အပိုင်း ၄၁
Viewers 18k

Chapter 41


ဂျင်ဆင်း‌သီးတွေကို ဘာပုံပြင် ပြောပြရပါ့မလဲ တကယ်တမ်း ပုံပြင်နားထောင်ချင်နေတဲ့သူက ရမ်ရှန့် မဟုတ်ဘူးလား ... 


ကျောက်လင်းယွီက ခပ်ဖွဖွ ရယ်မောလိုက်သည်။ သူသည် ယမန်နေ့များကကဲ့သို့ အသာတကြည် ပြောမပြဘဲ ပြန်မေးလိုက်သည်။ 


"ဘာလို့ ကိုယ်ဝန်ဆောင်မိခင်နဲ့ ဆိုင်တဲ့ စာအုပ်တွေ အများကြီး ရှာထားတာလဲ ..." 


ရမ်ရှန့်ကို အခန်းထဲ ပြန်ခေါ်လာခြင်းမှာလည်း ထိုကိစ္စကို မေးမြန်းချင်၍ ဖြစ်သည်။ ရမ်ရှန့် ကိုယ်ဝန်ဆောင်မိခင်နှင့် သက်ဆိုင်သည့် စာအုပ်များကို ရှာဖွေထားကြောင်း သိလိုက်ရချိန်တွင် သူဘယ်လောက် အံ့ဩသွားခဲ့ကြောင်း ဘုရားသခင်သာ သိပေလိမ့်မည်။ 


ဒီဂျင်ဆင်းလေး သူက ရုတ်တရက်ကြီး မိန်းမတစ်ယောက်နဲ့ ကလေးယူချင်နေတာတော့ မဟုတ်လောက်ပါဘူးနော် ... 


"ကျွန်တော့်မှာလည်း ကလေးရှိနေလို့လေ ..." 


သူက စပျစ်သီးအရွယ် အသီးလုံးများကို ညွှန်ပြလိုက်သည်။ 


"ကျွန်တော်က လူသားနဲ့ မတူဘဲ ကွဲပြားတာတွေ အများကြီး ရှိတယ်ဆိုပေမယ့်  သန္ဓေသားပညာပေးအသိအမြင်က အသုံးဝင်နိုင်မယ်လို့ပဲ ထင်တယ်..." 


အပင်တွေလို မဟုတ်ဘဲ လူသားတွေက မိခင်ဗိုက်ထဲမှာ ရှိနေကတည်းက နည်းနည်းလေး သိနေကြပြီဆိုတော့ သူ့ကလေးတွေလည်း ဒီလိုပဲ မဟုတ်လား ... 


"ဆိုတော့ ဒီလိုမျိုးကိုး ..." 


"အဲဒါကြောင့် သူတို့ကို နေ့တိုင်း တစ်ရက်တစ်နာရီ ပုံပြင်ပြောပြပြီး နည်းနည်းလေး ပိုပြီး ထိတွေ့ပေး ..." 


သူက ပြောလိုက်သည်။ သူ့အသီးများကို မည်သူနှင့်မျှ မနှိုင်းယှဉ်နိုင်ချေ။ ထို့ကြောင့် အထိခံရချိန်တွင် အနည်းငယ် ထူးဆန်းမိသည့်တိုင် သည်းခံရမည်ဖြစ်သည်။  


အမ် ... အကြာကြီး အကိုင်ခံရတာက နည်းနည်းလေးတော့လည်း ဇိမ်ကျသလိုလို ရှိပါတယ်လေ ... 


"ကောင်းပြီလေ ..." 


ကျောက်လင်းယွီက ပြန်ဖြေလိုက်သည်။ 


သူ့အနေဖြင့် ပုံပြင် ပြောပြရသည့်တိုင် ရမ်ရှန့်ကို အချိန်အကြာကြီး ပွေ့ဖက်ကာ ထိတွေ့နိုင်သည်ကပင်လျှင် အကျိုးရှိနေပြီဖြစ်သည်။ 


သူသဘောတူလိုက်သည်နှင့်တစ်ပြိုင်နက် ရမ်ရှန့်လည်း ပိုပြီး သက်တောင့်သက်သာရှိသည့် ကိုယ်ဟန်သို့ ပြောင်းလဲကာ ပုံပြင်ကို နားထောင်လိုက်သည်။ သူသည် ကျောက်လင်းယွီ၏ ပုံပြင်များကို အလွန် သဘောကျသည့်အတွက် သူ့ကို ပိုပြီး ပြောပြနိုင်ရန် သွေးဆောင်နေခြင်းပင် ဖြစ်သည်။ 


ညတိုင်း ကျောက်လင်းယွီကို ဖက်အိပ်ပြီး နေ့ခင်းပိုင်းတွင်တော့ ရှန်းချိုးရှစ်နှင့်အတူ ရုပ်ရှင်မကြည့်မီ နေ့တစ်ဝက်ခန့် အတန်းတက်လိုက်သေးသည်။ ကျောက်လင်းယွီအဖြစ် သရုပ်ဆောင်ခဲ့သည့် မင်းသားကို သဘောကျမိ၍ သူ သရုပ်ဆောင်ခဲ့သမျှ ဇာတ်လမ်းတိုင်းကို ကြည့်ခဲ့သော်ငြား တစ်ခုကမှ "နောက်ဆုံးသော အခိုက်အတန့်" ကို မယှဉ်နိုင်ပေ။ 


ထိုသည့်တိုင် သူတို့နှစ်ဦးကတော့ ထိုမင်းသားကို ချွင်းချက်မရှိ သဘောကျဆဲပင် ဖြစ်သည်။ 


"ရမ်ရေ ခေါ်မော့ချီက မြို့တော်ကြယ်ကို လာနေပြီတဲ့ ..." 


ရှန်းချိုးရှစ်က မနက်အစောကြီး သူ့ကို လာရှာကာ ပြောလိုက်သည်။ 


"ခေါ်မော့ချီ ..." 


သူက ပဟေဠိဖြစ်စွာဖြင့် မေးလိုက်သည်။ 


"သူက "နောက်ဆုံးသော အခိုက်အတန့်" မှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားလေ လင်းယွီ ဇာ့ဂ်ဘုရင်မကို တိုက်တဲ့အချိန်တုန်းက သူက အိပ်မက်ကြယ်မှာလေ ငါကြားတာတော့ သူ ဒီတစ်ကြိမ် မြို့တော်ကြယ်ကို လာတာက "နောက်ဆုံးသော အခိုက်အတန့်" ကို ပရိုမိုးရှင်းဆင်းဖို့အပြင် လင်းယွီကိုလည်း ကျေးဇူးတင်ချင်လို့တဲ့ ..." 


အတိတ်ကာလများ၌ ကျောက်ဖမ်း၏ အခြေအနေမှာ ဆိုးဝါးသည့်အတွက် ရှန်းချိုးရှစ်တွင် ကြယ်ပွင့်နောက်လိုက်ရန် အချိန်မရှ်ိခဲ့ချေ။ သို့သော် ယခုတော့ ကျောက်ဖမ်းမှာ သက်သာလာရုံသာမက ဤနေရာတွင်လည်း ရှိ‌မနေသည့်အတွက် သူမအနေဖြင့် အနည်းငယ် အပျော်ရှာနိုင်နေခြင်းဖြစ်သည်။ 


ခေါ်မော့ချီက ချောကလည်းချော သရုပ်ဆောင်ကလည်း ကောင်း ဆိုတော့ သူ့ကို နည်းနည်းလောက်လေး ကြိုက်မိလည်း ကိစ္စမရှိပါဘူးလေ ... 


"လင်းယွီကို ကျေးဇူးတင်ဖို့ ဟုတ်လား ..." 


ရမ်ရှန့်၏ မျက်လုံးတို့မှာ ဂုဏ်ယူဝင့်ကြွားမှုတို့ဖြင့် ပြည့်နှက်သွားသည်။ 


"ဟုတ်တယ် သူက ရှိုးပွဲလည်း လုပ်ဦးမှာလေ အတူတူ သွားကြမလား ..." 


သူမက မေးလိုက်သည်။ 


ရမ်ရှန့်က အရမ်းကို လိမ္မာလွန်းနေတာပဲ တစ်ခြားကလေးတွေလို အပြင်လည်း မထွက်၊ ဂိမ်းလည်းမဆော့နဲ့ အခု‌ခေတ်ကလေးတွေနဲ့များ တကယ်ကို တစ်ခြားစီပဲ ... 


" လင်းယွီကို အရင်မေးလိုက်ဦးမယ် ..." 


သူက ပြောလိုက်သည်။ 


"လင်းယွီက သဘောတူတယ် မစ္စတာထန့်ကိုရော ခေါ်သွားတဲ့ ..." 


သူမက ပြောလိုက်သည်။ ရမ်ရှန့်ကို တစ်ယောက်တည်း မထားခဲ့ရန် ကျောက်လင်းယွီ အကြိမ်မည်မျှ မှာကြားခဲ့သည်ကိုပင် မမှတ်မိနိုင်တော့ချေ။ 


သူမရဲ့ သားကတော့ မျက်လုံးထဲမှာ ဇနီးလေးပဲ ရှိနေပြီး ဒီအမေကိုတော့ မေ့ပစ်လိုက်ပြီပေါ့ ဒီလိုဆိုမှတော့ သူ့ဇနီးလေးကို ခေါ်သွားရုံပဲ ရှိတော့တာပေါ့ ... 


သူမတို့နှစ်ဦးလုံးမှာ လူသိများသူများ ဖြစ်နေသည့်အတွက် ရှိုးပွဲသွားကြည့်လိုပါလျှင် အရင်ဆုံး ပြင်ဆင်ရဦးမည်ဖြစ်သည်။ သူမသည် အိမ်တော်ထိန်းကို မိတ်ကပ်ပြင်ပေးသည့်စက် ယူလာပေးရန် ညွှန်ကြားလိုက်သည်။


"ခေါင်းကို ဒီမှာ ကပ်ထားလိုက်ရင် စက်က မင်းမျက်နှာကို စစ်ဆေးပြီးတော့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ဒါမှမဟုတ် လုံးဝ ရုပ်ပြောင်းသွား‌အောင် လုပ်ပေးလိမ့်မယ် ဒါက လင်းယွီနဲ့ တူအောင် ခေါ်မော့ချီလုပ်ခဲ့တဲ့ နည်းလမ်းလေ ..." 


သူမက အရင်ဆုံးပြင်ဆင်လိုက်သည်။ မဟူရာရောင် ဆံနွယ်ရှည်တို့ကို အညိုရောင်လှိုင်းတွန့်ဆံပင်အဖြစ် ပြောင်းလဲကာ မင်သက်ဖွယ် အလှလေးအဖြစ် ပြင်ဆင်လိုက်သည်။