အပိုင်း ၄၂
Viewers 18k

Chapter 42


ရှန်းချိုးရှစ်လည်း ရမ်ရှန့်၏ စိတ်ခံစားချက်နှင့် ပတ်သက်၍ တစ်ခုခုမှားယွင်းနေသည်ကို သတိပြုမိလိုက်‌မိ၍ ရှိုးပွဲကျင်းပရာ အခန်းထဲမှ ထွက်လာပြီးနောက်တွင် သူ့ကို မေးလိုက်သည်။ 


"ရမ် ဘာဖြစ်လို့လဲ မပျော်ဘူးလား ..." 


"အဲ့ဒီ့ ခေါ်မော့ချီက လင်းယွီအပေါ်မှာ အကြံတွေ ရှိနေတယ် ..." 


ထို့နောက် သူ့ဆက်သွယ်ရေးစက်ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။ 


"သူ့ကို ကြံစည်နေတဲ့ လူတွေ အများကြီး ရှိနေသေးတယ် ..." 


အတိတ်အချိန်ကမူ တစ်စုံတစ်ယောက်က ကျောက်လင်းယွီကို သဘောကျနေကြောင်း သိလိုက်ရသည့်တိုင် များများမတွေးမိခဲ့ချေ။ သို့သော် အခုအချိန်တွင်တော့ ကျောက်လင်းယွီကို တပ်မက်နေသူများမှာ အလွန်များပြားလှကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ 


ကျောက်လင်းယွီကို တစ်ခြားသူတွေ မမြင်နိုင်အောင်လို့ အိမ်ထဲမှာပဲ ဖွက်ထားလို့ရရင် ကောင်းမှာပဲ မဟုတ်သေးဘူး အဲ့လို ဖွက်ထားဖို့တောင် နောက်ကျနေပြီလား မသိဘူး လူတိုင်းက သူ့ကို သိနှင့်နေကြပြီ ... 


သူ့အမူအယာမှာ ဆက်တိုက် ပြောင်းလဲနေသည့်အတွက် ရှန်းချိုးရှစ်သည် ကို့ရို့ကားယားနိုင်စွာဖြင့် ချောင်းဟန့်လိုက်သည်။ 


သူမရဲ့ သားအတွက် ကျွင်း‌တူးပေးသလိုများ ဖြစ်သွားသလားပဲ ချွေးမလေးနဲ့အတူ ကြယ်ပွင့်နောက် လိုက်တာက သူ့ကို မတော်တဆ သဝန်တိုအောင် လုပ်မိသွားတာပဲ ... 


"ရမ် တကယ်လို့ စိတ်မပျော်ဘူးဆိုရင်လေ အိမ်ပြန်ရောက်ရင် လင်းယွီကို တောင်းပန်ခိုင်း သိလား ..." 


အမှန်စင်စစ်တွင် ရမ်ရှန့် သဝန်တိုခြင်းမှာ မကောင်းသည့်ကိစ္စတော့ မဟုတ်ချေ။ သူမ၏ သားကသာ တစ်ဖက်သတ် ချစ်ကြိုက်သလို ဖြစ်နေမည်ကို စိုးရိမ်ခဲ့သော်ငြား ယခုတော့ စိတ်သက်သာရ ရသွားခဲ့လေသည်။ 


"တကယ်တမ်းတော့ ဒါက လင်းယွီနဲ့ ဘာမှ မဆိုင်ပါဘူး ..." 


လင်းယွီကို ကြိုက်ပါတယ်ဆိုတဲ့ တစ်ချို့လူတွေဆိုရင် အပြင်မှာတောင် တွေ့ဖူးတာ မဟုတ်ဘူးလေ လင်းယွီကို ဘယ်လိုလုပ် တောင်းပန်ခိုင်းရက်ရမှာလဲ ... 


ဒါပေမယ့် အဲ့ဒီ့လူတွေက လင်းယွီကို မတွေ့ဖူးဦးတော့ ဟိုခေါ်မော့ချီကတော့ မတူဘူးလေ သူက မနက်ဖြန် လင်းယွီကို လာတွေ့မှာ ... 


ရမ်ရှန့်သည် ဆက်သွယ်ရေးစက်ကို ထုတ်ကာ ခေါ်မော့ချီ၏ အကောင့်ကို ဝင်ကြည့်လိုက်ချိန်တွင်တော့ ကျောက်လင်းယွီနှင့် သက်ဆိုင်သည့် သတင်းများစွာကို တင်ထားကြောင်း တွေ့လိုက်ရသည်။ "မနက်ဖြန် တွေ့ဖို့အတွက်ကို မျှော်လင့်နေပါပြီ" ဆိုသည့် caption ကို အသဲပုံနှစ်ခုနှင့် ပူးတွဲတင်ထားသည့် ပို့စ်ကို တွေ့လိုက်ရချိန်တွင်တော့ ပို၍ပင် စိတ်ဓာတ်ကျလာတော့သည်။ 


"ဒါဆိုလည်း လင်းယွီကို ဆွဲဆောင်ဖို့ ကြံနေတဲ့ဟာတွေကို နှိမ်နင်းပစ်လေ မင်းသာ သန်မာနေရင် ဘယ်သူကများ မလိုက်ဖက်ပါဘူးလို့ လာပြောရဲမှာလဲ လာစမ်းပါ ငါ့ကို ဆရာတင်လိုက် ..." 


မစ္စတာထန့်က ကောက်ကာငင်ကာ ဝင်ပြောလိုက်သည်။ 


ရမ်ရှန့်က သူ့ကို အသံတိတ် ကြည့်နေလိုက်သည်။ သူပြောသွားသည်မှာ ကျိုးကြောင်းဆီလျော်သော်ငြား သူ့ကို ဆရာတင်ရန်ကို မဖြစ်မနေ ထည့်ပြောလိုက်သေးသည်။ ဒီလူက ဘယ်လိုတောင် အပြောင်းအလဲ မြန်နေရတာလဲ ပြီးတော့ တစ်နေကုန်တစ်နေခမ်း လိုက်ပြောနေတာကြီးကို နားတွေလည်း ပူနေပါပြီနော် ... 


ရမ်ရှန့်နှင့် ရှန်းချိုးရှစ်တို့လည်း လေယာဉ်ထဲသို့ ခပ်သွက်သွက် ဝင်လိုက်ကြသည်။ မစ္စတာထန့်ကလည်း အမောတကော လိုက်လာပြီး ရမ်ရှန့်ကို နားချနေလိုက်သည်။ အဆက်မပြတ် ပြုံးနေရန်လည်း မမေ့ပေ။ ‌သူတို့နှင့် မနီးမဝေးတွင်တော့ ဖန့်ချန်ကျွင့်သည် အခြားအမျိုးသားတစ်ဦးနှင့်အတူ ထိုမြင်ကွင်းကို စိုက်ကြည့်နေသည်။ 


"ပြန်ရအောင် ..." 


ကျောက်မိသားစု၏ လေယာဉ် ထွက်ခွာသွားချိန်တွင် ထိုအမျိုးသားက ပြောလိုက်သည်။ 


ဖန့်ချန်ကျွင့်လည်း သဘောတူကာ လေယာဉ်ကို မောင်းကာ ပြန်လာလိုက်တော့သည်။ 


ကျောက်မိသားစုအိမ်တော်သို့ ပြန်ရောက်သည်အထိ ရမ်ရှန့်မှာ စိတ်ကသိကအောက် ဖြစ်နေဆဲပင်ဖြစ်သည်။ "နောက်ဆုံးသော အခိုက်အတန့်" အကြောင်း သိလိုက်ရချိန်တွင် ပို၍ပင် စိတ်သောကရောက်လာတော့သည်။ 


အများစုက သူ့ကို ကျောက်လင်းယွီနှင့် မတန်ဟုသာ ထင်ကြသည်။ ကျောက်လင်းယွီအတွက် ကလေးမွေးပေးလိုသူများ အများအပြားရှိနေဆဲဆိုသည့် အချက်မှာတော့ ထုတ်ပြောရန်ပင် မလိုအပ်ချေ။ သူသည်သာလျှင် ကျောက်လင်းယွီ၏ ရင်သွေးများကို မွေးဖွားပေးနိုင်ကြောင်း ရှင်းရှင်းလင်းလင်းဖြစ်ရန် လိုအပ်နေပေသည်။ 


"လင်းယွီအကြောင်း တွေးနေတုန်းပဲလား ဘယ်အချိန်အထိ သဝန်တိုနေမှာလဲ ..." 


မစ္စတာထန့်က မေးလိုက်သည်။ 


"သဝန်တိုတယ် ..." 


ရမ်ရှန့်မှာ ကြက်သေသေသွားတော့သည်။ ထို့နောက် သူ့ဆက်သွယ်ရေးစက်ကို ထုတ်ကာ အဓိပ္ပါယ်ကို လိုက်ရှာလိုက်သည်။ 


"သဝန်တိုတယ်ဆိုတာက ပုံမှန်ပါပဲ တစ်ယောက်ယောက် မင်းသဘောကျနေတဲ့သူကို လာကြိုက်ရင် စိတ်ထဲမှာ မသက်မသာ ဖြစ်လာတယ်လေ ဒါပေမယ့် စိတ်ညစ်နေဖို့တော့ မလိုပါဘူး လင်းယွီကိုပဲ ကြည့်ကြည့်လိုက် သူ မင်းကို သဘောကျ နေတယ်ဆိုတာ သေချာပေါက်ကို ပြော‌နိုင်တယ်လေ ကျန်တဲ့ ကျောက်မိသားစုဝင်တွေကလည်း မင်းတို့ကို မကန့်ကွက်ဘူးဆိုတော့ သေချာပေါက် ပျော်ရွှင်ရမှာပါ ..."


သူက ပြုံးကာ ပြောလိုက်သည်။ 


"ဟုတ်တယ် လင်းယွီကို ကြိုက်တဲ့သူတွေက သူက ကျွန်တော့်အပိုင်ဆိုတာကို ဂရုမစိုက်ကြဘူး ..." 


ရမ်ရှန့်က ပြောလိုက်သည်။

42.2


"ဒါပေမယ့် အတွဲတစ်တွဲကြားမှာ ကွာခြားချက်ကြီးနေရင် ပြဿနာဖြစ်လာနိုင်တယ် ကျောက်လင်းယွီက လူသားမျိုးနွယ်ရဲ့ သူရဲကောင်း မာရှယ်တစ်ယောက်လေ ဒါပေမယ့် မင်းကရော... မင်းက ဘာနာမည် ဂုဏ်ဒြပ်မှ မရှိတဲ့ သာမန်ဆယ်ကျော်သက်ကလေးလေ အစောပိုင်း သူသေတော့မယ်လို့ပဲ ထင်ခဲ့ကြတုန်းကတော့ အားလုံးက မင်းတို့နှစ်ယောက်ကို လိုက်ဖက်ညီတယ်လို့ပဲ ထင်ကြပြီး မင်းကိုတောင် သဘောကျပေးခဲ့ကြသေးတယ်လေ ဒါပေမယ့် အခု သူက ပိုပြီး သက်သာလာတဲ့အပြင် အရင်ကထက်တောင် သန်မာလာပြီဆိုတော့ မင်းက သူ့အတွက် မသင့်လျော်ဘူးလို့ ထင်တဲ့သူတွေ ပိုများလာတော့မှာ ..." 


ရမ်ရှန့်မှာ အနည်းငယ် ဆွံ့အသွားတော့သည်။လက်တွေ့တွင်  သူနှင့် ကျောက်လင်းယွီကို သဘောမတူကြသူများ အများအပြား ရှိနှင့်နေပြီဖြစ်သည်။ 


"ပြီးတော့ မင်းက မလုပ် ..." 


မစ္စတာထန့်သည် သူ့ကို ကိုယ်ဝန်လည်း မဆောင်နိုင်ဟု ပြောလိုက်ချင်သော်ငြား ခဏမျှ စဉ်းစားပြီးနောက် မပြောရန်သာ ဆုံးဖြတ်လိုက်သည်။  


"အစောပိုင်း ငါပြောခဲ့တာတွေက တစ်ခုမှ လိမ်တာ မပါဘူး တကယ်လို့ မင်းသာ တစ်ခြားသူတွေ မော်မကြည့်ရဲလောက်တဲ့အထိ သန်မာနေရင် ဘယ်သူကမှ မင်းတို့ကို ဝေဖန်ရဲမှာ မဟုတ်ဘူး ကောင်းချီးတောင် ပေးကြလိမ့်ဦးမယ် ..." 


ရမ်ရှန့်မှာလည်း မစ္စတာထန့်ပြောသည့် "စွမ်းအားကသာ အရာရာ " ဟူသော စကားကို တိတ်တဆိတ် လက်ခံလိုက်ရသည်။ 


"မင်းကိုလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တော့မယ် နောင်ဆယ်နှစ် နှစ် ၂၀ လောက်ဆို ငါက သေချင်သေသွားတော့မှာ ငါမသေခင် သိထားသမျှတွေကို ပြန်သင်ပေးဖို့ တပည့်လေးတစ်ယောက်လောက် ရချင်တဲ့အပြင် ရှောင်လွီလည်း ရှိနေသေးတယ် ရှောင်လွီက ငါနဲ့အတူတူ အကြာကြီး နေလာတဲ့အတွက် ငါ့ရဲ့သွေးသားရင်းလိုပဲ အဲဒါကြောင့် ငါသေသွားခဲ့ရင်တောင် သူ့ကို စောင့်ရှောက်ပေးဖို့ တစ်ယောက်ယောက် ရှိနေစေချင်တယ် တကယ်လို့ မင်းသာ ငါ့တပည့် လုပ်မယ်ဆို မင်းအတွက် ဆိုးကျိုးမရှိပါဘူး ..." 


သူက အများအပြား ပြောလိုက်သည်။ ရမ်ရှန့်သည် သူ့စကားများကို ထိုမျှ အများအပြား နားမထောင်ပေးခဲ့သော်ငြား ယခု ဂရုတစိုက် နားထောင်မိချိန်တွင် ထိုလူအိုကြီး၏ စိတ်အားထက်သန်မှုကို သတိထားလိုက်မိတော့သည်။ 


"ဒါပေမယ့် ကျွန်တော့်မှာ ဆရာရှိနေပြီးသားဆိုတော့ နောက်တစ်ယောက်ကို ဆရာထပ်တင်လို့ မရဘူး ပြီးတော့ ခင်ဗျားက အရမ်းအားနည်းလွန်းတယ် ..." 


ရမ်ရှန့်အနေဖြင့် ဒဏ်ရာများ မသက်သာခင်ကမူ မစ္စတာထန့်ကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်သော်ငြား သူ့ဒဏ်ရာများမှာလည်း သက်သာနေပြီဖြစ်သည်။ 


သူက မစ္စတာထန့်၏ လှည့်ကွက်အများစုကို သိနေသော်ငြား ထိုသူကတော့ သူ့အကြောင်း တစ်စိုးတစ်စေ့မှ မသိချေ။ 


မစ္စတာထန့်သည် ဗဟုသုတ ကြွယ်ဝသည့် အဖိုးဖြစ်သူနှင့် ဆင်တူရာ သူ့ကို အားနည်းသည်ဟု အပြောခံလိုက်ရချိန်တွင် ဒေါသတကြီး ထခုန်လိုက်တော့သည်။ 


"ငါက အားနည်းတယ် ဟုတ်လား ငါက ဖက်ဒရယ်တစ်ခုလုံးမှာ အသန်မာဆုံး အပင်စွမ်းရည်ပိုင်ရှင်နော် ပြီးတော့ ငါ့ရဲ့ တိုက်ခိုက်နိုင်တဲ့စွမ်းအားကလည်း ဖက်ဒရယ်တစ်ခုလုံးမှာရှိတဲ့ စွမ်းရည်ပိုင်ရှင်တွေထဲမှာတောင် ထိပ်ဆုံးဆယ်ယောက်ထဲ ပါတယ်နော် ..." 


"ကြည့်ပါဦး ..." 


ရမ်ရှန့်က အစေ့တစ်စေ့ကို ထုတ်ကာ သူ၏စိတ်စွမ်းအင်ဖြင့် အညှောင့် ပေါက်စေလိုက်သည်။ သိပ်မကြာခင် သူ့ကို အပင်တစ်ပင်က ဖုံးလွှမ်းသွားတော့သည်။ ထို့နောက် ပန်းခြံထဲရှိ အပင်တစ်ပင်ကို ကျပန်း လက်ညှိုးထိုးပြလိုက်ရာ ထိုအပင်လည်း ရုတ်ချည်း ကြီးထွားလာပြီး မစ္စတာထန့်ကို ရစ်ပတ်ထားလိုက်သည်။ 


သူသည် မစ္စတာထန့် သုံးခဲ့သည့် နည်းလမ်းကို အသုံးပြုသွားခြင်းဖြစ်သည်။ မစ္စတာထန့်လည်း စိတ်ရှုပ်ထွေးကာ ရှောင်လွီနှင့်အတူ ပြန်တိုက်ခိုက်ရန် ကြိုးစားသော်ငြား ရှောင်လွီမှာ ယခင်ကကဲ့သို့ပင် ရမ်ရှန့်၏ အနားသို့ မကပ်လာနိုင်တော့။ ၎င်း၏ ခန္ဓာကိုယ်က ရှည်ထွက်လာကာ "ကျောက်လင်းယွီ" ဆိုသည့် စကားလုံးကို ဖန်တီးလိုက်သည်။ 


ရှောင်လွီသည် သူ့ကို မကြာခဏ ခြိမ်းခြောက်တတ်သည့် ကျောက်လင်းယွီအား မနှစ်မြို့ချေ။ ထို့ကြောင့် ယခု သူ့ကို ထိန်းချုပ်နေသူမှာ ရမ်ရှန့်သာ ဖြစ်သည်။ 


"ငါ့မှာ မင်းလိုမျိုး ရှောင်လွီကို ထိန်းချုပ်နိုင်စွမ်း မရှိဘူး မင်းက ငါ့ထက် သန်မာပါတယ် ..." 


သူက ပြောလိုက်သည်။ သူ့အနေဖြင့် ရမ်ရှန့်ကို ရှုံးနိမ့်လိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။ 


"အဲဒါထက် ပိုပြီး လုပ်နိုင်သေးတယ် ..." 


ရမ်ရှန့်က ပြောလိုက်သည်။ သူသည် အခြားတိုက်ခိုက်ရေး နည်းလမ်းများကိုပါ သိသေးသော်ငြား ဤကမ္ဘာတွင် စိတ်စွမ်းအင် မရှိသည့်အတွက် ယခင်ကလောက် အစွမ်းထက်မည် မဟုတ်ချေ။ 


အကယ်၍သာ သူတိုက်ခိုက်နေသူမှာ မစ္စတာထန့်နှင့် အဆင့်တူသည့် အခြား‌စွမ်းရည်ပိုင်ရှင်တစ်ဦးသာဆိုလျှင် ဤကဲ့သို့ လွယ်လွယ်ဖြင့် အနိုင်ရခဲ့မည် မဟုတ်ချေ။ သူသည် ဆေးဖက်ဝင်အပင်တို့၏ ဘုရင်ဖြစ်သည်။ သူ၏ စိတ်စွမ်းအင်ကြောင့် အပင်များက သူ့စကားကိုသာ နားထောင်ကြသည့်အတွက် အပင်စွမ်းရည်ပိုင်ရှင်များသည် သူ့ရှေ့တွင် အသုံးမဝင်ချေ။ 


မစ္စတာထန့်၏ မျက်လုံးတို့မှာ ပြူးကျယ်သွားကာ မျက်နှာမှာလည်း မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ကျောက်လင်းယွီသည် ဇာ့ဂ်ဘုရင်မကို ချေမှုန်းခဲ့သည်ဟု ကြားခဲ့ရစဉ်ကပင် ကြောက်လန့်စရာကောင်းသည်ဟု ထင်ခဲ့မိသော်ငြား ယခုတော့ ရမ်ရှန့်ကပင် ပိုဆိုးနေသေးသည်။


ခြံဝင်းထဲတွင်သာ စွမ်းအင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သော်ငြား ရမ်ရှန့်၏ အပင်တိုင်းကို ထိန်းချုပ်နိုင်သော စွမ်းရည်ကို အကဲဖြတ်လျှင်ပင် သူ့ထက် အပြတ်အသတ် သာလွန်နေလေပြီဖြစ်သည်။ 


ဒီကောင်လေးက အရမ်းကို သန်မာတာပဲ သူ့ကို ဆရာမတင်ချင်တာ မထူးဆန်းတော့ပါဘူးလေ ရှောင်လွီက သူ့ကို တအားသဘောကျနေတာလည်း မထူးဆန်းတော့ပါဘူး 


"အခု မင်းက ကျောက်လင်းယွီနဲ့ ထိုက်တန်သွားပြီ ပြီးတော့ မင်းရန်သူတွေကိုလည်း မြေကြီးပေါ်မှောက်ကျတဲ့အထိ အလဲထိုးနိုင်နေပြီပဲ ..." 


လူအိုကြီးထန့်၏ အမူအယာတို့မှာ အမျိုးမျိုး ရှုပ်ထွေးနေသည်။ 


ဟုတ်သားပဲ အရင်က ကျောက်လင်းယွီ သက်သာလာဖို့အတွက်ဆို သန်မာတဲ့ အပင်စွမ်းရည်ပိုင်ရှင်တစ်ဦးက ကူညီရမယ်လို့ ပြောကြသားပဲ အရင်က ရမ်ရှန့် သူ့ကို ကပ်တွယ်နေတာတောင် ကျောက်လင်းယွီ မရုန်းတာက သူ မရုန်းနိုင်လို့ပေါ့ ဟုတ်လား ... 


"ဟုတ်လား ဒါပေမယ့် လင်းယွီက ကျွန်တော့်ကို တစ်ခြားသူတွေနဲ့ ရန်မဖြစ်ဖို့ ပြောထားတယ် ကျွန်တော်ကလည်း ရန်ဖြစ်ရတာ မ‌ကြိုက်ဘူးဆိုတော့ ကျွန်တော် သန်မာတယ်ဆိုတာ တစ်ခြားသူတွေကို ဘယ်လိုလုပ် ပြောပြရမှာလဲ ..." 


ရမ်ရှန့်က မေးလိုက်သည်။ 


သူ့ဘဝတွင် တစ်ခါသာ တိုက်ခိုက်ခဲ့ဖူးသည်။ ၎င်းမှုလည်း အဆုံးအထိ မတိုက်လိုက်ရ။ မပြီးခင်မှာပင် အာကာသအက်ကွဲကြောင်းထဲသို့ ခုန်ချလိုက်၍ဖြစ်သည်။ 


xxxxxxx