခေါင်ကြီး လန့်နိုးလာစေကာ ထိုအကြောင်းကို ရှာတွေ့သွားစေသည်။ 


ရမ်ရှန့်က ထုံးစံအတိုင်းပင် သူ့ကို သန့်ရှင်းပေးသွားခဲ့သော်ငြား ဆက်ပြီး ကပ်တွယ်မနေဘဲ သူ့ကို ပြောလိုက်သည်။ 


"လုပ်စရာလေးတွေ ရှိနေသေးလို့ လိုက်မလာနဲ့နော် ..." 


ညကြီးမင်းကြီး ဘာများ လုပ်စရာရှိနေတာလဲ ... 


သူက သံသယအပြည့် ဖြစ်သွားသော်ငြား လိုက်မသွားဘဲ သူ့ဆက်သွယ်‌ရေးစက်မှတစ်ဆင့် ရမ်ရှန့်၏ အင်တာနက်သုံးစွဲမှုမှတ်တမ်းကို ကြည့်နေလိုက်သည်။ 


ရမ်ရှန့်ကတော့ အင်တာနက် သုံးမနေ။ သူကိုယ်တိုင် ဝတ်မှုန်ကူးနေလေသည်။ 


ကျောက်လင်းယွီသည် အစေ့ပေါင်း မြောက်များစွာကို ထုတ်ပေးခဲ့သည်။ ၎င်းတို့ကို ဝတ်ဆံဖိုထဲသို့မထည့်မီ ရမ်ရှန့်သည် ပန်းလေးပွင့်ကို စစ်ဆေးကာ အသန်မာဆုံးအစေ့လေးစေ့ကို ‌ရွေးချယ်ခဲ့သည်။ 


ထိုလေးစေ့က ဝတ်ဆံဖိုနှင့် ထိတွေ့ချိန်တွင်တော့ ရမ်ရှန့်သည် အနည်းငယ် ပူပြင်းလာသည်ဟု ခံစားလိုကိရသည်။ ထို့နောက် ပန်းလေးပွင့်က အသီးသီးရန် ပွင့်ချပ်လွှာများကို ပိတ်လိုက်တော့သည်။ 


သူနဲ့ ကျောက်လင်းယွီရဲ့ ကလေးတွေ သီးလာလောက်လား။ ကလေးတွေက ဘယ်လို မွေးလာနိုင်မလဲ... 


ရမ်ရှန့်သည် သူ့ပန်းပွင့်များကို ထိကိုင်ရင်း အဖြေကို စဉ်းစားနေလိုက်သည်။ သို့သော် ပန်းပွင့်ရန်ကပင် အချိန်အတော်ကြာကာ အသီးသီးရန်မှာ ပို၍ပင် ကြာမြင့်သည့်အတွက် အကယ်၍ ဤနည်းဖြင့် ကလေးရနိုင်ခဲ့လျှင်တောင် ဘယ်လိုပုံစံမျိုး ဖြစ်လာမလဲ သိနိုင်ရန် အချိန်ကြာနေဦးမည် ဖြစ်သည်။ 


အတိတ်က သူ့အသီးများသည် အစောပိုင်းတွင် အစိမ်းရောင်ဖြစ်ပြီး တစ်ဖြေးဖြေး နီသည်ထက် နီလာကာ စိုက်ပျိုး၍ ရသည့်အရွယ်သို့ ရောက်ချိန်တွင်တော့ လုံးဝဥဿုံ နီရဲနေပေသည်။ ဤတစ်ကြိမ်တွင်လည်း အလားတူပင် ဖြစ်လာမလားတော့ သူလည်း မသိသေးပေ။ 


သူသည် ဂျင်ဆင်းမျိုးနွယ်ဖြစ်ကာ လူသားမျိုးနွယ်နှင့် လားလားမှ မတူသည့်အတွက် အချို့ကိစ္စများမှာ ဆောင်ရွက်ရန် ခဲယဉ်းလှသည်။ ရမ်ရှန့်က သူ့ဆံပင်ကို ပြန်ပြောင်းကာ အခန်းထဲသို့ လေးတိလေးကန်ဖြင့် ဝင်လာပြီး အိပ်မောကျနေသည့် ကျောက်လင်းယွီဘေး ဝင်လှဲကာ အိပ်လိုက်သည်။ 


ကျောက်လင်းယွီ၏ လက်တစ်ဖက်က သူ့ကိုယ်ကို ဖက်တွယ်လာမှသာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။ 


ပန်းလေးပွင့်သည် အသီးလေးလုံး ဖြစ်လာသည့်တိုင် သူ၏ နေ့စဉ်ဘဝမှာတော့ မပြောင်းလဲ‌ချေ။ ယခင်အတိုင်းပင် အိပ်မြဲ စားမြဲ ဖြစ်နေသော်ငြား ကျောက်လင်းယွီကတော့ အနည်းငယ် နေရခက်လာတော့သည်။ 


ရမ်ရှန့်သည် သူ့ပန်းပွင့်လေးများကို ထိခွင့်မပေးတော့သည်မှာ ရက်အတော်ကြာနေပြီဖြစ်၍ အနေရခက်လာတော့သည်။ 


"ရမ် ကိုယ့်ကို ပန်းလေးတွေ ကြည့်ခွင့်ပေးပါဦး ..." 


"ပန်းပွင့်တွေက မရှိတော့ပါဘူးလို့ ပြော‌တယ်လေ ..." 


သူက ထိုသို့ပြောကာ ဆံပင်ကို ထိလိုက်သည်။ ဒီရက်ပိုင်းအတွင်းတွင် တစ်ခုခု မှားယွင်းသွားမည်ကို စိုးရိမ်ခဲ့ရသော်ငြား ပန်းလေးပွင့်လုံးသည် အသီးသီးလာသည့်အတွက် စိတ်သက်သာရာ ရသွားတော့၏။ 


"ဒါဆို ကိုယ့်ကို အသီးတွေ ကြည့်ခွင့်ပေးမှာလား ..." 


သူက မေးလိုက်သည်။ 


"ကိုယ်စားနေကျ ဂျင်ဆင်းစေ့တွေက အစောပိုင်းမှာ ဘယ်လိုပုံစံလဲဆိုတာ ကြည့်ချင်လို့ ..." 


သူသည် ယနေ့ထိတိုင် ဂျင်ဆင်းစေ့ကို စားသုံးနေရဆဲပင်။ ရမ်ရှန့်သာ အများကြီး စုဆောင်းမထားခဲ့ပါလျှင် အစောကြီးကတည်းက ပြတ်လပ်သွားတော့မည် ဖြစ်သည်။ 


"ဒီတစ်ခေါက် အသီးတွေက အရင်ထက် အများကြီး ပိုကြီးတယ် ကျောက်လင်းယွီ တစ်ခါတည်း ကြိုပြောထားမယ်နော် ဒီတစ်ခေါက်ရမယ့် ဂျင်ဆင်းစေ့တွေကို စားလို့မရဘူး ..." 


၎င်းသည် နှေးကွေးကာ မသိသာလှသော်ငြား ယခင်ဖြစ်ရပ်များနှင့်မတူစွာ တစ်ဖြေးဖြေး ကြီးထွားလာနေသည့်အတွက် ပန်းပွင့်ထဲသို့ ထည့်ခဲ့သည့် ကျောက်လင်းယွီ၏ အစေ့များမှာ အလုပ်ဖြစ်သည်ဟုပင် ဆိုရလောက်ပေမည်။ 


"ကောင်းပြီလေ ..." 


သူက ခေါင်းငြိမ့်ပြလိုက်သည်။ 


ရမ်ရှန့်က အစိမ်းရောင် အသီးလုံးလုံးလေးများကို ထုတ်ပြလိုက်သည်။ ပန်းနုရောင်သမ်းကာ အိစက်နေသည့် အသီးများသည် မြင်သူတိုင်းကို ထိတွေ့နမ်းရှိုက်လိုစိတ်များ ဖြစ်ပေါ်လာစေသည်။ ကျောက်လင်းယွီမှာ ကြည့်လေလေ ပိုပြီး သဘောကျမိလေပင် ဖြစ်သည်။ 


"သဘောကျလား ..." 


သူက မေးလိုက်သည်။ 


"ကျတယ် ..." 


ကျောက်လင်းယွီက ပြန်ဖြေလိုက်သည်။ ရမ်ရှန့်၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေသရွေ့ သူ သဘောကျနေမည် ဖြစ်သည်။ 


"သဘောကျတယ်ဆိုရင် ကောင်းတာပေါ့ အဲ့ဒါ ကျွန်တော်တို့ရဲ့ ကလေးတွေလေ ..." 


မူလက လျှို့ဝှက်ထားရန် စဉ်းစားထားသော ရမ်ရှန့်က ထုတ်ပြောလိုက်သည်။ သူသည် လျှို့ဝှက်ထားလိုသော်ငြား ဘာကြောင့်ရယ်မသိ ထုတ်ပြောလိုက်မိသည်။ 


"ဟုတ်တယ် အဲဒါ ကိုယ်တို့ရဲ့ ကလေးတွေ နောက်ပိုင်းကျ အတူတူ ပျိုးထောင်ကြတာပေါ့ ..." 


သူက ရမ်ရှန့်ကို ပွေ့ဖက်ရင်း ပြောလိုက်သည်။ သူသည်လည်း ရမ်ရှန့်လိုမျိုး ဂျင်ဆင်းပင်ပေါက်လေးများကို ပျိုးထောင်လိုပေသည်။ 


xxxxxx