အပိုင်း ၄၆
Viewers 18k

Chapter 46


သူ့လက်တွေက နှေးတယ်ဆိုပေမယ့် သူ့မှာ လက်တွေ အများကြီး ရှိတယ်လေ 


သူက အဆင်သင့်ပြင်ကာ ကျောက်လင်းယွီကို ဝံ့ဝံ့ကြွားကြွား ပြန်ကြည့်လိုက်သည်။ 


ကျောက်လင်းယွီကလည်း သူ့အမြစ်များ ခလုတ်ပေါ်သို့ လူးလာခေါက်ပြန် လှုပ်ရှားနေသည်ကို ကြည့်နေလိုက်သည်။ တွန့်လိမ်နေသော အမြစ်တို့မှာ ချစ်စရာကောင်းသည်ဟုပင် မြင်မိတော့သည်။ 


သူ့ရဲ့ အလှအပကို ခံစားနိုင်စွမ်းကတော့ ကုရာနတ္ထိ ဆေးမရှိတော့ဘူးပဲ ... 


သူက ထိုအမြစ်ထိပ်ဖျားလေးများကို ဆွဲယူကာ နမ်းလိုက်ချင်စိတ်များ ဖြစ်ပေါ်နေချိန်တွင် ထိုအခြေအနေကို စောင့်ကြည့်နေသည့် တပ်သားတို့မှာလည်း မျက်ပြူးဆန်ပျာ ဖြစ်ကုန်တော့သည်။ 


Sutton သည် မာရှယ်ကို အတော်ကြာ စောင့်ကြည့်နေသည့်တိုင် လှုပ်ရှားမှု တစ်ခုတစ်လေကိုမှ မတွေ့ရသည့်အတွက် သူ၏ ရဲဘော်ရဲဘက်ကို အံ့ဩတကြီး မေးလိုက်သည်။ 


"မာရှယ်က ဘာလို့ မလှုပ်ရှားတော့တာလဲ ..." 


"မင်းကောင်မလေးနဲ့အတူတူ ဂိမ်းဆော့နေတဲ့အချိန်ဆို အဲ့ဒီ့ဂိမ်းထဲမှာ အာရုံစိုက်နေနိုင်လို့လား ..." 


ရဲဘော်က မျက်လုံးကိုလှိမ့်ကာ ပြောလိုက်သည်။ 


"ဒါပေါ့ ..." 


Sutton က မတုန့်မဆိုင်း ပြန်ဖြေလိုက်သည်။ 


"....." 


သူ့ရဲဘော်က သူ့ကို မယုံနိုင်ဟန်ဖြင့် ပြန်ကြည့်လိုက်သည်။ 


"အချိန်တိုင်း မင်းကောင်မလေးဆီကနေ ကန်ထုတ်ခံနေရတာ မထူးဆန်းတော့ပါဘူးလေ ..." 


"ဒီအချိန်မှာတောင် မင်းကောင်မလေးအကြောင်း ပြောနေနိုင်သေးတယ်လား ဟိုမှာကြည့်ဟ မာရှယ် လှုပ်ရှားနေပြီ! သေချာလေ့လာပြီး A အဆင့် မောင်းနှင်ခွင့်ကို ရအောင် ယူရမယ် ..." 


Sutton က ရုတ်ချည်း ထပြောလိုက်သည်။ 


ကျောက်လင်းယွီက A အဆင့် မောင်းနှင်ပုံကို နောက်တစ်ကြိမ် ထပ်လုပ်လိုက်ပြီး‌နောက် အတိအကျ တွက်ချက်ကာ စစ်သင်္ဘောကို ကွေ့ဝိုက်‌မောင်းနှင်လိုက်သည်။ ထို့ကွေ့ဝိုက်မောင်းနှင်မှုသည် ဗုံးများကို လွယ်လွယ်ကူကူ ရှောင်ရှားနိုင်ရန် အတိအကျ တွက်ချက်ထားခြင်းဖြစ်ပြီး ပတ်ဝန်းကျင်ပေါ် မူတည်ကာ များစွာ ပြောင်းလဲသွားနိုင်သည်။ 


"မာရှယ်က နောက်ထပ် အကြိမ်နည်းနည်းလောက် မောင်းပြရင်တောင် ဒီကောင်လေးက လွယ်လွယ်နဲ့ လုပ်တတ်ဦးမှာ မဟုတ်ဘူး မာရှယ်က တကယ်ကို စိတ်ရှည်တာပဲ ..." 


သူက ပြောလိုက်သည်။ အချို့သော ထိန်းချုပ်မှုများအတွက် လက်၏အရှိန်ကို ဦးစွာ လေ့ကျင့်ရဦးမည်ဖြစ်သည်။ 


"သူလုပ်နိုင်မှာ ..." 


သူ့ရဲဘော်က အရှေ့နားရှိ စခရင်ကို အံ့ဩတကြီး ကြည့်ရင်း  ရုတ်တရက် ပြောလိုက်သည်။ 


B အဆင့် မောင်းနှင်မှုတွင်  အမှားများစွာ လုပ်ခဲ့သည့် စစ်သင်္ဘောသည် မာရှယ်‌‌ မောင်းနှင်ပြသွားသည့် A အဆင့်များကို ချောချောမွေ့မွေ့ လုပ်ပြနိုင်လိုက်သည်။ 


"ဒါက လူစားထိုးလိုက်တာတော့ မဟုတ်ပါဘူးနော် ..." 


Sutton က ရေရွတ်လိုက်သည်။ သိူ့သော် လူစားထိုးခြင်း မဖြစ်နိုင်ကြောင်းကို သူကိုယ်တိုင်လည်း သိနေပေသည်။ သရုပ်ပြစစ်ရေးလေ့ကျင့်ရာတွင် တပ်သားတိုင်းသည် မိမိ၏ ကိုယ်ပိုင်နံပါတ်စဉ်ကို ထည့်သွင်းရန် လိုအပ်ပေသည်။ အကယ်၍ လူပြောင်းသွားပါလျှင် နံပါတ်လည်း ပြောင်းလဲသွားမည်ဖြစ်သည်။ 


"မာရှယ်က ဒီဆယ်ကျော်သက်ကလေးအပေါ် အရမ်းကောင်းတာ အံ့ဩစရာ မရှိတော့ပါဘူး သူက တကယ်ကို ဉာဏ်ကြီးရှင်ပဲ ဒီလောက် အသက်ငယ်ငယ်လေးနဲ့ကို အရမ်းစွမ်းအားကြီးနေပြီ နောက်နှစ်နည်းနည်းလောက်များဆိုရင် ..." 


သူ့ရဲဘော်၏ မျက်ဝန်းတို့မှာ တဖိတ်ဖိတ်တောက်လာတော့သည်။ 


"သူတို့ရဲ့ ပထမတပ်ဖွဲ့မှာ လေးယောက်မြောက် S အဆင့် လေယာဉ်မှူး ရှိလာနိုင်တော့မယ်ထင်တယ် ..." 


ထိုအချိန်တွင် ကျောက်လင်းယွီက A အဆင့် မောင်းနှင်မှု တစ်ခုကို ထပ်လုပ်ပြလိုက်ကာ ရမ်ရှန့်ကလည်း သူသင်ယူခဲ့သည်များကို တစ်ဆင့်ချင်း နောက်က လိုက်လုပ်ခဲ့သည်။ ထို့နောက် သူတို့နှစ်ဦးသည် Aအဆင့် မောင်းနှင်မှု ၁၀ ခုလုံးကို တစ်ခုပြီးတစ်ခု လုပ်ဆောင်ခဲ့ကြသည်။ 


စွမ်းရည်ပိုင်းအရ အားနည်းဟန်ရှိနေသည့်သူသည် ရုတ်တရက် သန်မာလာကာ ထိုလှုပ်ရှားမှုအားလုံးကို စီးဆင်းနေသည့် ရေသဖွယ် တရစပ် လုပ်ဆောင်သွားလေသည်။ 


"မာရှယ်က S အဆင့် မောင်းနှင်မှုကို လုပ်တော့မှာ ..." 


အချို့လူများမှာ အသက်ရှူပင် အောင့်ထားလိုက်ကြတော့သည်။ A အဆင့်ပြီးနောက် S အဆင့်ကို လုပ်ဆောင်တော့မည်ဟု သိထားသည့်တိုင် မယုံနိုင်ကြသေးပေ။ 


ဟိုတစ်ယောက်ကပါ တကယ်ကြီး လုပ်နိုင်သွားရင် ... 


စစ်သင်္ဘော မောင်းနှင်‌ခြင်းနှင့် အစိမ်းသက်သက်သာ ရှိနေသေးသည့် ရမ်ရှန့်ကို ပြန်တွေးရင်း သူတို့ကိုယ်သူတို့ ရှက်ရွံ့စိတ်များ ဖြစ်ပေါ်လာတော့သည်။ 


သူတို့ထဲက အများစုက A အဆင့်တောင် မဟုတ်သေးဘူးလေ တစ်ခြားသူကို ဘယ်လိုလုပ် အထင်သေးရဲရမှာလဲ ...

46.2


S အဆင့်မောင်းနှင်မှုတွင် ထိန်းချုပ်ရမည့် ခလုတ်အရေအတွက် ပိုပြီး များပြားလာသည်။ ရမ်ရှန့်က ကျောက်လင်းယွီ၏ လက်လှုပ်ရှားမှုများကို ကြည့်နေသော်ငြား အရိပ်ပင် မမြင်လိုက်ရအောင် မြန်ဆန်လှသည့်အတွက် လေးစားသဘောကျစိတ်များ ဖြစ်ပေါ်လာတော့သည်။ ထို့နောက် သူ့စိတ်စွမ်းအင်ကို သုံးကာ ကျောက်လင်းယွီ လုပ်သွားခဲ့သည့် လုပ်ငန်းစဉ်တစ်ခုလုံးကို ချရေးပြီး အထစ်အငေါ့မရှိ လုပ်ဆောင်လိုက်သည်။ 


လူသစ်လေး၏ နံပါတ်‌တပ်ထားသော စစ်သင်္ဘောသည်  ခေါင်းမူးစရာ ကောင်းလှသည့် ပျံသန်းမှုအချို့ကို ပြုလုပ်ကာ ရုတ်ခနဲ ရပ်တန့်လိုက်သည်။


ထိုမြင်ကွင်းကို ကြည့်နေသူများအားလုံး နှုတ်ဆိတ်သွားကြကာ မည်သူမှ စကားစမပြောရဲတော့ချေ။ 


ဒါက S အဆင့်လေ အဲ့ဒီ့တစ်ယောက်က တကယ်ကြီးကို S အဆင့်ကို မောင်းနိုင်တယ်လို့ ... 


ကျောက်လင်းယွီက ဒုတိယအကြိမ် S အဆင့် မောင်းနှင်မှုတစ်ခုကို ထပ်လုပ်လိုက်သည်။ ထို့နောက် တတိယအကြိမ် စတုတ္ထအကြိမ် ပဉ္စမအကြိမ် ... 


ရမ်ရှန့်ကလည်း တစ်ခုတစ်လေပင် မမှားယွင်းဘဲ တစ်ထပ်တည်း လိုက်လုပ်လိုက်သည်။ သူ၏ စိတ်စွမ်းအင်ကြောင့် ကျောက်လင်းယွီ၏ လှုပ်ရှားမှုအားလုံးကို မှတ်မိနေကာ သူ့အမြစ်များဖြင့် အလိုရှိသမျှ ခလုတ်တိုင်းကို လွယ်လွယ်ကူကူ နှိပ်နိုင်နေပေသည်။ 


"ရမ် မင်းက တကယ်ကို အံ့ဩစရာကောင်းတာပဲ ..." 


ကျောက်လင်းယွီ၏ အကြည့်တို့မှာ နူးညံ့နေပေသည်။ 


"ကျွန်တော်လည်း အဲ့လိုပဲထင်တယ် ..."

ရမ်ရှန့်က ဘဝင်မြောက်စွာဖြင့် ပြောလိုက်သည်။ 


သူနှင့် ကျောက်လင်းယွီတို့သည် ပြိုင်ဘက်ပုံစံ ဖြစ်နေသည့်တိုင် သူ့အနေဖြင့် ကျောက်လင်းယွီကို မတိုက်ခိုက်လိုပေ။ အာကာသထဲတွင်သာ စိတ်လွတ်လက်လွတ် ပျံသန်းရင်း ရံဖန်ရံခါ ကျောက်လင်းယွီ၏နောက်မှ ကပ်လိုက်လာလိုက်သည်။ 


ဤတစ်ကြိမ်တွင်တော့ ကျောက်လင်းယွီ၏ လှုပ်ရှားမှုတို့ကို ပုံတူကူးမ‌ချတော့။ ခလုတ်အားလုံးကို သူ့စိတ်ကြိုက် ပေါင်းစပ်လိုက်သဖြင့် အာကာသထဲရှိ သူ့စစ်သင်္ဘောမှာ ရူးသွပ်နေသည့်ဟန် ထူးထူးဆန်းဆန်း လှုပ်ရှားမှုတို့ ဖြစ်ပေါ်လာတော့သည်။ 


နောက်ဆုံးတွင်တော့ Sutton လည်း အသိစိတ်ပြန်ဝင်လာပြီဖြစ်သည်။ 


"S အဆင့် သူက တကယ်ကြီး S အဆင့်လား ... ဒါဆိုရင် ဘာလို့ အခုမှ စသင်တဲ့သူလိုမျိုး အမှားတွေ လုပ်ရတာလဲ ..." 


"ဒီလှုပ်ရှားမှုတွေက အရမ်းကို အံ့ဩစရာ ကောင်းလွန်းတယ် ဒီလိုမျိုး တဆတ်ဆတ်တုန်နေအောင် လုပ်ဖို့ဆို ခလုတ်ခုနစ်ခုလုံးကို တစ်ပြိုင်တည်း နှိပ်ရမယ့်အပြင် လက်နှစ်ဖက်လုံးကို အပြိုင်သုံးရမှာ ဘယ်လိုတောင် လုပ်နိုင်ရတာလဲ ..." 


သူ့ရဲဘော်က မေးလိုက်သည်။ 


"ဘာလို့ ဒီစစ်သင်္ဘောက ကနေတယ်လို့ ခံစားနေရတာလဲ မသိဘူး အရမ်းကို ပြင်းထန်တဲ့ တီးလုံးအတိုင်း ကနေသလိုမျိုးပဲ ..." 


Sutton က အဖြေရရန်ကို ဂရုမစိုက်၊ ဆက်တိုက်သာ ခန့်မှန်းနေလိုက်သည်။ 


ရမ်ရှန့်သာ သူခန့်မှန်းတာကို ကြားရင်တော့ သေချာပေါက်ကို လှောင်ပြောင်မှာပဲ ဘယ်လိုလုပ် ကတာ ဖြစ်ရမှာလဲ ခလုတ်မှားနှိပ်မိလို့ ပြန်ပြင်နေတာပါနော် ... 


ထိုအချိန်တွင် စစ်သင်္ဘောသည် ကြယ်မုန်တိုင်းထဲသို့ ရောက်သွားတော့၏။ မုန်တိုင်းနှင့် ဝင်တိုးတော့မည့် အချိန်တိုင်း အရှိန်အဟုန်ဖြင့် ချက်ခြင်း ရပ်တန့်လိုက်သည်မှာ အန္တရာယ်များလှပေသည်။ 


မည်သူကမှ မောင်းနှင်သူသည် အရည်အချင်းမရှိဟု မထင်ကြတော့ချေ။ ထိုအခြေအနေမျိုး ရောက်နေသည်မှာလည်း သူ့ကိုယ်သူ ကြွားလုံးထုတ်ချင်၍ဟုသာ လက်ခံထားလိုက်ကြတော့သည်။ 


"မိုက်လိုက်တာ ..." 


ထိုကဲ့သို့ မှတ်ချက်မျိုးသည် ပထမတပ်ဖွဲ့၏ နေရာအနှံ့တွင် ထွက်ပေါ်လာတော့သည်။ 


Sutton သည်လည်း အလားတူပင်ဖြစ်သည်။ 


"အရင်ကလေ သူ့ကို အသုံးမကျဘူးပဲ ထင်ခဲ့တာ ဒါပေမယ့် အဲ့တာက မှားယွင်းစွပ်စွဲမိသလို ဖြစ်သွားတာပဲ ကေးတစ်ယောက်က ဒီလောက်ကြီးအထိ စွမ်းအားကြီးနေလိမ့်မယ်လို့တော့ တကယ်ကို ထင်မထားဘူး ... မဟုတ်သေးဘူး မာရှယ်နဲ့အတူတူ စစ်သ‌င်္ဘောမောင်းတဲ့တစ်ယောက်က ကေးမဟုတ်တာရော မဖြစ်နိုင်ဘူးလား ..." 


"စောင့်ကြည့်လိုက်ရအောင်ပါ ..." 


သူ့ရဲဘော်က ပြောလိုက်သည်။ 


"ဟုတ်တယ် သေချာပေါက်ကို စောင့်ကြည့်ရဦးမှာ သူက ငါ့ရဲ့ စံပြပုဂ္ဂိုလ်ပဲ ..." 


ဂြိုဟ်သိမ်ဂြိုဟ်မွှားကို ရှောင်ရှားကာ ဘေးကျပ်နံကျပ်အခြေအနေကို ပြောင်းပြန်လှန်လိုက်သည်အား တွေ့လိုက်ရချိန်တွင် Sutton ၏ မျက်လုံးတိူ့မှာ တောက်ပလာတော့သည်။ 


သူ့ရဲဘော်မှာ ပိုပြီး တည်ငြိမ်နေဟန် ‌ရှိသော်ငြား နှစ်ဦးလုံးမှာ အလွန်ကို စိတ်လှုပ်ရှားနေကြပေသည်။ 


ဒီလောက်သန်မာတဲ့သူကို ဘယ်လိုများ မလေးစားဘဲ မနေနိုင်ရမှာလဲ ... 


ခပ်သွက်သွက် ရှောင်လိုက်သည့်တိုင် ကြယ်မုန်တိုင်းနှင့် တိုးနေသေးသည်ဆိုသည့် အချက်ကိုတော့ မသိမသာ လျစ်လျုရှုထားလိုက်သည်။ 


ရမ်ရှန့်ကတော့ ခလုတ်ပေါင်းများစွာကို ပေါင်းစပ်ကာ စမ်းသပ်ကြည့်နေဆဲပင်ဖြစ်သည်။ 


အများစုသည် စစ်သင်္ဘောမောင်းနှင်ရေးကို ကျောင်းတွင် သင်ကြားခဲ့ကြခြင်းဖြစ်သည်။ ပထမနှစ်ဝက်တွင် သီအိုရီပိုင်းကို သင်ကြားကာ ခလုတ်အချိူ့ကိုသာ ပေါင်းစပ်ရသည့် ရိုးရှင်းသော မောင်းနှင်မှုအချို့ကို လေ့ကျင့်ရသည်။ ပဲ့ထိန်းမှုများကိုတော့ ဒုတိယနှစ်ဝက်မှသာ သင်ကြားရပေသည်။ သူ့အနေဖြင့် ထိုအဆင့်အားလုံးကို ကျော်လွန်နိုင်သည်ကပင် ထူးကဲလှနေပြီဖြစ်သည်။ 


အားလုံးပြီးသွားကာမှ ကျောက်လင်းယွီသည် သူ့တွဲဖက် ရမ်ရှန့်ကို ကြည့်နေကြသည့် လူများအား အာရုံစိုက်မိတော့သည်။ 


xxxxxxx