အပိုင်း ၄၀
Viewers 18k

Chapter 40


သူသည် ရမ်ရှန့်၏ ဂျင်ဆင်းအရေးတော်ပုံကို အလွန် စိတ်ဝင်စားနေသည့်တိုင် ဆောင်ရွက်စရာ အရေးကိစ္စများမှာလည်း အများအပြား ရှိနေဆဲပင်ဖြစ်သည်။ သူ့ခန္ဓာကိုယ် ပြန်လည်ထူထောင်ရန် အလုပ်များနေသည့်အပြင် တရားဝင်စီးပွားရေးကိုလည်း ကိုင်တွယ်ရသေးသည်။ ထိုသည်သာမက မစ္စတာထန့်အကြောင်း စုံစမ်းရန်လည်း ညွှန်ကြားနေရသေးသည်။ 


မစ္စတာထန့်၏ ပြီးခဲ့သည့်နှစ်တစ်ရာလောက်က ဆောင်ရွက်ခဲ့သည်များကို ခြေရာခံရန်မှာ လွယ်ကူလှသည်။ ယေဘုယျအားဖြင့် သူပြန်ပေါ်လာချိန်တိုင်းတွင် ကြယ်တာရာဓားပြများ၏ အသိုက်အမြုံကို ဖျက်ဆီးကာ ၎င်းတို့ကို နွယ်ပင်နှင့် ရစ်ပတ်ချုပ်နှောင်ခြင်း၊ လူနေထိုင်ရန် သင့်တော်သော ဂြိုဟ်အလွတ်များကို ဖက်ဒရယ်အတွက် ရှာဖွေပေးကာ လက်အောက်ခံအဖြစ် သိမ်းပိုက်ရာတွင် ကူညီပေးခြင်း၊ ကြယ်တာရာတစ်ခုနှင့်တစ်ခုအကြား လမ်းပျောက်နေသည့် စူးစမ်းရှာဖွေသူများကို ကူညီပေးခြင်း အစရှိသဖြင့် ကိစ္စကြီးကြီးမားမားများကို ‌ဆောင်ရွက်ပေးခဲ့သည့်အတွက် ဖက်ဒရယ်ရှိ လူတိုင်းနီးပါးသည် လတ်တလော သူလုပ်ခဲ့သည်များအားလုံးကို သိရှိကြပေသည်။ သို့သော် သူငယ်ရွယ်စဉ်က လုပ်ဆောင်ခဲ့သည်များကိုတော့ ရှာဖွေရန် မလွယ်ကူလှချေ။ 


သဲလွန်စများကို ဖျက်ဆီးထားသည့်တိုင် အချို့မှာတော့ ကျန်ရစ်နေဆဲပင် ဖြစ်သည်။ ကျောက်လင်းယွီ၏ အရှိန်အဝါနှင့်သာဆိုလျှင် အလုံးစုံ ရှာဖွေနိုင်ရန်ပင် မခဲယဉ်းလှချေ။ 


ရမ်ရှန့် အသီးသီးပြီး မကြာခင် သူက မစ္စတာထန့်နှင့် ဆွေးနွေးလိုက်သည်။ 


ထိုအချိန်တွင် ရမ်ရှန့်နှင့် ရှန်းချိုးရှစ်တို့သည် ဖြစ်ရပ်မှန်ပေါ် မူတည်ရိုက်ကူးထားသည့် "နောက်ဆုံးသောအခိုက်အတန့်" အမည်ရ ဇာတ်ကားကို ကြည့်နေကြသည်။ ထိုဇာတ်ကြောင်းသည် ပထမတပ်ဖွဲ့နှင့် ဇာ့ဂ်ဘုရင်မတို့အကြား  တိုက်ပွဲကို အခြေခံကာ ရိုက်ကူးထားခြင်းဖြစ်သည်။ 


အစောပိုင်းက လူတိုင်းသည် ကျောက်လင်းယွီကို သေတော့မည်ဟုသာ မှန်းဆခဲ့ကြသဖြင့် ဖက်ဒရယ်ကလည်း ထိုရုပ်ရှင်ကို ရိုက်ကူးရန် သဘောတူခဲ့ခြင်းဖြစ်သည်။ ကျောက်လင်းယွီ၏ ဈာပနပွဲအပြီးတွင် ပြသရန် စီစဉ်ထားခဲ့ကြသော်ငြား မထင်မှတ်ထားစွာပင် သူက ပြန်ကောင်းလာခဲ့သည်။ 


မလိုလားသူများ မည်မျှပင် ရှိနေစေကာမူ ရုပ်ရှင်မှာ အပြီးသတ်ရိုက်ကူးကာ လိုအပ်သည့် ကြော်ငြာအစီအစဉ်များလည်း ပြင်ဆင်ပြီးဖြစ်သည်။ ထို့ကြောင့် စီစဉ်ထားသည့်အတိုင်း ထုတ်လွှင့်ရန် လိုအပ်လာပေသည်။ ထိုသတင်းကို ကြားလိုက်ရချိန်တွင် ရှန်းချိုးရှစ်သည် ရမ်ရှန့်နှင့်အတူ အိမ်တွင်ကြည့်ရန်  အွန်လိုင်းပေါ်မှ ကြည့်ရှုခွင့်ကို ဝယ်ယူလိုက်သည်။ 


ရုပ်ရှင်ထဲတွင် ဖြစ်ရပ်မှန်ဗီဒီယိုများစွာကို ထည့်သွင်းထားပြီး မာရှယ်၏ နေရာတွင်တော့ ကျောက်လင်းယွီနှင့် တူညီအောင် လိမ်းခြယ်ထားသည့် ရုပ်ရှင်ဧကရာဇ်က သရုပ်ဆောင်ထားသည်။ 


ရမ်ရှန့်သည် မျက်လုံးများ နီမြန်းနေသည်အထိ ရုပ်ရှင်ထဲတွင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားသည့်အတွက်  မစ္စတာထန့်နှင့် ကျောက်လင်းယွီတို့အကြား သဟဇာတဖြစ်နေသော လေထုကိုပင် အာရုံမစိုက်နိုင်သေးချေ။ 


"ဒီလိုရုပ်ရှင်မျိုးက ဘာတွေများ ကောင်းနေလို့လဲ ..." 


ကျောက်လင်းယွီသည် သူ့ကိုယ်ပိုင်ရုပ်သွင်ကို စိတ်ခံစားမှုကို လှုပ်နှိုးပေး‌နိုင်သည့် အပိတ်သီချင်းသံနှင့်အတူ ယှဉ်တွဲပြီး တွေ့မြင်လိုက်ရသည့်အတွက် စိတ်မသက်မသာ ဖြစ်လာတော့သည်။ 


အိုင်ဗာက ထိုရုပ်ရှင်သည် သူ့အတွက်အထောက်အကူ ဖြစ်လိမ့်မည်ဟု ပြောထား၍သာ မတားမြစ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရချိန်တွင်တော့ စိတ်ကသိကအောက် ဖြစ်မိနေဆဲပင်။ 


"အရမ်းကို ကောင်းတာပေါ့ ..." 


ရမ်ရှန့်က သူ့ကို ချက်ခြင်း ပြန်လည်ချေပလိုက်သည်။ 


"ဟုတ်တယ် အမေလည်း ရုပ်ရှင်တွေ အများကြီး ကြည့်ဖူးပေမယ့် ဒီတစ်ခုက အကောင်းဆုံးပဲ အထူးပြုလုပ်ချက်တွေကလည်း ကောင်း ဇာတ်လိုက်မင်းသားကလည်း ချောချက်ပဲ ..." 


ရှန်းချိုးရှစ်ကတော့ ထိုသို့ ချီးကျူးရန်ပင် မျက်နှာမပူချေ။ 


ကိုယ့်သားကို ဒီလောက်ကြီး ချီးကျူးနေတာ သင့်ရောသင့်တော်ရဲ့လား ... 


ဘေးနားတွင် ရပ်နေသည့် မစ္စတာထန့်မှာတော့ သူမကို ‌အင်မတန် လေးစားမိနေပြီဖြစ်သည်။ 


ဒါပေမယ့် ကျောက်လင်းယွီက တကယ်ကလည်း မိုက်တာပဲကို ... 


"အန်တီ! ကျွန်တော်လည်း အဲ့လိုပဲတွေးတယ် ..." 


ရမ်ရှန့်သည်လည်းပင် အဓိကဇာတ်ဆောင်မှာ အနည်းငယ် ချို့ယွင်းနေသေးသော်ငြား ကြည့်ကောင်းသည်ဟု ထင်မြင်မိပေသည်။ သူ၏ အလှအပရေးရာ အမြင်သည် ကျောက်လင်းယွီအပေါ်တွင်သာ အခြေခံသည့်အတွက် ထိုအဓိကဇာတ်လိုက်သာ ကျောက်လင်းယွီနှင့် တစ်ထပ်တည်း တူညီလျှင် ချို့ယွင်းချက်မရှိသည့် ကမ္ဘာ့အခန့်ညားဆုံး အမျိုးသား ဖြစ်နေပေမည်။ 


သူနှင့် ရှန်းချိုးရှစ်တို့သည် အစစ်အမှန်မာရှယ်ကို ဘေးဖယ်ထားရင်း ရုပ်ရှင်ထဲမှ မာရှယ်၏ ဉာဏ်ပညာကြီးမှုနှင့် ရဲရင့်မှုတို့ကို အကြိတ်အနယ်‌ ဆွေးနွေးနေကြသည်။ 


"....." 


ဘေးနားတွင် အကြာကြီး ရပ်နေရသော ကျောက်လင်းယွီက စကားဖြတ်ပြောလိုက်သည်။ 


"ကျွန်တော် ပြောစရာရှိတယ် ..." 


"ဘာကြီးလဲ ..." 


ရမ်ရှန့်က သူ့ကို ငေးကြည့်ကာ မေးလိုက်သည်။ 


"ကျောက်လင်းယွီ အနာဂတ်မှာ စစ်တိုက်ဖို့ သွားရမယ်ဆို ကျွန်တော့်ကို ကျိန်းသေ ခေါ်သွားပေး ..." 


သူသာ အသက်ရှင်နေသေးသရွေ့ ကျောက်လင်းယွီလည်း အန္တရာယ်ကင်းနေမည် ဖြစ်သည်။


ကျောက်လင်းယွီက သူနှင့် အကြည့်ချင်းဆုံကာ အလေးအနက် ကတိပေးလိုက်သည်။ 


"သေချာပေါက် ခေါ်သွားပေးမယ် ..." 


ရမ်ရှန့်၏ အခြေအနေမှာ ထူးခြားလှသည့်အတွက် သူ့ကို တစ်ယောက်တည်း ချန်မထားရဲပေ။ 


"ကျောက်လင်းယွီ မင်းမှာ ပြောစရာရှိနေသေးတယ်လေ ..." 


မစ္စတာထန့်က ပြောလိုက်သည်။ 


ကျောက်လင်းယွီ၏ အကြည့်တို့သည်  လူအိုကြီးထန့်ထံမှ ရမ်ရှန့်ထံသို့ ရွှေ့သွားတော့၏။  


"ရမ် လူအိုကြီးထန့်က ယုံလို့ရတယ် သူနဲ့ပတ်သက်ပြီး အရမ်းကြီး သတိထားနေစရာ မလိုတော့ဘူးနော် 

..." 


"သိပါပြီ ..."

40.2


သူက ခေါင်းငြိမ့်ပြလိုက်သည်။ သူသည် အတိတ်က ကျောက်လင်းယွီပေးခဲ့သည့် အကြံကြောင့်သာ မစ္စတာထန့်ကို သတိကြီးကြီး ထားနေခြင်း ဖြစ်သည်။ ယခု  ယုံကြည်၍ ရသည်ဟု ပြောလာသည့်အတွက် အနာဂတ်တွင် မစ္စတာထန့်နှင့်ရော ရှောင်လွီနှင့်ပါ စကားပြောဆိုဆက်ဆံနိုင်တော့မည် ဖြစ်သည်။ 


ရှောင်လွီသည် အနည်းငယ် ရူးကြောင်ကြောင်နိုင်သော်ငြား စိတ်သဘောထားမှာတော့ မဆိုးလှသည့်အတွက် သူ့ကို ညီငယ်လေးအဖြစ် သဘောထားရန်လည်း အဆင်ပြေပေသည်။ လူအိုကြီးထန့် သေသွားပါကလည်း သူနှင့်အတူ ဆက်နေခွင့်ပေးမည် ဖြစ်သည်။ 


"ပြန်ရအောင် ..." 


ကျောက်လင်းယွီက သူ့မျက်တောင်အဖျားတွင် တွဲလွဲခိုနေသည့် မျက်ရည်စက်တို့ကို သုတ်ပေးရင်း ပြောလိုက်သည်။ 


"ဟုတ် ..." 


သူက ခေါင်းငြိမ့်ပြလိုက်သည်။ 


မစ္စတာထန့်သည် သူတို့နှစ်ဦး အတူတူထွက်သွားသည်ကို ငေးရုံသာ ငေးကြည့်နေလိုက်သည်။ သူ့အတိတ်ဖြစ်ရပ်အားလုံးကို ကျောက်လင်းယွီအား ပြောပြီးနောက် ထိုသူသည် ရမ်ရှန့်ကို သူ့တပည့်ဖြစ်စေရန် ကူညီပေးမည်ဟု ကတိပေးခဲ့သည်။ ဒါပေမယ့် သူက စကားကို ပေါ့ပေါ့လေး ပြောသွားတာပဲ ... 


"မစ္စတာထန့် ဒီရုပ်ရှင်က တကယ်ကောင်းတာနော် ရှင်ရော ကြည့်ချင်လား ..." 


သူမသည် သူ့ကို ယခင်ကတည်းက လေးစားခဲ့သူဖြစ်သည်။ ကျောက်လင်းယွီ၏ စကားအဆုံးတွင်တော့ ယခင်က ဖြစ်ပေါ်ခဲ့သည့် ဟန့်တားလိုစိတ်များ ပျောက်ကွယ်ကာ ပိုမိုဖော်ရွေလာခဲ့လေသည်။ 


မစ္စတာထန့်မှာတော့ ဝမ်းနည်းမှုတစ်ပြုံကြီးကို ခံစားလိုက်ရသည်။ 


ကျောက်လင်းယွီက သူ့တပည့်လေးကို ဆွဲခေါ်သွားပြီလေ ဒါတောင်မှ သူတို့က ကျောက်လင်းယွီကို မြှောက်ပင့်ရိုက်ကူးထားတဲ့ ရုပ်ရှင် ကြည့်စေချင်သေးတယ်လား ...


ဧည့်ခန်းထဲမှ ထွက်လာပြီးနောက် ရမ်ရှန့်သည် ကျောက်လင်းယွီ၏ လက်ကို လှမ်းဆွဲလိုက်သည်။ 


"မြန်မြန်လေး လျက်လိုက် မြန်မြန်လေး ..." 


"လျက်ရမယ် ..." 


သူ့အကြည့်တို့က ရမ်ရှန့်၏ လက်ပေါ်သို့ ကျရောက်သွားသည်။ သို့သော် မကြာမီတွင်ပင် ရမ်ရှန့်က သူ့(ZLY) လက်ကို  ပါးစပ်ထဲသို့ ထည့်ခိုင်းခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ 


"...." 


မွေးကာစ အရွယ်က လက်ကို စုပ်ခြင်းမျိုး ပြုလုပ်ခဲ့ဖူးသော်ငြား အရွယ်ရောက်လာသည်နှင့်တစ်ပြိုင်နက် ထိုကဲ့သို့ အပြုအမူမျိုးကို မလုပ်တော့ချေ။ 


"လျက်လိုက်လို့ ..." 


ရမ်ရှန့်က နောက်တစ်ကြိမ် ပြောလိုက်ပြန်သည်။ 


ကျောက်လင်းယွီလည်း အတန်ကြာ တွေးနေပြီးကာမှ တစ်ခုခုကို စဉ်းစားမိလိုက်သည်။ 


"မင်းရဲ့ မျက်ရည်တွေလား ..." 


"ဟုတ်တယ် အဲဒါက ခင်ဗျားအတွက် ကောင်းတယ်..." 


သူက ပြောလိုက်သည်။ 


"အခန်းကို အရင်ပြန်ပြီးမှ ဆက်ပြောရအောင်နော် ..." 


သူက ပြောလိုက်သည်။ ရမ်ရှန့်နှင့် အတူရှိနေပြီးကတည်းက ထူးထူးဆန်းဆန်းကိစ္စမျိုးစုံကို ကြုံတွေ့ခဲ့ရသဖြင့် ထူးထူးခြားခြား တုန်လှုပ်မ‌နေတော့ချေ။ 


အခန်းထဲ ပြန်ရောက်ပြီးနောက် သူသည် လက်ချောင်းများကို ရေဖြင့်ဆေးကာ ထိုလက်ဆေးရေကို သောက်လိုက်သည်။ 


"ခင်ဗျားလည်း အိမ်တော်ထိန်းအဖိုးလိုပဲ လက်ဆေးရေ သောက်တယ်လား ..." 


ရမ်ရှန့်က ခပ်ပြုံးပြုံး မေးလိုက်သည်။ 


"အိမ်တော်ထိန်းအဖိုး ကျန်းမာရေးကောင်းလာတာက မင်းရဲ့ လက်ဆေးရေကို သောက်လို့ပေါ့ ဟုတ်လား  ..." 


သူက မေးလိုက်သည်။ 


သူတို့မိသားစု၏ အိမ်တော်ထိန်းအဖိုးသည် ဆွတ်ဆွတ်ဖြူနေသော ဆံပင်တို့နှင့် မလိုက်ဖက်စွာပင် အလွန်သွက်လက်နေပေသည်။ 


"ဟုတ်တယ် ..." 


သူက ခေါင်းငြိမ့်ပြလိုက်သည်။ 


"အန်တီက လက်ဆေးရေသောက်လည်း အကျိုးမရှိတာကတော့ နှမြောစရာပဲ ခင်ဗျားရဲ့ ကျင့်ကြံရေး ကောင်းနေပြီဆိုမှ သူမကို ဂျင်ဆင်းစေ့ တစ်စေ့လောက် ပေးလိုက်ဦးမယ် ..." 


သူ့အတွက်တော့ ကျောက်လင်းယွီကသာ အရေးအကြီးဆုံးဖြစ်ပြီး ကျန်လူများမှာတော့ ဒုတိယနေရာတွင်သာ ရှိပေသည်။ 


"ကျေးဇူးပါဗျာ ..." 


သူက ရမ်ရှန့်၏ဆံပင်တို့ကို နမ်းကာ ပြောလိုက်သည်။ 


"ရပါတယ်ခင်ဗျာ ..." 


ရမ်ရှန်က ပညာပေးအတန်းတွင် သူသင်ယူခဲ့သည့်အတိုင်း ပြန်ဖြေလိုက်သည်။ ကျောက်လင်းယွီ၏ လုပ်ရပ်များကို ပြန်တွေးရင်း သူ့ခေါင်းပေါ်မှ အသီးလေးလုံးကို ထုတ်ပြလိုက်သည်။ 


"သူတို့တွေကို ဒီနေ့ မကိုင်ရသေးဘူးနော် လာလာ ပုံပြင်လေးတစ်ပုဒ်လောက် ခပ်သွက်သွက် ပြောပြလိုက်ပါဦး ..." 


ကျောက်လင်းယွီကလည်း စပျစ်သီးအရွယ် အသီးလေးလုံးကို ခပ်ဖွဖွ ကိုင်လိုက်သည်။ ထိုအသီးစိမ်းလေးများကို တစ်နေ့တစ်ခြား ပိုပြီး နှစ်သက်လာမိတော့သည်။ 


ရမ်ရှန့်မှာလည်း အလွန်ကို ဇိမ်ကျနေလေသည်။ကျောက်လင်းယွီ၏ ကုတင်ပေါ်လှဲကာ သူ့ခါးကို ပွေ့ဖက်ရင်း ပြောလိုက်သည်။ 


"သူတို့ကို ပုံပြင်ပြောပြလိုက်ပါဦး ..."


xxxxxx