အပိုင်း ၅၄
Viewers 18k

Chapter 54


အကြီးအကဲထန့်ကတော့ တကယ်ကို ပညာရှိအိုကြီးလို့ သတ်မှတ်ထိုက်ပါတယ် ... 


လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန်အတွက် ကျောက်လင်းယွီသည် သူ့ကို အကူတစ်ယောက်တစ်လေမျှ ရှာမပေးချေ။ ထို့ကြောင့် စမ်းသပ်ချက်အားလုံးကို သူကိုယ်တိုင်သာ ဆောင်ရွက်ခဲ့ရသည်။ 


"ဂြိုဟ်ကမ္ဘာပင်ရဲ့ ပွင့်ချပ်တွေက xx အပူချိန်မှာဆို အာနိသင်အကောင်းဆုံးပဲ။ အပြာရောင်သစ်ခွရဲ့ အရွက်တွေကိုတော့  xx အပူချိန်အထိ ထားတာက နုပျိုမှုအတွက် အကောင်းဆုံးပဲ ..." 


သူက ပထမတပ်ဖွဲ့မှ မပြန်ခင် သူ့ထံသို့ ရောက်လာသော ရမ်ရှန့်နှင့် ကျောက်လင်းယွီကို ဆွဲခေါ်ကာ သူရှာဖွေတွေ့ရှိထားသမျှနှင့် ရှာဖွေရန်လိုအပ်နေဆဲကိစ္စများ အားလုံးကို ပြောပြလိုက်သည်။ 


ရမ်ရှန့်မှာ သူပြောသည်များကို များစွာ နားမလည်သော်ငြား အလေးအနက်ထား နားထောင်ကာ ခေါင်းကို တဆတ်ဆတ် ငြိမ့်ပြခဲ့သည်။ မစ္စတာထန့်သည် သူ့ကို စမ်းသပ်မှုတစ်ခုခု‌ပြီးလေတိုင်း ထိုကဲ့သို့ ဆွဲခေါ်ကာ ပြောပြလေ့ရှ်ိသည့်အတွက် သူ့‌အနေဖြင့် "ဒီလိုမျိုးလည်း ရှိသေးတယ်ပေါ့ "ဟု မေးရုံသာ ရှိတော့သည်။ ယနေ့အနေဖြင့် အပင်များကိုလည်း စိုက်ပျိုးပေးခဲ့ပြီးဖြစ်ရာ မစ္စတာထန့်တွင် ဘာများ တောင်းဆိုစရာရှိသေးလဲ မသိတော့ချေ။ 


"ဒီအပင်တွေရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဆေးအမျိုးမျိုး ဖော်ကြည့်မလို့ ကြိုးစားနေတာ ..." 


ထို့နောက် ရှောင်လွီကို ကောက်ကိုင်ကာ ပြောလိုက်သည်။ 


"ဒီရက်ပိုင်းအတွင်းမှာ အလုပ်ရှုပ်တော့မှာလေ အဲဒါကြောင့် ရှောင်လွီကို ဂရုစိုက်ဖို့လည်း အချိန်ရှိမှာ မဟုတ်ဘူး ဒီကလေးသာ ငါနဲ့အတူတူ ရှိနေရင် ဒုက္ခပေးရုံပဲ ရှိမှာ အဲဒါကြောင့် သူ့ကို မင်းတို့နဲ့ ခေါ်ထားပေးလို့ရမလား ..." 


ရှောင်လွီသည် အရေးကြီးကိစ္စများကို ခွဲခြားမသိသေးသည့် ကလေးအရွယ်သာဖြစ်သည်။ ထို့ကြောင့် စမ်းသပ်မှုလုပ်ချိန်တိုင်း သူ့ကိုပါ ဂရုစိုက်နေရသဖြင့် လုပ်ငန်းစဉ်မှာ နှောင့်နှေးလာတော့၏။ သူ့အနေဖြင့်လည်း စွမ်းအင်ကို ထိန်းသိမ်းထားရန် တစ်ဝက်သာ ပြီးပြတ်သေးသည့် ဆေးများကိုသာ စားသုံးနေရသည်။ 


ယခင်ကမူ ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့သည် ရှောင်လွီကို များစွာ သဘောမကျကြသည့်အတွက် သူတို့ကို မယုံကြည်ရဲပေ။ သို့သော် ယခုရက်ပိုင်းအတွင်း အခြေအနေများကို ပြန်စဉ်းစားကြည့်ပါလျှင် ထိုသူများမှာ ရှောင်လွီကို သဘောမကျသည့်တိုင် သူ့ကို နာကျင်စေမည် မဟုတ်ချေ။ ထို့ကြောင့် ရှောင်လွီကို သူတို့နှင့်အတူထားရန် ကိစ္စမရှိချေ။ လူသားတို့ကမ္ဘာအကြောင်း အနည်းငယ် သင်ကြားနိုင်မည်ဟုသာ တွေးထားလိုက်တော့၏။ 


ဒါပေမယ့်‌ ရှောင်လွီက နွယ်ပင်ဆိုတော့ တကယ်ပဲ လူသားတွေအကြောင်း နားလည်ဖို့ လိုအပ်လို့လား ... ထားပါ ဘာပဲဖြစ်ဖြစ် အနာဂတ်မှာ သူ့ရဲ့ပိုင်ရှင် ဖြစ်လာမယ့်သူနဲ့ ရင်းနှီးသွားတာပေါ့ ... 


မစ္စတာထန့်မှာ သူ့ဆုံးဖြတ်ချက်ကို အလွန်ပင် ကျေနပ်နေမိသည်။ 


"ကျွန်တော်နဲ့အတူတူ နေခိုင်းမလို့ ..." 


ရမ်ရှန့်၏ မျက်လုံးတို့မှာ တောက်ပသွားတော့သည်။ အမှန်တကယ်တော့ သူလည်း ရှောင်လွီကို မမုန်းပေ။ ရှောင်လွီသည် ဤကမ္ဘာပေါ်တွင် သူနှင့် မျိုးနွယ်တူသည့် တစ်ခုတည်းသော သက်ရှိဖြစ်ပေသည်။ သို့သော် ရှောင်လွီမှာ မစ္စတာထန့်၏ နွယ်ပင်ဖြစ်ကြောင်း တွေးလိုက်မိချိန်တွင် အနည်းငယ် လမ်းပျောက်သွားသလို ခံစားလိုက်ရတော့သည်။ 


အကြီးအကဲထန့်သာ မရှိတော့ဘူးဆိုရင် ရှောင်လွီက သူ့အပိုင်ဖြစ်လာမှာပဲလေ ... 


သူသည် ရှောင်လွီကို ခေါ်သင့်မခေါ်သင့် အချိန်ယူကာ စဉ်းစားနေလိုက်တော့သည်။ 


"ဒီရက်ပိုင်းထဲတော့ ဆရာကိုပဲ ဒုက္ခပေးရတော့မှာပဲ ..." 


သူက ပြောလိုက်သည်။ 


"ကိစ္စမရှိပါဘူး ..." 


ရမ်ရှန့်က ရှောင်လွီကို သူ့လက်မောင်းတွင် ရစ်ပတ်ရင်း ခပ်ပြုံးပြုံးပြောလိုက်သည်။ 


သူ့ဆရာ၏ တုန့်ပြန်ပုံမှာ သူထင်ထားသည်နှင့် တစ်ခြားစီပင်ဖြစ်သည်။ အကြီးအကဲထန့်မှာ ထိုသို့ မမျှော်လင့်ထားသည့်အတွက် အံ့ဩဝမ်းသာသွားတော့သည်။ ကျောက်လင်းယွီက စည်းကမ်းကြီးပြီး ရမ်ရှန့်က ရိုးသားကြင်နာတတ်တယ် နှစ်ယောက်စလုံးက ယုံကြည်ထိုက်တဲ့သူတွေပဲ ... 


ရှောင်လွီ၏ အရေးကိစ္စကို ဖြေရှင်းပြီးနောက် သူသည် ဘေးနားရှိ ဆေးမှုန့်များကို ယူကာ သူ့ပါးစပ်ထဲသို့ လောင်းချလိုက်သည်။ 


"ဒါက မျက်နှာအားဖြည့်ဆေးတွေလေ ခင်ဗျား သုတေသနလုပ်နေတဲ့ ဆေးတွေ မဟုတ်ဘူးလား ဘယ်လိုလုပ်ပြီး ဒီလိုကြီး စားလိုက်ရတာလဲ ..." 


ရမ်ရှန့်က ဖရိုဖရဲနှင့် မသပ်မရပ်ဖြစ်နေသော်ငြား အနည်းငယ် နုပျိုဟန် ပေါ်လာသူကို ကြည့်လိုက်သည်။ 


"ဒီဆေးက တကယ်ကို ပစ္စည်းကောင်းပဲ ဒါက စိတ်ကိုလည်း လန်းဆန်းစေပြီးတော့ အားအင်ပြည့်ဖြိုးစေတယ် ဒီဆေးသောက်ပြီးရင် ငါလေ ရက်တွေအများကြီး ဆက်တိုက် အလုပ်လုပ်နိုင်ရော ..." 


သူက ဆေးမှုန့်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်ကာ ပြောလိုက်သည်။ 


ဆေး၏ အဆင့်မှာ တိုးတက်လာပြီဖြစ်ရာ ထိုကဲ့သို့သော အာနိသင်ကောင်းများ အများအပြားရှိနေသည့်တိုင် ဘေးထွက်ဆိုးကျိုး တစ်စုံတစ်ရာမှ မရှိချေ။  ထိုသည်သာမက ၎င်းသည် ခန္ဓာကိုယ်ကိုပါ အာဟာရဖြည့်တင်းပေးနိုင်သေးသည်။ 


ဒီအပင်တွေက တကယ်ကို တန်ဖိုးကြီးတာပဲ ... 


"တကယ်ကြီးလား ..."


ရမ်ရှန့်က အပြီးသတ်တော့မည့်အသုတ်ကို ခပ်သွက်သွက် ထုပ်ပိုးလိုက်တော့သည်။ အကြီးအကဲထန့်သာ ဒီလိုမျိုး ဆက်စားနေမယ်ဆိုရင် လူတိုင်းက သူ့ကို ခွဲစိတ်ပြုပြင်ထားတယ်လို့ ထင်ကုန်ကြတော့မယ်... 


ကျောက်လင်းယွီနှင့်အတူ ကျောက်အိမ်တော်သို့ ပြန်လာလိုက်ပြီးနောက် အိမ်အပြင်ဘက်တွင် ခပ်ဖြေးဖြေး လမ်းလျှောက်နေသော ရှန်းချိုးရှစ်ကို တွေ့လိုက်ရသည်။ 


အတိတ်အချိန်များတွင် သူမသည် အဝတ်အစားကို ခပ်ရိုးရိုးသာ ဝတ်ကာ ဆံပင်ကိုလည်း သာမန်မျှသာ စည်းနှောင်ထားသည်။ ယနေ့တွင်တော့ အနီရောင်ဝတ်စုံနှင့် လည်စည်းအဖြူကိုစည်းကာ ဆံပင်ကိုလည်း လှိုင်းတွန့်သဏ္ဍာန် ကောက်ထားပြီး ထူးထူးကဲကဲ လှပနေပေသည်။ 


"အန်တီ ..." 


သူမကို ထိုကဲ့သို့ပုံမျိုးဖြင့် တစ်ခါမှ မတွေ့ဖူးရှာလေသော ရမ်ရှန့်မှာတော့ အံ့ဩမင်သက်သွားရတော့သည်။ 


သူမက ပန်းတစ်ပွင့်ကဲ့သို့ နူးနူးညံ့ညံ့ပြုံးကာ မေးလိုက်သည်။ 


"ရမ် အန်တီလှလား ..." 


"လှတယ် ..." 


သူက မဆိုင်းမတွ ပြန်ဖြေလိုက်သည်။ ရှန်းချိုးရှစ်က အနီရောင်နဲ့ တကယ်ကို လှတာပဲ ကျောက်လင်းယွီသာ ဝတ်ရင် ပို‌တောင် လှဦးမယ် ... 


"ဒါပေါ့ အန်တီလည်း ကိုယ့်ကိုယ်ကို လှမှန်း သိနေတယ်လေ ဟိုသေခါနီးအဖိုးကြီးနဲ့ ဖုန်းပြောတုန်းကဆိုလေ သူ့မျက်လုံးတွေက ကျွတ်ထွက်လာတော့မယ့် အတိုင်းပဲ ..." 


ဘဝင်ခိုက်နေသော အပြုံးတစ်ပွင့် ထွက်ပေါ်လာသောကြောင့် အစောပိုင်းက သိမ်မွေ့သည့် အမူအယာတို့မှာ အစပင်ရှာမရအောင် ပျောက်ကွယ်သွားတော့သည်။

54.2


ကျောက်လင်းယွီက ရမ်ရှန့်ကို နောက်သို့ ပြန်ဆွဲခေါ်လိုက်သည်။ ရမ်ရှန့်သည် သူ့အမေထံမှ သင်ယူကာ သူ့ကိုလည်း လူအိုကြီးဟု ခေါ်လိုက်မည်ကို မလိုလားချေ။ မဟုတ်သေးဘူး ရမ်ရှန့်သာ သူ့အသံချိုချိုလေးနဲ့ ဒီလိုမျိုး ခေါ်လာရင် ... 


ကျောက်လင်းယွီက သူ့နှာခေါင်းကို အုပ်လိုက်သည်။ 


"ရမ် သိလား မင်းပေးတဲ့ အသားအရေအားဖြည့်ပေးတဲ့ ချောကလက်ကြောင့်သာ မဟုတ်ရင် အန်တီတော့ ဒီလိုအဝတ်အစားမျိုးကို ဝတ်ရဲမှာ မဟုတ်ဘူး အဲ့ဒီ့ချောကလက်တွေက တကယ်ကို စွမ်းတာနော် မစားဖြစ်တော့တာတောင် ကြာပြီဆိုပေမယ့်လေ အသားအရေက ပိုဖြူလာပြီး အရင်ကထက်တောင် နုပျိုလာသလိုပဲ ..." 


နဂိုထက် ပိုဖြူလာသည့် သူမ၏ လက်ကို သဘောတကျ ကြည့်ကာ ပြောလိုက်သည်။ 


"အန်တီ ဒီနေ့လည်း နည်းနည်း ထပ်ယူလာသေးတယ် အခုပဲ လုပ်ပေးမယ်နော် ..." 


သူက ပြောလိုက်သည်။ 


"တော်လိုက်တဲ့ ကောင်လေး ..." 


သူမက သူ့ကို ချီးကျူးလိုက်သည်။ 


"ဒါနဲ့ အန်တီ မေးစရာရှိသေးတယ် ..." 


"ဘာကိုလဲဟင် ..." 


သူက သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။ 


"အန်တီကလေ ဟိုးအရင်ကတည်းက သားသမီးတွေနဲ့ အတူတူ ဈေးဝယ်ထွက်တာတို့၊ သူငယ်ချင်းနဲ့ သွားတွေ့တာတို့ လုပ်ချင်တာ ဒါပေမယ့် မင်းရဲ့နောက်က တစ်ယောက်က စိတ်မပါလက်မပါနဲ့လေ အဲဒါကြောင့် မနက်ဖြန်ကျရင် ရမ်ရှန့်လေးကပဲ အန်တီနဲ့အတူတူ အပြင်လိုက်ခဲ့ပေးမလား အန်တီက မင်းကို အရသာရှိ တာတွေ အများကြီး လိုက်ဝယ်ကျွေးမယ်လေ အင်္ကျီလှလှလေးတွေလည်း ဝယ်ပေးဦးမှာနော် ..." 


သူမက ပြန်ပေးဆွဲသမားလေသံဖြင့် ပြောလိုက်သည်။ သူမ၏ သူငယ်ချင်းတွင် သားသမီးမရှိသည့်အတွက် ရမ်ရှန့်ကို သေချာပေါက် သဘောကျမည်ဖြစ်သည်။ 


"အပြင်ထွက်ဖို့က အန္တရာယ်များတယ် ..." 


သူပင် ဘာမှ ပြန်မပြောရသေးခင် ကျောက်လင်းယွီက ဖြတ်ပြောလိုက်သည်။ 


"မြို့တော်ကြယ်မှာ ဘာလို့ အန္တရာယ်များရမှာလဲ ငါ့ခွန်အားကလည်း မဆိုးတဲ့အပြင် သာမန်ကလပ်ကိုပဲ သွားမှာလေ ရမ်ရှန့်ကို သေချာပေါက် ကာကွယ်ပေးနိုင်တာပေါ့ ကျောက်လင်းယွီ မင်း ရမ်ရှန့်ကို တစ်ချိန်လုံး အိမ်ထဲမှာပဲ ဖွက်ထားလို့ မရဘူး ..." 


သူမက သားဖြစ်သူကို ခပ်စူးစူး စိုက်ကြည့်ကာ ရမ်ရှန့်ကို ပြောလိုက်သည်။ 


"ရမ် မင်းလည်း အပြင်ထွက်ပြီး ကစားချင်တယ် မဟုတ်လား ..." 


ရမ်ရှန့်သည်လည်း အမှန်တကယ်ပင် အပြင်ထွက်ချင်နေသည့်အတွက် ကျောက်လင်းယွီကို မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကြည့်နေလိုက်သည်။ 


ထိုအကြည့်၏ သိမ်းသွင်းမှုကို ခံလိုက်ရရှာသော ကျောက်လင်းယွီမှာတော့ သဘောမတူဘဲ မနေနိုင်တော့ချေ။ 


"သက်တော်စောင့်နှစ်ယောက် စီစဉ်ပေးထားမယ်..." 


"ရတယ် ..." 


ရှန်းချိုးရှစ်က ဝင်ပြောလိုက်သည်။ သူမ ငယ်စဉ်ကလည်း ကျောက်ဖမ်းက သက်တော်စောင့် စီစဉ်ပေးလေ့ရှိသည့်အတွက် ထိုကိစ္စများနှင့် အသားကျနေပြီဖြစ်သည်။ 


ကျောက်လင်းယွီမှာတော့ သူ့ဆုံးဖြတ်ချက်ကိုပင် နောင်တရလာမိတော့သည်။ တစ်ခဏမျှ စဉ်းစားပြီးနောက် တစ်နေရာကို ဖုန်းဆက်ကာ ပစ္စည်းတစ်ခု ယူလာပေးရန် ညွှန်ကြားလိုက်သည်။ ညနေပိုင်း အခန်းထဲသို့ ပြန်ရောက်ချိန်တွင် ရမ်ရှန့်ကို ပေးလိုက်သည်။ 


"ဒီနာရီက ကျွန်တော့်အတွက်လား ..." 


ရမ်ရှန့်က သူ့ရှေ့ရှိ နာရီကို ကြည့်ကာ ဝမ်းသာအားရ မေးလိုက်သည်။ 


"ဟုတ်တယ် ..." 


သူက နာရီကို ထုတ်လိုက်သော်ငြား ရမ်ရှန့်ကို ချက်ခြင်း တန်းမပေး။ 


"ဒီနာရီမှာ အထူးလုပ်ဆောင်ချက်တွေ ပါတယ် ကိုယ် အရင်ဆုံး ရှင်းပြဦးမယ် ပြီးမှ  ယူ မယူ ကိုယ့်ဘာသာ ဆုံးဖြတ်နော် ..." 


"ဘာ လုပ်ဆောင်ချက်တွေလဲ ..." 


ရမ်ရှန့်က မေးလိုက်သည်။ 


"ဒီထဲမှာ လျှို့ဝှက်အသံဖမ်းကိရိယာတစ်ခု ပါတယ် တကယ်လို့ မင်းသာ ဒါကို ဝတ်ထားရင် မင်းအနားမှာ ရှိတဲ့ အသံတွေ၊ ပုံရိပ်တွေအားလုံးကို ကြည့်လို့ရတယ် အန္တာရယ်နဲ့ကြုံလာရင် ဒီပေါ်က ခလုတ်ကလေးကို နှိပ်ပြီး ကိုယ့်ကို အချက်ပေးလို့ရတယ် ..."


သူက နာရီကို ထုတ်ပြကာ ခလုတ်တစ်ခုချင်းကို အသေးစိတ် ရှင်းပြလိုက်သည်။ 


"ဒါက ဖက်ဒရယ်ရဲ့ နောက်ဆုံးပေါ် နည်းပညာဆိုတော့ ဘယ်နည်းပညာကမှ သူ့ကို မပိတ်ဆို့နိုင်သေးဘူး မင်းသာ ဒါကို ဝတ်ထားရင် မြို့တော်ကြယ်ရဲ့ နယ်နိမိတ်ကနေ ထွက်သွားတာနဲ့ ဌာနချုပ်အဆောက်အဦးထဲကို ဝင်တဲ့အချိန်ကလွဲပြီး မင်း ဘယ်နေရာရောက်ရောက် ကိုယ်သိနေမှာ ဒါကို ဝတ်သွားချင်လား ..." 


"ဒီနာရီက တကယ်မိုက်တာပဲ ..." 


ရမ်ရှန့်က အံ့ဩတကြီးဖြင့် ကြည့်ကာ သူ့လက်တွင် ပတ်ကြည့်လိုက်သည်။ 


"နောက်ထပ်တစ်ခုလောက် ရှိသေးလား ခင်ဗျားလည်း ဝတ်ထားလို့ ရအောင်လို့လေ ..." 


ဒီနာရီနှင့် အလားတူသည့် ပစ္စည်းများ ပေါ်ထွက်လာသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သော်ငြား မည်သူကမှ စိတ်လိုလက်ရ မဝတ်ဆင်လိုကြပေ။ လူတိုင်းတွင် ကိုယ်စီကိုယ်ငှ လျှို့ဝှက်ချက်များ ရှိကြပေသည်။ ရမ်ရှန့်ကသာ သူ့ကို အဆုံးစွန်အထိ ယုံကြည်ထားသူဖြစ်သည်။ သူက ခပ်ဖွဖွ ရယ်ကာ ရမ်ရှန့်၏ ဆံပင်ကို နမ်းလိုက်သည်။ 


"ကိုယ့်ရဲ့ အထောက်အထားက နည်းနည်းထူးခြားလို့ ဒါကို ဝတ်ထားလို့ မရဘူး ..." 


"ဒါဆို ခင်ဗျားကို ကြည့်ချင်တဲ့အချိန်တိုင်း ကြည့်လို့မရတော့ဘူးပေါ့ ..." 


ရမ်ရှန့်မှာ အနည်းငယ် စိတ်ပျက်သွားတော့သည်။ 


"ကိုယ့်ပုံတွေ နည်းနည်းပါးပါးလောက် ထည့်ထားပေးမယ်လေ ပြီးတော့ ဒီနာရီမှာ သုံးဖက်မြင် ပရိုဂျက်တာ အသေးလေး ပါသေးတယ် ..." 


သူက ပြောလိုက်သည်။ 


"တကယ်ကြီးလား ကောင်းလိုက်တာ ..." 


ရမ်ရှန့်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ 


ကျောက်လင်းယွီက‌ သူ့ခေါင်းကို ထပ်ပွတ်ပေးလိုက်ပြန်သည်။ ဒီဂျင်ဆင်းလေးကတော့လေ သူ့(ZLY)ဓာတ်ပုံတွေများ ရရင် သူ့ကိုယ်သူတောင် ရောင်းစားပစ်မလားပဲ ... 


ရမ်ရှန့်ကို ရေချိုးခန်းထဲ ရောက်နေချိန်အပါအဝင် အချိန်တိုင်း မြင်နေရတော့မည်ဟု တွေးလိုက်မိချိန်တွင် သူ့နှလုံးသားတစ်ခုလုံး ဂယက်ထလာတော့၏။ သို့သော် တစ်ဖန် သက်ပြင်းချလိုက်မိပြန်သည်။ 


အကယ်၍ သူသာ ရမ်ရှန့် ရေချိုးနေသည်ကို မြင်လိုပါလျှင် ဤမျှ ကွေ့ပတ်ကြိုးစားနေရန် မလိုအပ်ပေ။ ရမ်ရှန့်က သူ့ကို ရှောင်ပုန်းမနေသည့်အပြင် အတူတူ ရေချိုးရန် ရေချိုးကန်ထဲသို့ပင် ဆွဲချလိုက်သေးသည်။ သူကသာ ငြင်းပယ်နေသူဖြစ်သည်။ 


အိပ်ယာမဝင်ခင်တွင် မသင့်လျော်သည့် အတွေးများစွာကို တွေးခဲ့မိသည့်အတွက် ထို့နေ့ညတွင် ရမ်ရှန့်အတွက်  သန့်စင်မြေ ပမာဏမြောက်များစွာကို ထုတ်လုပ်ပေးနိုင်ခဲ့ပြန်သည်။ 


သန့်စင်မြေကို တွေ့လိုက်ရသည့်အတွက် ရမ်ရှန့်လည်း ပျော်ရွှင်လာပြန်သည်။ သူသည် လတ်တလောတွင် ကိုယ်ဝန်ဆောင်နေရသည့်အပြင် ဓာတ်ခွဲခန်းအတွက်လည်း  သန့်စင်မြေကို များစွာ သုံးစွဲနေရသည့်အတွက် အကယ်၍ ကျောက်လင်းယွီသာ ထပ်ထုတ်မပေးနိုင်တော့ပါလျှင် အစာရေစာ ပြတ်လပ်တော့မည်ဖြစ်သည်။ 


ဒီတိုင်းသာဆို သူတော့ ရှေ့လျှောက် ချိုးခြံ‌ခြွေတာရတော့မှာပဲ သန့်စင်မြေကို စားတာတောင် ရပ်လိုက်ရတော့မလားပဲ ...


xxxxxxxx