အပိုင်း ၄၈
Viewers 18k

Chapter 48


ယနေ့တွင် သူ့အချစ်ပြိုင်ဖက်နှင့် တွေ့ခဲ့ရသည့်အပြင် စစ်သင်္ဘောအကြောင်းလည်း လေ့လာခဲ့သည့်အတွက် ရမ်ရှန့်မှာ လောင်ထန့်အကြောင်း မေ့နေပြီဖြစ်သည်။ သူလာပြောမှသာ သတိရသွားခြင်းဖြစ်သည်။ 


ယခင်က တပည့်သာ ဖြစ်ဖူးပြီး တစ်ခါမှ ဆရာမဖြစ်ဖူးသည့် ရမ်ရှန့်သည် တစ်ခဏမျှ တွေးကာ ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဟုတ်ပြီလေ ဒါဆိုလည်း တပည့်အဖြစ် လက်ခံလိုက်တာပေါ့ ..." 


မစ္စတာထန့်သည် အနည်းငယ် အိုမင်းနေပြီဖြစ်သော်ငြား သူ့ကို တပည့်အဖြစ် လက်ခံသည့်တိုင် အရှုံးမရှိချေ။ ထို့အပြင် ရှောင်လွီကိုပါ တပည့်အဖြစ် ရွေးချယ်နိုင်ဦးမည် ဖြစ်သည်။ 


"ဒါဆို အတည်ပဲနော် ..." 


ရမ်ရှန့် စိတ်ပြောင်းသွားမည်ကိုကြောက်၍ သူက အလောတကြီး ပြောလိုက်သည်။ 


"ရမ်ရှန့် ... မဟုတ်သေးဘူး ဆရာ မနေ့က ပြခဲ့တဲ့အပင်က ဘာအမျိုးအစားလဲဟင် အနံ့ကို ရှူလိုက်တဲ့အချိန်မှာ ဘာလို့ မူးလဲသွားရတာလဲ ..." 


အပင်နှင့် သက်ဆိုင်သည့် ဗဟုသုတအရာတွင် ဖက်ဒရယ်တစ်ခုလုံး သူ့ကို မယှဉ်ပြိုင်နိုင်ဟုသာ ထင်ခဲ့သော်ငြား ရမ်ရှန့်ယူလာသည့် အပင်နှင့် ပတ်သက်၍တော့ တစ်ခုတစ်လေမျှပင် မသိချေ။ 


"အဲဒါက ဂြိုဟ်ကမ္ဘာပင်လေ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


"ဂြိုဟ်ကမ္ဘာပင်က အရွက်စိမ်းနဲ့ ပန်းအဖြူ ပွင့်တာ သူက မြေကြီးနဲ့ ကပ်ပေါက်ပြီးတော့ ကြယ်တွေလိုမျိုးပဲ ညအချိန်ဆို လရောင်ကို ရောင်ပြန်ဟပ်ပေးတယ် ..." 


ရမ်ရှန့်က သူ့စာအုပ်ထဲတွင် ရေးထားသည့်အတိုင်း အလွတ်ရွတ်ပြလိုက်သည်။ 


သူ့သခင်သည် ‌နတ်‌‌ဆေးသမားတော်တစ်ဦး ဖြစ်ကာ သူ့ကို ဆေးပင်လိုက်ရှာရင်း တွေ့ခဲ့ခြင်းဖြစ်သည်။ သူ့ကို တပည့်အဖြစ် လက်ခံပြီးနောက်ပိုင်း ဆေးဖော်စပ်ခြင်းနှင့် ပတ်သက်ပြီး မချွင်းမချန် သင်ကြားပေးခဲ့သည်။ 


သို့သော် သူသည် ဂျင်ဆင်းဝိဉာဉ်ဖြစ်သည့်အတွက် သူ့ပင်ကိုယ်သဘာဝကပင်လျှင် မီးကို ကြောက်ရွံ့ပေသည်။ သူ့သခင် ကောင်းကင်ဘုံသို့ မတက်ခင်ကလည်း ရမ်ရှန့်မှာ ကလေးတစ်ဦးအရွယ်သာ ရှိသေးသည့်အတွက် သစ်ဥသစ်ဖုများနှင့် ပတ်သက်ပြီး ဗဟုသုတကြွယ်ဝကာ ဆေးဥယျာဉ်ကြီးတစ်ခုကို စောင့်ရှောက်နေရသည့်တိုင် ဆေးလုံးများကိုတော့ မဖော်စပ်ခဲ့ဖူးပေ။ 


လောင်ထန့်မှာ သူ့ကိုယ်သူ စာမတတ်ပေမတတ်ဟုပင် ခံစားမိလာတော့သည်။ 


"အဲဒါက ဘာကိုဆိုလိုတာလဲ ..." 


"ဂြိုဟ်ကမ္ဘာပင်ရဲ့ ပန်းတွေက ညဆို အရောင်တောက်လာတယ်လို့ ဆိုလိုတာ တစ်ယောက်ယောက်ကသာ ဒီအပင်ကို နမ်းလိုက်မိရင် ချက်ခြင်း အိပ်မောကျသွားမှာ ပန်းပွင့်တဲ့ရာသီ ပြီးတဲ့အထိ ဒါမှမဟုတ် ဗိုက်အဆာလွန်ပြီး သေသွားတဲ့အထိ နိုးလာတော့မှာ မဟုတ်ဘူး ဒီအပင်ရဲ့ အနံ့က ကိုမာဝင်သွားစေနိုင်ပေမယ့် သူ့ရဲ့ ပွင့်ဖတ်ကတော့ အလှအပနဲ့ ပတ်သက်ပြီး မှော်ဆန်တဲ့အစွမ်းရှိတယ် ..." 


ရမ်ရှန့်က အစေ့တစ်စေ့ကို ထုတ်ယူကာ ပြောလိုက်သည်။ 


"‌ဒါကို အတူတူ စိုက်ကြည့်ကြမလား မဟုတ်သေးဘူး မဟုတ်သေးဘူး ခင်ဗျားက အနံ့ရလို့မှ မဖြစ်တာ ..." 


"ရပါတယ် ငါ အောက်ဆီဂျင်အိတ်ကို ယူလာခဲ့တယ် sunroom ထဲကို သွားရအောင် အဲ့ဒီ့မှာ အငွေ့စစ်ထုတ်ပေးတဲ့စနစ် တပ်ထားတော့ တစ်ခြားသူတွေ ထိခိုက်သွားမှာကိုလည်း မပူရတော့ဘူး ... မင်းကရော ဒီအဆိပ်ကို မကြောက်ဘူးလား ..." 


မစ္စတာထန့်သည် အခြားအကြောင်းအရာတစ်ခုအကြောင်း တွေးလိုက်ချိန်တွင် အကြံဉာဏ်များ အများအပြား ထွက်လာတော့သည်။ 


"မကြောက်ပါဘူး ..." 


ရမ်ရှန့်က ပြောလိုက်သည်။ ဉာဏ်အလင်း မပွင့်ခင်ကပင် ဘယ်အဆိပ်ရှိသည့် အပင်ကမှ သူ့ကို အန္တရာယ်မပြုနိုင်ချေ။ ထို့အပြင် သူသည်လည်း အပင်တစ်မျိုးပင် ဖြစ်ပေသည်။ 


"ငါ့ကို အဲ့ဒါရော သင်ပေးလို့ရမလား ..." 


မစ္စတာထန့်၏ မျက်လုံးတို့မှာ တောက်ပလာတော့သည်။ 


"အဲ့ဒီဟာ ..." 


ရမ်ရှန့်က မျက်မှောင်တို့ကို ကြုတ်လိုက်သည်။ 


သူသည် ထိုအတိုင်း မွေးဖွားလာသည့်အတွက် အခြားသူများကို မသင်ပေးတတ်ချေ။ သို့သော်ငြား အဆိပ်ငွေ့ မရှူမိစေရန်အတွက်မူ အသက်ရှူအောင့်ထားခြင်း ကဲ့သို့သော နည်းလမ်းများ ရှိနေသေးသော်ငြား ထိုနည်းလမ်းမှာ  စွမ်းရည်ပိုင်ရှင်များပင် အသုံးပြုနိုင်သည့် လှည့်ကွက်သေးသေးလေးသာ ဖြစ်သည်။ 


"ဘယ်လိုသင်ရမလဲ မသိလို့ ညကျမှ စဉ်းစားလိုက်ဦးမယ် ..." 


သူ့အနေဖြင့် ကျောက်လင်းယွီကို အရင်ဆုံး တိုင်ပင်ရဦးမည်ဖြစ်သည်။ 


"ကောင်းတယ် ကောင်းတယ် ..." 


မစ္စတာထန့်က ခေါင်းကို အထပ်ထပ်အခါခါ ငြိမ့်ပြလိုက်သည်။ ရမ်ရှန့်ကို ဆရာတင်မိတာ မမှားဘူးပဲ ... 


သူသည် အောက်ဆီဂျင်အိတ်နှင့် ဓာတ်ငွေ့ကာ မျက်နှာဖုံးကို တပ်ကာ ရမ်ရှန့်နှင့်အတူ sunroom ထဲသို့ ဝင်လိုက်သည်။ ရမ်ရှန့် ဂြိုဟ်ကမ္ဘာသစ်တစ်ပင်အား စိုက်ပျိုးနေသည်ကို လေ့လာရင်း အံ့ဩတကြီး စုတ်သပ်လိုက်သည်။  


အပင်ထဲတွင် သူတစ်ခါမှ မမြင်ဖူးသည့် အရာတစ်ခု ရှိနေပေသည်။ 


သူက အံ့ဩနေသော်ငြား ရမ်ရှန့်မှာတော့ ပျင်းရိနေလေပြီ။ လူအိုကြီးက သူ့ကို အာရုံစိုက်မနေကြောင်း တွေ့လိုက်ရသည့်အခါ အခန်းထဲမှ ချက်ခြင်း ပြေးထွက်သွားတော့သည်။ 


ကျောက်လင်းယွီသည် သူတို့နှစ်ဦးကို အဝေးတစ်နေရာမှ ရပ်ကြည့်နေသည်။ ရမ်ရှန့် ပြေးထွက်လာသည်ကို မြင်လိုက်သည့်အခါ သူ့ကို တားကာ လှမ်းမေးလိုက်သည်။ 


"မင်းရဲ့ တပည့်လေးကို ဆက်သင်မပေးတော့ဘူးလား ဘာလို့ အရမ်းမြန်မြန်ကြီး ထွက်လာရတာလဲ ..." 


"ခင်ဗျားကို မေးစရာရှိလို့ ..." 


ရမ်ရှန့်က သူ့လက်မောင်းကြားသို့ ခုန်ဝင်လိုက်သည်။


"ဘာကိုလဲ ..." 


ကျောက်လင်းယွီက သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။ 


"ကျွန်တော် ဒီကို ရောက်လာတုန်းက ပစ္စည်း‌နည်းနည်းပါးပါး သယ်လာခဲ့တယ် ခင်ဗျားကို ပေးထားတဲ့ ကျင့်ကြံစဉ်ကလည်း အဲ့ဒီ့ထဲက တစ်ခုပဲ ပြီးတော့ နောက်ထပ် ကျင့်ကြံစဉ်တစ်ချို့ရယ်၊ လက်နက်တွေရယ်၊ သစ်စေ့တွေရယ် ..." 


ရမ်ရှန့်က သူ့ကို အခန်းရှိရာသို့ ဆွဲခေါ်သွားကာ လက်တစ်ဖက် ဝှေ့ယမ်းပြီး ထိုပစ္စည်းများကို ထုတ်ပြလိုက်သည်။

48.2


အိတ်အချို့၊ ကြည်လင်နေသည့် ကျောက်စိမ်းတုံးများ၊ ဓားအချို့နှင့် ထူးဆန်းသည့် သတ္ထုထုတ်ကုန်များ ... 


"အရင်တုန်းကတော့ ကျွန်တော့်သခင်က ဆေးလုံးတွေ အများကြီး ချန်ထားခဲ့သေးတယ် ဒါပေမယ့် အဲ့တာတွေကို ကျွန်တော်စားပစ်လိုက်မိလို့ ဒီပစ္စည်းတွေပဲ ကျန်တော့တယ် ဒါတွေကို ထုတ်သုံးလို့ ရလောက်လားဟင် လောင်ထန့်ကိုရော သင်ပေးလို့ ရလောက်လား ..." 


သူက မေးလိုက်သည်။ 


တစ်အိတ်မှာ ဂျင်ဆင်းစေ့များဖြစ်ပြီး ကျန်တစ်အိတ်တွင်တော့ အခြား ဆေးဖက်ဝင်အပင်တို့၏ မျိုးစေ့များဖြင့် ပြည့်နှက်နေသည်။ သူ့သခင် ကောင်းကင်ဘုံသို့ ကြွမြန်းသွားပြီးနောက် ထိုဆေးဝါးဥယျာဉ်ကို ထိန်းသိမ်းခဲ့သေးသော်ငြား နောက်ပိုင်းတွင် ထိုဆေးပင်များသည် သူ့အရှိန်အဝါကို ခိုးယူလိမ့်မည်ဟု ခံစားရသည့်အတွက် အစေ့အားလုံးကို စုစည်းကာ မြေဩဇာအဖြစ် မြေကြီးထဲသို့ မြှုပ်ပစ်လိုက်သည်။ အဟမ်း အဟမ်း ... 


ရမ်ရှန့်က သူ့ကို ဘာမှ မဖုံးကွယ်သည့်အတွက် ကျောက်လင်းယွီ၏ နှလုံးသားမှာ နွေးထွေးလာတော့သည်။ 


"ဒီပစ္စည်းတွေကို ကြည့်ကြည့်ရအောင်လေ ဘာကို သုံးသင့်တယ် ဘာကို မသုံးသင့်ဘူးလဲဆိုတာ ကူပြီးတော့ စဉ်းစားပေးမယ်လေ ..." 


"ဟုတ်တယ် ဟုတ်တယ် ကြည့်ပေးပါဦး ပြီးတော့ ဒီကျောက်စိမ်းစာလိပ်ကိုလည်း ကြည့်လို့ရတယ်နော် တကယ်လို့ ဒီထဲကနေ သဘောကျတဲ့ ကျင့်ကြံနည်းကို တွေ့ရင်လည်း သုံးလို့ရတယ် ..." 


သူက ပြောလိုက်သည်။ ပြီးကာမှ ကျောက်လင်းယွီစ ခန္ဓာကိုယ်သည် သန့်စင်မြေကြောင့် ရှုပ်ထွေးနေဆဲဖြစ်ကာ မည်သည့် ကျင့်ကြံနည်းကိုမှ လေ့ကျင့်၍ မရသေးကြောင်း အမှတ်ရသွား၍ သူ့ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်သည်။ 


သူ့အမူအယာကို မြင်လိုက်သည့် ကျောက်လင်းယွီကလည်း လွယ်လွယ်ကူကူပင် ခန့်မှန်းနိုင်လိုက်သည်။ 


"ကိုယ်က တစ်ခုကို လေ့ကျင့်နေတုန်းပဲဆိုတော့ ကျန်တာတွေက သိပ်ပြီး အလျင်မလိုသေးပါဘူး ..."


သူသည် ရမ်ရှန့်သင်ပေးထားသည့် နည်းလမ်းကို အသုံးပြုကာ သူ၏ စိတ်စွမ်းအင်ဖြင့် စာလိပ်ကို ဖတ်လိုက်သည်။ ထို့နောက် အစေ့များ၏ အရေးပါပုံအကြောင်း ရမ်ရှန့်ပြောပြသည်ကို နားထောင်ရန် စိတ်စွမ်းအင်ကို ရပ်တန့်လိုက်သည်။ ရမ်ရှန့်က နာရီပေါင်းများစွာ မရပ်မနားပြောနေပြီး ကျောက်လင်းယွီမှာတော့ အံ့ဩမှုများ အဆမတန် တိုးပွားလာတော့သည်။ 


ရမ်ရှန့်ယူလာတာတွေ အားလုံးက ရတနာတွေပဲ ရမ်ရှန့်တစ်ယောက်ထဲပဲ တူးဖော်ခွင့်ရှိတဲ့ ရတနာတွေ ... 


အထဲတွင် ကျင့်ကြံရေးလမ်းစဉ်ဟူ၍ များများစားစားမရှိ။ ရှိနေသည့် နည်းလမ်းများမှာလည်း ကျင့်ကြံရန် စိတ်စွမ်းအင် လိုအပ်နေသေးသည့်အတွက် ဖက်ဒရယ်ရှိ လူသားများအနေဖြင့် ကျင့်ကြံနိုင်မည် မဟုတ်ချေ။ တစ်ချို့တစ်လေမျှကိုသာ အသုံးပြုနိုင်မည်ဖြစ်သည်။ 


ထိုသည်က သူ့ကို များစွာ မတုန်လှုပ်စေခဲ့။ မျိုးစေ့များနှင့် ဆေးဖော်စပ်နည်းများကသာ သူ့စိတ်အာရုံကို ပိုမိုဆွဲဆောင်နေပေသည်။ 


ဒီဆေးလုံးတွေရဲ့ အာနိသင်က တကယ်ကို မယုံနိုင်စရာပဲ သူတို့ကိုသာ တကယ်ကြီး ထုတ်လုပ်နိုင်ရင် ဖက်ဒရယ်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားမယ့်အပြင် တစ်ခြားအဆင့်မြင့်အဖွဲ့အစည်းတွေကိုပါ တပ်လှန့်သလို ဖြစ်သွားမှာ ကျိန်းသေပဲ ... 


ကျောက်လင်းယွီက အသက်ကို ပြင်းပြင်းရှူကာ သူ့လက်ထဲရှိ ကျောက်စိမ်းစာလိပ်ကို ချထားလိုက်သည်။ 


"ရမ် ဒီစာလိပ်ကို တစ်နေရာရာမှာ သိမ်းထား အပြင်ကို ထုတ်မလာနဲ့တော့ လောင်ထန့်ကို သင်ပေးဖို့ အပင်နည်းနည်းလောက်ပဲ ထုတ်ချင်ထုတ်လာခဲ့ ..." 


"ဟုတ်ပြီ ..." 


သူက ခေါင်းငြိမ့်ပြလိုက်သည်။ 


"လောင်ထန့်ကို ဘယ်အပင်အကြောင်း သင်ပေးသင့်လဲ ..." 


"မျက်နှာအားဖြည့်ဆေးလုံးအတွက် သုံးမယ့် အပင်တွေကိုပဲ ထုတ်ထားလိုက်လေ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


ထိုဆေးများအနက် မျက်နှာအားဖြည့်ဆေးလုံးသည် သာမန်အဖြစ်ဆုံးဟု ပြော၍ရပေသည်။ ပြုလုပ်သည့် နည်းလမ်းမှာလည်း ရိုးရှင်းကာ သာမန်သူများပင် စားသုံးနိုင်ရာ ရမ်ရှန့်နှင့် လောင်ထန့်တို့အား  မထိခိုက်လာစေရန် ထိုဆေးဖြင့် စတင်ခိုင်းခြင်းဖြစ်သည်။ 


ထို့အပြင် ဂြိုဟ်ကမ္ဘာပင်သည်လည်း မျက်နှာအားဖြည့်ဆေးလုံး ဖော်စပ်ရာတွင် အသုံးပြုရမည့် ကုန်ကြမ်းတစ်မျိုးဖြစ်သည်။ 


"ဟုတ်ပြီလေ ..." 


ရမ်ရှန့်က ခေါင်းငြိမ့်ပြလိုက်သည်။ 


"မျက်နှာအားဖြည့်ဆေးလုံးကို မိန်းကလေးအများစုက သဘောကျကြတယ်လို့ သခင်ပြောထားဖူးတယ် ဆိုတော့ အန်တီလည်း သဘောကျလောက်မယ်နော် ..." 


"ဒါပေါ့ ..." 


သူက ခေါင်းငြိမ့်ပြလိုက်သည်။ ထိုပစ္စည်းကို လူအများစု ကြိုက်နှစ်သက်ကြလိမ့်မည်ဟု ခန့်မှန်းရသည်။ ထို့သည်သာမက ၎င်းသည် ရမ်ရှန့်ကို လူအများ၏ အားပေးမှုကိုပါ ယူဆောင်လာနိုင်မည်ဖြစ်သည်။ 


"လင်းယွီ နောက်ကျနေပြီ စောစောအိပ်ကြရအောင် မနက်ဖြန်ကျလည်း စစ်သင်္ဘောမောင်းတာ ဆက်သင်ရဦးမှာ ..."


ရမ်ရှန့်က ပစ္စည်းများကို ဘေးပို့ကာ သူ့ကို ပွေ့ဖက်လိုက်သည်။ သူသည် သစ်ပင်ပန်းမာန်များနှင့်သာ နှစ်ပေါင်းများစွာ အချိန်ကုန်ခဲ့ရသည့်အတွက် ၎င်းတို့ကို စစ်သင်္ဘောများလောက် စိတ်မဝင်စားတော့ချေ။ 


"ဒါဆိုလည်း စောစောအိပ်ယာဝင်ကြတာပေါ့ အရင်ဆုံး ရေချိုးဦးမလား ..." 


"ချိုးမယ် ..."


xxxxxxx