အပိုင်း ၅၅
Viewers 18k

Chapter 55


နောက်တစ်နေ့တွင် ကျောက်လင်းယွီက ပုံမှန်အတိုင်း ပထမတပ်ဖွဲ့သို့သွားကာ သူက ရှန်းချိုးရှစ်နှင့်အတူ အပြင်ထွက်လည်ခဲ့သည်။ 


ရှန်းချိုးရှစ်သည် ယမန်နေ့ကကဲ့သို့ပင် အနီရောင်ဝတ်စုံကို ဝတ်ဆင်ကာ ရမ်ရှန့်အတွက် ပန်းရောင်အင်္ကျီကို ရွေးပေးထားသည်။  နှစ်ဦးသား ယှဉ်တွဲရပ်နေကြချိန်တွင် အနီရောင်ကြောင့် အသားပိုဖြူလာသည့်အတွက် လူတိုင်းမှာ သူတို့ထံမှ အကြည့်မလွှဲနိုင်ကြတော့ပေ။ 


သို့သော် ရှန်းချိုးရှစ်ကတော့ မသိချင်ယောင်ဆောင်ကာ သူမ၏ သူငယ်ချင်းနှင့် တွေ့ပေးရန် ရမ်ရှန့်ကို သီးသန့်ကလပ်သို့ ခေါ်လာခဲ့လိုက်သည်။ 


နှင်းဆီကလပ်သည် မြို့တော်ကြယ်၏ ကျော်ကြားသော သီးသန့်ကလပ်တစ်ခု ဖြစ်ကာ ၎င်းကို စွမ်းရည်ပိုင်ရှင်အမျိုးသမီးတစ်ဦးက ဖွင့်လှစ်ထားခြင်းဖြစ်သည်။ အမျိုးသားများနှင့် စွမ်းရည်ပိုင်ရှင် မဟုတ်သူများကို တားမြစ်ထားခြင်း မရှိသော်ငြား အဖွဲ့ဝင်အားလုံးမှာ စွမ်းရည်ပိုင်ရှင် အမျိုးသမီးများသာ ဖြစ်သည်။ အကယ်၍ အဖွဲ့ဝင်မဟုတ်သူများက ကလပ်ထဲသို့ ဝင်ရောက်လိုပါလျှင် အဖွဲ့ဝင်တစ်ဦးက ထောက်ခံပေးရမည်ဖြစ်သည်။ 


ရှန်းချိုးရှစ်က ရမ်ရှန့်ကို အဆင့်မြင့် သီးသန့်ခန်းသို့ ခေါ်လာစဉ် လမ်းတစ်ဝက်တွင် မိတ်ကပ်ကို အနုစိတ် လိမ်းခြယ်ထားသည့် အမျိုးသမီးတစ်ဦး၏ တားမြစ်ခြင်းကို ခံလိုက်ရသည်။ 


"မစ္စစ်ကျောက်ရေ မတွေ့ရတာတောင် ကြာပြီနော် ..." 


"မတွေ့ရတာ ကြာပြီ ..." 


ရှန်းချိုးရှစ်က သူမကို သာမန်ကာလျှံကာသာ ပြန်နှုတ်ဆက်လိုက်သည်။ 


"မစ္စစ်ကျောက်ရယ် ကျွန်မတော့ဖြင့်လေ ရှင့်ကို ဒီနေရာမှာ တွေ့ရမယ်လို့ ထင်ကို ထင်မထားဘူး ရှင့်ယောကျာ်းကို ပြုစုဖို့အတွက် ကျောက်အိမ်တော်ထဲမှာပဲ အချိန်ကုန်နေရတယ်လို့ ထင်ထားတာ အမလေး အားနာလိုက်တာရှင် ကျွန်မရဲ့ စကားတွေက နည်းနည်းလေး ရိုင်းသလိုများ ဖြစ်သွားသလား မသိဘူး ..." 


ထိုအမျိုးသမီးက ရှန်းချိုးရှစ်၏ လျစ်လျူရှုထားမှုကို သတိမပြုမိသေး။ ကျောက်ဖမ်းအကြောင်း ထုတ်ပြောပြီးနောက် မသိသလိုဟန်ဖြင့် ထပ်မေးလိုက်ပြန်သည်။ 


"ရှင် ဒီနေ့ ဘယ်အလှကုန်ကို သုံးလာခဲ့တာလဲ တစ်ကိုယ်လုံးကို အသစ်ပြောင်းသွားသလိုပဲနော် ..." 


"ကျွန်မက အလှကုန်တွေကို သုံးရတာ စိတ်မရှည်မှန်း မဒမ်ဖန်လည်း အသိပဲလေ ကျွန်မလိုလူက မိတ်ကပ်လိမ်းလာတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ..." 


သူမက ခပ်ပြုံးပြုံးပြောလိုက်သည်။


"ဒါပေမယ့် ရှင့်ရဲ့ မိတ်ကပ်လိမ်းတဲ့ အရည်အချင်းကတော့ တစ်နေ့တစ်ခြားကို တိုးတက်လာတယ်နော် ကြည့်ပါဦး အရေးအကြောင်းတွေကို ကောင်းကောင်းကြီး ဖုံးထားနိုင်တာပဲ ..." 


မဒမ်ဖန်၏ မျက်နှာမှာ တောင့်တင်းသွားတော့သည်။ ပြီးမှ သူမက အရှက်ပြေရယ်ရင်း ပြောလိုက်သည်။ 


"ဒါဆို ရှင်က အသားဖြူကုထုံး လုပ်ထားတာ ထင်တယ် လှချင်တာနဲ့ပဲ လျှောက်မလုပ်နဲ့နော် ကျွန်မကြားဖူးတာတော့ အဲ့ဒီ့ကုထုံးက အသားအရေ ပျက်စီးတယ်တဲ့ ..." 


"ကျွန်မက‌ဖြင့်လေ အဲ့ဒီကုထုံး လုပ်ဖြစ်ဖို့ကို ပျင်းနေတာ ခက်တယ်ရှင် ဒါပေမယ့် မဒမ်ဖန်က ဒီအကြောင်းနဲ့ ပတ်သက်ပြီး တော်တော်လေးကို သိနေတယ်နော် ရှင်များ လုပ်ဖူးထားလို့လားပဲ ဟုတ်သားပဲ ရှင့်မျက်နှာကို အနီးကပ်ကြည့်လိုက်‌မှ သတိထားမိတော့တယ် ကြည့်ပါဦး အသားဖြူကုထုံးရဲ့ ဘေးထွက်ဆိုးကျိုးတွေပါလား ..." 


သူမက အနီးကပ်ကြည့်ကာ ပြောလိုက်သည်။ 


သူမ၏ ‌အရှေ့ရှိ မဒမ်ဖန်သည် ရန်မိသားစုနှင့် မိတ်ဆွေဖြစ်သည်။ သူမက ရန်မိသားစုအပေါ် သစ္စာရှိကြောင်း သက်သေပြလို၍ ပြဿနာလာရှာနေခြင်းဖြစ်သည်။ 


"ဒါဆို ဘယ်လိုလုပ်ပြီး ဒီလိုပုံစံမျိုး ဖြစ်လာရတာလဲ ..." 


နောက်ဆုံးတွင်တော့ မဒမ်ဖန်မှာ အောင့်အည်းမထားနိုင်တော့ဘဲ ထုတ်မေးလိုက်တော့သည်။ ပြီးခဲ့သည့်နှစ် ဧည့်ခံပွဲတွင် တွေ့ခဲ့စဉ်က ရှန်းချိုးရှစ်မှာ သူမထက် များစွာ အိုမင်းခဲ့ပေသည်။ 


"အခုလတ်တလောမှာ ဘယ်သူကများ ကျွန်မကို စိတ်ခံစားချက်ကောင်းအောင် လုပ်ပေးနေပါလိမ့်နော် ..." 


သူမက ရမ်ရှန့်နှင့်အတူ ထွက်သွားပြီးကာမှ နောက်ပြန်လှည့်ကာ ပြောလိုက်သည်။ 


"မဒမ်ဖန်ရေ ကျွန်မကြားမိတာတော့ ရှင့်ယောကျာ်းက ရာထူးချခံလိုက်ရပြီဆို ရှင့်ကိုယ်ရှင်လည်း ပြန်ကြည့်လိုက်ပါဦး ဒေါသထွက်ရလွန်းလို့ မျက်လုံးနားမှာ အရေးအကြောင်းတွေ ဖြစ်ကုန်ပြီ ..." 


သူမ၏ စကားများကြောင့် မဒမ်ဖန်၏ မျက်နှာမှာ ရဲရဲနီလာတော့သည်။ ထို့နောက် ဘေးနားဆီမှ ခပ်သာသာ ရယ်မောသံနှင့်အတူ အဖြူရောင်ဝတ်စုံရှည်ဝတ်ကာ ဆံပင်ကို မြင့်မြင့်စီးထားသည့် အမျိုးသမီးတစ်ဦး ‌ထွက်ပေါ်လာတော့သည်။ 


သူမမှာ မလှပသော်ငြား သူမကို ကြည့်မိသူတိုင်းကို သက်တောင့်သက်သာ ဖြစ်စေသည်။  သို့သော် သူမ၏ မျက်နှာမှာတော့ ပိန်ပါးသည့် ကိုယ်ထည်နှင့် မလိုက်ဖက်စွာ စိုပြည်နီမြန်းနေသည်။ 


"ခဲ့ရှင်း ..." 


ထိုအမျိုးသမီးကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ရှန်းချိုးရှစ်က ပြုံးပြလိုက်သည်။ သူမ ဤကလပ်သို့ ရောက်လာသည်မှာလည်း ဖုန့်ခဲ့ရှင်းနှင့် ချိန်းဆိုထား၍ဖြစ်သည်။ 


ဖုန့်ခဲ့ရှင်းနှင့် ရှန်းချိုးရှစ်တို့သည် ငယ်သူငယ်ချင်းများ ဖြစ်ကြကာ အိမ်ထောင်ကျသွားသည့်တိုင် ခင်မင်မှုက လျော့မသွားကြပေ။ 


"ချိုးရှစ် နင်နဲ့ မတွေ့ရတာ နှစ်တွေအများကြီး ရှိနေပြီဆိုပေမယ့် နင်ကတော့ အရင်အတိုင်းပဲနော် ..." 


သူမက နံရံကို တစ်ဝက်မှီကာ ‌ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ပြောလိုက်သည်။ 


"ဘယ်လောက်ပဲ ဆုံးရှုံးမှုတွေနဲ့ ကြုံကြုံ ကိုယ့်ကိုယ်ကို အပြစ်တင်နေလို့ မရဘူးလေ ..." 


သူမက ပြုံးကာ ရမ်ရှန့်ကို ဖုန့်ခဲ့ရှင်းထံ ဆွဲယူလိုက်သည်။ 


"သီးသန့်ခန်းထဲ သွားကြရအောင် လမ်းပိတ်ပြီး ဟောင်နေတဲ့ ခွေးတွေနဲ့ ပတ်သက်ရမှာ အရမ်းပျင်းစရာ‌ကောင်းတယ် ..." 


"အရင်လိုမျိုးပဲ သည်းမခံနိုင်တုန်းပဲနော် ..." 


သူမက ထိုသို့ပြောရင်း ရှန်းချိုးရှစ်ကို သီးသန့်ခန်းထဲသို့ ခေါ်လာလိုက်သည်။ 


အပြင်ဘက်တွင် ရှိနေစဉ်က ရယ်ရယ်မောမောဖြင့် ပြောနေသော်ငြား အခန်းထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူမသည် ဖုန့်ခဲ့ရှင်းကို အထက်အောက် အစုန်အဆန် ကြည့်ကာ မေးလိုက်သည်။

55.2


"ခဲ့ရှင်း နင် နေမကောင်းဘူးလား ..." 


ဖုန့်ခဲ့ရှင်းက ဆိုဖာပေါ်ထိုင်ကာ ခါးသက်သက် ပြုံးပြလိုက်သည်။ 


"နင် သတိထားမိတယ်ပေါ့ မိတ်ကပ်လိမ်းထားရင် နင်မသိလောက်တော့ဘူးလို့ ထင်ခဲ့တာ ..." 


သူမက ထိုသို့ပြောရင်း မျက်နှာကို ရေဖြန်းကာ အဝတ်စဖြင့် သုတ်လိုက်သည်။ ထို့နောက်တွင်တော့ ဖြူလျော်ကာ မျက်တွင်းကျနေသည့် မျက်နှာကို တွေ့လိုက်ရတော့သည်။ 


"ဘာဖြစ်တာလဲ ..." 


သူမကို ထိုပုံစံမျိုးဖြင့် တွေ့လိုက်ရသည့်အတွက် ရှန်းချိုးရှစ်မှာလည်း အလွန်ပင် ထိတ်လန့်သွားတော့သည်။ 


"ချိုးရှစ် ..." 


သူမက မျက်နှာကို လက်ဖြင့် အုပ်ကာ ပြောလိုက်သည်။ 


"ငါ ကွာရှင်းရတော့မယ် ..." 


"ဘာကြီး ..." 


ရှန်းချိုးရှစ်က သူမကို အလန့်တကြား ကြည့်လိုက်သည်။ 


"နင်နဲ့ နင့်ယောကျာ်းက အမြဲတမ်း ဆက်ဆံရေးကောင်းနေကြတာလေ ဘာလို့ ရုတ်တရက်ကြီး ကွာရှင်းရတာလဲ ..." 


ဖုန့်ခဲ့ရှင်းနှင့် သူမ၏ ခင်ပွန်း အယ်လီနာတို့သည် နက်နက်ရှိုင်းရှိုင်း ချစ်ကြိုက်ကြသူများ ဖြစ်သည်။ ဘာကြောင့် ရုတ်တရက် ကွာရှင်းကြမှန်း နားမလည်နိုင်တော့ချေ။ 


"ဘာဖြစ်ရမှာလဲ ကလေးကြောင့်ပဲပေါ့ ..." 


သူမက ခါးသီးစွာ ပြုံးလိုက်သည်။ 


"သူနဲ့ငါက ကိုက်ညီနှုန်း မမြင့်ဘူးလေ အစောပိုင်းတုန်းက ဖိအားပေးတဲ့ကြားက လက်ထပ်ခဲ့ကြပေမယ့် သူ့မိဘတွေက အခုအချိန်အထိ အတိုက်အခံ လုပ်နေတုန်းပဲလေ ငါတို့မှာ ကလေးရှိလာပြီး အားလုံးအဆင်ပြေသွားမှာပါလို့ သူ တဖွဖွ ပြောခဲ့ပေမယ့် အခု နှစ်တစ်ရာသာ ပြည့်တော့မယ် ကလေးက မရသေးဘူးလေ ..." 


"ခဲ့ရှင်းရယ် ..." 


ရှန်းချိုးရှစ်မှာလည်း မည်သို့မည်ပုံ နှစ်သိမ့်ပေးရမည်မှန်းပင် မသိတော့ချေ။ သူမ၏ ကလေးချစ်တတ်သော သူငယ်ချင်းကို ပျော်ရွှင်စေရန်အတွက် ရမ်ရှန့်ကို ခေါ်လာခဲ့ခြင်း ဖြစ်သော်ငြား ဤကဲ့သို့ အဖြစ်မျိုးနှင့် ကြုံလာရလိမ့်မည်ဟု မထင်ထားပေ။ 


"ချိုးရှစ် ငါ ဒီလိုမျိုး မပြောလိုက်သင့်ဘူးဟယ် တကယ်ဆို နင်လာတွေ့တာနဲ့ကို ပျော်နေပါပြီ ဒါလေးက ရမ်ရှန့်လား ကြည့်ပါဦး ချစ်စရာလေး ..." 


သူမက ရမ်ရှန့်ကို နှစ်လိုမှုအပြည့်ဖြင့် ကြည့်လိုက်သည်။ 


"သူက လူကောင်းလေးလေ ..." 


ရှန်းချိုးရှစ်က ပြုံးကာ ပြောလိုက်သည်။ မူလက သူမ၏ သူငယ်ချင်းနှင့် ရမ်ရှန့်တို့နှင့်အတူတူ အပြင်ထွက်လည်ချင်သော်ငြား ယခုတော့ မဖြစ်နိုင်တော့ပေ။ 


"နင်ကရော တကယ် ကွာရှင်းချင်တာလား အခုခေတ်မှာ ကလေးမရှိတဲ့ မိသားစုတွေမှ အများကြီး အဲ့ဒီ့ကိစ္စလေးကြောင့်နဲ့ ကွာရှင်းတယ်ဆိုတာ ကြားတောင် မကြားဖူးပါဘူး ..." 


"သူ့အမေက နင့်လိုမျိုး စိတ်သဘောထား မပွင့်လင်းဘူးလေ ပြီးတော့ သူတို့က သူနဲ့ ကိုက်ညီနှုန်းမြင့်တဲ့ တစ်ယောက်ကိုလည်း ရှာတွေ့ထားကြသေးတယ် ... သူလည်း အခု အဲ့ဒီ့တစ်ယောက်နဲ့ သွားတွေ့တယ်လေ ဆိုတော့ ဒီနေရာကို ထိန်းသိမ်းဖို့အရေး သူ့ကို မဆွဲဆောင်နိုင်တော့ဘူး ..." 


"ဝမ်းနည်းမနေနဲ့ လောကကြီးမှာ ယောကျာ်းတွေများ ပေါလွန်းလို့ သူတစ်ယောက်ပဲ အရေးပါတာ မဟုတ်ဘူး ဒီလိုလူမျိုးအတွက်နဲ့များ ဒေါသထွက်မနေနဲ့ မတန်ဘူး ..." 


သူမက ထပ်ပြောလိုက်သည်။ 


"ချိုးရှစ် ငါ့ကျန်းမာရေး မကောင်းတာက ဒေါသကြောင့် မဟုတ်ဘူး ကိုယ်ဝန်ရှိနေလို့ ..." 


ဖုန့်ခဲ့ရှင်း၏ မျက်နှာပေါ်မှ  ခါးသီးသော အမူအယာတို့မှာ ပို၍ပင် ပြင်းထန်လာတော့သည်။ 


"ကိုယ်ဝန်ရှိနေတယ် ..." 


ရှန်းချိုးရှစ်က သူမကို အလန့်တကြား မေးလိုက်သည်။ 


"ဒါဆို ဘာလို့ ကွာရှင်းမှာလဲ ..." 


"ဘာလို့လဲဆိုတော့ ကလေးက အသက်မရှင်နိုင်လို့လေ ..." 


ဖုန့်ခဲ့ရှင်းက မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာ ပြောလိုက်သည်။ 


"ချိုးရှစ် တကယ်တမ်းတော့လေ ငါ နင့်ကို မပြောပြရသေးတာတွေ ရှိတယ် ငါ အရင်တုန်းက နှစ်ခါ ကိုယ်ဝန်ဆောင်ဖူးတယ် ဒါပေမယ့် ဘယ်လောက်ပဲ ဂရုစိုက်စိုက် သုံးလထက် မခံဘူး ပြီးတော့ ကိုယ်ဝန်တစ်ခါ ပျက်ကျသွားတိုင်း ငါ့ခန္ဓာကိုယ်က ပိုပိုပြီး ဆိုးဝါးလာတယ် ဆရာဝန်ပြောတာတော့ ငါ့ဗိုက်ထဲက ကလေးက အနည်းဆုံး နှစ်လပဲ အသက်ရှင်နိုင်မှာတဲ့ ..." 


"ဒါဆို ..." 


ရှန်းချိုးရှစ်က သူမ၏ သူငယ်ချင်းကို ပူပန်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။ 


"ကိုယ်ဝန်ပျက်ကျသွားတဲ့အချိန်ကျရင် ငါ သူနဲ့ ကွာရှင်းတော့မှာ ..." 


သူမက ပြောလိုက်သည်။ ထို့နောက် ဗိုက်ကို ရုတ်တရက် ဖိကိုင်ကာ 


"ချိုးရှစ် ချိုးရှစ် ..."


ရှန်းချိုးရှစ်မှာလည်း သူမ၏ သူငယ်ချင်း ကိုယ်ဝန်ပျက်ကျတော့မည်ဟု သိသည့်အတွက် ဆက်သွယ်ရေးစက်ကို ထုတ်ကာ ဆရာဝန်ကို လှမ်းခေါ်ရင်း သူမ၏ သူငယ်ချင်းကိုပါ ဆူပူလိုက်သည်။ 


"ကလေးရှိနေတာတောင်မှ ငါ့ကို အပြင်ထွက်လည်ဖို့ ပြောသေးတယ်ပေါ့ နင် တကယ်ပဲ ..." 


"ဘာပဲဖြစ်ဖြစ် ကိုယ်ဝန်က ပျက်ကျမှာပဲလေ ... ရမ်ရှန့်ကို အားနာလိုက်တာ ဒီလိုမျိုး ခြောက်လှန့်မိသလို ဖြစ်သွားမယ်လို့ မမျှော်လင့်ထားဘူး ..." 


သူမက ရမ်ရှန့်ကို အားနာဟန်ဖြင့် ပြောလိုက်သည်။ 


ရှန်းချိုးရှစ်နှင့် မချိန်းဆိုခင်အထိ စိတ်ဓာတ်ကျနေသည့်အတွက် ကိုယ်ဝန်ပျက်ကျသည်အထိ သူငယ်ချင်းဖြစ်သူနှင့် စကားပြောနေလိုခြင်းဖြစ်သည်။ သို့သော် သူမက ဆယ်ကျော်သက်ကလေးကိုပါ ခေါ်လာသည့်အတွက် အနည်းငယ် နောင်တရသွားတော့သည်။ 


"မဟုတ်တာ ..." 


ရမ်ရှန့်က ထိုသို့ပြောကာ သူ့ခေါင်းကိုလည်း ထိကြည့်လိုက်မိသည်။ ဒီကလေးလေးတွေကတော့ ပျက်မကျလောက်ပါဘူးနော် ... 


"အရမ်းကြီး အဆိုးဘက်ကို တွေးမနေနဲ့ နင် ကိုယ်ဝန်ပျက်မကျတော့တာလည်း ဖြစ်ချင်ဖြစ်လာမှာပေါ့ ..." 


သူမက ဖုန့်ခဲ့ရှင်းဘေး ဝင်ထိုင်ကာ သူမကို မှီထားလိုက်စေသည်။ သူငယ်ချင်းဖြစ်သူ၏ ပေါ့ရွှတ်နေသော ကိုယ်အလေးချိန်ကို ခံစားမိသည့်အတွက် ခေါင်းပင် ကိုက်လာတော့သည်။ 


"တစ်ခုခု အရင်စားထားလိုက် ဆရာဝန်က သိပ်မကြာခင် ရောက်လာတော့မှာ ..." 


သီးသန့်ခန်းထဲသို့ စားစရာ ‌လာမချပေးသေးပေ။ သူမ၏ အိတ်ထဲသို့ ကြည့်လိုက်ချိန်တွင်လည်း အလှအပအတွက် အထောက်အကူပြုသည့် ချောကလက်ယုန်များကိုသာ တွေ့လိုက်ရသည်။ ထိုအခါမှသာ စားစရာ တစ်ခုတစ်လေကိုမှ ယူမလာမိမှန်း သတိရလိုက်သည်။ 


အိတ်ထဲသို့ ပြန်ထည့်ရန် ပြင်လိုက်ပြီးကာမှ ဤချောကလက်များသည် ဒဏ်ရာကိုလည်း ကုသနိုင်သည်ဟု ရမ်ရှန့် ပြောခဲ့ဖူးသည်ကို သတိရလိုက်မိသည်။ ထို့ကြောင့် များများစားစား တွေးမနေဘဲ ချောကလက်ကို ဖုန့်ခဲ့ရှင်း၏ ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်တော့သည်။ 


xxxxxxx