အပိုင်း ၅၀
Viewers 18k

Chapter 50


အကြီးအကဲထန့်သည် ပထမတပ်ဖွဲ့တွင် ကျော်ကြားသည့်အတွက် သူသွားလေရာတိုင်းတွင် လူတိုင်းက အလောတကြီး ‌နှုတ်ဆက်ကြသည်။ စစ်သားများသည် ခွန်အားကို အလေးထားကြသူများဖြစ်ကာ သူသည်လည်း ခွန်အားကြီးသည့်အပြင် များစွာ ကောင်းကျိုးဆောင်ခဲ့သူဖြစ်ပေသည်။ 


ဒီနေရာရဲ့ စီမံခန့်ခွဲမှုက အတော်တင်းကြပ်တာပဲ ... 


မစ္စတာထန့်မှာ အဆောက်အဦးများကို လိုက်လံကြည့်ရှုပြီးနောက် အနည်းငယ် စိတ်ကျဉ်းကျပ်လာတော့သည်။ 


"မာရှယ်က လူတိုင်းကို ကြီးကြီးမားမား မျှော်လင့်ထားလို့ပါ ..." 


နည်းပြက အနည်းငယ် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။ 


"အရမ်း စည်းကမ်းကြီးလွန်းတယ်လို့ မခံစားရဘူးလား ..." 


အစောပိုင်းက လာကြိုကြသူများမှာ ပြေးနေကြဆဲပင် ဖြစ်သည်။ 


"မာရှယ်လုပ်တာတွေက ကျွန်တော်တို့ ကောင်းဖို့အတွက်ပါပဲ အခုအချိန်မှာ နည်းနည်းလောက် ပိုပြီး အပင်ပန်းခံနိုင်လေ အနာဂတ်မှာ အသက်ရှင်နိုင်ဖို့ အခွင့်အ‌လမ်း များလေပဲလေ ..." 


နည်းပြက အပြည့်အဝ သဘောကျနေဟန်ဖြင့် ပြောလိုက်သည်။ 


ကျောက်လင်းယွီရဲ့ ပရိသတ်တွေက နေရာတကာမှာကို ရှိနေတာပဲ ... 


အကြီးအကဲထန့်က ချောင်းအသာဟန့်ကာ မေးလိုက်သည်။ 


"ရမ်ရှန့်ကရော ဘယ်လိုနေလဲ မင်းတို့အားလုံးက သူ့ကို သဘောကျနေတာ တွေ့ရလို့ ..." 


ဒါပဲလေ အကြီးအကဲထန့်လည်း ရမ်ရှန့်ကို မျက်စိကျလာပြီပဲ ... 


နည်းပြဆရာက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ 


"ရမ်ရှန့်က တကယ်ကို တော်တာ သူက ဒဏ်ရာရနေတဲ့ မာရှယ်ကို မစွန့်ပစ်သွားရုံတင် မကဘူး အရမ်းလည်း စွမ်းအားကြီးသေးတယ် သူက အပင်စွမ်းရည်ပိုင်ရှင်ဖြစ်ရုံတင် မဟုတ်သေးဘူးနော် S အဆင့် စစ်သင်္ဘောမောင်းတဲ့သူပါ ဖြစ်နေသေးတယ် ..." 


ရမ်ရှန့်က Sအဆင့် မောင်းနှင်သူ ဟုတ်လား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... 


အကြီးအကဲထန့်မှာ သူပဲ သွေးလေချောက်ချားနေတာလားဟုပင် ခံစားလိုက်ရတော့သည်။ ရမ်ရှန့်လို ‌လက်တွေခြေတွေ သေးသေးလေးနဲ့လူက ဘယ်လိုလုပ် အရှိန်မြန်နိုင်မှာလဲ ... သူ့လို စကြ၀ဠာထဲမှာ ယာဉ်ပျံမောင်းလာတဲ့သူတောင် A အဆင့်ပဲ ရှိသေးတာကို ... 


အကြီးအကဲထန့်က သူ့ကို ယုံဟန်မပြသည့်အခါ နည်းပြက ထပ်ပြောလိုက်သည်။ 


"နံပါတ်ပြားရတာနဲ့ မနေ့က ရမ်ရှန့် စစ်သင်္ဘောမောင်းတဲ့ ဗီဒီယိုကို စစ်တပ်သီးသန့်ကွန်ယက်မှာ ကြည့်လို့ရပြီ ..." 


"ငါကြည့်ချင်တယ် ..." 


မစ္စတာထန့်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ သူ့ဆရာက တကယ်ကြီးကို စွမ်းအားကြီးတာလား ... 


ရမ်ရှန့်သည် စစ်သင်္ဘောမောင်းရသည်နှင့်တစ်ပြိုင်နက် အချိန်ကို မေ့သွားတော့သည်။ ထို့ကြောင့် ကျောက်လင်းယွီနှင့်အတူ ထမင်းစားရန် ထွက်မလာခင်အထိ လောင်ထန့်ကို မေ့နေတော့သည်။ မစ္စတာထန့်ကို ပြန်တွေ့လိုက်ရချိန်တွင် ထိုသူသည် သူ့ကို ထူးထူးဆန်းဆန်း အကြည့်တို့ဖြင့် ကြည့်နေတော့သည်။ 


"အကြီးအကဲထန့် စမ်းသပ်ခန်းကလည်း အဆင်သင့်ဖြစ်နေပါပြီ ထမင်းစားပြီးတာနဲ့ သွားကြည့်လို့ ရပြီနော် ..." 


ရမ်ရှန့်မှာ သူ့တပည့်လေးကို တစ်မနက်လုံး မေ့ထားမိခဲ့သည်ဟု စဉ်းစားမိပြီး မျက်နှာပူလာတော့သည်။ 


"ကောင်းပြီ ..." 


သူက ခေါင်းငြိမ့်ကာ ရမ်ရှန့်ကိုသာ ကြည့်နေလိုက်သည်။ သူ့ပုံစံမှာ တစ်ခုခု ပြောစရာရှိနေသည့်အတိုင်းပင်။ 


"ဘာဖြစ်လို့လဲ ..." 


ရမ်ရှန့်က ထိုသို့မေးကာ သူ့မျက်နှာကို ပြန်ထိလိုက်သည်။ သူ့မျက်နှာက တစ်ခုခုထူးဆန်းနေလို့တော့ မဟုတ်ပါဘူးနော် ... 


"ရမ်ရှန့် ငါတို့တွေ အကြီးအကဲထန့်ကို မင်းနဲ့ မာရှယ် စစ်လေယာဉ်မောင်းတဲ့ ဗီဒီယိုကို ပြလိုက်တယ်လေ ..." 


ဘေးနားတွင် ရပ်နေသည့် Sutton က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ ရမ်ရှန့်ကို ပြောပြီးနောက် သူက အကြီးအကဲထန့်ကို တစ်ဆက်တည်း ဆက်ပြောလိုက်သည်။ 


"အကြီးအကဲထန့် ရမ်ရှန့်ကလေ တကယ်ကို စွမ်းအားကြီးတာနော် ..." 


"ငါသိပါတယ်..." 


သူက ခေါင်းငြိမ့်ပြလိုက်သည်။ သူသည်လည်း ရမ်ရှန့်၏ အလဲထိုးခြင်းကို ခံခဲ့ရသူဖြစ်သည်။ 


"အကြီးအကဲထန့် ရမ်ရှန့်ကိုလေ တပည့်အဖြစ် လက်ခံမှာလားဟင် ..." 


Sutton က သိလိုစိတ်အပြည့်ဖြင့် မေးလိုက်ပြန်သည်။ 


"...." 


မစ္စတာထန့်မှာ ပြောစရာစကားပင် မရှိတော့။ ထိုသူများသည် ဘာကြောင့် တစ်ချိန်လုံး ရမ်ရှန့်၏ ကောင်းကြောင်းများကိုသာ ပြောနေသလဲ အံ့ဩခဲ့သော်ငြား ယခုလိုမျိုး ရည်ရွယ်ချက် ရှိနေလိမ့်မည်ဟုတော့ လုံးဝ ထင်မထားပေ။ 


"ငါ့မှာ ရည်ရွယ်ချက်မရှိဘူး ..." 


"အာ ..." 


ရမ်ရှန့်ကို ချီးကျုးပေးထားသူများမှာလည်း ‌အေးခဲသွားကြတော့သည်။

50.2


"ငါ မပြောခဲ့မိဘူးလား ရမ်ရှန့်က ငါ့ဆရာလေ ပထမတပ်ဖွဲ့ကို လာတယ်ဆိုတာကလည်း သူ့ဆီကနေ သင်ယူဖို့လေ ..." 


သူက အနီးအနားရှိ လူများကို ပြုံးကာ ပြောလိုက်ရင်း ရမ်ရှန့်အနားသို့ လျှောက်သွားလိုက်သည်။ မယုံနိုင်ဖြစ်နေကြသည့် သူများရှေ့တွင်ပင် သူက ပြောလိုက်သည်။ 


"ဆရာ ကျွန်တော် ဆရာနဲ့အတူတူ လာစားမလို့ ပြီးရင် စမ်းသပ်ခန်းထဲ သွားရမှာဆိုတော့လေ ..." 


ရမ်ရှန့်က သူ့တွင် ထူးထူးဆန်းဆန်းအပင်များ ရှိနေသေးကြောင်း ပြောလာသည့်အတွက် သေသေချာချာ လေ့လာရမည်ဖြစ်သည်။ 


"ကျွန်တော်တို့နဲ့ မစားနဲ့ ကိုယ့်ဘာသာကိုယ်ပဲစား စားပြီးမှ ခင်ဗျားကို လာတွေ့မယ် ..."


ရမ်ရှန့်က ချက်ခြင်း ငြင်းပယ်လိုက်သည်။ သူသည် ကျောက်လင်းယွီနှင့်သာ အတူတူ စားချင်ကာ အခြားသူများက ကြည့်နေမည်ကိုလည်း မလိုလားပေ။ 


ထပ်ငြင်းလိုက်ပြန်ပြီလား ... သူက ဒီလောက်ကို လူကြိုက်နည်းနေပြီလား ... 


မစ္စတာထန့်မှာ အနည်းငယ် ဝမ်းနည်းလာတော့သည်။ 


သူကိုယ်တိုင်လည်း ရမ်ရှန့်သည် ကျောက်လင်းယွီနှင့်သာ အတူတူနေလိုကြောင်း သိထားပြီးဖြစ်သည်။ သို့သော် မည်သူကမှ မကြိုက်လျှင်တောင် ထိုကဲ့သို့ တည့်တိုး မငြင်းကြပေ။ သူ့ဆရာက တကယ်ကို ထူးခြားတာပဲ ... 


ကျောက်လင်းယွီသည် ယနေ့အတွက် စားစရာများကို မှာယူပြီးဖြစ်သည်။ သူက ပမာဏကို ပိုထည့်ပေးရန်ပင် မှာကြားထားသည်။ စားဖိုမှူးက သူ့ကို စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကြည့်ကာ ... 


"မာရှယ့်ရဲ့ စားချင်စိတ်က ပိုတိုးလာပြန်ပြီပေါ့ စိတ်ချပါ ဒီတစ်ခေါက် ပမာဏအများကြီး ပိုထည့်ပေးမယ် ..." 


မနေ့က ထမင်းပွဲကြီးတစ်ပွဲ ပြင်ပေးခဲ့သော်လည်း ပန်းကန်ပြားတွင် စွတ်ပြုတ်ပင် ကျန်မနေခဲ့။ ထို့ကြောင့် မာရှယ်သည် ထမင်းဝဟန်မတူဟုသာ ကောက်ချက်ချလိုက်သည်။ ယနေ့တွင်တော့ ထိုကဲ့သို့အဖြစ်မျိုး နောက်တစ်ကြိမ် အဖြစ်ခံမည် မဟုတ်ချေ။ 


ရမ်ရှန့်က စားပွဲပေါ်ရှိ စားစရာအားလုံးကို အပြတ်ဖြတ်လိုက်ပြန်ကြောင်း တွေ့လိုက်ရချိန်တွင် ကျောက်လင်းယွီသည် သူ့ဗိုက်ကလေးကိုသာ ပြန်ထိကြည့်မိတော့၏။ 


"ရမ် အခုနောက်ပိုင်း မင်း ပိုပိုပြီးကို စားလာတယ်နော် ..." 


သူသည် အစားများရုံသာမက ညအချိန်တွင်လည်း အာဟာရပျော်ရည် ၅၀%ထက်မနည်း သောက်လိုက်သေးသည်။ အခြားသူများ သံသယမဝင်စေရန် ကျောက်လင်းယွီသည် ထိုအာဟာရပျော်ရည်များကို သူ့အခန်းထဲသို့ တိတ်တိတ်လေး ခိုးထည့်နေရတော့သည်။ 


"ဒါပေါ့ ကျွန်တော်က ကိုယ်ဝန်ရှိနေတာလေ ပိုပြီး စားဖို့ လိုအပ်တာပေါ့ ..." 


သူ၏ စွမ်းအင်ကို ချေဖျက်နှုန်းမှာ ယခင်ကထက် များလာသည့်အတွက် ပိုမစားဘဲ မနေနိုင်တော့ချေ။ သူ ယခင်က သိမ်းထားသည့် သန့်စင်မြေများကိုပင် စုပ်ယူနေရပြီဖြစ်သည်။ 


ကိုယ်ဝန်ရှိနေတယ်...ရမ်ရှန့်က ထိုအကြောင်းအရာကို ခဏခဏ ထုတ်ပြောနေသည့်အတွက် ကျောက်လင်းယွီမှာ ဝမ်းနည်းမိလာတော့သည်။ 


သို့သော် ရမ်ရှန့်က မကြာခဏ ပြောပြောလာသည့်အတွက် သူ့ခေါင်းပေါ်မှ အသီးလေးလုံးအပေါ် ခံစားချက်တို့မှာ ပြောင်းလဲလာတော့သည်။ 


ရမ်ရှန့်၏ ဆန္ဒအရ သူသည်လည်း ထိုလေးလုံးကို ပျိုးထောင်ကာ သူတို့ကို ဉာဏ်အလင်းပွင့်လာစေရန် နည်းလမ်းရှာပေးမည်ဖြစ်သည်။ ရမ်ရှန့်နှင့်တူသည့် ကလေးများ ရှိလာမည်ဟု တွေးလိုက်မိချိန်တွင် သူ့အမူအယာတို့မှာ နူးညံ့လာတော့သည်။ 


"ဒါဆိုလည်း များများစားလေ စမ်းသပ်ခန်းထဲမှာလည်း အာဟာရပျော်ရည်တွေကို ထည့်ခိုင်းထားပေးမယ် အချိန်မရွေးသောက်နော် ဒါပေမယ့် လောင်ထန့်တွေ့မသွားအောင်တော့ ဂရုစိုက်ဦး ..." 


"လင်းယွီ ခင်ဗျားက တကယ်ကို အရမ်းကောင်းတာပဲ ..." 


ရမ်ရှန့်က မတ်တပ်ထရပ်ကာ သူ့ကို အနမ်းတစ်ပွင့် ခြွေလိုက်သည်။ 


သူသည်လည်း ရမ်ရှန့်၏ စိတ်အားထက်သန်မှုတို့ကို သဘောကျပေသည်။ ထို့နောက် တစ်ခုခုကို သတိရလိုက်သည့်အတွက် 


"ဒါနဲ့ ရမ်ရှန့် မင်းမှာ ချမ်ခွမ့်အိတ်တွေ ရှိသေးလား ရှိရင် အဲ့ဒီ့ထဲကို အာဟာရပျော်ရည်တွေ ထည့်ရအောင် ဒါဆို ပိုပြီး အဆင်ပြေမယ်ထင်တယ် ..." 


"ဟုတ်တယ် ..." 


ရမ်ရှန့်က ခေါင်းငြိမ့်ကာ သူ့လက်ထဲက အိတ်ကို လှမ်းပေးလိုက်သည်။ 


ထိုချမ်ခွမ့်အိတ်ထဲသို့ သူ့စိတ်စွမ်းအင်ကို ပို့လွှတ်လိုက်ချိန်တွင် ကျောက်လင်းယွီသည် ကုဗမီတာ ရာပေါင်းများစွာ ကျန်နေသေးကြောင်း တွေ့လိုက်ရသည်။ အာဟာရဖျော်ရည်များကို လုံလုံလောက်လောက် ဖြည့်တင်းထားနိုင်ရုံသာမက အခြား လုပ်ဆောင်ချက်များလည်း ရှိနေနိုင်သေးသည်။ 


သူနှင့်အတူ စားသောက်ပြီးနောက် ရမ်ရှန့်သည် အကြီးအကဲထန့်ရှိရာ စမ်းသပ်ခန်းသို့ သွားလိုက်သည်။ 


ကျောက်လင်းယွီသည် သူတို့အတွက် sunroom ပါရှိသော စမ်းသပ်ခန်းအကြီးကြီးကို ပြင်ဆင်ပေးထားသည်။ အထဲရှိ ပစ္စည်းတို့ကိုလည်း ကောင်းမွန်စွာ ပြင်ဆင်ပေးထားသည့်အတွက် ရမ်ရှန့်သည် အားလုံးကို စိတ်ဝင်တစားဖြင့် လိုက်ကြည့်နေလိုက်သည်။ ထို့နောက် အာဟာရပျော်ရည်ထည့်ထားသော ကရားကြီးတစ်ခုကို တွေ့လိုက်ရသည်။  အာဟာရပျော်ရည်များကို စိုက်ပျိုးရန် ချထားပေးသည့် တိုင်ကီထဲသို့ လောင်းထည့်ကာ သန့်စင်မြေအနည်းငယ်ကိုပါ တိတ်တိတ်လေး ထည့်လိုက်သည်။


xxxxxxx