အပိုင်း ၅၂
Viewers 18k

Chapter 52


"ဒီဆေးတွေကို ဘယ်လိုလုပ်လိုက်တာလဲ ..." 


မစ္စတာထန့်က တအံ့တဩမေးလိုက်သည်။ ထိုအချိန်အထိ သူ့ဘေးနားရှိ သကြားနှင့် ဂျုံမှုန့်တို့ကို မမြင်သေးပေ။ 


ထို့နောက် ဆေး‌လုံး၏ အရသာမှာ ထူးဆန်းနေသည်ဟု ခံစားလိုက်ရတော့၏။ ဒီနှစ်ခုနဲ့ ရောနယ်ထားလို့များလား ... 


"ဒီတိုင်း အပင်နည်းနည်းစီ ရောပြီးတော့ ဂျုံမှုန့်လေး ထပ်ထည့်ထားလိုက်တာ ..." 


ရမ်ရှန့်ကလည်း မဖုံးကွယ်။ ဆေးလုံး၏ အာနိသင်ကို အနီးကပ်တွေ့ရရန် အကြီးအကဲထန့်၏ အနားသို့ တိုးလာလိုက်သည်။ 


"...." 


မစ္စတာထန့်မှာ ပြောစရာစကားပင် မရှိတော့။ 


"ဘာမှ မစစ်ဆေးဘဲနဲ့ အကုန်လုံးကို ချေမွပြီး ရောသမမွှေလိုက်တာတော့ မဟုတ်ပါဘူးနော် ..." 


"မဟုတ်ဘူး အပူလည်း ပေးလိုက်သေးတယ် ..." 


သူ့အကြည့်တို့က အနီစက်တစ်ချို့ ပျောက်ကွယ်သွားရုံမှတစ်ပါး လုံးလုံးလျားလျား မပြောင်းလဲသွားသော မစ္စတာထန့်၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီးနောက် အနည်းငယ် စိတ်ပျက်သွားတော့သည်။ 


လောင်ထန့်က လုံးဝကို နုပျိုမလာဘူးပဲ ... 


ဘာပဲဖြစ်ဖြစ် ဒီမျက်နှာအားဖြည့်ဆေးလုံးက ကျင့်ကြံရေးလောကက ဆေးလုံးတွေလိုတော့ အာနိသင် ဘယ်ရှိမလဲ ပြီးတော့ လောင်ထန့်ကလည်း အရမ်းအိုနေပြီဆိုတော့ အာနိသင်သိပ်မပြတာ ပုံမှန်ပါပဲ ... 


ဒါပေမယ့် ဒီဟာကို တကယ်ရော အနာကျက်ဆေးအဖြစ် သုံးလို့ ရပါ့မလား။ တကယ်လို့ ဒဏ်ရာရထားတဲ့ စစ်သားရဲ့ အမာရွတ်တွေက မမြင်နိုင်လောက်အောင်ကို မှိန်ဖျော့သွားရင်ရော အားနည်းချက် ရှိတယ်လို့ ပြောလို့ရပါတော့မလား ... 


ဒီဆေးကိုပဲ ဆက်တိုက်စားမိပြီးတော့ တစ်တပ်လုံး အိုမလာတော့ရင်ရော ... သူ ဘယ်လိုလုပ်သင့်လဲ ... 


ထိုကဲ့သို့ ဖြစ်ရပ်မျိုးနှင့် ကြုံတွေ့ရန်မှာလည်း မဖြစ်နိုင်ပေ။ ယခု သူသည် ကိုယ်ဝန်ဆောင်ထားရသည့်အတွက် လတိုင်း ကျောက်လင်းယွီ ထောက်ပံ့ပေးသော သန့်စင်မြေသည် သူ့တစ်ကိုယ်စာသုံးစွဲရန်ပင် မလုံလောက်ချေ။ ဒီလောက်များတဲ့ ဆေးပင်တွေကို ဘယ်လိုလုပ် စိုက်နိုင်တော့မှာတဲ့လဲ ... 


"ဘယ်လောက်ဒီဂရီတောင်လဲ ..." 


သူ့နောက်ရှိ လျှပ်စစ်လုံခွက်ကို တအံ့တဩ ကြည့်ကာ မှတ်တမ်းများကို လှန်လှောကြည့်ပြီးနောက် မစ္စတာထန့်မှာ အာစေး‌မိသွားတော့သည်။ 


"အမြင့်ဆုံး အပူချိန်? ဒါက အပင်တွေကို အမှုန့်ဖြစ်သွားနိုင်တဲ့ အပူချိန်ကြီးလေ ဘယ်လိုလုပ် ဆေးအာနိသင်တွေ ကျန်နေရသေးတာလဲ ..." 


သေချာပေါက်ကို အာနိသင် ကျန်မှာပေါ့ ဒါတွေက သာမန်ဆေးပင်တွေမှ မဟုတ်တာ ... 


သို့သော် ထိုသို့ မပြောနိုင်သည့်အတွက် ရမ်ရှန့်က ရိုးရိုးတန်းတန်းသာ ပြောလိုက်သည်။ 


"တကယ်လည်း အမှုန့်ဖြစ်သွားတာပဲလေ ..." 


"ဒါဆို မင်းက အဲ့ဒီ့အမှုန့်တွေနဲ့ ဂျုံမှုန့်နဲ့ ရောနယ် သကြားနည်းနည်း ထပ်ထည့်ပြီး ငါ့ကို လာစားခိုင်းနေတာပေါ့ ဟုတ်လား ..." 


သူ့ဆရာကို ဝမ်းနည်းပက်လက်ဖြင့် ကြည့်လိုက်တော့သည်။ ငါ့အစာအိမ်လေး ပျက်စီးသွားရင် ဘယ့်နှယ့်လုပ်ပါ့မလဲ ... 


"စောစောကပြောတော့ ဒီဆေးက အလုပ်ဖြစ်တယ်ဆို အနာဂတ်မှာလည်း ဒီလိုမျိုး အဆင်ပြေလိမ့်မယ်လို့ ထင်တာပဲ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


အကြီးအကဲထန့်၏ မျက်နှာတွင် မျက်နှာအားဖြည့်ဆေးလုံး၏ အာနိသင်ကို မတွေ့ရသော်ငြား ဒဏ်ရာများကို ကုသနှုန်းမှာတော့ အလွန်ကို ကောင်းမွန်လှပေသည်။ အကယ်၍ မျက်နှာကို လှပစေလိုပါလျှင် အရင်ဆုံး ခန္ဓာကိုယ်ကို အားဖြည့်ရပေမည်။ ထို့ကြောင့် ဤအာနိသင် တည်ရှိနေခြင်းဖြစ်ပြီး ဆေးလုံးထဲတွင် စိတ်စွမ်းအင်အချို့လည်း ရှိနေသေးသည်။ 


ဒီကမ္ဘာတွင် စိတ်စွမ်းအင်များ မရှိသော်ငြား အပင်များကိုယ်တိုင်ကပင်လျှင် စိတ်စွမ်းအင်အပင်များဖြစ်ကာ သူကလည်း သန့်စင်မြေကို သုံးကာ စိုက်ပျိုးထားသည့်အတွက် ၎င်းတို့၏ ပင်စည်ထဲတွင် စိတ်စွမ်းအင်များ ကျိန်းသေရှိနေပေမည်။ 


ဤမျှနည်းပါးသည့် စိတ်စွမ်းအင်မှာ  ကျင့်ကြံရေးလောကတွင် အမှုန်အမွှားမျှသာ ဖြစ်သော်ငြား စိတ်စွမ်းအင်မရှိသည့် ဤကမ္ဘာပေါ်ရှိ မကျင့်ကြံဖူးသူများအတွက်မူ အဖိုးမဖြတ်နိုင်ပေ။ 


ဤနေရာရှိ လူများ၏ တိုက်ခိုက်ရေးစွမ်းအားမှာ ကျင့်ကြံသူများထက်တော့ မနိမ့်လှ။ အများစုတွင် သန်မာသည့် စွမ်းအင်များ ပိုင်ဆိုင်ထားကြသော်ငြား ထိုစွမ်းအင်သည် ၎င်းတို့၏ ခန္ဓာကိုယ်ကို ပြန်လည်ပြီး ခွန်အားဖြည့်တင်းမပေးသည့်အပြင် အချို့စွမ်းအင်များမှာ ခန္ဓာကိုယ်ကိုပင် ဖျက်ဆီးပစ်နိုင်သေးသည်။ ထိုသည်ကို ပြုပြင်ရန်အတွက် စိတ်စွမ်းအင်ပါသော ဆေးလုံးများကို မုချ သောက်သုံးရမည်ဖြစ်သည်။ 


"ဆေးကို ဘယ်လိုတောင် ဖြစ်ကတက်ဆန်းတွေ လုပ်လိုက်ရတာလဲ တစ်ခုချင်းစီကို ကျကျနန စမ်းသပ်စစ်ဆေးပြီးမှ အကောင်းဆုံး ဖော်စပ်နည်းကို ဆုံးဖြတ်ရမှာလေ ..." 


မစ္စတာထန့်မှာ ပြောစရာစကားပင် မရှိတော့ချေ။ သူ့ဆရာက တကယ်ရော အားကိုးလို့ ရပါ့မလား ... 


"အဲ့ဒီလိုလား ..." 


ရမ်ရှန့်က တအံ့တဩ မေးလိုက်သည်။ 


"ဒါပေါ့ ငါပြောပြမယ် ..." 


သူ နှစ်ပေါင်းများစွာ လေ့လာခဲ့သည်များကို တရစပ် ပို့ချလိုက်တော့သည်။ 


"ခင်ဗျားလည်း ဆက်လေ့လာလိုက်ဦး ကျွန်တော်လည်း လင်းယွီဆီ မသွားခင် ဆေးလုံးနည်းနည်းလောက် ထပ်လုပ်လိုက်ဦးမယ် ..." 


ရမ်ရှန့်မှာ  နေ့တစ်ဝက် နားထောင်ပြီးသည့်တိုင် ဘာသာရပ်ဆိုင်ရာ အသုံးအနှုန်းအချို့ကို နားမလည်နိုင်သေးပေ။ ထို့ကြောင့် ကျောက်လင်းယွီနှင့် စစ်သင်္ဘောကို ရုတ်ချည်း လွမ်းဆွတ်မိလာတော့သည်။


"မင်းက အရမ်းကို ဖြုန်းတီးနေတာပဲ ..."


အရွက်နှင့် ပွင့်ချပ်အချို့ကို လျှပ်စစ်လုံထဲ ပစ်ထည့်ကာ အမှုန့်ကြိတ်ပစ်သော ရမ်ရှန့်ကို ကြည့်ရင်း မစ္စတာထန့်မှာ ခေါင်းများ ထိုးကိုက်လာတော့သည်။ 


"စိတ်မပူပါနဲ့ အနာဂတ်ကျ ပိုပြီးစိုက်လိုက်ပါ့မယ်..." 


ရမ်ရှန့်က အာဟာရပျော်ရည်ထဲတွင် စိမ်နေသော ရှောင်လွီကို ထုတ်ယူကာ သူ့စုပ်ခွက်ထဲရှိ သန့်စင်မြေများကို အားမနာတမ်း ပြန်ဆွဲယူလိုက်သည်။ 


ဘယ်လောက်နည်းနည်း သန့်စင်မြေက သန့်စင်မြေပဲလေ ဒီလိုရတနာမျိုးကို အလဟဿ ဖြုန်းတီးမပစ်နိုင်ပါဘူး ... 


သူ့စကားများကို ကြားလိုက်ရချိန်တွင် မစ္စတာထန့်မှာ ဝမ်းနည်းလာပြန်တော့သည်။ ဘာဆက်လုပ်၍ လုပ်ရမည်မှန်းလည်း မသိတော့။ သူ့စွမ်းရည်ဖြင့် အပင်ကြီးထွားနှုန်းကို မြှင့်တင်ပေးနိုင်သည် ဆိုသော်ငြား ရလဒ်ကတော့ မကောင်းလှပေ။ 


ရမ်ရှန့်လည်း ဆေးမှုန့်တစ်အိတ်နှင့်အတူ ကျောက်လင်းယွီထံသို့ ထွက်လာလိုက်သည်။ ဆေးမှုန့်များကို ချောကလတ်ထဲ ထည့်ရန် ရည်ရွယ်ချက်ဖြင့် စားဖိုဆောင်မှလည်း ချောကလတ်အနည်းငယ် တောင်းခဲ့လိုက်သေးသည်။ 


"ဘာလို့ ချောကလတ်လုပ်ဖို့ အတွေးပေါက်သွားတာလဲ ..." 


အခုလေးတင်မှ အလုပ်ပြီးလာသော ကျောက်လင်းယွီက မေးလိုက်သည်။

52.2


"မျက်နှာအားဖြည့်ဆေးလုံးက အပြီးသတ်ခါနီးနေပြီလေ အဲဒါကြောင့် အန်တီ့ကို ကျွေးရအောင် ချောကလတ်ထဲ ထည့်မလို့ စဉ်းစားနေတာ ..." 


သူက ပြောလိုက်သည်။ မစ္စတာထန့်မှာ အိုမင်းလွန်း၍သာ ဆေးအာနိသင်မှာ ကောင်းကောင်းမသက်ရောက်ခြင်း ဖြစ်သည်။  သို့သော် ရှန်းချိုးရှစ်အနေဖြင့်မူ ‌အာနိသင်မှာ ကောင်းမွန်မည်ဖြစ်သည်။ ဒါမှမဟုတ် ဒီဆေးလုံးကို ကျင့်ကြံရေးကမ္ဘာက ဆေးတွေနဲ့တူအောင် စိတ်စွမ်းအင်နည်းနည်းလောက်ပါ ထပ်ထည့်လိုက်သင့်လား ... 


"အကြံကောင်းပဲ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ သူ့အဖေမှာ တစ်နေ့ထက်တစ်နေ့ ပိုပြီး နုပျိုလာသည့်အတွက် ရှန်းချိုးရှစ်မှာလည်း သူမကိုယ်သူမ ထိန်းသိမ်းရန် အသည်းအသန် ကြိုးစားနေရပေသည်။ အကယ်၍ ရမ်ရှန့်ကသာ ထိုပစ္စည်းကို ပေးလိုက်ပါလျှင် ကျိန်းသေ ပျော်ရွှင်သွားမည်ဖြစ်သည်။ 


"ဒါနဲ့လေ မစ္စတာထန့်ပြော‌တာတော့ မျက်နှာအားဖြည့်ဆေးလုံးက ဆေးကောင်းတစ်လက်ပဲတဲ့ သူသာ စမ်းသပ်ပြီးသွားရင် စစ်တပ်ထဲကို ဖြန့်ချီဦးမယ်လို့ ပြောတယ် ..." 


သူက ရုတ်တရက် သတိရသွားသည်။ 


သူ့လက်အောက်က လူကြမ်းကြီးတွေကို အလှအပနဲ့ အသားအရေထိန်းသိမ်းရေးဆေးလုံး စားခိုင်းရတာ သင့်ရောသင့်တော်ပါ့မလား မဟုတ်သေးဘူး အကြီးအကဲထန့်က ဒီလိုမျိုး ပြောလာတယ်ဆိုမှတော့ ဒီဆေးက သေချာပေါက် ဒဏ်ရာကုသနိုင်လို့ပဲ ဖြစ်ရမယ် ကြည့်ရတာတော့ သူ့ရဲ့ လုံခြုံရေးအဆင့်ကို မြှင့်ဖို့ လိုနေပြီထင်တယ် မဟုတ်ရင် ပြဿနာဖြစ်လာနိုင်တယ် ... 


ထိုအကြောင်းကို တွေးမိလျှင် ကျောက်လင်းယွီသည် ရုတ်ချည်း မျက်မှောင်ကြုတ်လိုက်တော့၏။ 


"ရမ် တကယ်လို့ ဒီဆေးကို အောင်အောင်မြင်မြင်နဲ့ ဖော်စပ်နိုင်မယ်ဆိုရင် မင်း ဘာလုပ်မလဲ ..." 


"လူတွေကို ကယ်တင်ဖို့ သုံးမှာပေါ့ ..." 


သူက မတုန့်မဆိုင်းဘဲ ပြန်ဖြေလိုက်သည်။ 


အလှအပဆေးလုံးကို အနာကျက်ဆေးအဖြစ် သုံးရမည်မှာ အနည်းငယ် ထူးဆန်းသော်ငြား အကယ်၍ လူ့အသက်ကို ကယ်တင်နိုင်ပါလျှင် ဤသည်မှာ ကောင်းသည့်ကိစ္စပင်ဖြစ်သည်။ သူ အမြဲကြည့်နေသည့် ကာတွန်းများတွင်လည်း လူ့လောကကို အကျိုးပြုရမည်ဟု အမြဲလိုလို ဖော်ပြထားပေသည်။ 


"ဒီဆေးက ကမ္ဘာပေါ်မှာ တစ်ခါမှ မကြားဖူးဘူးလေ တကယ်လို့သာ ဖော်စပ်နိုင်သွားရင် မင်းရဲ့ တည်ရှိမှုကို လူတွေ သတိပြုမိသွားမလား ဆိုတာကို စိုးရိမ်မိတယ် ..." 


ကျောက်လင်းယွီမှာ အနည်းငယ် တုန့်ဆိုင်းနေပေသည်။ ရမ်ရှန့်ကို သိလေလေ သူ့ကို မကာကွယ်နိုင်မည်ကို စိုးရိမ်မ်ိလေဖြစ်သည်။ 


"ဘာကို ဆိုလိုချင်တာလဲ ..." 


ရမ်ရှန့်က မေးလိုက်သည်။ 


"ဒီဆေးသာ ထွက်လာရင် မင်းရဲ့ တည်ရှိမှုကို ဖုံးကွယ်ထားဖို့ ခက်သွားပြီ ဒါမျိုးကို စိုက်နိုင်တာကလည်း မင်းတစ်ယောက်ပဲ ရှိတာဆို‌တော့လေ ပြီးတော့ အကြီးအကဲထန့်ကလည်း မင်းကို ဆရာတင်လိုက်တာဆိုတော့ ပိုပြီး နာမည်ကြီးလာတော့မှာ‌ ..." 


"တကယ်ကြီး အဲ့လိုဖြစ်လာမှာလား ..." 


ရမ်ရှန့်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ 


"ဟုတ်တယ် ဘာဖြစ်လို့လဲ ..." 


"မစ္စတာထန့်က ပြောထားတာ တကယ်လို့ ကျွန်တော်သာ သန်မာလာရင် ဘယ်သူကမှ ခင်ဗျားနဲ့ မထိုက်တန်ဘူးလို့ မပြောရဲကြတော့ဘူးတဲ့ ..." 


သူက ပြောလိုက်သည်။ ထို့သို့ပြောပြီးနောက် မျက်နှာအားဖြည့်ဆေးလုံးအတွက် သုတေသနလုပ်ရန် လစ်ဟင်းမိသည်ကိုပင် နောင်တရလာတော့သည်။ 


သူသာ မျက်နှာအားဖြည့်ဆေးလုံးကို‌ ဖော်စပ်နိုင်ရန် ဘယ်သူကမှ ကျောက်လင်းယွီနဲ့ မတန်ဘူးလို့ ထင်ကြတော့မှာ မဟုတ်ဘူးလေ ... 


ကျောက်လင်းယွီက သူ့ကို အကြာကြီး စိုက်ကြည့်နေပြီးနောက် သူ့ကိုယ်သူ အတွေးလွန်နေမိမှန်း သဘောပေါက်သွားတော့သည်။ 


ရမ်ရှန့်သည် အားနည်းဟန် ပေါ်သော်ငြား အမှန်တကယ် အားမနည်းပေ။ စစ်သင်္ဘောကို မောင်းနှင်နိုင်သည့်အပြင် သူမသိ‌သေးသည့် ကိစ္စရပ်များကိုပါ တတ်ကျွမ်းနေသေးသည်။ 


သူ့အနေဖြင့် ရမ်ရှန့်ကို ကာကွယ်ပေးရန် လိုအပ်သည်။ သို့သော် ထိုသို့ ကာကွယ်ပေးချင်ရုံမျှဖြင့် သူ အစွမ်းကုန် ပွင့်လန်းလာမည်ကိုတော့ ပိတ်ပင်မည် မဟုတ်ချေ။ 


"မင်း အကောင်းဆုံး လုပ်နိုင်မယ်ဆိုတာ ကိုယ် လောင်းရဲတယ် ..."


သူက ထိုသို့ပြောကာ လှည့်ကြည့်လိုက်ချိန်တွင် အစောပိုင်းက အင်အားကြီးအောင် လုပ်မည့်အကြောင်း စိတ်လှုပ်ရှားစွာဖြင့် ပြောနေသည့် ရမ်ရှန့်မှာ ချောကလက်လုပ်နေသည်ကို တွေ့လိုက်ရသည်။ 


အမြစ်များက ချောကလက်တုံးကို သွက်သွက်လက်လက် လှီးဖြတ်ကာ ခဏအကြာတွင် ကျစ်ဆံမြီးနှင့် လူရုပ်ကလေး ထွက်လာတော့သည်။ 


"ကျွန်တော်လုပ်ထားတာ လှလား ဟိုးအရင် ရွှံ့နဲ့ဆော့တုန်းကတော့ အရုပ်ပုံစံမျိုးစုံ လုပ်နိုင်တယ် အခုထိလည်း လက်ရည်ကျမသွားသေးဘူးလို့ ထင်ရတာပဲ ..." 


သူက ဝမ်းသာအားရ ပြောလိုက်သည်။ 


သူ၏ အင်အားကြီးလာအောင် လုပ်မည်ဟူသော စကားအပေါ် ကျောက်လင်းယွီမှာ အနည်းငယ် ကူကယ်ရာမဲ့နေဆဲပင်ဖြစ်သည်။ သို့သော် သူ၏ ဂုဏ်ယူဝင့်ကြွားဟန် အမူအယာကို တွေ့လိုက်ရချိန်တွင် သဘောကျစိတ်တို့ ထွက်ပေါ်လာပြန်သည့်အတွက် သူ့ခေါင်းကို ပွတ်ပေးလိုက်သည်။ 


"ပုံက တကယ်ကို ကောင်းကောင်းထွက်လာတာပဲ တကယ်ကို ချစ်စရာလေး ..." 


"ကျွန်တော့်ခေါင်းကို ထိရင် ဂရုစိုက်ဦး အထဲမှာ ကလေးတွေ ရှိတယ် ..." 


ရမ်ရှန့်က သူ့လက်ကို ဆွဲချလိုက်သည်။ 


"သေချာပေါက်ကို ချစ်စရာကောင်းတယ်လို့ ထင်မှာပေါ့ ဒါ ကျွန်တော်ငယ်ငယ်က ပုံနဲ့ တစ်ပုံစံတည်းပဲလေ နောက်ပိုင်းကျ အန်တီ့ကိုလည်း ပြရဦးမယ် ..." 


ရမ်ရှန့်ရဲ့ ကလေးရုပ် ဟုတ်လား ... 


ကျောက်လင်းယွီသည် ရမ်ရှန့် ငယ်စဉ်ကပုံကို သေချာသိနိုင်ရန် ချောကလက်ရုပ်ကို ဂရုတစိုက် ကြည့်လိုက်သည်။ ထိုကလေးသည် ခါးတွင်သာ သစ်ရွက်တို့ဖြင့် စည်းနှောင်ထားသည်။ သူ့ရင်ဘက်ရှိ အရာလေးနှစ်ခုမှာ သေးငယ်သည့်တိုင် ဖော်ပြထားဆဲဖြစ်သည်။ 


ကျောက်လင်းယွီသည် မတုန့်မဆိုင်းဘဲ ထိုချောကလက်ရုပ်ကို သူ့ပါးစပ်ထဲ ထိုးထည့်လိုက်သည်။ 


"ဘာလို့ စားပစ်တာလဲ အရသာရှိလို့လား ..." 


ရမ်ရှန့်က သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။ 


"အရသာရှိတယ် ..." 


သူ့အကြည့်တို့က ရမ်ရှန့်၏ ကိုယ်ပေါ်သို့ အစုန်အဆန် ကျဆင်းရင်း ထပ်ဖြည့်ပြောလိုက်သည်။ 


"အမေက တိရိစ္ဆာန်ပုံလေးတွေကို သဘောကျတယ် ..." 


"ဒါဆိုလည်း တိရစ္ဆာန်ပုံလေးတွေပဲ လုပ်လိုက်မယ်လေ ..." 


ရမ်ရှန့်မှာ ဘာကြောင့်ရယ်မသိ သက်တောင့်သက်သာ မဖြစ်သလို ခံစားလိုက်ရသည်။ ကျောက်လင်းယွီက သူ့ပုံတူလေးကို ကိုက်စားလိုက်တာ တွေ့လိုက်ရလို့များလား ...


xxxxxxx