အပိုင်း ၄၅
Viewers 18k

Chapter 45


တစ်ချက်လေး အငိုက်မိလိုက်တာကြောင့်နဲ့ ရမ်ရှန့်ကို ဒီကြယ်ပွင့်ကောင်နဲ့ တွေ့ဖို့ ခေါ်မလာခဲ့သင့်ဘူး ... 


တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ပြုံးပြနေသည့် ရမ်ရှန့်နှင့် ခေါ်မော့ချီတို့ကို ကြည့်နေရင်း သူ၏ အဟုန်မှာ တားဆီး၍ မရနိုင်လောက်အောင် ပိုပိုပြီး သန်မာလာတော့သည်။ 


ခေါ်မော့ချီမှာ ထိုကဲ့သို့ အရှိန်အဝါမျိုးကို ရင်မဆိုင်နိုင်သည့်အတွက် သူ့ခန္ဓာကိုယ်မှာ ‌တစ်ဖြေးဖြေး အေးစက်လာတော့သည်။ မသက်မသာ ခံစားရသော်ငြား အကြောင်းအရင်းကိုတော့ စဉ်းစား၍ မရသေးသည့်အတွက် စိတ်ရှုပ်ထွေးလာတော့သည်။ ကျောက်လင်းယွီ၏ ခေါ်မော့ချီအပေါ် မနှစ်မြို့မှုကို ခံစားလိုက်မိသည့် ရမ်ရှန့်ကတော့ စိတ်ခံစားချက် ကောင်းမွန်လာတော့သည်။ 


"အိပ်မက်ကြယ်က အပျက်အစီးတွေ အများကြီး ကြုံတွေ့ခဲ့ရတာဆိုတော့ အရေးတကြီး ပြန်လည်ထူထောင်ဖို့ လိုအပ်နေမှာပဲ ကိုင်တွယ်စရာ ကိစ္စတွေလည်း အများကြီး ရှိနေမှာဆိုတော့ မင်းကို မနက်ဖြန်ပဲ ပြန်ပို့ပေးပါ့မယ် ..." 


ကျောက်လင်းယွီက သူ့ကို ခပ်တည်တည်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ 


သူ့အပြုံးတို့မှာ လမ်းတစ်ဝက်တွင်ပင် အေးခဲသွားတော့သည်။ အနီးအနားရှိ ဂြိုဟ်များတွင် ရှိုးပွဲကျင်းပရန် အလုပ်များနေသေးသည့်အတွက် အိပ်မက်ကြယ်သို့ ပြန်ရန် အချိန်မရှိသေးပေ။ ပြီးတော့ အိပ်မက်ကြယ် ပြန်လည်ထူထောင်တဲ့နေရာမှာ သူ့ကို ဘာလို့ လိုအပ်ရမှာလဲ သူက ဒီတိုင်း ကြယ်ပွင့်လေးတစ်ယောက်ပဲလေ ... 


ဒါပေမယ့် ဘာလို့များ သဘောမတူမိရင် တစ်ခုခု ဖြစ်လာလိမ့်မယ်လို့ ခံစားမိတာပါလိမ့် ... 


"လင်းယွီ ဒီနေရာမှာ သရုပ်ပြ‌စစ်‌သင်္ဘောမောင်းနှင်တဲ့စနစ် ရှိတယ်ဆို အဲဒါကို သွားကြည့်ရအောင်လေ နော် ..." 


ရမ်ရှန့်သည် ခေါ်မော့ချီကို အနည်းငယ် စာနာမိလာ၍ သူ့ကို ကူညီပေးလိုက်သည်။ 


"ကောင်းပြီလေ ..." 


သူက ခေါင်းငြိမ့်ပြလိုက်သည်။ ရမ်ရှန့်ကို ပုံပြင်ပြောပြစဉ်ကတည်းက သူသည် စစ်သင်္ဘော မောင်းနှင်ခြင်းကို လွန်စွာ စိတ်ဝင်စားကာ အမြဲလိုလို စမ်းမောင်းကြည့်ချင်ခဲ့သူဖြစ်သည်။ လူသစ်များအနေဖြင့်  စစ်သင်္ဘောအစစ်ဖြင့် လေ့ကျင့်ရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူ့ကို ဤနေရာရှိ သရုပ်ပြလေ့ကျင့်ရေးစနစ်ဖြင့် စမ်းမောင်း‌စေခြင်းဖြစ်သည်။ 


ပြီးတော့ အရေးအကြီးဆုံးတစ်ချက်လည်း ရှိသေးတာပေါ့  ဟိုကြယ်ပွင့်ကောင်ကို ချန်ထားခဲ့လို့ ရပြီလေ ... 


"တိုက်ခိုက်ဖို့ သွားတော့မှာလား ..." 


ရမ်ရှန့်က ခုန်ပေါက်ရင်း ထပ်မေးလိုက်သည်။ 


"ဒါပေါ့ ..." 


ကျောက်လင်းယွီအနေဖြင့်လည်း သဘောမတူရန်အကြောင်း မရှ်ိချေ။ 


ကျောက်လင်းယွီနှင့် ရမ်ရှန့်တို့ ထွက်သွားသည်ကို ကြည့်နေပြီးနောက် ခေါ်မော့ချီ၏ အကြည့်တို့သည် သူ့အကြိုက်နှင့် ကိုက်ညီကာ သင့်တော်သည့် ဂုဏ်ပုဒ်လည်း ရှိနေသည့် ဝူရွှိုက်ထံ ကျရောက်သွားပြန်တော့သည်။ 


"ကျွန်တော်က မနက်ဖြန် အိပ်မက်ကြယ်ကို ပြန်ရမှာလား ..." 


"အိပ်မက်ကြယ်အထိတော့ ပြန်စရာ မလိုပါဘူး ဒါပေမယ့် မြို့တော်ကြယ်ကနေတော့ ထွက်သွားဖို့ အကြံပေးချင်တယ် ..." 


ဝူရွှိုက်က သူ့ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။ အခုဖြစ်သွားတဲ့ အခြေအနေအရဆိုရင် ဒီတစ်ယောက်ကို မာရှယ်က အချစ်ပြိုင်ဘက်လိုမျိုး သဘောထားပြီး ကြည့်သွားတာ မဟုတ်လား ... 


သူတို့ရဲ့ မာရှယ်ကြီးတောင် ဘယ်လိုသဝန်တိုရမလဲ သိနေပြီပဲ ... 


သူ၏ နတ်ဘုရားကို သွေးဆောင်လိုသော်ငြား နတ်ဘုရားက အခြားသူတစ်ဦးအား ချစ်ခြင်းမေတ္တာများ ထုတ်ပြနေသည်ကိုသာ အတင်းအကြပ် ကြည့်နေခဲ့ရသည့်အပြင် ချက်ခြင်း နှင်ထုတ်ခံလိုက်ရသည့်အတွက် ခေါ်မော့ချီမှာ အနည်းငယ် ဝမ်းနည်းသွားတော့သည်။ သိူ့သော် မာရှယ်ထိုင်ခဲ့သည့် ပလက်စတစ်ထိုင်ခုံမှာ ကျိုးသွားသည့်အတွက် ဆက်ပြီး အချိန်ဖြုန်းမနေရဲတော့ချေ။ 


"သွက်သွက်လေး ပြန်တော့ မာရှယ်က တော်တော်လေးကို သည်းခံထားရတာ ..." 


မနေ့က မာရှယ်ဖျက်ဆီးခဲ့သည့် တန်လေးထောင်ကျော်ကို စဉ်းစားရင်း ဝူရွှိုက်မှာ သူ့ကို ပို၍ပင် သနားမိလာတော့သည်။ 


သူ့ကို အဝေးပို့ပြီးနောက် မာရှယ်၏ အချစ်ဇာတ်လမ်းကို ဆက်ကြည့်ရန် ကြံနေသည့် ဝူရွှိုက်က ကွန်ပျူတာကိုထုတ်ကာ မေးလိုက်သည်။ 


"မာရှယ် ဘယ်သွားလဲ ..." 


"မာရှယ်က အခု သရုပ်ပြ‌စစ်သင်္ဘော လေ့ကျင့်ရေးကွင်းကို သွားနေပါတယ် လူတိုင်းကလည်း မာရှယ်လေ့ကျင့်တာကို ကြည့်ဖို့ အဆင်သင့် စောင့်နေကြပါတယ် ..." 


မာရှယ်က ပေါက်စလေးရဲ့ ရှေ့မှာ အစွမ်းပြဖို့ ကြံနေတာလား ... 


သူ့မေးစေ့ကို ပွတ်ရင်း ဝူရွိုက်သည် သူ့အကောင့်ကို ဝင်ကာ ကြည့်ရှုရန် ပြင်ဆင်လိုက်သည်။ ပထမတပ်ဖွဲ့၏ အခြားတပ်သားများမှာလည်း အွန်လိုင်းပေါ်မှတစ်ဆင့် ကြည့်ရှုရန် အဆင်သင့်ဖြစ်နေလေပြီ။ 


မာရှယ်၏ စစ်သင်္ဘော မောင်းနှင်နိုင်စွမ်းမှာ အတုမရှိ ပြိုင်ဘက်ကင်းမဲ့လေသည်။ သူသည် ခက်ခဲနက်နဲသည့် ပဲ့ထိန်းမှု များစွာကိုပင် ပြုလုပ်နိုင်ပြီး ပထမတပ်ဖွဲ့၏ S အဆင့် လေယာဉ်မှူးသုံးဦးအနက် တစ်ဦးဖြစ်သည့်အတွက် လက်မလွတ်တမ်း စောင့်ကြည့်ရမည်ဖြစ်သည်။ 


သရုပ်ပြစစ်သင်္ဘော၏ တည်ဆောက်ပုံမှာ စစ်သင်္ဘောအစစ်နှင့် တစ်ထပ်တည်းပင်ဖြစ်သည်။ helmet ကို ကြယ်တာရာကွန်ယက်နှင့် ချိတ်ဆက်နိုင်ပြီး အရှေ့နားရှိ ခလုတ်ကို တစ်ချက်နှိပ်ရုံဖြင့် ကွန်ယက်ပေါ်ရှိ အခြားသူများနှင့် တိုက်ခိုက်နိုင်ပေသည်။


ကျောက်လင်းယွီက သူ့ကို ခလုတ်တစ်ခုချင်း၏ လုပ်ဆောင်ပုံကို ရှင်းပြရင်း ပြောလိုက်သည်။ 


"ကိုယ် မင်းနဲ့အတူတူ မောင်းလို့ရအောင် နှစ်ယောက်တွဲစနစ်ကို ဖွင့်လိုက်မယ် ကိုယ့်အတိုင်း လိုက်လုပ်နော် အရင်ဆုံး လေ့ကျင့်ကြတာပေါ့..." 


ရမ်ရှန့်မှာ သူ့ helmet ကို ဆောင်းရန် မစောင့်နိုင်တော့ချေ။ 


ထိုသည်ကို မြင်လိုက်သည့် ကျောက်လင်းယွီလည်း ကစားသမား နှစ်ဦး ပါရှိသည့် တိုက်ခိုက်ရေးအခန်းတံခါးကို ပိတ်ကာ သူ့ helmet ကို ဆောင်းလိုက်သည်။ 


တစ်ချိန်တည်းတွင်ပင် ပထမတပ်ဖွဲ့ရှိ တပ်သားအားလုံးမှာလည်း ကြည့်ရှုရန် အဆင်သင့် ဖြစ်နေကြပြီဖြစ်သည်။ 


ပထမတပ်ဖွဲ့၏ ဗိုလ်မှူးတစ်ဦးဖြစ်သူ Sutton သည် ခွင့်တစ်ရက်ယူထားပြီး ထိုသတင်းကို ကြားလိုက်ရချိန်တွင် ပထမတပ်ဖွဲ့၏ ကွန်ယက်ထဲသို့ ဝင်ကာ သူ၏ မိတ်ဆွေရင်းများနှင့်အတူ channel ပေါင်းစုံကို စောင့်ကြည့်နေလိုက်သည်။ 


Channelများမှာ တိတ်ဆိတ်နေသည့်အတွက် အတော်ကြာ စောင့်နေရသေးသည်။ ထို့နောက် တစ်စုံတစ်ယောက်ကို မြင်လိုက်သည့်အတွက် အမောတကော ဖွင့်ကြည့်လိုက်ပြီးနောက် ကျိန်ဆဲသည့်စကားလုံးများ တန်းစီကာ ထွက်လာတော့သည်။

45.2


"စောက်ကျိုးနည်း ဒါ ဘယ်က လူသစ်လဲကွ မာရှယ်က တိုက်ခိုက်ရေးအခန်းထဲ ဝင်သွားပြီလေ မင်းလေ့ကျင့်နေမယ့်အစား မာရှယ့်ကိုပဲ ဘာလို့ ကြည့်မနေတာလဲ ..." 


"ငါတို့တပ်ဖွဲ့မှာ လူသစ်ရှိလို့လား ..." 


သူနှင့်အတူ ပါလာသည့် အခြားတပ်သားမှာလည်း အံ့ဩသွားတော့သည်။ 


ဒီလို အရှိန်နှေးနှေးလေးမှာတောင် ဘယ်ညာယိမ်းခါနေတာ တကယ်ရော စစ်လေယာဉ်မောင်းနှင်ရေးက ဟုတ်လို့လား အဲ့ဒီ့တစ်ယောက်က မွေးကတည်းက  စစ်တိုက်တဲ့ဂိမ်း မဆော့ခဲ့ဖူးဘူးလား ... 


"နံပါတ်ကို ကြည့်ကြည့်လိုက် အဲဒါ လူသစ်ပဲ မဟုတ်သေးပါဘူး ‌အခုလောလောဆယ်မှာ ငါတို့်မှ တပ်သားသစ် ခေါ်မထားတာ မာရှယ်များ ..." 


Sutton မှာ အောက်ခြေနားရှိ နံပါတ်စဉ်ကို မြင်လိုက်ရချိန်တွင်တော့ အင်မတန် တုန်လှုပ်သွားတော့သည်။ လူသစ်၏ နံပါတ်စဉ်ဘေးတွင် အခြားနံပါတ်တစ်ခု ထပ်ပေါ်လာပြီး ထိုနံပါတ်မှာ မာရှယ်၏ နံပါတ်စဉ်ဖြစ်သည်။ 


"Sutton ဒီနေ့ စစ်တန်းလျားမှာ လူသစ်တစ်ယောက် ရှိတယ်လေ မာရှယ်ခေါ်လာတဲ့တစ်ယောက်ကို မေ့နေတာလား ..." 


"ဆိုတော့ မင်းက မာရှယ် လူသစ်လေးကို သင်ပေးတာကို ကြည့်ချင်တာလား ..." 


Sutton မှာ အနည်းငယ် စိတ်ပျက်သွားမိတော့သည်။ သူသည် မာရှယ်၏ ဇာ့ဂ်တို့ကို သူရဲကောင်းဆန်ဆန် တိုက်ခိုက်ခြင်းအား ကြည့်လိုခြင်းဖြစ်သည်။ မာရှယ်ရဲ့ အချစ်တွေ ထုတ်ပြနေတာကြီးကို မကြည့်ချင်ဘူးလို့ ... 


ဒီကေးက ပိန်လှီပြီးတော့ အားမရှိတဲ့ပုံပါပဲ သူက ဘယ်လိုတိုက်ပွဲမျိုးကိုများ ပြနိုင်မှာလဲ အလိုအလျောက် မောင်းနှင်ရေးစနစ် ပါပြီးသား ယာဉ်ငယ်မျိုးပဲ မောင်းနိုင်မှာ သေချာတယ် ... 


"Sutton ကြည့်လိုက်ဦး ..." 


သူနှင့် အတူပါလာသူက အလန့်တကြား ပြောလိုက်သည်။ 


"ဘာကြီးလဲ မာရှယ်က ခက်ခဲတဲ့ မောင်းနှင်မှုတွေကို လုပ်လိုက်လို့လား  ..." 


အနားသို့တိုးကာ ကြည့်လိုက်ပြီးနောက် သူ့အမူအယာတို့မှာ ပြောင်းလဲသွားတော့သည်။ 


မာရှယ်၏ မောင်းနှင်မှုမှာ ချောမွေ့နေပြီး သိပ်မထူးဆန်းလှချေ။ သို့သော် ထူးဆန်းသည့်အချက်မှာ အစောပိုင်းက ခက်ခက်ခဲခဲ မောင်းနှင်နေရသည့် သူ့ဘေးနားရှိ လေယာဉ်သည်  ရုတ်ချည်း တိုးတက်လာကာ မာရှယ်၏ လေယာဉ်ကိုပင် ထပ်ကြပ်မကွာ လိုက်လာနိုင်နေသည်။ 


ယာဉ်ပျံနှစ်စီးယှဥ်တွဲလျက် အတော်ကြာ မောင်းနှင်ပြီးနောက် မာရှယ်သည် တစ်ဖြေးဖြေး အရှိန်မြှင့်ကာ ဥက္ကာခဲများအကြား ကွေ့ပတ်မောင်းနှင်လိုက်တော့သည်။ ခက်ခဲသည့်အဆင့်သို့ စတင်ရောက်ရှိလာပြီဖြစ်သော်ငြား နောက်နားရှိ တိုက်ခိုက်ရေးယာဉ်မှာလည်း အမှီလိုက်နိုင်နေဆဲပင်။ 


ထို့နောက် ကျောက်လင်းယွီက Fအဆင့် မောင်းနှင်ရေး နည်းလမ်းအချို့ကို ပြသလိုက်သည့်တိုင် သူ့နောက်သို့ လိုက်လာသည့် လေယာဉ်သည်လည်း တစ်ထပ်တည်း လိုက်လုပ်နိုင်နေဆဲပင်ဖြစ်သည်။ 


ထို့နောက် E အဆင့် ၊ ၎င်းနောက်  D အဆင့် ၊ တစ်ဖန် C အဆင့်နှင့် B အဆင့် ... 


ပထမတပ်ဖွဲ့တစ်ခုလုံးတွင် Aအဆင့် ယာဉ်မောင်းလိုင်စင်ရှိသူမှာ ရာဂဏန်းသာ ရှိသည်။ B အဆင့် လှုပ်ရှားမှုအချို့ကို ပြသပြီးနောက် ကျောက်လင်းယွီသည် Aအဆင့်သို့ ဆက်သွားရန် ပြင်လိုက်သည်။ 


"ဒါက Aအဆင့်လေ ဒီလူသစ်လေးကတော့ ... မဟုတ်သေးပါဘူး ဒီကောင်လေးအနေနဲ့ လုပ်နိုင်စရာ အကြောင်းမှ မရှိတာ ဟုတ်တယ်မလား ..." 


Sutton က တီးတိုးရေရွတ်လိုက်သည်။ သူကိုယ်တိုင်သည်ပင်လျှင် B အဆင့်၌ အခက်အခဲအချို့ ကြုံနေရဆဲဖြစ်သည်။ 


"သူက အခု B အဆင့်ကို ထိပ်ဆုံးနား ရောက်နေပြီ ..." 


သူ့ဘေးရှိ A အဆင့် မောင်းနှင်ရေးလိုင်စင်ကို ရထားပြီး အတွေ့အကြုံကြွယ်ဝလှသူက တစ်မဟုတ်ချင်း  ပြန်ပြောလိုက်သည်။ 


သူ့စကားမှာ အမှန်ပင်ဖြစ်သည်။ ကျောက်လင်းယွီ၏ နောက်မှ လိုက်လာသည့် လေယာဉ်သည် A အဆင့်တွင် ကျရှုံးသွားတော့သည်။ တစ်ဖန် ပြန်စတင်သော်ငြား ပွဲမပြီးခင်အထိ တစ်ဝက်မျှပင် မအောင်မြင်ခဲ့ချေ။ ကြိမ်ဖန်များစွာ ထပ်ကြိုးစားသော်ငြား အမှားတို့ကသာ ပိုပြီး များပြားလာလေသည်။ 


"ဒီအဆင့်မှာ နှိပ်ရတဲ့ ခလုတ်တွေက များလိုက်တာ ..." 


ရမ်ရှန့်က ‌မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ 


ကျောက်လင်းယွီက သူ့ကို အကြိမ်ကြိမ် ပြသပေးသည့်တိုင် မလုပ်နိုင်သေးချေ။


"မင်းက ကောင်းကောင်းလုပ်ခဲ့တာပဲလေ ပိုပြီးသာ လေ့ကျင့်မယ်ဆိုရင် ဒီမောင်းနှင်နည်းနဲ့ ပတ်သက်ပြီး ခက်ခဲတော့မှာ မဟုတ်ဘူး ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ သူ့အနေဖြင့်လည်း အံ့ဩသွားခဲ့မိကြောင်းကို ဝန်ခံရပေမည်။ 


ရမ်ရှန့်က ပထမဆုံးနေ့မှာတင် ဒီလိုမျိုး လုပ်နိုင်နေပြီ သူ့ထက်ကို အများကြီး ပိုတော်တာပဲ ... 


"ပိုပြီး လေ့ကျင့်ရင် ဒါနဲ့ပိုပြီး အသားကျလာမှာပေ့ါနော် ..." 


သူက ခေါင်းငြိမ့်ပြလိုက်သည်။ 


အမှန်စင်စစ်တွင် သူလုပ်နိုင်နေသည့် အကြောင်းပြချက်တစ်ခု ရှိနေသေးသည်။ သူသည် ကျောက်လင်းယွီကိုသာ စိုက်ကြည့်နေပြီး သူ့အလှည့်ရောက်သည်နှင့် တစ်ပြိုင်နက် ကျောက်လင်းယွီ၏ လှုပ်ရှားမှုအားလုံးကို ပုံတူကူးလိုက်ခြင်းဖြစ်သည်။ အကယ်၍ သူတို့သာ အမှန်တကယ် အစမ်းတိုက်ခိုက်ပါလျှင် များစွာ အမှားလုပ်မိဦးမည်ဖြစ်သည်။ 


အချိန်ပေးပြီး လေ့ကျင့်ရင်တော့ သေချာပေါက်ကို ထူးချွန်တဲ့ လေယာဉ်မှူးတစ်ယောက် ဖြစ်လာမှာပေါ့ ... 


"စစ်သင်္ဘောမောင်းတဲ့သူတွေက ‌အများကြီး လေ့ကျင့်ဖို့ လိုအပ်တယ် မင်းသာ ပိုပြီး လေ့ကျင့်ရင် လက်လှုပ်ရှားတာတွေလည်း မြန်ဆန်လာမှာပဲ လက်ရဲ့ အရှိန်ကို လေ့ကျင့်နိုင်သွားရင် ဒီ ရှုပ်ထွေးတဲ့ လှုပ်ရှားမှုတွေအားလုံးက လွယ်သွားလိမ့်မယ် ..." 


သူက ထပ်ပြောလိုက်သည်။ 


"လက်အရှိန် ..." 


ရမ်ရှန့်က သူ့လက်တို့ကို စိုက်ကြည့်ရင်း အတွေးလွန်နေတော့သည်။ 


"ရမ် မင်းလက်တွေရဲ့ အရှိန်က မြန်ပြီးသားပါ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ သူ့စကားအဆုံးတွင် ရမ်ရှန့်၏ လက်များမှ အမြစ်များ ထွက်လာကာ ခလုတ်တိုင်းကို နှိပ်ရန် အဆင်သင့်ဖြစ်နေတော့သည်။ 


xxxxxxxx