Chapter 47
သူတွက်ဆထားသည့်အတိုင်းပင် အားလပ်နေသူအားလုံးက ပြိုင်ပွဲကို လာကြည့်ကြသည်။ ယနေ့ပွဲအပြီးတွင် မည်သူကမှ ရမ်ရှန့်ကို အထင်သေးရဲတော့မည် မဟုတ်ချေ။
သူ ရမ်ရှန့်ကို တပ်ထဲသို့ ခေါ်ဆောင်လာခဲ့စဉ်က ရမ်ရှန့်ကို မနှစ်မြို့သူများ အများအပြား ရှိနေကြောင်းကို သတိပြုလိုက်မိသည်။ သို့သော် အကြောင်းပြချက်ကိုတော့ မသိခဲ့ပေ။
စစ်တပ်ထဲတွင် ခွန်အားကသာ အရာရာဖြစ်သည့်အပြင် ထိုသူများသည် သူ့ကိုလည်း အလွန်လေးစားကြသည့်အတွက် အားနည်းဟန်ပေါ်သော ရမ်ရှန့်ကို မနှစ်မြို့ကျသည်မှာ ပုံမှန်ပင်ဖြစ်သည်။ ထို့ကြောင့် သူ၏ မူလအစီအစဉ်မှာ ရမ်ရှန့်၏ အရေးပါမှုကို ပြသကာ ရမ်ရှန့်ကို အနည်းငယ် အင်အားပြခိုင်းရန် ဖြစ်သည်။ သို့သော် ရမ်ရှန့်သည် စစ်သင်္ဘောမောင်းနှင်ရာတွင် အရည်အချင်း ရှိနေလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။
ထိုသူများအား ရမ်ရှန့်၏ အင်အားကို မြင်စေခြင်းမှာ သူ့အတွက်လည်း ကောင်းမွန်သည့်အတွက် မဟန့်တားခဲ့ခြင်းဖြစ်သည်။ ပြန်ရောက်လာချိန်တွင်တော့ ရမ်ရှန့်၏ လျှို့ဝှက်ချက် ဖော်ထုတ်မခံရစေရန် စစ်သင်္ဘောမောင်းနှင်ခြင်းဆိုင်ရာ အသိပညာများကို ဖြည့်စွက်ပေးရဦးမည်ဖြစ်သည်။
ရမ်ရှန့်မှာ များစွာ ပျော်ရွှင်နေသည့်တိုင် ကျောက်လင်းယွီမှာလည်း စားသောက်ရန် လိုအပ်နေဆဲပင်ဖြစ်သည်။
"ရမ် နေ့လည်ရောက်နေပြီ အရင်ဆုံး တစ်ခုခု သွားစားရအောင် ..."
"အွန်း အွန်း ..."
သူက စစ်သင်္ဘောကို ရပ်တန့်ကာ helmet ကို ချွတ်လိုက်သည့်တိုင် မောင်းနှင်သည့်ခုံကို အာရုံမပျက်နိုင်စွာ ပြန်လှည့်ကြည့်နေသေးသည်။
ကျောက်လင်းယွီက သူ့ကို ပွေ့ချီရန် လာလိုက်သော်ငြား ရမ်ရှန့်က ဟန့်တားလိုက်သည်။
"အတူတူပဲ သွားရအောင် ..."
သူ့ကို ချီခွင့်ပြုခဲ့ခြင်းမှာ ကျောက်လင်းယွီသည် သူ့အပိုင်ဖြစ်ကြောင်း အခြားသူများအား အသိပေးလို၍ ဖြစ်သည်။ ယခု လူတိုင်းလည်း သိသွားကြပြီဖြစ်၍ သူ့ကို လွယ်လွယ်ချီခွင့် မပြုတော့ချေ။
ကျောက်လင်းယွီက အခန်းတံခါးကို ဖွင့်လိုက်ချိန်တွင် တံခါးဝနား၌ စုပြုံကာ ရပ်နေသူများကို တွေ့လိုက်ရသည်။ သူနှင့် ရမ်ရှန့်တို့ ထွက်လာချိန်တွင် ထိုသူများက သူတို့နှစ်ဦးကို ဝိုင်းအုံကြည့်နေကြသည်။
"ဒီနားမှာ ဘာလို့ လာရပ်နေကြတာလဲ အရမ်းကို အားလပ်နေကြရင် လေ့ကျင့်ခန်းသွားလုပ်နေကြ ဒီနေရာမှာရှိတဲ့သူတိုင်း လေ့ကျင့်ရေးကွင်းကို ဆယ်ပတ်ပြေးရမယ် ..."
ကျောက်လင်းယွီက အားလုံးကို ခြုံငုံကာ ကြည့်လိုက်သည်။ ထိုသူများသည် လေယာဉ်မောင်းနှင်ခဲ့သူမှာ ရမ်ရှန့်ဖြစ်ကြောင်း မယုံနိုင်ကြသည့်အတွက် ကွင်းဆယ်ပတ်ပြေးကာ ဆင်ခြင်ခိုင်းရမည်ဖြစ်သည်။
ရမ်ရှန့်ကို လေးစားနေကြပြီဖြစ်သော စစ်သားများမှာတော့ ဝမ်းနည်းပက်လက် ဖြစ်ကုန်ကြတော့သည်။
နေ့လည်တောင် ရောက်နေပြီလေ သူတို့အားလုံးလည်း ဗိုက်ဆာနေကြပြီလို့ ပြေးပြီးမှ စားသောက်တန်းကို သွားရရင် ဘာမှ စားစာရာ ကျန်တော့မှာ မဟုတ်ဘူး ... မာရှယ်ရေ ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ ...
ထိုသူများအားလုံး ပြေးရန် သွားကြကာမှ သူလည်း ရမ်ရှန့်ကို စားသောက်တန်းသို့ ခေါ်လာကာ စားဖိုမှူးကို ရှာလိုက်သည်။
"ဒီနေ့အတွက် အထူးဟင်းလျာတစ်ချို့ ပြင်ပေးပါဦး ..."
"ဟုတ်ကဲ့ပါ မာရှယ် ..."
စားဖိုမှူးမှာ ရုတ်တရက် စိတ်လှုပ်ရှားလာတော့သည်။ သူတို့၏ မာရှယ်သည် အာဟာရဟင်းလျာများကို နေ့တိုင်း မစားသည့်တိုင် ဇီဇာမကြောင်တတ်ပေ။ စားသောက်တန်းသို့ လာချိန်တိုင်း ဟင်းပွဲ B၊ ဟင်းပွဲ C စသည်ဖြင့် အလှည့်ကျ မှာလေ့ရှိသည်။ ယနေ့တွင် ဟင်းပွဲ E ကို မှာလိမ့်မည်ဟု ထင်ခဲ့သည့်အတွက် ထိုဟင်းပွဲကို ချန်ထားခြင်းဖြစ်သည်။ မာရှယ်သည်လည်း သူ၏ အာဏာကိုသုံးကာ သီးသန့်ဟင်းပွဲ မှာတတ်လိမ့်မည်ဟု မထင်ထားမိပေ။
စားဖိုမှူးက စိတ်လှုပ်ရှားစွာဖြင့် ချက်ပြုတ်နေချိန်တွင် သူက ရမ်ရှန့်ကို အပေါ်ထပ်ရှိ သီးသန့်ခန်းထဲသို့ ခေါ်သွားလိုက်သည်။
"ဒီမှာက လူတွေအများကြီး ရှိနေတော့ စားစရာတွေ အများကြီး မှာပေးလို့ မရဘူး ဒါပေမယ့် ကိုယ့်ရဲ့ နားနေခန်းထဲမှာ အာဟာရဖျော်ရည်တွေ အများကြီး ရှိသေးတယ် ပြီးမှ အဲဒီ့ကို ခေါ်သွားပေးမယ်နော် ..."
ရမ်ရှန့်က နာနာခံခံဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ သူ၏ နှလုံးသားတစ်ခုလုံးမှာ ချိုမြိန်နေကာ အပြုံးတို့မှာလည်း တောက်ပနေသည်။
သူ့အပြုံးကို မြင်လိုက်ရချိန်တွင် ကျောက်လင်းယွီသည် ခေါ်မော့ချီကို ပြုံးပြနေသည့် ရမ်ရှန့်အား အမှတ်ရလိုက်မိတော့သည်။
ရမ်ရှန့်က ထိုသူကို စိတ်မဝင်စားကြောင်း သိထားသည့်အတွက် စိတ်အေးသွားပြီ ဖြစ်သော်ငြား ချဉ်စူးမှုအနည်းငယ်တော့ ကျန်ရစ်နေသေးသည်။ သူ့အနေဖြင့် ထိုကဲ့သို့ ကိစ္စမျိုးကို လုံးဝ ထုတ်ပြောမည် မဟုတ်သော်ငြား ရမ်ရှန့်၏ ပွင့်လင်းသော စိတ်ထားကို ပြန်တွေးရင်း မေးလိုက်သည်။
"ရမ် အစောပိုင်းက ခေါ်မော့ချီကို ဘာလို့ အရမ်းနှစ်နှစ်ခြိုက်ခြိုက်ကြီး ပြုံးပြနေရတာလဲ ..."
"ခေါ်မော့ချီ ..."
ရမ်ရှန့်လည်း တစ်ခဏ ပြန်တွေးပြီးမှသာ သတိရသွားတော့သည်။
"သူ့ကို အထင်မှားမိတဲ့အတွက် အားနာသွားလို့လေ ..."
"သူ့ကို အထင်မှားတယ် ..."
"အရင်တုန်းက သူက ခင်ဗျားကို ကြိုက်နေတယ်ထင်ပြီးတော့ မုန်းခဲ့မိတာလေ ဒါပေမယ့် သူက ကြိုက်နေတဲ့ပုံ မပေါ်မှန်း သိလိုက်ရလို့ ..."
သူက ရှင်းပြလိုက်သည်။
ရမ်ရှန့်၏ အဖြေမှာ သူမျှော်လင့်မထားသည့်အရာ ဖြစ်သည်။ သို့သော် ထိုအဖြေကြောင့် သူ၏ စိတ်ဓာတ်ကျနေမှုအားလုံး လွင့်စင်ပပျောက်သွားတော့သည်။
"သူက ကိုယ့်ကို ကြိုက်နေတယ်လို့ ဘာလို့ ထင်တာလဲ ..."
"သူ့ရှိုးပွဲကို သွားကြည့်တော့ သူက ခင်ဗျားကို အထူးတလည်ကြီး ကျေးဇူးတင်ပြီးတော့ သူ့ရဲ့ သူရဲကောင်းပါလို့ ပြောခဲ့တယ်လေ ပြီးတော့ တစ်ခြားသူတွေကလည်း ကျွန်တော်နဲ့စာရင် သူကမှ ခင်ဗျားနဲ့ လိုက်ဖက်သေးတယ်လို့ ပြောကြသေးတယ် ..."
ရမ်ရှန့်မှာ ထိုစဉ်က ကြားခဲ့ရသည်များကို ပြန်တွေးရင်း ဒေါသထွက်လာပြန်သည်။
"ကျွန်တော် တကယ်ကို သဝန်တိုတယ် ..."
သူသည် ရမ်ရှန့်၏ အသက်ကို သိထားသည့်တိုင် ကလေးတစ်ဦးဟုသာ သဘောထားခဲ့ခြင်းဖြစ်သည်။ ရမ်ရှန့်၏ သဘောကျသည်ဟူသော စကားကို အတည်မယူခဲ့ပေ။ ရမ်ရှန့်အနေဖြင့် သူ့ခံစားချက်များကို နားလည်ရန် နှစ်အနည်းငယ်ခန့် အချိန်ယူရဦးမည်ဟုသာ တွေးထားခဲ့သည့်အတွက် ထိုကဲ့သို့ ဝန်ခံချက်မျိုးကို စောစောစီးစီး ကြားရလိမ့်မည်ဟု ထင်မှတ်မထားပေ။
"ရမ် မင်းက ကိုယ့်ကို သဘောလည်းကျတယ် သဝန်လည်း တိုတယ်ဆိုတော့ အဲဒါ ချစ်တယ်လို့ ပြောချင်တာလား ..."
"သေချာပေါက်ကို ချစ်လို့ပေါ့ ကျွန်တော်တို့နှစ်ယောက်မှာ ကလေးတောင် ရှိလာတော့မှာကို ..."
ရမ်ရှန့်က သူ့ခေါင်းကို အသာပုတ်ပြရင်း ပြောလိုက်သည်။
"ဟုတ်တယ် အဲဒါက ချစ်လို့ပေါ့ ..."
ကျောက်လင်းယွီကတော့ သူ့နားထဲတွင် ချစ်သည်ဆိုသည့် စကားကိုသာ ကွက်ပြီး ကြားလိုက်သည်။ ယခင်က အတွေးလွန်ခဲ့မိသည်ကိုပင် နောင်တရနေပြီဖြစ်သည်။
47.2
ရမ်ရှန့်က အချစ်ဆိုတာကို နားမလည်တော့ရော ဘာဖြစ်လဲ သူက အနီးစပ်ဆုံးလူပဲလေ သူ့ကို ချစ်ပေး၊ ဂရုစိုက်ပေးနေသရွေ့ အခြားသူတွေကို သွားကြိုက်နိုင်ပါ့မလား ...
ပြီးတော့ သူကလည်း တစ်ခြားသူတွေထက်မှ မညံ့တာ ကိုယ်ထဲမှာလည်း သန့်စင်မြေ ရှိနေသေးတယ်လေ တကယ်ကို များများစားစား ပူနေစရာ မလိုပါဘူး ဒီနည်းအတိုင်းဆို ရမ်ရှန့်ကို ဒီ့ထက်အများကြီး ပိုဂရုစိုက်ပေးရဦးမယ် အဲဒါမှ သူမရှိဘဲ မနေနိုင်တော့မှာ ...
သူ့ဝန်ခံချက်ကို ကြားလိုက်ရမှသာ ရမ်ရှန့်လည်း အားရဝမ်းသာစွာဖြင့် စားသောက်လိုက်သည်။
"ရမ် တကယ်တမ်းတော့လေ ကိုယ်လည်း သဝန်တိုဖူးတယ် မင်းက အဲ့ဒီ့ကြယ်ပွင့်ကို အရမ်းသဘောကျပြီးတော့ သူ့ကို ပြုံးပြနေတော့လေ ကိုယ် သူ့ကို လွှင့်ပစ်ချင်စိတ်တောင် ပေါက်တယ် ..."
ရမ်ရှန့်က သူ့ကို သဘောကျပါသည်ဟု ပြောထားသည့်အတွက် ကျောက်လင်းယွီသည်လည်း သူအပေါ် ရိုးသားချင်မိတော့သည်။
"တကယ်လား ..."
ရမ်ရှန့်မှာလည်း ထိုသို့ ကြားလိုက်ရသည့်အတွက် ပျော်ရွှင်လာတော့သည်။
"မပူပါနဲ့ ကျွန်တော်က ခင်ဗျားတစ်ယောက်ထဲကိုပဲ သဘောကျတာပါ သူသာ ခင်ဗျားလိုမျိုး သရုပ်မဆောင်ရင် သူ့ရဲ့ ဘယ်ရုပ်ရှင်ကိုမှ မကြည့်တော့ဘူး ..."
"ဟုတ်သားပဲ ..."
"သူက ချောတယ်လို့ ပြောခဲ့သေးတယ် မဟုတ်လား ..."
ထိုသူသည် အမှန်တကယ်ကို သူ့ထက် ချောမောနေသည့်အတွက် ကျောက်လင်းယွီမှာ အားငယ်မိနေဆဲပင် ဖြစ်သည်။
"သူက ခင်ဗျားလို သရုပ်ဆောင်တဲ့အချိန်ဆို အချောဆုံးပဲ ..."
ရမ်ရှန့်သည် နဂိုကတည်းက မျက်ကန်းဖြစ်နေပြီးသားဖြစ်သည်။
"ကိုယ်ကတော့ တကယ်ကို ရတနာတုံးလေးကို ကောက်ရလိုက်တာပဲ ..."
ကျောက်လင်းယွီမှာ မရယ်ဘဲ မနေနိုင်တော့ချေ။
"ဟုတ်တယ်လေ ကျွန်တော်က ရတနာတုံးလေး ကျွန်တော့်တစ်ကိုယ်လုံးက ရတနာပဲကို ..."
ရမ်ရှန့်မှာ ယုံကြည်ချက်အပြည့်ဖြင့် ဖြစ်သည်။
ကျောက်လင်းယွီ၏ ခံစားချက်တို့မှာ ပိုပြီး နေလို့ကောင်းလာတော့သည်။
စားသောက်ပြီးနောက် စိတ်အခြေအနေကောင်းနေသော ကျောက်လင်းယွီသည် ပြေးနေသေးသူများကို ကြည့်ရင်း စားဖိုမှူးကို အထူးတလည် မှာကြားလိုက်သည်။
"ပြေးနေတဲ့သူတွေအတွက် စားစရာ ချန်ထားပေးလိုက်ဦး ..."
"မာရှယ် ..."
ပွဲကြည့်ရန် အစောဆုံးရောက်လာသည့် ဝူရွှိုက်မှာလည်း မစားခင် ပြေးလိုက်ရသေးသည်။ သူသည် မောဟိုက်လာသည်အထိ ပြေးခြင်းကို မရပ်တန့်ခဲ့။ အကယ်၍ သူသာ ထမင်းစားရမည်မှန်း ကြိုသိပါလျှင် ဤမျှမြန်မြန် ပြေးခဲ့မည် မဟုတ်ချေ။ လူတွေကို စွမ်းရည်မထုတ်ဘဲ ဆယ်ပတ်ပြေးခိုင်းတာက တကယ်ကို လူသတ်ဖို့ ကြိုးစားနေတာပဲ ...
သူ့ကို ဂရုစိုက်မနေဘဲ ရမ်ရှန့်ကိုသာ အခန်းထဲသို့ ပြန်ခေါ်လာလိုက်သည်။ ထို့နောက် သူလေ့ကျင့်ရန်အတွက် သီးသန့် သရုပ်ပြလေယာဉ်ကို ရှာပေးလိုက်သည်။
"အမြစ်တွေကို အသုံးချတာက ကောင်းတော့ ကောင်းပါတယ် မင်းက အပင်စွမ်းရည်ပိုင်ရှင်ဆိုပြီး ရှင်းပြလိုက်ရင် ရပေမယ့် အဲ့တာကြောင့်ပဲ ဖော်ထုတ်ခံရနိုင်တယ် တကယ်လို့ အဆင်ပြေရင် လက်အရှိန်ကို အရင်ဆုံး လေ့ကျင့်ဦး ကိုယ့်အမြင်တော့ မင်းလက်က ဒီ့ထက်အများကြီး တိုးတက်လာနိုင်သေးတယ် ..."
ရမ်ရှန့်သည် ပထမဆုံးအကြိမ် မောင်းနှင်စဉ်ကပင် B အဆင့် လက်အရှိန်ကို ပြသနိုင်ခဲ့သည့်အတွက် Sအဆင့်သို့ ရောက်နိုင်ရန်မှာ မခဲယဉ်းလှပေ။
"ဒါဆိုလည်း ကျွန်တော့်ရဲ့လက် အရှိန်ကို အရင်ဆုံး လေ့ကျင့်လိုက်မယ်လေ ..."
သူက ပြန်ပြောလိုက်သည်။ သူ ယခုနေနေသည်မှာ လူသားကမ္ဘာဖြစ်သည့်အတွက် လူသားများကဲ့သို့ ပြုမူခြင်းနှင့် အသားကျနေရတော့မည် ဖြစ်သည်။
နေ့လည်ပိုင်း ကျောက်လင်းယွီ အလုပ်လုပ်နေချိန်တွင် သူကလည်း စစ်သင်္ဘော မောင်းနှင်ခြင်းကို လေ့လာနေသည်။ ရွေးချယ်ရန် အမျိုးအစားများစွာ ရှိသည့်အပြင် အခြားအသင်းများနှင့်လည်း တိုက်ခိုက်နိုင်သည့်အတွက် သူ့အနေဖြင့် ငြီးငွေ့စရာ မရှိပေ။ အိမ်ပြန်ရမည့်အချိန် ရောက်နေသည့်တိုင် ပြန်ရန် အနည်းငယ် တုန့်ဆိုင်းနေမိတော့သည်။
"လင်းယွီ မနက်ဖြန်လည်း ပြန်လာမယ်နော် ..."
"မနက်ဖြန်လည်း မင်းကို ခေါ်မယ်လေ ..."
ကျောက်လင်းယွီက ပြောလိုက်သည်။ ယခင်က သူ့ကို မခေါ်သည်မှာ ကျင့်သားမရလျှင် ပျင်းနေမည်ကို စိုးရိမ်၍ဖြစ်သည်။ ယခု ရမ်ရှန့်တွင်လည်း လုပ်စရာ ရှိလာပြီဖြစ်ရာ သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်ခိုင်းနေတော့မည်ဖြစ်သည်။
ဘေးနားတွင် ဂျင်ဆင်းလေးသာ ရှိနေပါလျှင် အင်အားအပြည့်ဖြင့် အလုပ်လုပ်နိုင်တော့မည်ဖြစ်သည်။
အိမ်အပြန်လမ်းတွင် ရမ်ရှန့်သည် အခြားသူများနှင့် တိုက်ခိုက်ခဲ့သည့်အကြောင်းကို ဝမ်းသာအားရ ပြန်လည်ကာ ဖောက်သည်ချနေသည်။ ကျောက်လင်းယွီကလည်း သူနှင့်အတူ ကစားခဲ့သည့်တိုင် အလေးအနက် နားထောင်နေဆဲပင်ဖြစ်သည်။
"ကျွန်တော်လေ တစ်နေ့တည်းမှာတင် ရှစ်ခါတောင် သေခဲ့တာ ပွိုင့်တစ်ရာကျော်လောက်လည်း ကုန်သွားတယ် သိလား ကျွန်တော်က အရမ်းတော်ပြီး ကုန်တာထက် နိုင်တဲ့အမှတ်က ပိုများနေလို့ တော်သေးတယ် ..."
လေယာဉ်ပေါ်မှ ဆင်းလာသည့်တိုင် စကားစက မပြတ်သေးပေ။
ထိုအချိန်တွင် လူအိုကြီးထန့်က အနားရောက်လာသည်။
"ရမ်ရှန့် ငါ့ကို တပည့်အဖြစ် လက်ခံဖို့ စဉ်းစားပြီးပြီလားဟင် ..."
ယခင်ကမူ သူသည် ရမ်ရှန့်ကို တပည့်အဖြစ် လက်ခံရန် စိတ်လောနေခဲ့သော်ငြား ယခုတော့ ရမ်ရှန့်၏ တပည့်ဖြစ်လာရန် စိတ်လောရပြန်သည်။ သူ့ဘဝမှာ တကယ်ကို ဝမ်းနည်းစရာ ကောင်းနေသည်ဟု ခံစားမိတော့၏။
သို့သော် တစ်နေကုန် စဉ်းစားပြီးနောက် ရမ်ရှန့်၏ စွမ်းရည်အပေါ် ပိုပြီး အထင်ကြီးလာသည့်အတွက် သူ့ထံ တပည့်ခံကာ သူသိထားသမျှကို သင်ယူရန် မစောင့်နိုင်တော့ချေ။
xxxxxxx