အပိုင်း ၅၁
Viewers 18k

Chapyer 51


"ဆရာ ဆရာပြောတော့ မျိုးစေ့တွေ အများကြီး ရှိသေးတယ်ဆို ..." 


မစ္စတာထန့်က သူ့လှုပ်ရှားမှုများကို မျှော်လင့်တကြီး လိုက်ကြည့်နေသည်။ 


"ဟုတ်တယ်လေ ..." 


သူက ခေါင်းငြိမ့်ပြလိုက်သည်။ မျက်နှာအားဖြည့်ဆေးလုံးကို ဖော်စပ်ရာတွင် ဂြိုဟ်ကမ္ဘာပင် အပြင် နောက်ထပ် ဆေးပင်ခြောက်မျိုး လိုအပ်နေသေးပြီး ထိုအပင်အားလုံးကို အခုလေးတင် တိုင်ကီထဲသို့ ပစ်ထည့်လိုက်ပြီဖြစ်သည်။ သူ၏ စွမ်းအင်တစ်ခုတည်းဖြင့်ပင် ၎င်းတို့သည် တစ်ဖြေးဖြေး ကြီးထွားစ ပြုလာလေပြီဖြစ်သည်။ 


"ဒီအပင်ခြောက်မျိုးလုံးကို တစ်ခါမှ မတွေ့ဖူးဘူး ..." 


မစ္စတာထန့်က ထိုမြင်ကွင်းကို အံ့ဩတကြီး ကြည့်နေလိုက်သည်။ သူသည် အပြာနုရောင် ဆူးချွန်များနှင့် အပင်ကို ထိရန် အနားသို့ ကပ်သွားလိုက်သည်။ 


"မထိနဲ့ အရင်ဆုံး ဒီအပင်တွေအကြောင်း ပြောပြတာ ‌နားထောင်ဦး ..." 


ရမ်ရှန့်က သူ့ကို ခပ်သွက်သွက် လှမ်းဆွဲလိုက်သည်။ လောင်ထန့်ထိကြည့်ချင်သည့် အပင်၏ အရွက်များမှာ မျက်နှာအားဖြည့်ဆေးလုံး ဖော်စပ်ရာတွင် အရေးကြီးသည့် ပါဝင်ပစ္စည်းဖြစ်သည်။ သို့သော် ဆူးချွန်များတွင်တော့ အဆိပ်ရှိနေ‌သည်။ ထိုအဆိပ်များသည် ကျင့်ကြံရေးလောကတွင်တော့ အသေးအဖွဲသာ ဖြစ်သော်ငြား မစ္စတာထန့်ကိုတော့ ကြီးကြီးမားမား ထိခိုက်သွားမည်ကို စိုးရိမ်နေမိသည်။ 


ရမ်ရှန့်က တစ်ပင်ချင်း အသေးစိတ် ရှင်းပြလိုက်သည်။ 


"ဒါ ကျွန်တော်သိတာ အကုန်ပဲ ..." 


ကျောက်လင်းယွီက သူ့ကို အကုန်အစင် ပြောမပြရန် မှာကြားထားသည့်အတွက် အချို့အချက်များကို ချန်ထားလိုက်သည်။ 


ကျင့်ကြံရေးလောကတွင် အပင်တို့၏ အာနိသင်ကို သိလိုပါလျှင် ကိုယ်ကိုယ်တိုင် စမ်းသပ်ကြည့်ရမည်ဖြစ်သည်။ သို့သော် ဤကမ္ဘာတွင်တော့ မတူပေ။ စမ်းသပ်ရန်အတွက် ပစ္စည်းကိရိယာများကို အသုံးချနိုင်ရာ ရမ်ရှန့်သည် ထိုပစ္စည်းများကို အလွန် စိတ်ဝင်စားနေပေသည်။ သူက စမ်းသပ်မှုရလဒ်များကို ကြည့်ရန် မစ္စတာထန့်၏နောက်မှလိုက်ကာ သူနားမလည်သည့် မေးခွန်းများကို တတွတ်တွတ်‌ မေးနေသည်။ 


မစ္စတာထန့်ကလည်း သူ့ကို သိုဝှက်မထားဘဲ အသေးစိတ် ရှင်းပြလိုက်သည်။ 


ပထမတပ်ဖွဲ့တွင် ရမ်ရှန့်နှင့် မစ္စတာထန့်တို့ သင်ကြားရင်း၊ သင်ယူရင်း၊ အပင်တို့ကို လေ့လာရင်း အလုပ်များနေချိန်တွင် ဒုတိယတပ်ဖွဲ့ရှိ အချို့လူများမှာတော့ ဒေါသမုန်တိုင်းထန်နေပြီဖြစ်သည်။ 


ရန်မိသားစု၏ ခေါင်းဆောင်မှာ မငယ်လှတော့။  ဒုတိယတပ်ဖွဲ့၏ လက်ရှိခေါင်းဆောင်မှာ ရန်ယဲ့ဖြစ်သည်။ သူသည် စစ်တပ်သီးသန့်ကွန်ယက်မှ သတင်းကို ဖတ်ကာ ဒေါသပုံထနေတော့သည်။ 


အကြီးအကဲထန့်က ပထမတပ်ဖွဲ့ထဲကို ဝင်လိုက်ပြီ ... 


မစ္စတာထန့် နှစ်အတော်ကြာ ပျောက်နေသည်မှာလည်း အကြောင်းအရင်းရှိ၍ဖြစ်သည်။ ပြီးခဲ့သည့်နှစ်အနည်းငယ်က သူသည် ဂြိုဟ်တစ်ခုသို့ လေ့လာရန် သွားခဲ့ပြီး လမ်းတစ်ဝက်တွင် ဥက္ကာခဲများဖြင့် ဝင်တိုက်မိခဲ့သည်။ အကယ်၍ သူသာ မသန်မာပါလျှင် စကြ၀ဠာတစ်ခွင် ခရီးထွက်နေနိုင်မည် မဟုတ်ချေ။ ထိုဂြိုဟ်တွင်သာ ယာဉ်ပျံကို ပြုပြင်ရင်း နေထိုင်ကာ အကူအညီတောင်းရန်  အချက်ပြခဲ့သည်။ 


သူ့ကို တွေ့ရှိပြီး ကယ်ဆယ်ခဲ့သူမှာ ဒုတိယတပ်ဖွဲ့ဖြစ်သည်။ ထိုအချိန်တွင် ရန်ယဲ့က သူ့တပ်ဖွဲ့ထဲသို့ဝင်ရန် အကြိမ်ပေါင်းများစွာ သွေးဆောင်ခဲ့သည်။ 


သိူ့သော် သူကတော့ လက်မခံသည့်အပြင် အဝေးသို့ပင် ထွက်ပြေးသွားခဲ့သည်။ 


ရန်ယဲ့၏ နှလုံးသားမှာ ခါးသီးမှုတို့ဖြင့်  ပြည့်လျှံသွားတော့သည်။ သို့သော် ပထမတပ်ဖွဲ့သည် သံမဏိသေနတ်ပြောင်းထဲတွင် ရောက်နေသကဲ့သို့ပင် တင်းကြပ်လှသည့်အတွက် သတင်းတစ်ခုတစ်လေကိုမှ မရနိုင်ချေ။ 


"ကျောက်လင်းယွီ၏ လက်ရှိခွန်အားနဲ့ ပထမတပ်ဖွဲ့ရဲ့ လတ်တလောအခြေအနေကို စစ်ဆေးကြည့်ရအောင် ငါတို့သိနိုင်တာဆိုလို့ နေ့စဉ် လူအဝင်အထွက်ပဲ ရှိတယ် အကြီးအကဲထန့် ရောက်လာတာတောင် စစ်တပ်ကွန်ယက်မှာ တင်မှ သိရတာ‌ဆိုတော့ မင်းတို့ရဲ့ သတင်းအချက်အလက်ရှာဖွေရေးဌာနက ဘာရော အသုံးကျတာ ရှိသေးလဲ ..." 


သူ့လက်ထဲရှိ ခွက်ကို လွှင့်ပစ်ရင်း ဒေါသတကြီး ပြောလိုက်သည်။ 


ခွက်က ကြမ်းပေါ်တွင် အကြိမ်ပေါင်းများစွာ လိမ့်သွားပြီးမှသာ ရပ်တန့်သွားသည်။ ထိုအချိန်တွင် အခန်းထဲ၌ အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်နေတော့သည်။ 


ထို့နောက် သူ့ဘေးနားရှိ သက်လတ်ပိုင်းအမျိုးသားတစ်ဦးက စကားဆိုလာသည်။ 


"ဒုဗိုလ်မှူးကြီး ကျောက်လင်းယွီက အခု အရမ်းသတိထားနေတာဆိုတော့ သူ့အကြောင်းတွေ သိရဖို့ဆိုတာ မလွယ်ဘူး ဒါပေမယ့် သူ့ခွန်အားနဲ့ ပတ်သက်ပြီး သိချင်တာဆိုရင်တော့ စမ်းသပ်ကြည့်ဖို့ နည်းလမ်းရှိပါတယ် ..." 


"စမ်းသပ်ကြည့်မယ် စမ်းသပ်ဖို့ ဘယ်သူ့ကို သွားရှာရမှာလဲ ..." 


"တပ်မှူး Corbien ကို မေ့နေပြီလား ..." 


ထိုသူက တီးတိုးပြောလိုက်သည်။ 


"ဟုတ်သားပဲ Corbien ..." 


ရန်ယဲ့၏ မျက်လုံးတို့မှာ တောက်ပလာကာ နောက်ဆုံးတွင်တော့ ပြုံးလာတော့သည်။ 


ထိုသည်ကို မြင်လိုက်မှသာ သက်လတ်ပိုင်းအမျိုးသားလည်း စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်တော့သည်။


"တပ်မှူး မြို့တော်ကြယ်ရဲ့ စွမ်းရည်ပိုင်ရှင်များအတွက် ကောလိပ်က ဖွင့်တော့မှာတဲ့ အဲ့ဒီအခါကျရင် စွမ်းရည်ပိုင်ရှင်တွေရဲ့ မျိုးရိုးဗီဇနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ အားလုံးက ဖက်ဒရယ်စနစ်ထဲကို ရောက်လာမှာဆို‌တော့ လိုက်ဖက်နှုန်းကို စစ်ဆေးကြည့်ချင်လား ပြောမရဘူး အဲ့ဒီလူတွေထဲမှာ တပ်မှူးရဲ့ ရင်သွေးတွေကို မွေးပေးနိုင်လောက်တဲ့သူ ပါချင်ပါလာမှာ ..." 


ရန်ယဲ့သည် အသက်တစ်ရာကျော်နေပြီ ဖြစ်သော်ငြား အခုအချိန်အထိ ကလေးမရှိသေးပေ။ ထို့ကြောင့် သူကိုယ်တိုင်သာမက ရန်မိသားစုဝင်များကပါ ပူပန်နေပြီဖြစ်သည်။ 


"တစ်ချက်လောက် သွားကြည့်ကြတာပေါ့ ..." 


သူက မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ 


"ဖက်ဒရယ်မှာ Sအဆင့် စွမ်းရည်ပိုင်ရှင် နောက်ဆုံး မွေးဖွားလာတာ လွန်ခဲ့တဲ့ ၄၉ နှစ်က ဆိုတော့ ငါ့အနေနဲ့  ပိုပြီးကြိုးစားမှ ရတော့မယ် ..."

51.2


မိသားစုကြီးငါးစု၏ မျိုးဆက်များမှာ Sအဆင့်စွမ်းရည်ပိုင်ရှင်များ ဖြစ်ကြသည်။ သို့သော် ပြီးခဲ့သည့် ၄၈ နှစ်အတွင်းတွင် S အဆင့်စွမ်းရည်ပိုင်ရှင် တစ်ဦးတစ်လေမျှ မမွေးဖွားလာခဲ့။ ဆိုလိုသည်မှာ မိသားစုကြီး ငါးစုသည် ၄၉ နှစ်တိုင် မျိုးဆက် မထွန်းကားသေးပေ။ 


နောက်ဆုံး မွေးဖွားလာခဲ့သည့် S အဆင့် စွမ်းရည်ပိုင်ရှင်မှာ ကျောက်လင်းယွီဖြစ်သည်။ 


ရမ်ရှန့်ကတော့ အပြင်ဘက်ရှိ လူများ၏ တွက်ချက်မှုများကို မသိသေးချေ။ လျှပ်စစ်လုံခွက်ကို ဟိုဟိုသည်သည် ကလိနေလေသည်။ 

(T/N အဂ္ဂိရက်ထိုးတဲ့နေရာမှာ သုံးတဲ့ လုံခွက်တွေကို ပြောတာပါ အဲ့ဒီ့လုံတွေက မီးသွေးထည့်ရပေမယ့် သူသုံးနေတာကကျ လျှပ်စစ်နဲ့ပါ) 


လျှပ်စစ်လုံခွက်သည် အပူချိန်ကို အလိုအလျောက် ချိန်ညှိပေးနိုင်ပြီး ကနဦးအဆင့် သန့်စင်ရာ၌ လိုအပ်သည့်အပူချိန်အထိ အမြင့်ဆုံး ထားနိုင်ရာ ရမ်ရှန့်မှာ အလွန်ပင် အံ့ဩသွားတော့သည်။ 


ဒီလိုပစ္စည်းမျိုးသာ ကျင့်ကြံရေးလောကမှာ ရှိရင် မီးကို ဂရုစိုက်နေစရာ မလိုဘဲ တစ်နေကုန် ဆေးဖော်နိုင်မှာ ဆေးအမျိုးအစားအလိုက် လိုအပ်တဲ့ အပူချိန်ကို ချိန်ကိုက်ထားလိုက်ရုံပဲ ... 


ရမ်ရှန့်မှာ တွေးမိလေလေ စိတ်လှုပ်ရှားလာလေ ဖြစ်သည်။ သို့သော် ချက်ခြင်း စိတ်ဓာတ်ကျသွားပြန်သည်။ 


ဆေးနည်းတွေ ရေးထားတဲ့ ကျောက်စိမ်းစာလိပ်ထဲမှာ  အပူချိန်ကို ဘယ်လောက်ထားရမလဲ ရေးမထားဘူး အပူချိန်ကို အလျဉ်းသင့်သလို အတိုးအလျော့ လုပ်ရမယ်လို့ပဲ ရေးထားတာကြီးက အရမ်းကို သာမန်ကာလျှံကာ ဖြစ်မနေဘူးလား ... 


"ဆရာ ဆရာ ဒီအပင်မှာလေ ဆဲလ်အသစ်တွေ ပြန်ဖွဲ့စည်းနိုင်တဲ့ အရာတစ်ခုကို တွေ့လိုက်ရတယ် ဒါကိုလေ အထူးအနာကျက်ဆေး ထုတ်တဲ့နေရာမှာ သုံးလို့ရမယ်ထင်တယ် ..." 


ထိုအပင်များကို နေ့တစ်ဝက်ခန့် စူးစမ်းနေသည့် မစ္စတာထန့်က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလိုက်သည်။ 


ဒီပစ္စည်းမှာ အဲ့ဒီ့အာနိသင် ရှိနေတုန်းပဲလား ... 


ရမ်ရှန့်က မစ္စတာထန့်ကို တအံ့တဩ ကြည့်ပြီးနောက် သူ့ကို အားပေးလိုက်သည်။ 


"သွားပြီး စမ်းကြည့်ကြည့် ခင်ဗျားက တကယ်ကို ထူးခြားကောင်းမွန်တဲ့ဆေး ဖော်စပ်နိုင်မယ်လို့ ယုံကြည်တယ် ..." 


"သေချာပေါက်ကို လုပ်နိုင်ရမယ် ..." 


သူက ထိုသို့ပြောကာ အပင်များကို ဆက်လေ့လာနေလိုက်သည်။ ရမ်ရှန့်သည်လည်း လျှပ်စစ်လုံကို မကြောက်သည့်အတွက် မျက်နှာအားဖြည့်ဆေးလုံးကို ဖော်စပ်ရန် ပြင်ဆင်လိုက်သည်။ 

(T/Nသူက ဂျင်ဆင်းပင်ဆိုတော့ မီးကြောက်ပေမယ့် ဒီဟာက လျှပ်စစ်နဲ့‌ဆိုတော့ မကြောက်ဘူးလို့ ပြောချင်တာပါ) 


မျက်နှာအားဖြည့်ဆေးလုံးသည် ကျင့်ကြံရေးလောကတွင် အမျိုးသမီးများ အသည်းစွဲဆေးလုံးဖြစ်ကာ ဖော်စပ်နည်းမှာလည်း လွယ်ကူလှပေသည်။ သူ့တွင် လုံလောက်သည့် ကုန်ကြမ်းနှင့် လျှပ်စစ်လုံခွက် ရှိနေသရွေ့ ဖော်စပ်ရန် မခက်ခဲလှပေ။ 


ဂြိုဟ်ကမ္ဘာပင်ကို ကရားတစ်ခုထဲတွင် စိုက်ပျိုးပြီး အပင်၏ အစိတ်အပိုင်းအမျိုးမျိုးကို လုံထဲမထည့်ခင် ဦးစွာ ခွဲထားလိုက်သည်။ ထို့နောက် သူ့မှတ်ဉာဏ်ထဲကအတိုင်း အချိန်ကို ကျပမ်းသတ်မှတ်ကာ ဆေးလုံးထွက်လာမည်ကို စောင့်နေလိုက်သည်။ 


ရမ်ရှန့်အနေဖြင့်လည်း ဆေးလုံးဖော်စပ်ခြင်း အောင်မြင်နိုင်ပါ့မလား မသေချာပေ။ လုံခွက်ကို ဖွင့်ကြည့်လိုက်ချိန်တွင် သူ့ဆရာ လုပ်ခဲ့သလို ဆေးလုံးဖြစ်မနေဘဲ အမှုန့်များကိုသာ တွေ့လိုက်ရသည်။ 


သေမျိုးလောကရဲ့ မီးကိုပဲ သုံးပြီး စိတ်စွမ်းအား မထည့်လိုက်မိလို့များလား ... 


ရမ်ရှန့်က အမှုန့်အနည်းငယ်ကို ယူကြည့်လိုက်သည်။ ပါဝင်ပစ္စည်းအများစုမှာ ကျန်ရှိနေဆဲဖြစ်ကြောင်း သိလိုက်ရမှသာ စိတ်သက်သာရာရသွားတော့သည်။ 


ဆေးလုံးပုံစံ ထွက်မလာမှတော့ ဆက်မလုပ်နေတော့ဘူး ကိုယ့်ဘာသာကိုယ်ပဲ လုံးလိုက်တော့မယ် ... 


ရမ်ရှန့်သည် သကြားနှင့် ဂျုံတို့ကို ‌ကျိုကာ လျှပ်စစ်လုံထဲရှိ အမှုန့်တို့နှင့် ရောနှောရင်း ဆေးလုံးတစ်ဒါဇင်ထက်မနည်း ပြုလုပ်လိုက်သည်။ 


"ဒါက ဘာကြီးလဲ ..." 


အနာကျက်ဆေးအကြောင်း တွေးနေသော မစ္စတာထန့်က အနားရောက်လာကာ မေးလိုက်သည်။ 


"ဒီတိုင်း ဆေးဖော်ကြည့်ထားတာ အဆိပ်မရှိဘူးဆိုတော့ စမ်းစားကြည့်လည်း ရတယ် ..." 


ရမ်ရှန့်က သူ့ရှေ့သို့ ပန်းကန်ကို တိုးပေးရင်း ပြောလိုက်သည်။ 


သူ့အတွက်မူ ထိုဆေးလုံးမှာ အာဟာရဓာတ်ကို စုပ်ယူနိုင်သည်မှတစ်ပါး အကျိုးမရှိချေ။ ၎င်းတို့ကို စား၍ အသုံးဝင်ပါမည်လားလည်း မသိပေ။


မစ္စတာထန့်က ဆေးလုံးတစ်လုံးကိုယူကာ စမ်းသပ်လိုက်ပြီးနောက် သူမြင်ခဲ့သည့် အချက်အလက်များကို ဖတ်ပြလိုက်သည်။ 


"ဒါက အနာကျက်ဆေးပဲ ဖြစ်ရမယ် ဟုတ်တယ်မဟုတ်လား ကြည့်ရတာ အလုပ်ဖြစ်မယ့်ပုံပါပဲ စမ်းကြည့်လိုက်ဦးမယ် ..." 


ဆေးအရသာမှာ ချိုမြိန်နေသည်။ သူက တစ်လုံးစားလိုက်သည့်တိုင် ထူးခြားမှုကို မခံစားမိပေ။ တစ်ခဏမျှ စဉ်းစားပြီးနောက် သူ့လက်ကို ရှရာနှစ်ခုဖြစ်အောင် လုပ်လိုက်ကာ ဆေးလုံးကို ကြိတ်ချေပြီး ဒဏ်ရာတစ်ခုပေါ် သို့ ဖြူးလိုက်သည်။ 


ဒဏ်ရာနှစ်ခုလုံး၏ အနာကျက်နှုန်းမှာ သာမန်မျက်လုံးဖြင့်ပင် မြင်နိုင်သည်အထိ မြန်ဆန်လှပေသည်။ ဆေးမှုန့်တိုက်ရိုက်ဖြူးခဲ့သည့် ဒဏ်ရာ၏ သက်သာနှုန်းမှာတော့ ပိုပြီး မြန်‌ဆန်ပေသည်။ 


"ဒီဆေးက တကယ်စွမ်းတာပဲ အထူးသဖြင့် သောက်လိုက်တဲ့အချိန်ပဲ တကယ်လို့ စစ်မတိုက်ခင် နည်းနည်းလောက် သောက်သွားမယ်ဆိုရင် အသက်ကယ်နိုင်မှာ သေချာတယ် ..." 


သူက ပြောလိုက်သည်။ 


ဒါက သေချာပေါက်ကို အလှအပဆေးလုံးလေ အနာကျက်ဆေးမှ မဟုတ်တာ ခင်ဗျားရဲ့ အမာရွတ်တွေ ချက်ခြင်းကြီး ပျောက်သွားတာကို သတိမထားမိဘူးလား ...


xxxxxxxx