Chapter 53
တကယ်လို့ အဲ့ဒါကြောင့်သာဆိုရင် ကြောက်နေရမှာလေ ဘာလို့ ပူသလိုလို ခံစားမိလာရတာလဲ ...
ပါးစပ်ထဲတွင် တမြုံ့မြုံ့ဝါးကာ အပေါ်နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည့် ကျောက်လင်းယွီမှာလည်း သူ့လိုပင် ပူလာသယောင် ခံစားမိလိုက်သည်။
ညနေခင်း အိမ်ပြန်ရောက်ချိန်တွင် သူက ရှန်းချိုးရှစ်ကို တိရိစ္ဆာန်ရုပ်ပုံမျိုးစုံဖြင့် ချောကလက်တစ်ဘူး ပေးလိုက်သည်။ ထိုချောကလက်လေးများမှာ လက်သည်းခွံမျှသာ ဖြစ်သော်ငြား အစစ်အတိုင်း တစ်ထပ်တည်းတူကာ ချစ်စရာကောင်းလှပေသည်။
ရှန်းချိုးရှစ်မှာ ချောကလက် ရှားပါးလှသူ မဟုတ်သော်ငြား ဤသည်မှာ ရမ်ရှန့်ကိုယ်တိုင်လုပ်လာခဲ့ခြင်းဖြစ်သည့်အပြင် လှပစေမည့် အာနိသင်များလည်း ပါနေသေးသည်။
"ရမ်ရေ မင်းကတော့ တကယ်ကို အန်တီ့အသဲလေးပဲ ..."
"ဒါပေါ့ ..."
သူက အပြုံးခပ်ကြီးကြီးပြုံးကာ ပြောလိုက်သည်။
ရမ်ရှန့်မှာ ချစ်စရာကောင်းလှသည့်အတွက် သူ့ကို ပွေ့ဖက်လိုက်ချင်သော်ငြား ကျောက်လင်းယွီက လက်ဦးမှုယူကာ သူ့ဂျင်ဆင်းလေးကို ပြန်ဆွဲခေါ်လိုက်သည်။
ရှန်းချိုးရှစ်က သူ့ကို ခပ်စူးစူး စိုက်ကြည့်လိုက်သည်။ သူမရဲ့သားက တကယ်ကို ချစ်စရာ မကောင်းတော့ဘူး သူမရဲ့ အသဲလေးကို ဆွဲခေါ်သွားရဲတယ်ပေါ့ ...
ကျောက်လင်းယွီကလည်း ရမ်ရှန့်ကို ဆွဲခေါ်ရန် တွန့်ဆုတ်မနေပေ။ သူတို့၏ ကိုယ်ပိုင်ကမ္ဘာလေး တည်ရှိရာ အခန်းထဲသို့ ပြန်ချင်နေပြီဖြစ်သည်။ အကြီးအကဲထန့်ကမူ သုတေသနကိုသာ စွဲလမ်းနေသည့်အတွက် ပထမတပ်ဖွဲ့မှ မခွါတော့။ ပထမတပ်ဖွဲ့တွင်ပင် အခြေချရန် ပြင်နေပြီဖြစ်သည်။
နောက်နေ့မနက်အစောတွင် ရမ်ရှန့်သည် ဓာတ်ခွဲခန်းသို့ ထွက်လာလိုက်သည်။
သူရောက်လာချိန်တွင် တစ်ညလုံး မအိပ်ရသေးသော မစ္စတာထန့်က မျက်နှာသစ်နေလေသည်။
"မနေ့က ငါမျက်နှာ မသစ်ခဲ့မိဘူးထင်တယ် မဟုတ်ဘူး သေချာပေါက်ကို သစ်ခဲ့မိလားပဲ ..."
ထိုသို့ရေရွတ်ရင်း သူ့မျက်နှာပေါ်မှ ရွှံ့များကို ဆေးကြောနေသည်။
ထိုသို့ဆေးကြောပြီးသည့်တိုင် သူသည် အရေးအကြောင်းများ များစွာရှိနေသည့် လူအိုကြီးဖြစ်နေဆဲပင်ဖြစ်သည်။ သူ၏ အသားအရေမှာတော့ ယမန်နေ့ကထက် အနည်းငယ် ချောမွေ့လာလေသည်။ သို့သော် မစ္စတာထန့်မှာ တစ်နေကုန် စမ်းသပ်ရင်း အလုပ်များနေသဖြင့် သတိမပြုမိသေး။ သတိထားမိသော ရမ်ရှန့်ကလည်း ထိုအကြောင်းကို ထုတ်မပြောချေ။
"မစ္စတာထန့်ရေ သုတေသနကို ဆက်လုပ်ရအောင် ..."
သူက ပြောလိုက်သည်။ သူ့တွင် အဂ္ဂိရင်ပညာနှင့် ပတ်သက်၍ အရည်အချင်းများ ရှိနေရာ အနည်းငယ်လောက် ထုတ်ပြ၍လည်း ကိစ္စမရှိနိုင်လောက်ပေ။
သို့သော် နည်းပညာမြင့် ပစ္စည်းကိရိယာများနှင့် နှိုင်းယှဉ်ပါလျှင် အဂ္ဂိရက်စွမ်းရည်မှာ အလကားပင်ဖြစ်သည်။ ထို့အပြင် မစ္စတာထန့်မှာလည်း သူ့၏ သုတေသနတွင်သာ အာရုံဝင်စားနေသည့်အတွက် သူ့ဆရာမှာ ရမ်ရှန့်ဖြစ်ကြောင်းကိုပင် မေ့နေပြီဖြစ်သည်။
ထားလိုက်ပါတော့ စစ်သင်္ဘောမောင်းတာကို သွားလေ့ကျင့်နေတာပဲ ကောင်းပါတယ်လေ ဒါကလည်း အင်အားကြီးလာနိုင်မယ့် နည်းလမ်းတစ်ခုပဲ မဟုတ်လား ဘာပဲဖြစ်ဖြစ် မစ္စတာထန့်ကို သင်ပေးဖို့ဆို အချက်အလက်တွေ အများကြီး ထုတ်မပြလို့မှ မရတာ ...
လေ့လာခြင်းတွင်သာ ပိုပြီး အားစိုက်ရန်အတွက် မစ္စတာထန့်သည် ချီပိတ်ဆို့ခြင်း နည်းပညာကို သင်ယူရန် စိတ်မပါချေ။
နောက်တစ်နေ့မနက်တွင် အကြီးအကဲထန့်သည် သုတေသနပြုထားသော ဆေးဝါးများ၏ တိုးတက်မှုကို သိနိုင်ရန် စမ်းသပ်ခန်းတွင် အသုံးပြုသည့် ကြွက်များနှင့် စမ်းသပ်လိုက်သည်။
ထို့နောက်တွင်တော့ ... ထိုအပင်များသည် အကောင်းဆုံး သက်သာနိုင်စွမ်းကို ရရှိရန် မြင့်မားသော အပူချိန်၌ လောင်ကျွမ်းရမည်ဖြစ်ကြောင်း တွေ့လိုက်ရသည်။
နောက်ဆုံးတွင်တော့ သူ့ဆရာ လုပ်ခဲ့သည်မှာ မှန်ကန်နေကြောင်း အံ့ဩဖွယ်ကောင်းစွာ သဘောပေါက်လိုက်သည်။ ရမ်ရှန့်ကို ဖြုန်းတီးလွန်းသည်ဟု ပြောခဲ့မိကြောင်း ပြန်သတိရလိုက်ချိန်တွင် သူ့မျက်နှာမှာ ရဲရဲနီလာတော့သည်။
ရမ်ရှန့်၏နည်းလမ်းမှာ အကောင်းဆုံးတော့ မဟုတ်ချေ။ အကယ်၍ ထိုအပင်များကို သီခြားစီခွဲကာ အပူအချိန်အမျိုးမျိုး၌ လောင်ကျွမ်းစေပါလျှင် ၎င်းတို့၏ အာနိသင်မှာ ရမ်ရှန့်ဖော်စပ်ခဲ့သည်ထက် ပိုမိုသာလွန်မည်ဖြစ်သည်။
စမ်းသပ်မှုများ ထပ်လုပ်ရန် လိုအပ်နေရုံသာဖြစ်သည်။
"ဆရာရေ ဒီကို သွက်သွက်လေးလာပြီး အပင်တွေ ကြီးထွားအောင် ကူညီပေးပါဦး ..."
နောက်နေ့မနက်အစော ရမ်ရှန့် ပထမတပ်ဖွဲ့သို့ ရောက်လာချိန်တွင် သူက ကမန်းကတန်း ပြောလိုက်သည်။
"ဒီလောက်မြန်မြန်ကြီး ဘယ်လိုများ သုံးပစ်လဲ..."
ရမ်ရှန့်၏ မျက်လုံးတို့မှာ ပြူးကျယ်သွားတော့သည်။
ထိုဆေးပင်များကို ကြီးထွားရန် လိုအပ်သည့် သန့်စင်မြေပမာဏမှာ မများလှပေ။ သို့သော် သူစုဆောင်းထားသည့် သန့်စင်မြေများ နည်းသည်ထက် နည်းလာသည်ကို တွေ့လိုက်ရလေတိုင်း ရမ်ရှန့်၏ နှလုံးသားမှာ ကျေမွလုမတတ် နာကျင်ရပေသည်။
53.2
"မနေ့က ညနေကမှ ကြီးထွားအောင် လုပ်ပေးခဲ့တာ မဟုတ်လား ..."
"မနေ့က တစ်ညလုံး မအိပ်ဘဲနဲ့ ..."
မစ္စတာထန့်က သူ့ကို တလက်လက်တောက်ပနေသည့် အကြည့်တို့ဖြင့် အားတုံ့အားနာ ကြည့်လိုက်သည်။
"ထားလိုက်တော့ ထားလိုက်တော့ လာ သွားမယ် ..."
သူက ပြောလိုက်သည်။
အကယ်၍ သူသာ ဓာတ်ခွဲခန်းသို့ မလိုက်လာပါလျှင် မစ္စတာထန့်ကို ပစ္စည်းကိရိယာ လုံလုံလောက်လောက် မထောက်ပံ့ပေးနိုင်သည့်အတွက် စိတ်မကောင်းဖြစ်မိတော့ပေမည်။
ဓာတ်ခွဲခန်းသို့ သွားရာလမ်းတွင် တပ်သားများက သူတို့နှစ်ဦးကို လေးစားသမှုဖြင့် နှုတ်ဆက်ကြပေသည်။ ရမ်ရှန့်က သူတို့၏ နှုတ်ဆက်မှုကို များများစားစား တွေးမနေဘဲ လက်ခံသော်ငြား မစ္စတာထန့်ကတော့ အနည်းငယ်ထူးဆန်းနေသယောင် ခံစားလိုက်ရတော့၏။
ဒီစစ်သားတွေက ရမ်ရှန့်ကို အလေးပြုဖို့အရေး ခေါင်းကို အရင်ငုံ့နေရတာ သူတို့အတွက် တကယ်ကို ခက်ခဲမှာပဲ ...
အကြီးအကဲထန့်၏ ဓာတ်ခွဲခန်းသည် ယခုလက်ရှိတွင် ပထမတပ်ဖွဲ့၏ နံပါတ်တစ် ကာကွယ်ရမည့် ဦးစားပေးနေရာ ဖြစ်နေသည့်အတွက် ထိုနေရာအတွင်းသို့ ဝင်ရောက်ရန်မှာ မလွယ်ကူလှချေ။ အခန်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ရှောင်လွီက သူ့ကို အပင်စိုက်ပျိုးသည့် တိုင်ကီအနီးသို့ အတင်းဆွဲခေါ်သွားတော့သည်။
"ရှောင်လွီက ငါစမ်းသပ်ပြီး အပင်တွေကို ကြီးထွားအောင် လုပ်တာကို သဘောကျတယ်နဲ့တူတယ် သူက ဒီနယ်ပယ်မှာ ပါရမီရှိတဲ့ပုံပဲ ..."
မစ္စတာထန့်က ဝမ်းသာအားရ ပြောလိုက်သည်။
ပါရမီရှိတယ် ဟုတ်လား ရှောင်လွီကလေ... သူက လူအိုကြီးရဲ့ စမ်းသပ်မှုတွေကို အခွင့်ကောင်းယူပြီးတော့ သန့်စင်မြေနဲ့ ကြီးထွားလာတဲ့ အပင်တွေကို စားချင်နေတာ မဟုတ်ဘူးလား ...
ရမ်ရှန့်က အကြံဆိုးပိုင်ရှင် ရှောင်လွီကို စိုက်ကြည့်နေလိုက်သည်။
သူ့နောက်မှ တိတ်တိတ်လေး လိုက်လာသော ကျောက်လင်းယွီက ရှောင်လွီကို လက်ဖြင့်ဖမ်းဆုပ်ထားလိုက်သည်။
မူလက သက်ဝင်လှုပ်ရှားနေသည့် ရှောင်လွီသည် အပင်အစစ်ကဲ့သို့ ရမ်ရှန့်၏ ကိုယ်ပေါ်မှ ပြုတ်ကျလာကာ မြေကြီးပေါ်သို့ ကျသွားသည်။ ထို့နောက် အရွက်သေးနှစ်ရွက်ကိုသာ ဆန့်ထုတ်ရင်း မစ္စတာထန့်ထံ ပြေးသွားလိုက်တော့သည်။
"....."
မစ္စတာထန့်မှာတော့ အာစေးမိနေသကဲ့သို့ပင်။ ဤကဲ့သို့ဖြစ်ရပ်မျိုးကို ကြိမ်ဖန်များစွာ ကြုံတွေ့ခဲ့သော်ငြား သူ၏ မိသားစုဝင် ရှောင်လွီမှာ ယခုအချိန်အထိ အခြေအနေကို သဘောမပေါက်နိုင်သေးပေ။ သူ့ကို ကလေးတစ်ယောက်ရဲ့ ဉာဏ်ရည်မျိုး ရှိတယ်လို့ ပြောခဲ့မိတာ နည်းနည်းများ ချီးကျူးလွန်းရာ ကျနေပြီလားပဲ ...
အပင်များကို ရင့်မှည့်စေသည့် လုပ်ငန်းစဉ်မှာ မမြန်လွန်း၊ မနှေးလွန်းပေ။ ထိုအပင်များအားလုံး ကြီးထွားလာချိန်တွင် ကျောက်လင်းယွီ၏ လက်ထဲမှ လွတ်မြောက်လာပြီးနောက် တိုင်ကီထဲတွင် သွားပုန်းနေသော ရှောင်လွီမှာ အပြင်ဘက်သို့ စိတ်မပါလက်မပါဖြင့် ထွက်လာကာ သန့်စင်မြေအားလုံး ယူသွားသော ရမ်ရှန့်ကို ကြည့်နေလိုက်သည်။
"ဆေးသုတေသနလုပ်နေတာကရော ဘယ်လိုဖြစ်သွားပြီလဲ ..."
ကျောက်လင်းယွီက ဓာတ်ခွဲခန်းထဲရှိ တိုးများလာသော ပစ္စည်းကိရိယာများကို ကြည့်ရင်း မေးလိုက်သည်။
"ဒီအပင်တွေကို ထုတ်လုပ်ဖို့ နည်းလမ်း ရှာတွေ့လုနီးပါး ဖြစ်နေပါပြီ အကောင်းဆုံးနည်းလမ်းကို ရှာတွေ့ဖို့ပဲ လိုတော့တာ ဒီဆေးရဲ့ လုပ်ဆောင်ပေးနိုင်တာတွေက ငါထင်ထားတာထက်ကို ပိုများနေတယ် သူ့မှာ တကယ်ကို အသက်အရွယ် အိုမင်းလာတာကို လျှော့ချပေးနိုင်တဲ့ အာနိသင်ရှိနေတယ် ..."
သူက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"လေ့လာရင်း အဲဒါတွေကို အများကြီး စမ်းစားကြည့်လိုက်တာ ငါ့ကိုယ်ငါ ပိုပြီး နုပျိုလာတယ်လို့ ခံစားနေရပြီ ..."
သူ့စကားများကို ကြားလိုက်သော ရမ်ရှန့်က သူ့ကို ဂရုတစိုက် ကြည့်ကြည့်လိုက်သည်။ မစ္စတာထန့်မှာ အမှန်တကယ်ပင် နုပျိုလာပြီး အရေးအကြောင်းများမှာလည်း မှိန်ဖျော့နေလေပြီ။
သူ့မျက်နှာ ဒီလိုပြောင်းလဲလာတာက သေချာပေါက်ကို မျက်နှာအားဖြည့်ဆေးလုံးကြောင့်ပဲပေါ့ ...
ကျောက်လင်းယွီကလည်း သူ၏ ပြောင်းလဲမှုများကို သတိပြုမိလိုက်သည်။ ထို့နောက် သူ့အကြည့်တို့က ဘေးနားရှိ ဆေးမှုန့်များထံ ကျရောက်သွားတော့သည်။
"ဒီပစ္စည်းတွေက အာနိသင်တော့ နည်းနည်းလေး ပိုနည်းတယ် ဒါပေမယ့် သုံးလို့ရတယ်နော် ပြန်ယူသွားချင်လား ..."
အဘိုးအိုက ခပ်ပြုံးပြုံးမေးလိုက်သည်။
ကျောက်လင်းယွီကလည်း ထိုဆေးမှုန့်အားလုံးကို သယ်သွားရန် မတုန့်ဆိုင်းပေ။
"လင်းယွီ ဒီအမှုန့်တွေက ဘာလုပ်ဖို့လဲ ..."
ဓာတ်ခွဲခန်းထဲမှ ထွက်လာပြီးနောက် ရမ်ရှန့်က မေးလိုက်သည်။
"စားဖို့လေ ..."
သူ့မျက်နှာအမူအယာမှာ ပြောင်းလဲမသွားချေ။ ပြောလိုက်သည်မှာ တိုတောင်းသော်ငြား အချက်အလက်ကတော့ ပြည့်စုံပေသည်။
"စားဖို့ ဟုတ်လား ..."
ရမ်ရှန့်မှာ အတော်အံ့ဩသွားတော့သည်။
"ဒါကို စားချင်လို့လား ..."
"ဟုတ်တယ် အဲဒါတွေ အကုန်လုံးကို ရမ်ရှန့်သေးသေးလေးလုပ်ပေး ..."
ကျောက်လင်းယွီက သူ့လက်ထဲရှိ ဆေးမှုန့်အားလုံးကို ကမ်းပေးလိုက်သည်။
xxxxxxx