အပိုင်း ၄၉
Viewers 18k

Chapter 49


ရမ်ရှန့်လည်း ဇိမ်ကျကျ ရေစိမ်ပြီးနောက် ကျောက်လင်းယွီကို ဖက်တွယ်ကာ အိပ်စက်ရန် ရေချိုးခန်းထဲမှ ထွက်လာလိုက်သည်။ တစ်နေကုန် လေ့လာပြီးနောက် လူအိုကြီးထန့်သည် သူ၏ ရှုပ်ထွေးမှုများကို ဖြေရှင်းရန် မေးခွန်းပေါင်းများစွာ မေးလိုသော်ငြား သူ့ဆရာမှာ အစောကြီးကတည်းက ထွက်သွားနှင့်နေပြီဖြစ်သည်။ 


သူသည် ကျောက်လင်းယွီ၏ အခန်းတံခါးကို ခေါက်ကာ ဆရာဖြစ်သူကို လှမ်းခေါ်လိုက်ချင်သော်ငြား အကယ်၍ ထိုသို့လုပ်ခဲ့လျှင်ပင် ကျောက်လင်းယွီက သူ့ကို ဝင်ခွင့်ပြုမည် မဟုတ်ချေ။ 


မစ္စတာထန့်၏ ဂုဏ်ပုဒ်သည် ကြီးမြင့်လှသဖြင့် ရှန်းချိုးရှစ်သာမက ကျောက်မိသားစု၏ အစေခံများကပါ သူ့ကို လေးစားကာ ကျကျနန ဂရုစိုက်ပေးကြသည်။ ကျောက်လင်းယွီနှင့် ရမ်ရှန့်တို့ နှစ်ဦးတည်းကသာ သူနှင့် အကွာအဝေး ထားနေခြင်းဖြစ်သည်။ 


သို့သော် ကျောက်လင်းယွီ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မျက်မြင်ကြုံရပြီးနောက် သူ့ကို အနှောင့်အယှက်မပေးရဲတော့ချေ။ 


ခြံဝင်းအလယ်ရှိ တံခါးပေါက်ကို စေ့စေ့ပိတ်ထားသော သတ္ထုအိမ်ကို ကြည့်ရင်း လောင်ထန့်သည် သူမေးလိုသည်များကို အောင့်အည်းသည်းခံနေရသဖြင့် တစ်ညလုံး အိပ်မပျော်တော့ချေ။ 


နောက်နေ့မနက် ကျောက်လင်းယွီနှင့် ရမ်ရှန့်တို့ ထွက်လာချိန်တွင် နောက်တစ်ကြိမ် လမ်းပိတ်ကာ အတားခံလိုက်ရပြန်သည်။ 


"ဆရာ မနေ့က အပင်ကို အသေးစိတ်လေ့လာပြီးနောက်ပိုင်း မေးခွန်းတွေ အများကြီး ထွက်လာတယ် အဲဒါ ဆရာ သင်ကြားပေးလို့ရမလား ..." 


"မရဘူး ဒီနေ့ လုပ်စရာရှိနေသေးတယ် ..." 


ရမ်ရှန့်က ပြောလိုက်သည်။ သူ့အနေဖြင့် စစ်သင်္ဘောမောင်းနှင်ရေးကို သင်ကြားရန် လိုအပ်နေသေးသည်။ 


ဘာလို့ ဒီအသံက ရင်းနှီးနေသလို ခံစားနေရတာလဲ ... မနေ့ကမနက်က ပြောခဲ့တာနဲ့ တစ်ပုံစံတည်းပဲ ... 


မစ္စတာထန့်မှာ ဆွံ့အသွားတော့သည်။ ထို့နောက် သူက အမောတကောဖြင့် မေးမြန်းလိုက်သည်။ 


"ဆရာ ဒီနေ့ရော တပ်ထဲကို သွားရဦးမှာလား ..." 


"ဟုတ်တယ် ဒီကရှေ့လျှောက် တပ်ထဲကို သွားရတော့မှာ ..." 


သူက ခေါင်းငြိမ့်ပြလိုက်သည်။ ကျောက်လင်းယွီနှင့်အတူ တပ်ထဲသို့ လိုက်နေခြင်းသည် လောင်ထန့်နှင့်အတူ အိမ်တွင် နေရခြင်းထက် ပိုကောင်းပေသည်။ 


"လောင်ထန့်လည်း ကျွန်တော်တို့နဲ့ လိုက်လာလို့ ရတယ်လေ ..." 


ကျောက်လင်းယွီက ဝင်ပြောလိုက်သည်။ မစ္စတာထန့်မှာ ဂုဏ်သိက္ခာကြီးကာ အထူးတလည် လေးစားခံရသူဖြစ်သည်။ အကယ်၍ သူသာ ပထမတပ်ဖွဲ့သို့ လိုက်လာပါလျှင် သူ့အတွက်လည်း အကျိုးထူးမည်ဖြစ်သည်။ 


ထို့ထက်ပိုပြီး အရေးကြီးသည့် အချက်တစ်ချက်လည်း ရှိနေသေးသည်။ အကယ်၍ လောင်ထန့်သာ တပ်ထဲသို့ လိုက်လာပါလျှင် ညနေတိုင်း ရမ်ရှန့်ကို သူ့ထံ ပေးရန် မလိုတော့သည့်အပြင် နေ့ခင်းပိုင်းတွင်လည်း ရမ်ရှန့်ကို ကာကွယ်ပေးမည့်သူ ရှိနေပြီဖြစ်သည်။ 


သူ့အနေဖြင့်လည်း လောင်ထန့်၏ အရည်အချင်းကို ယုံကြည်၍ဖြစ်သည်။ 


"‌ဒါဆို မင်းက ငါ့ကို ပထမတပ်ဖွဲ့ကို ဝင်စေချင်တာလား ဟုတ်လား ..." 


လောင်ထန့်မှာ အနည်းငယ် ချီတုံချီချ ဖြစ်နေသေးသည်။ 


ရမ်ရှန့်အနေဖြင့် ကျောက်လင်းယွီသည် ဘာကြောင့် လောင်ထန့်ကိုပါ ခေါ်ချင်သလဲ နားမလည်သော်ငြား ကျောက်လင်းယွီလုပ်သမျှအားလုံးကို အခိုင်အမာ ယုံကြည်ထားသည်။ 


"ကျွန်တော့်ဆီမှာ အစေ့တွေ အများကြီး ရှိနေသေးတယ် ဒါပေမယ့် တစ်ချို့ဟာတွေက လူသားတွေရဲ့ ခန္ဓာကိုယ်အတွက် အကျိုးမဖြစ်ဘူး အလှအပအတွက်ပဲ ကောင်းတာ ..." 


"ငါ လိုက်မယ် ..." 


လောင်ထန့်က အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။ သူ့အနေဖြင့် နှစ်အနည်းငယ်သာ နေရတော့မည်ဖြစ်ရာ အကယ်၍ တပ်ထဲသို့ ဝင်လျှင်ပင် မည်သူ့ကိုမှ ကြောက်နေရန် မလိုချေ။ ထို့အပြင် ရှိုးပွဲသွားကြည့်စဉ်ကလည်း ရမ်ရှန့်အကြောင်း အတင်းပြောနေသည်များကို ကြားခဲ့သေးသည်။ သန်မာသူများ စုစည်းထားသည့် စစ်တပ်ထဲတွင်ဆိုလျှင် ရမ်ရှန့်ကို အထင်သေးသူများ ပိုပြီး များပြားနေမည်ကို စိုးရိမ်သည့်အတွက် သူ့ဆရာကို အားပေးကူညီရမည်ဖြစ်သည်။ 


"စာရင်းသွင်းဖို့ ကူညီပေးမယ် ..." 


ကျောက်လင်းယွီက သူ့ကွန်ပျူတာကို ထုတ်ကာ လောင်ထန့်၏ အချက်အလက်များကို ဖြည့်ပေးလိုက်သည်။ ရာထူးအနေဖြင့်မူ သူသည် ရမ်ရှန့်၏ တပည့်သာ ဖြစ်သည့်အတွက် ရမ်ရှန့်ထက် မြင့်လိမ့်မည် မဟုတ်ချေ။ သူ့ကိုလည်း ရမ်ရှန့်ကဲ့သို့ပင် အစောင့်တပ်သားအဖွဲ့ထဲသို့သာ ထည့်လိုက်သည်။ 


ပထမတပ်ဖွဲ့ရှိ တပ်သားများသည် ညအချိန်တွင်လည်း များစွာ မအိပ်ကြပေ။ 


ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့၏ တိုက်ပွဲကို မျက်မြင်တွေ့လိုက်ရသူ ဖြစ်စေ၊ နောက်ပိုင်းမှ ကြည့်လိုက်ရသည့်သူဖြစ်စေ အားလုံးသည် ထိုသူနှစ်ဦး၏ စစ်သင်္ဘောမောင်းနှင်သည့် ဗီဒီယိုကို နောက်တစ်ပြန် လေ့လာနေကြသည်။ 


ကျောက်လင်းယွီနှင့်အတူ ပူးပေါင်းတိုက်ခိုက်နိုင်သည့်အတွက် ရမ်ရှန့်ကို ချီးကျူးလိုက်ကြသည်။  ယမန်နေ့ စတွေ့စဉ်က ရမ်ရှန့်မှာ အလွန်အမင်း အားနည်းသည့်အတွက် ကျောက်လင်းယွီနှင့်ပင် မထိုက်တန်ဟု တွေးကြသူများမှာလည်း မနည်းမနောပင် ဖြစ်သည်။ ထိုသူများမှာ ရမ်ရှန့် တပ်ထဲသို့ စရောက်သည့်နေ့ကပင် မျက်နှာဖြတ်ရိုက်ခံလိုက်ရတော့သည်။ 


S အဆင့် မောင်းနှင်မှုတွေကိုတောင် လုပ်နိုင်တဲ့ ရမ်ရှန့်က ဘယ်လိုလုပ် အားနည်းရမှာလဲ ...သူက ငါတို့အားလုံးထက်တောင် သန်မာနေပြီကို ...


ထိုဗီဒီယိုတစ်ခုတည်းဖြင့်ပင် ပထမတပ်ဖွဲ့၌ ရမ်ရှန့်ကို‌ လေးစားကြသူများ နေ့ချင်းညချင်း တိုးပွားလာတော့သည်။ 


Sutton သည်လည်း သူ့ကို လေးစားသူများထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်။ ရမ်ရှန့်၏ ဗီဒီယိုကို တစ်ညလုံးကြည့်ကာ လေ့လာခဲ့ပြီး ပိုပြီး လေ့လာလေ ပိုပြီး စိတ်လှုပ်ရှားလာလေပင်ဖြစ်သည်။ နောက်နေ့မနက် အစောပိုင်းတွင် ရမ်ရှန့်ကို တွေ့ရန်အတွက် အလုပ်မှ ခွင့်ယူကာ လေယာဉ်ရပ်နားရာ နေရာသို့ သွားစောင့်နေလိုက်သည်။

49.2


သူ့နှင့် အကြံတူနေသူများ အများအပြား ရှိနေသည့်အတွက် စောင့်ဆိုင်းသည့်နေရာတွင် ခါတိုင်းထက် လူပိုများနေတော့သည်။ 


"မာရှယ် သူ့ကို သဘောကျတာ အံ့ဩစရာ မရှိပါဘူး တကယ်လည်း စွမ်းအားကြီးတာပဲကို ..." 


"ငါဖြင့်လေ ကေးတစ်ယောက်က ဒီလောက်ကြီးအထိ သန်မာလိမ့်မယ်လို့ ထင်ကိုထင်မထားဘူး မာရှယ်က တကယ်ကို အမြင်ကောင်းရှိတာပဲ ..." 


"မင်းက ခေတ်နောက်ကျနေပြီပဲ ပြောပြမယ် သိလား မာရှယ်ရဲ့ ဇနီးလောင်းက ကေးမဟုတ်ဘူးတဲ့ ..." 


"တကယ်ကြီးလား မင်း ဘယ်ကနေ ကြားလာခဲ့တာလဲ ..." 


"ငါ့ဦးလေးက အထက်တန်းလွှာအသိုင်းအဝိုင်းနဲ့ နီးစပ်တယ်လေ သူ့ကိုလည်း တစ်ယောက်ယောက်က ပြောတာတဲ့ ..." 


.... 


ထိုသို့သော တီးတိုးပြောမှုများ အပြီးတွင် ကျောက်လင်းယွီ၏ ယာဉ်ပျံ ဆိုက်ရောက်လာခဲ့သည်။ 


ကျောက်လင်းယွီ ထွက်လာချိန်တွင် အားလုံးက ယာဉ်ပျံထဲကိုသာ စိုက်ကြည့်နေကြသည်။ သူက ရမ်ရှန့်ကို သယ်လာလောက်လား ... 


ကျောက်လင်းယွီသည် ယာဉ်ပျံထဲမှ ထွက်လာပြီးနောက် ဘေးတွင်ရပ်ကာ တစ်ယောက်ယောက်ကို စောင့်နေလိုက်သည်။ လူတိုင်းက ရမ်ရှန့်ကို မျှော်လင့်နေကြသော်ငြား လူအိုကြီးတစ်ဦးသာ ထွက်လာသည်။ 


ဒီလူအိုကြီးက စစ်တပ်ထဲကို ဘာလာလုပ်တာလဲ ရမ်ရှန့်ကရော ဘယ်မှာလဲ ... 


လူအိုကြီးက စစ်တပ်ထဲကို ဘာလို့ လိုက်လာတာလဲ ရမ်ရှန့်ကရော ... 


"အိုက်ယား ဒီအဘိုးကြီးက ဘယ်သူလဲကွာ ..." 


Sutton က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ 


"ဘယ်သူ့ကို အဘိုးကြီးလို့ လာခေါ်နေတာလဲကွ ..." 


မစ္စတာထန့်က Sutton ၏ ‌မျက်နှာနားသို့ ရှောင်လွီကို ဝှေ့ယမ်းလိုက်သည်။ ရမ်ရှန့်ကို ကျောထောက်နောက်ခံ ပြုပေးမည်ဟု သူ့စိတ်ကို ပြင်ဆင်ပြီးဖြစ်သည့်အတွက် ထိုလူများကို ဦးစွာ သင်ခန်းစာပေးရမည်ဖြစ်သည်။ 


"အကြီးအကဲထန့် တောင်းပန်ပါတယ် သူမှာ နစ်နာစေလိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး ..." 


Sutton ၏ သူငယ်ချင်းက ကူကယ်ရာမဲ့စွာဖြင့် တောင်းပန်လိုက်သည်။ ဘယ်က အဘိုးကြီးဖြစ်ရမှာလဲ အဲဒါက အကြီးအကဲထန့်ကွ... 


"တောင်းပန်ပါတယ် ..." 


Sutton လည်း ရိုင်းပျမိမှန်း သူကိုယ်တိုင် သတိထားမိသည့်အတွက် ပြန်တောင်းပန်လိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်တော့သည်။ 


"ရမ်ရှန့် ရမ်ရှန့်လည်း ပါလာတယ် ..." 


အကြီးအကဲထန့် ထွက်လာပြီးနောက် ကျောက်လင်းယွီသည် အခြားတစ်ယောက်ကို ယာဉ်ပျံထဲမှ သယ်လာသည်။ အဲ့တာက ရမ်ရှန့်မဟုတ်ဘူးလား ... 


ရမ်ရှန့်သည် မူလက အသယ်မခံလိုပေ။ သို့သော် ကျောက်လင်းယွီသည် သူ့ဂျင်ဆင်းလေးကို သားရေတမြားမြားကျကာ ငေးနေသည့် ဝံပုလွေများကို မြင်လိုက်သည့်အတွက် ရမ်ရှန့်ကို သယ်ထားရန် တုန့်ဆိုင်းမနေတော့။ အနည်းငယ်ပင် နောင်တရလာမိတော့သည်။ 


ဒီလိုမှန်းသာသိရင် မနေ့က ရမ်ရှန့်ကို အရမ်းကြီး ပညာမပြဖို့ ပြောမိမှာပဲ ... 


"မင်္ဂလာမနက်ခင်းပါ မာရှယ် ..." 


ထိုတပ်သားများက တစ်ညီတစ်ညွတ်တည်း အလေးပြုလိုက်ကြသော်ငြား အကြည့်များမှာတော့ ရမ်ရှန့်ထံတွင်သာ ကပ်ငြိနေဆဲပင်။ မာရှယ်က နေ့တိုင်း မြင်နေရတာလေ ... တော်တော်များများက ရမ်ရှန့်ကို မြင်မှမမြင်ဖူးသေးတာကို ... 


အရွယ်ရောက်သည့်ပုံပင် မပေါ်သေးသည့်သူသည် ဤမျှလောက် သန်မာနေလိမ့်မည်ဟု မတွေးထားခဲ့ဖူးချေ။ လူတိုင်းမှာ သူ့ကို ကြောက်ရွံ့ရိုသေလာကြတော့သည်။ 


ရမ်ရှန့် စစ်တပ်ထဲတွင် အနိုင်ကျင့်ခံရမည်ကို စိုးရိမ်ခဲ့သည့် မစ္စတာထန့်သည်လည်း လက်ရှိအခြေအနေကို နားမလည်နိုင် ဖြစ်နေသည်။ ဒီလူတွေက ဘာလို့ ဇာတ်ညွှန်းအတိုင်း မလုပ်ရတာလဲ ... သူ့ဂုဏ်ပုဒ်ကို အသုံးပြုကာ ထိုလူများကို ဖိနှိပ်ပြီး ရမ်ရှန့်မှာ သူ့ဆရာဖြစ်ကြောင်း ပြောရန်ပင် အဆင်သင့်ပြင်ထားသော်ငြား ထိုသူများက သူ့ကို လျစ်လျူရှုထားပြီး ရမ်ရှန့်ကိုသာ သည်းသည်းမဲမဲ ကိုးကွယ်နေကြသည်။ 


ရမ်ရှန့်ကိုယ်တိုင်သည်လည်း အံ့ဩနေခဲ့ပေသည်။ ထို့နောက် သူက အပြင်ဘက်တွင် ရှိနေသူအားလုံးကို ပြုံးပြလိုက်သည်။ 


ရမ်ရှန့်မှာ နဂိုကတည်းကပင် ကြည့်ကောင်းသူဖြစ်ကာ ပြုံးလိုက်ချိန်တွင် ပို၍ပင် နှစ်လိုဖွယ်ကောင်းလာတော့သည်။ သူ့ကိုယ်သူ သန်မာသူများကိုသာ သဘောကျသည်ဟု ထင်နေခဲ့သည့် Sutton ပင်လျှင် သေးသေးကွေးကွေးလေးများကို ပိုပြီး သဘောကျလာပြီဟု ခံစားလိုက်ရတော့သည်။ 


သေချာပေါက်ကို သေးတာလေးတွေက ပိုချစ်ဖို့ကောင်းတာပေါ့ ... သူ့အမေက အမဲလိုက်ခွေးတွေအစား ခွေးပုလေးတွေ မွေးတာကို ထပ်ပြီး အပြစ်မမြင်နိုင်လောက်တော့ဘူး ... 


"ဘာလို့ ဒီနေရာမှာ လာရပ်နေရတာလဲ အရမ်းကို အားလပ်နေရင် သွားပြီး လေ့ကျင့်နေကြ အားလုံးပဲ လေ့ကျင့်ရေးကွင်းကို ဆယ်ပတ်ပတ်ပြေးရမယ် ..." 


ကျောက်လင်းယွီ၏ အသံက ဟိန်းထွက်လာသည်။ 


ထိုစကားကို  မနေ့ကလည်း ကြားခဲ့ရ၍ ရင်းနှီးနေလေပြီ။ တကယ်တော့ မာရှယ်က ငါတို့ကို မောင်းထုတ်ချင်နေတာပဲ ...


လေ့ကျင့်ရေးကွင်းတွင် လူများ ပြည့်နှက်သွားသည့်တိုင် အချို့ကတော့ သူတို့၏ ရာထူးကြောင့် နေရာတွင်သာ ကျန်နေခဲ့ဆဲဖြစ်သည်။ 


"မာရှယ် ကျွန်တော်က လူသစ်တွေအတွက် နည်းပြပါ ကျွန်တော့်ရဲ့ တာဝန်အရ လူသစ်တွေကို ပထမတပ်ဖွဲ့နဲ့ ရင်းနှီး‌သွားအောင် လိုက်ပြပေးဖို့ လိုအပ်နေပါတယ် ..." 


ငါတို့ရဲ့ စွမ်းရည်အသင်းကတော့ ထီဆုကြီး ပေါက်တာပဲ ...မနေ့က အပင်စွမ်းရည်ပိုင်ရှင် ဖြစ်ရုံတင်မကဘဲ S အဆင့် စစ်သင်္ဘောမောင်းနှင်သူ ရမ်ရှန့် ၊ ဒီနေ့ကျတော့ အကြီးအကဲထန့်ပါ ရောက်လာပြီ ... 


အချက်အလက်များကို မြင်လိုက်ရချိန်တွင် ထိုသူမှာ ပျော်ရွှင်လွန်း၍ မူးမေ့လဲတော့မတတ်ပင် ဖြစ်သွားတော့၏။ ဒါက အကြီးအကဲထန့်လေ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ကျောက်လင်းယွီနဲ့ တန်းတူပဲဆိုတဲ့သူလေ ... 


ထိုသူ၏ အကြည့်များက သူ့ထံ ကျရောက်လာမှသာ အကြီးအကဲထန့်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်ဟု ခံစားလိုက်ရတော့သည်။ ကျောက်လင်းယွီက ထိုသူကို မပြေးခိုင်းတော့ဘဲ ပြောလိုက်သည်။ 


"အကြီးအကဲထန့်ကို ဒီကနေရာတွေနဲ့ ရင်းနှီးအောင် အဖော်ပြုပေးလိုက် ပြီးရင် သူ့အတွက် သုတေသနအခန်း တစ်ခန်းလောက်ပါ ပြင်ထားပေး စိုက်ပျိုးရေးကိရိယာတွေ စုံစုံလင်လင်ဖြစ်အောင် ထည့်ပေးဖို့လည်း မမေ့နဲ့ ..." 


"ဟုတ်ကဲ့ပါ မာရှယ် ..." 


လူသစ်နည်းပြက သူ့ကို အလေးပြုကာ အကြီးအကဲထန့်ကို ခေါ်သွားလိုက်သည်။ 


ဒါက အသန်မာဆုံး အပင်စွမ်းရည်ပိုင်ရှင်လေ မာရှယ်က သူ့ကို ပထမတပ်ဖွဲ့ကို ခေါ်လာတာက သူ့ရဲ့ ဇနီးလောင်းလေးကို နည်းပြပေးဖို့ထင်တယ် ဒီလူက ပထမတပ်ဖွဲ့အပေါ် အကောင်းမြင်သွားအောင် အတတ်နိုင်ဆုံး ကြိုးစားရမယ် ...


xxxxxxx