Chapter 43
"...."
မစ္စတာထန့်မှာ သူ့ကို ပြောရန် စကားပင် ရှာမရတော့။ အတော်ကြာကာမှ သူက ပြောလိုက်သည်။
"ဒီကိစ္စကတော့ ကျောက်လင်းယွီနဲ့ပဲ တိုင်ပင်လိုက်ပါ မင်းကို ငါ့တပည့်အဖြစ် လက်ခံဖို့ကိစ္စကတော့ ပူမနေနဲ့တော့ ..."
ယခင်က သူပြောခဲ့မိသည်များကို ပြန်တွေးရင်း အရှက်နေရပြီဖြစ်သည်။
"ကျွန်တော့်ကို တပည့်အဖြစ် လက်မခံချင်တော့ဘူးလား ..."
ရမ်ရှန့်က မေးလိုက်သည်။
"မင်းကိုတောင် အနိုင်မယူနိုင်ဘဲနဲ့ ဘယ်လိုမျက်နှာနဲ့ တပည့်အဖြစ် လက်ခံရမှာလဲ ..."
လူအိုကြီးထန့်မှာ အင်မတန်ကို စိတ်ဓာတ်ကျနေလေသည်။
"တကယ်တမ်းတော့ ခင်ဗျားကို ကျွန်တော့်တပည့်အဖြစ် လက်ခံပေးနိုင်ပါတယ် ရှောင်လွီကတော့ သူသာ ကျွန်တော့်တပည့်ဖြစ်လာရင် အနာဂတ်မှာလည်း ကောင်းကောင်း ဂရုစိုက်ပေးမယ် ..."
ရမ်ရှန့်က ရုတ်ချည်း ပြောလိုက်သည်။
"ကျွန်တော် ခင်ဗျားကို အများကြီး သင်ပေးနိုင်တယ်လေ ကျွန်တော့်တပည့်ဖြစ်ရတာ တကယ်ကောင်းတာနော် ..."
လူအိုကြီးထန့်သည် သူ့ကို တစ်နေကုန်တစ်နေခမ်း တပည့်ခံရန် လိုက်ပြောခဲ့သည့်အတွက် သူသည်လည်း တပည့်လိုချင်လာတော့၏။ သူ့အနေဖြင့် စွမ်းရည်များအကြောင်း သင်ကြားမပေးနိုင်သော်ငြား ယေဘုယျအသိပညာများကိုတော့ သင်ကြားပေးနိုင်ပါသေးသည်။ သူ့သခင်မှာ အဂ္ဂိရတ်ပညာတွင် အထူးချွန်ဆုံး ဖြစ်သည့်အတွက် သူလည်း တစ်ချို့တစ်လေကို သင်ယူနိုင်ခဲ့သည်။ သို့သော် မစ္စတာထန့်မှာ မသေခင် နည်းနည်းသာ သင်ယူနိုင်တော့မည်ကိုတော့ စိုးရိမ်မိသည်။
မစ္စတာထန့်မှာလည်း ရမ်ရှန့်၏ စကားများမှာ ကျိုးကြောင်းဆီလျော်သည်ဟု ခံစားမိလာသည်။
ဟုတ်သားပဲ သူသာ ရမ်ရှန့်ကို ဆရာတင်ပြီးတော့ သူ့ဆီကနေ ပညာတွေ ယူရင်းနဲ့ ရှောင်လွီ့ကိုပါ စောင့်ရှောက်ခိုင်းရမယ် ...
ဒါပေမယ့် ... သူ့လို အသက်ငါးရာကျော် အဖိုးကြီးက လူငယ်လေးကို ဆရာတင်တာက သင့်ရော သင့်တော်ပါ့မလား ...
သူ့ရှေ့တွင် ရပ်နေသူမှာ အိုမင်းရင့်ရော်နေသည့် စိတ်ဝိဉာဉ်ပိုင်ရှင် ဖြစ်ကြောင်းကိုတော့ သတိမပြုမိသေးပေ။
"ကျွန်တော့်ကို ဆရာတင်မှာလား မတင်ဘူးလား ..."
ရမ်ရှန့်က မစ္စတာထန့် ပြောခဲ့ဖူးသည့် လေသံအတိုင်း ပြောလိုက်သည်။ ထို့နောက် သူ၏ ချမ်ခွမ့်အိတ်ထဲမှ အစေ့တစ်စေ့ကို ကျပန်းထုတ်ယူကာ ပြုပြင်လိုက်သည်။ ကျင့်ကြံရေးကမ္ဘာမှ အပင်မျိုးစိတ်များကို ဤကမ္ဘာတွင် တစ်ခုတစ်လေမျှ မတွေ့နိုင်သည့်အတွက် လူတိုင်းအနေဖြင့် အသစ်အဆန်းသာ ဖြစ်နေလိမ့်မည်။
ထို့အစေ့က မြက်ပင်ရှည်များအဖြစ် ကြီးထွားလာပြီး လက်သည်းခွံအရွယ် ပန်းအဖြူများလည်း ပါရှိသေးသည်။ ထိုပန်းပွင့်များမှ ထုတ်လွှင့်နေသည့် ပန်းနံ့မှာ ...
မစ္စတာထန်မှာ မြေပြင်ပေါ်သို့ ဘိုင်းခနဲ လဲကျသွားတော့သည်။
43.2
မစ္စတာထန့်မှာ မြေပြင်ပေါ်သို့ ဗိုင်းခနဲ လဲကျသွားတော့သည်။ ထို့ကြောင့် သူ့ကို ပန်းပွင့်အကြောင်း လေ့လာစေလိုသည့် ရမ်ရှန့်မှာလည်း ထိုပန်းပွင့်ကို အစေ့ပုံစံ ပြန်ပြောင်းရင်း သန့်စင်မြေအနည်းငယ်ကို စားသုံးလိုက်သည်။ ကျင့်ကြံရေးကမ္ဘာမှ သူယူလာခဲ့သည့် အစေ့အားလုံးတွင် ဤကမ္ဘာပေါ်ရှိ ပုံမှန် ပန်းပွင့်သော အပင်များနှင့် မတူညီစွာပင် စိတ်စွမ်းအင်များ ပါဝင်နေကြသည်။
"အိမ်တော်ထိန်းအဖိုး လူအိုကြီးထန့်က သတိလစ်သွားပြီ ..."
သူ့ကို ကူသယ်ပေးရန်အတွက် တစ်နေ့တစ်ခြား ပိုမိုသန်မာလာသော အိမ်တော်ထိန်းအဖိုးကို လှမ်းခေါ်လိုက်သည်။
ကျောက်လင်းယွီ ပြန်လာချိန်အထိ လူအိုကြီးမှာ သတိပြန်လည်မလာသေးချေ။ အိမ်တော်ထိန်းက သူ့ကို စစ်ဆေးကြည့်ရာ အိပ်ပျော်နေသည်ဟုသာ စမ်းသပ်မိသဖြင့် အထွေအထူး ပြောပြမနေတော့။ ညစာကို တိတ်တဆိတ် စားသောက်ကာ ကိုယ်စီကိုယ်စီ အခန်းထဲသို့ပြန်ကာ အနားယူလိုက်ကြတော့သည်။
"ရမ် ဒီနေ့ ရှိုးပွဲသွားကြည့်ခဲ့တာ မပျော်ခဲ့ဖူးဆိုရင် ရှေ့လျှောက် ကြယ်ပွင့်နောက်လိုက်ဖို့ မလိုဘူးနော် ကိုယ့်အမြင်မှာတော့ သူက သာမန်သူတွေလို မျက်လုံးနှစ်လုံး ပါးစပ်တစ်ပေါက် ပါရုံပါပဲ အရမ်းကို ပုံတုံးကြီး ..."
ကျောက်လင်းယွီက ပုံတုံးကြီး ဆိုသည့်စကားကို အမူအယာတစ်ချက်မျှ မပြောင်းလဲဘဲ ပြောလိုက်သည်။
"ဘယ်သူပြောလဲ သူက ခန့်ညားပါတယ်နော် ..."
ရမ်ရှန့်က ချဉ်စူးစူးဖြင့် ပြောလိုက်သည်။
အဲ့ဒီ့ကြယ်တာရာကွန်ယက်က လူတွေ ပြောကြတာတော့ ခေါ်မော့ချီက အခန့်ညားဆုံးတဲ့ ပြီးတော့ သူ့ဖန်တွေကလည်း ကျောက်လင်းယွီကို မြှူဆွယ်ဖို့တောင် အားပေးလိုက်ကြသေးတယ် ...
"အရမ်းခန့်ညားတယ် ဟုတ်လား ..."
မာရှယ်လည်း သူနှင့်ထပ်တူ ရှာလကာရည် သောက်လိုက်ရတော့သည်။
မနက်ဖြန်ရောက်တာနဲ့ အဲ့ဒီ့ကောင်ကို မြို့တော်ကြယ်ကနေ အမြန်ဆုံး ထွက်သွားခိုင်းရမယ် မဟုတ်သေးဘူး အဲဒီ့ အိပ်မက်ကြယ်ရဲ့ ကိုယ်စားလှယ်လို့ အမည်ခံထားတဲ့သူကို တွေ့ကို မတွေချင်တော့ဘူး ...
"ကျွန်တော်ကြားတာတော့ ခင်ဗျား မနက်ဖြန် သူနဲ့ သွားတွေ့ရမယ်ဆို ကျွန်တော်လည်း လိုက်ခဲ့မယ် ..."
သူသည် တစ်ဖက်သူကို ကျောက်လင်းယွီမှာ သူ့အပိုင်ဟု မဏ္ဍပ်တိုင် တက်ပြချင်နေသည်။
သူ့အမေကတော့ ကိုယ့်သားအရင်းကို ပြန်ပြီး ကျွင်းတူးပေးလိုက်တာပဲ သူ့ရဲ့ ချစ်စရာဂျင်ဆင်းပေါက်လေးကို ကြယ်ပွင့်နောက်လိုက်အောင် သွေးဆောင်ရဲတယ်ပေါ့ ...
ကျောက်လင်းယွီမှာ အတော်ကို စိတ်သောကရောက်နေရရှာသည်။ သို့သော် အကယ်၍ ရှန်းချိုးရှစ်က သူ့အတွက် ကျွင်းတူးပေးခဲ့မိလျှင်တောင် ဤကျွင်းမျိုး ဖြစ်မနေမည်ကိုတော့ သူမသိခဲ့ချေ။
"ဒါဆို အတည်ပဲနော် အခုတော့ သန္ဓေသား ပညာရေးကို စတင်ရအောင် ..."
ရမ်ရှန့်က သူ့ခေါင်းပေါ်ရှိ အသီးလေးလုံးကို ထုတ်လာလိုက်သည်။ သူ့ကလေးများမှာ အနည်းငယ် ကြီးထွားလာလေပြီ။
ပညာပေးအစီအစဉ်ပြီးသည့်နောက် နှစ်ဦးသား အတွေးကိုယ်စီဖြင့် အိပ်ယာဝင်လိုက်ကြတော့သည်။
မစ္စတာထန့်သည် ညသန်းခေါင်ရောက်မှသာ ပြန်နိုးလာခဲ့သည်။ ဗိုက်ဆာလွန်း၍ မီးဖိုချောင်သို့သွားကာ စားသောက်ပြီးကာမှ ရမ်ရှန့်သည် သူ့ကို တစ်ခါမှ မမြင်ဖူးသည့် အပင်တစ်ပင်ကို ပြခဲ့ကြောင်း သတိရလိုက်သည်။ ပန်းပွင့်များ၏ ရနံ့မှာ သူ့ကို မရေမတွက်နိုင်သည့် အပင်များနှင့် ကူးလူးဆက်နွယ်နေသည့်နှယ် ခံစားရစေသည်။ ထိတ်လန့်သွားခဲ့ပြီးနောက် ရုတ်ချည်း အိပ်ပျော်သွားလေတော့သည်။
ဒီပစ္စည်းမှာ သေချာပေါက်ကို အကျိုးကြီးကြီးမားမား ရှိနေနိုင်တယ် ...
သူသည်လည်း ရှောင်လွီကဲ့သို့ ပြတင်းပေါက်ကို သွားခေါက်လိုက်ချင်သော်ငြား ဆန္ဒကို ချွန်းအုပ်လိုက်သည်။
နောက်နေ့မနက် နိုးလာပြီးနောက် တံခါးပေါက်နားသို့ ရောက်လျှင်ရောက်ချင်း ရမ်ရှန့်သည် မစ္စတာထန့်ကို တွေ့လိုက်ရသည်။ တစ်ဖက်သူက သူ့အနားသို့ ကမန်းကတမ်း ပြေးလာကာ
"ရမ်ရှန့် ငါ မင်းကို ဆရာအဖြစ် အရိုအသေပြုချင်လို့ ..."
ရမ်ရှန့်ကို ဆရာအဖြစ် အရိုအသေပြုချင်လို့... ဒီလူအိုကြီးက ခေါင်းထိခိုက်သွားတာတော့ မဟုတ်ပါဘူးနော် ...
ကျောက်လင်းယွီက သူ့ကို မယုံနိုင်စွာ ကြည့်နေလိုက်သည်။
လူအိုကြီးကတော့ ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
"ရမ်ရှန့် ဒီနေ့ပဲ မင်းကို ဆရာအဖြစ် ဂါရဝပြုမယ် ..."
သူသည် အခြားသူများ၏ အတွေးကို ဘယ်သောအခါကမှ ဂရုမစိုက်ခဲ့ရာ ယခုလည်း မျက်နှာအပျက်ခံလိုက်တော့မည် ဖြစ်သည်။
"မရဘူး ဒီနေ့ လုပ်စရာရှိနေသေးတယ် ..."
ရမ်ရှန့်က ပြောလိုက်သည်။ သူ့အချစ်ပြိုင်ဘက်ကို ကျောက်လင်းယွီနဲ့အတူတူ သွားတွေ့ရမှာလေ ဘယ်မှာ တပည့်လက်ခံဖို့ အချိန်ရှိမှာလဲ ...
"လောင်ထန့် ခင်ဗျား ဘာတွေ ဖြစ်နေတာလဲ ..."
ကျောက်လင်းယွီက သူ့ကို မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဘာဖြစ်ရမှာလဲ ... ချွေးမလေး ရိုက်တာကို ခံလိုက်ရ ... မဟုတ်သေးဘူး မင်းယောကျာ်းရိုက်တာကို ခံလိုက်ရတာလေ ..."
သူ့ဆရာသခင်သည် စွမ်းရည်လုံးဝမရှိတော့သည့် ကျောက်လင်းယွီထက် များစွာ စွမ်းအားကြီးပေသည်။ ကျောက်လင်းယွီသာ မနေ့က ပန်းပွင့်များကို မြင်လိုက်ပါလျှင် အနံ့ရသည်နှင့်တစ်ပြိုင်နက် မေ့လဲသွားကာ သူ့ဆရာသခင်၏ သွန်လိုသွန်၊ မှောက်လိုမှောက် စိတ်ကြိုက်လုပ်ခြင်းကို ခံရမည်ဖြစ်သည်။
ကျောက်လင်းယွီမှာတော့ သူနှင့် သူ့မိသားစုဝင်များအကြား ကွာဟချက်ကြီးကြီးမားမား ရှိနေပြီဟု ခံစားမိလိုက်တော့သည်။
သို့သော်ငြား ယခု သူ့အနေဖြင့် အာရုံစိုက်ရမည့်ကိစ္စမှာ ရမ်ရှန့်၏ တပည့်သစ်လက်ခံခြင်းအကြောင်း မဟုတ်ပေ။ ကြယ်ပွင့်များနောက် လိုက်ခြင်းကိုသာ ပိုပြီး အာရုံစိုက်ရမည်ဖြစ်သည်။
လူအိုကြီးထန့်မှာ အိုမင်းနေပြီဖြစ်သည့်အပြင် ရုပ်ရည်မှာလည်း ကြည့်မကောင်းသည့်အတွက် သူ့နေရာကို မခြိမ်းခြောက်နိုင်ပေ။ သို့သော် ခေါ်မော့ချီကတော့ မတူပေ။
မစ္စတာထန့်မှာ သူ့စကားမဆုံးခင် ထွက်သွားကြသော ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့၏ နောက်ကျောကိုသာ ငေးကြည့်နေလိုက်သည်။
ထိုအချိန်တွင် ပထမတပ်ဖွဲ့၏ ဧည့်ကြိုကောင်တာတွင် လူအချို့စုဝေးနေကြသည်။ ငယ်ရွယ်ချောမောသည့် လူငယ်လေးတစ်ဦးက သူ့အင်္ကျီကို အဌမအကြိမ်မြောက် ပြန်ပြင်ရင်း တံခါးဝကို မျှော်လင့်တကြီး စိုက်ကြည့်နေသည်။ သူ့ဘေးနားရှိ လူများမှာလည်း ပွဲကြည့်ရန် တစ်ဖြေးဖြေး ရောက်လာကြသည်။
ထိုသည်ကို ကြည့်နေသော ဝူရွှိုက်က ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
"မာရှယ့်ကို လေးစားတဲ့သူတွေက တစ်ကမ္ဘာလုံးကို အပြည့်ပဲနော် ငါလည်း ဘယ်အချိန်မှ ဒီလိုမျိုး ဖြစ်လာမလဲ မသိဘူး ... "
ယခင်ကမူ ထိုခေါ်မော့ချီသည် မာရှယ့်ကို သဘောကျခြင်းမှာ ခေတ်ရေစီးကြောင်းအရဟုသာ ထင်ခဲ့သည်။ သို့သော် ယခုတော့ ဟုတ်ဟန် မတူတော့ချေ။
"မဖြစ်နိုင်ဘူး ..."
ကျောက်နာက အလေးအနက် ပြောလိုက်သည်။
"အာရုံမခံနိုင်တာလား ..."
"ဒါမျိုးက အာရုံခံစရာတောင် မလိုဘူး ..."
သူမက အလေးအနက် ပြောလိုက်သည်။
"..."
xxxxxxx