အပိုင်း ၄၄
Viewers 18k

Chapter 44


စွမ်းရည်ပိုင်ရှင်တစ်ဦး၏ အထောက်အထားမှာ အချို့အရာများကို ဆောင်ရွက်ရန် ပိုမိုလွယ်ကူသည့်အတွက် ယခု ရမ်ရှန့်၏ အထောက်အထားသည် ၁၈နှစ်အရွယ် အပင်စွမ်းရည်ပိုင်ရှင် ဖြစ်နေပြီဖြစ်သည်။ 


စစ်တပ်ထဲသို့ ဝင်မည့် စွမ်းရည်ပိုင်ရှင်များသည် စစ်တပ်‌၏ ခေါင်းဆောင်ပိုင်းမှ ခွင့်ပြုချက်ရပါလျှင်  သာမန်သူများကဲ့သို့ အစစ်ဆေးခံရန် မလိုအပ်ချေ။ ထို့ကြောင့် ကျောက်လင်းယွီသည် ရမ်ရှန့်ကို သူ့လက်ထောက်အဖြစ် ပထမတပ်ဖွဲ့သို့ ပွင့်ပွင့်လင်းလင်း ခေါ်ဆောင်လာခဲ့သည်။ 


မြို့တော်ကြယ်တွင် ကျယ်ပြောလှသည့် သမုဒ္ဒရာကြီး ရှိနေကာ ပထမတပ်ဖွဲ့၏ မြို့စောင့်တပ်သည် ထိုသမုဒ္ဒရာတွင် တည်ရှိပြီး ပင်လယ်၏ ဧရိယာတော်တော်များများနှင့် အနီးနားရှိ ကျွန်းဆွယ်အများစုပါ ပါဝင်နေသည်။ 


ယခုလက်ရှိအချိန်၌ ကျောက်လင်းယွီ၏ ဩဇာလွှမ်းမိုးမှုမှာ စစ်တပ်ထဲတွင် ပြိုင်ဖက်မရှိပေ။ ထို့ကြောင့် မရေမတွက်နိုင်သည့် လူပေါင်းများစွာက မာရှယ့်ကို ကြိုဆိုရန် မနက်အစောကြီးကတည်းက လေယာဉ်ရပ်နားရာ နေရာတွင် လာရောက်စောင့်ဆိုင်းနေကြသည်။ 


ငွေမင်ရောင် လေယာဉ်တစ်စင်း သက်ဆင်းလာချိန်တွင်တော့ ထိုလူအားလုံး အသံတိတ်သွားတော့သည်။ ရင်ကို ကော့မတ်ကာ ဗိုက်ကိုချပ်ရင်း မာရှယ့်ရှေ့တွင် အမြင်ကောင်းရရန် အစွမ်းကုန် ကြိုးစားနေကြသည်။ 


ယာဉ်ပျံ ရပ်တန့်သွားပြီးနောက် ကျောက်လင်းယွီသည် စစ်ယူနီဖောင်း အပြည့်အစုံဖြင့် ခန့်ခန့်ညားညား ထွက်လာလိုက်သည်။ 


"မင်္ဂလာမနက်ခင်းပါ မာရှယ် ..." 


အားလုံးမှာ အလေးပြုအရိုအသေးပေးရန်ပင် မစောင့်နိုင်ကြတော့။ ကျောက်လင်းယွီသည် ယခင်ကကဲ့သို့ သူတို့ကို ပြန်ပြီး ခေါင်းညိတ်မပြဘဲ ယာဉ်ဘက်သို့ ပြန်လှည့်ကာ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ 


အံ့ဩစရာပဲ မာရှယ်ကြီးက လေယာဉ်ထဲက တစ်ခြားတစ်ယောက်ကို ကြိုဆိုလိုက်တယ်တဲ့ ... သူက ဖက်တောင်ဖက်လိုက်သေးတယ်တဲ့ ... 


ကျောက်လင်းယွီက ယာဉ်ပျံပေါ်မှ သယ်လာပေးပြီးသည့်တိုင် သူ့လည်ပင်းကို ဖက်တွယ်နေသေးသည့် ဆယ်ကျော်သက်ကလေးကို တွေ့လိုက်ရချိန်တွင်တော့ အားလုံးမှာ မျက်လုံးများပင် ကျွတ်ကျသွားတော့မည်ဟု ခံစားလိုက်ရတော့သည်။ 


မာရှယ့်ကို ဒီလိုမျိုး ဖက်ထားတာ လွှင့်ပစ်ခံလိုက်ရမှာ မကြောက်ဘူးလား ... 


ထိုမြင်ကွင်းကို မြင်လိုက်ရသူများမှာ မိုးကြိုးပစ်ချခံလိုက်ရသည့်နှယ်ပင်။ သို့သော် ကျောက်လင်းယွီကတော့ တည်ငြိမ်နေဆဲပင်ဖြစ်သည်။ သူ့ကို သွားခွင့်မပေးဘဲ ဖက်တွယ်ထားသည့် ရမ်ရှန့်ကို သယ်ထားရင်း  ပုံမှန်အတိုင်း လွှားကနဲ ‌ခြေလှမ်းလှမ်းလိုက်သည်မှာ လုပ်ရိုးလုပ်စဉ်တစ်ခုကဲ့သို့ပင် ပြီးပြည့်စုံနေသည်။ 


ဘာပဲဖြစ်ဖြစ် ဒါကြီးက သာမန် ဟုတ်မနေဘူးလေ ... 


မာရှယ်သည်  ပထမတပ်ဖွဲ့တွင် နှစ် ၃၀ နီးပါးခန့်  တာဝန်ထမ်းဆောင်ခဲ့သော်ငြား ခြေလက် မရှိတော့သည့် စစ်သား သို့မဟုတ် ပြင်းပြင်းထန်ထန် ဒဏ်ရာရသူနှင့် ကြုံရချိန်မှတစ်ပါး မည်သူ့ကိုမှ မထိခဲ့ချေ။ ဒါပေမယ့် အခုတော့ကြည့်ပါဦး သူက လူတစ်ယောက်ကို ပေါ်ပေါ်ထင်ထင်ကြီးကို ချီလာတယ်‌တဲ့ ... 


"အဲဒါက မာရှယ့်ရဲ့ ကေးဆိုတဲ့တစ်ယောက်လား ..." 


သူ့ပုံရိပ် ပျောက်ကွယ်သွားကာမှ တစ်ယောက်ယောက်က မေးလိုက်သည်။ 


"တကယ်ကြီး အဲဒီ့ကေးပဲ ... မာရှယ်ကလည်း တစ်ယောက်ယောက်ကို ပွေ့ဖက်ထားတတ်တယ်လား ..." 


"မာရှယ်နဲ့ ယှဉ်ကြည့်မှ ဒီကေးက သေးသေးလေးနဲ့ ချစ်စရာလေးနော် ..." 


"မာရှယ်ရဲ့ကေးကို ဘယ်လိုသတ္တိနဲ့များ ချစ်စရာကောင်းတယ်လို့ ပြောချလိုက်တာလဲ ..." 


..... 


အံ့အားသင့်နေသော တပ်သားပေါင်းများစွာကို ချန်ထားရင်း ဧည့်ကြိုကောင်တာဆီသို့ လျှောက်လာလိုက်သည်။ ထို့နောက် တံခါးဝတွင် ကျောက်နာနှင့် တီးတိုးပြောနေသော ဝူရွှိုက်ကို တွေ့လိုက်ရသည်။ 


"ဝူရွှိုက် မင်းက အရမ်းကို အားလပ်နေတာ ထင်တယ် ..." 


သူက ပြောလိုက်သည်။ 


"မဟုတ်တာ မဟုတ်တာ ..." 


ဝူရွှိုက်က သူနှင့် ရမ်ရှန့်တို့ကို အပြန်ပြန်အလှန်လှန် ကြည့်ပြီးနောက် အသံကိုမြှင့်ကာ ပြောလိုက်သည်။ 


"မာရှယ် ရောက်လာပါပြီ ..." 


သူ့အသံ ဆုံးသည်နှင့်တစ်ပြိုင်နက် ငယ်ရွယ်ချောမောသည့် အမျိုးသားတစ်ဦးသည် အခန်းထဲမှ ပြေးထွက်လာခဲ့သည်။ 


"မာရှယ် ခေါ်မော့ချီက အိပ်မက်ကြယ်ရဲ့ကိုယ်စား မာရှယ့်ကို နှုတ်ခွန်းဆက်သလိုက်ပါတယ် ..." 


သူ့မျက်နှာပေါ်ရှိ အပြုံးမှာ အင်မတန် တောက်ပနေကာ ကျောက်လင်းယွီ၏ လက်မောင်းထဲရှိ အပိုလူကို မြင်လိုက်သည့်တိုင် ရမ်ရှန့်ကို ခပ်ကြာကြာ စိုက်ကြည့်လိုက်သည်မှ လွဲ အမူအယာ ပြောင်းမသွားချေ။

44.2


ကျောက်လင်းယွီကလည်း ထိုအကြည့်ကို ချက်ခြင်း သတိထားမိလိုက်သည်။ 


ရမ်ရှန့်မှာ အင်မတန် တင့်တယ်နေပေသည်။ ယနေ့ သူ့ဝတ်လာသည့် စစ်ဝတ်စုံလေးမှာ သူ့ကို အနည်းငယ် ဖုံးအုပ်ပေးထားသည့်တိုင် ထိုသူကတော့ ရမ်ရှန့်ကို ဆက်ပြီး စိုက်ကြည့်နေသေးသည်။ 


သူ့အမူအယာများကို ထိန်းချုပ်ရင်း ကျောက်လင်းယွီက မသိမသာ ခေါင်းငြိမ့်ပြလိုက်သည်။ 


"မင်္ဂလာပါ ..." 


"မာရှယ် တကယ်လို့ မာရှယ့်ကျေးဇူးကြောင့်သာ မဟုတ်ရင် အိပ်မက်ကြယ်ဆိုတာ ရှိနေတော့မှာ မဟုတ်ပါဘူး ဂြိုဟ်က လူတွေအားလုံးကိုယ်စား ကျွန်တော်ကပဲ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ် ..." 


ခေါ်မော့ချီက ထိုသို့ ပြောလိုက်ပြီးနောက် သူ့အကြည့်များသည် ရမ်ရှန့်ထံ တစ်ဖန် ကျရောက်လာပြန်သည်။


သူသည် သာမန်ကြယ်ပွင့်တစ်ဦး မဟုတ်ချေ။ သူ့ဖခင်သည် ကြယ်ဆယ်ခုထက်မနည်း ပိုင်ဆိုင်ကာ ဖက်ဒရယ်၏ နာမည်ကြီး သတ္ထုတွင်းပိုင်ရှင် သူဌေးဖြစ်သည်။ သို့သော် သတ္ထုတွင်းပိုင်ရှင်သူဌေး၏ သားဖြစ်စေကာမူ သူ၏ ငယ်ဘဝအိပ်မက်မှာ စစ်သားဖြစ်လာရန်ဖြစ်သည်။ 


သူ့မိသားစုကတော့ ထိုအကြံကို မထောက်ခံသည့်အပြင် ကျိုးကြောင်းဆီလျော်မှုမရှိဟုပင် ယူဆလိုက်ကြသေးသည်။ မိဘများ၏ တွန်းအားပေးမှုကြောင့် စစ်သားမဖြစ်ဘဲ သရုပ်ဆောင်တစ်ဦးသာ ဖြစ်လာခဲ့ရသည်။ 


သို့သော် သူ၏ စစ်တပ်အပေါ် သဘောကျမှုမှာ ရပ်တန့်မသွားချေ။ စစ်တပ်၏ ဗိုလ်မှူးများစွာအနက် ကျောက်လင်းယွီသည် သူ အလေးစားရဆုံးသူ ဖြစ်သည်။ 


အတိတ်အချိန်က ကျောက်လင်းယွီကို လေးစားခဲ့သည့်တိုင် သူ၏ ကယ်ဆယ်ခြင်းကို ခံရလိမ့်မည်ဟုတော့ လုံးဝထင်မှတ်မထားခဲ့ချေ။ 


ဇာ့ဂ်ဘုရင်မ ရောက်မလာခင်ကတည်းက ဇာ့ဂ်အကောင်ပေါင်းများစွာသည် အိပ်မက်ကြယ်ကို ဝိုင်းရံထားနှင့်သည်။ စကြ၀ဠာထဲတွင် လှည့်ပတ်သွားလာနေသည့် ထိုသတ္တဝါများကြောင့် အိပ်မက်ကြယ်ရှိ ပြည်သူများမှာ လွတ်မြောက်ဖို့ရန် မဖြစ်နိုင်တော့ချေ။ သူကိုယ်တိုင်လည်း သေတော့မည်ဟုသာ တွက်ဆထားပြီးဖြစ်သည်။ 


ထိုအချိန်တွင် အိပ်မက်ကြယ်အခြေစိုက် ရုပ်သံထုတ်လွှင့်ရေးစခန်းက အာကသထဲသို့ ပထမတပ်ဖွဲ့ ရောက်လာကာ ဇာ့ဂ်များနှင့် တိုက်ခိုက်နေသည့် ပုံရိပ်တစ်ခုကို ထုတ်လွှင့်ပြသလာသည်။ 


ကျောက်လင်းယွီ၏ နောက်ဆုံးတိုက်ကွက်က သူ့ကို နက်နက်ရှိုင်းရှိုင်း တုန်လှုပ်သွားစေကာ ယခင်ကထက်ပင် ပိုပြီး လေးစားသွားတော့သည်။ နောက်ပိုင်း ကျောက်လင်းယွီမှာ ဒဏ်ရာရသွားကြောင်း သိလိုက်ရချိန်တွင် နင့်နင့်သည်းသည်း ဝမ်းနည်းသွားရတော့သည်။ 


ထို့ကြောင့် ကျောက်လင်းယွီ၏ တည်ရှိမှုကို ဖက်ဒရယ်တစ်ခုလုံး သိရှိစေရန်အတွက် သူ့ကိုယ်ပိုင်ဆန္ဒဖြင့်  "နောက်ဆုံးသော အခိုက်အတန့်"တွင် ကျောက်လင်းယွီ၏ နေရာက သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ 


ရုပ်ရှင်မရိုက်ခင်အထိ ကျောက်လင်းယွီကို စံပြပုဂ္ဂိုလ်အဖြစ်သာ လေးစားခဲ့ခြင်းဖြစ်သည်။ ရိုက်ကူးရေးကို ပထမတပ်ဖွဲ့ကလည်း ထောက်ပံ့ပေးထားသည့်အတွက် ကျောက်လင်းယွီ၏ သတင်းစကားများကို အဦးဆုံး ကြားရကာ သူ့အပေါ် ခံစားချက်များမှာလည်း တစ်စထက်တစ်စ ပြတ်သားလာတော့သည်။ 


ကျောက်လင်းယွီ‌အပေါ် သူ၏ ခံစားချက်များမှာ ဘယ်အချိန်ကတည်းက ပြောင်းလဲသွားမှန်း မသိခဲ့ချေ။ သူသည် ဝမ်ယွဲ့နှင့် မာရှယ့်ဘေးရှိ ကေးကိုပါ မုန်းတီးစပြုလာသည်။ ကျောက်လင်းယွီကို စစ်ရေးပြစင်မြင့်တွင် နောက်တစ်ကြိမ် ထပ်မြင်လိုက်ရသည့်အခါ သူ့နှလုံးသားမှာ ပေါက်ကွဲထွက်လုမတတ် ခံစားလိုက်ရသည်။ 


သို့သော် သူတို့နှစ်ဦးအကြားရှိ ကွာခြားချက်မှာ ကြီးမားလှပေသည်။ သူသည် စွမ်းရည်ပိုင်ရှင်တစ်ဦး မဟုတ်သည့်အတွက် ကျောက်လင်းယွီ၏ သတို့သမီးလောင်းမှာလည်း ကေးမဟုတ်ကြောင်း သူ၏ သစ္စာရှိ ပရိသတ်တို့ထံမှ မသိရခင်အထိ ဘာတစ်ခုကိုမှ မလှုပ်ရှားရဲခဲ့ချေ။ 


အဲ့ဒီ့ရမ်ရှန့်ကလည်း သူ့လိုပဲ ကိုယ်ဝန်မဆောင်နိုင်ဘူးဆိုမှတော့ သူက ဘာလို့ ဒီဆယ်ကျော်သက်လေးထက် ပိုမသာရမှာလဲ ... 


သူအနေနဲ့ဆို အဲ့ဒီကောင်လေးကို မယှဉ်နိုင်စရာမှ မရှိတာ ... 


ရမ်ရှန့်ကို လက်မောင်းကြား ပွေ့ဖက်ကာ ပုံမှန်ထက် အဆပေါင်းများစွာ နူးညံ့သည့် လေသံဖြင့် ပြောနေသော်ငြား သူ့ကိုတော့ စီးပွားရေးဆန်ဆန် ပြောဆိုဆက်ဆံသည့် အချက်တစ်ချက်တည်းကပင်လျှင် ခေါ်မော့ချီကို သူ့အတွေးများအားလုံးမှာ တစ်ဖက်သတ် အထင်မှားနေခြင်းသပ်သပ်သာ ဖြစ်ကြောင်း သဘောပေါက်သွားစေသည်။ 


သူသည် သရုပ်ဆောင်တစ်ဦးဖြစ်သည့်အလျောက် ခံစားချက်တို့ကို ထိန်းချုပ်ရာတွင် ထူးချွန်လှပေသည်။ အသည်းကွဲပြီးနောက် သူချစ်ရသူကို ကြည့်မိသည့်တိုင် ခံစားချက်တစ်စုံတစ်ရာမှ မဖော်ပြပေ။ သူ၏ အကြည့်ကြောင့် နှင်ထုတ်ခံရမည်ကို စိုးရိမ်သဖြင့် ရမ်ရှန့်ကိုသာ ပိုပြီး အာရုံစိုက်လိုက်တော့သည်။ 


ရမ်ရှန့်ကလည်း သူ့ကိုသာ စိုက်ကြည့်နေသည်။ 


သူက တစ်ဖက်သူ၏ တုန့်ပြန်မှုကို ကြည့်လို၍ ကျောက်လင်းယွီကို ဖက်တွယ်ထားခြင်း ဖြစ်သော်ငြား ထိုသူကတော့ ကျောက်လင်းယွီကို  လုံးဝ သဘောမကျသည့်နှယ်  တည်ငြိမ်နေကာ သူ့ကိုပင် ပြုံးပြနေလိုက်‌သေးသည်။ 


တကယ်တမ်းတော့ ခေါ်မော့ချီကလည်း သူ ကျောက်လင်းယွီကို ကြိုက်ပါတယ်လို့ ထုတ်မပြောဖူးဘူးလေ သူထင်တာပဲ မှားသွားတာလား ... 


ရမ်ရှန့်လည်း အနည်းငယ် ရှက်ရွံ့သွားသည့်အတွက် တစ်ဖက်သူကို ပြန်ပြုံးပြလိုက်သည်။ 


ဆယ်ကျော်သက်လေး၏ အပြစ်ကင်းစင်သည့် အပြုံးသည် သူ့ကို အေးခဲသွားစေသည်။ သူ့အနေဖြင့်လည်း ထိုအချစ်ပြိုင်ဘက်ကလေးကို မမုန်းနိုင်တော့သည့်အတွက် သူ့အပြုံးတို့မှာ ယခင်ကထက်ပင် ပိုပြီး စစ်မှန်လာပေသည်။ 


ကျောက်လင်းယွီကတော့ အင်မတန်ကို နောင်တရနေမိတော့သည်။ အလွန့် အလွန်ကို နောင်တရ‌မိနေလေသည်။ 


xxxxxxxx