အပိုင်း ၅၆
Viewers 18k

Chapter 56


"နင့်ချောကလက်က အရသာလည်း မကောင်းဘူး ..." 


ဖုန့်ခဲ့ရှင်းက ထိုသို့ပြောကာ ပါးစပ်ထဲရှိ ချောကလက်များကို ဖြေးဖြေးချင်း မျိုချလိုက်သည်။ 


"ကြေးများနေဖို့ အချိန်မရှိဘူး ..." 


ရှန်းချိုးရှစ်က သူမကို စိုက်ကြည့်လိုက်သည်။ 


ဖုန့်ခဲ့ရှင်းမှာ မျက်ရည်စက်တို့ လိမ့်ဆင်းကျလာသော်ငြား မျက်နှာကတော့ ပြုံးနေဆဲပင်။ 


"ငါက အဲ့ဒီလိုပဲလေ နင် မသိဘူးလား ကလေးပျက်ကျပြီးသွားရင် ငါစားချင်တာ မှန်သမျှ စားနိုင်တော့မှာပါ ..." 


"သွေးတွေ ..." 


ရမ်ရှန့်က သူ့ခေါင်းကို အုပ်ထားရင်း ပြောလိုက်သည်။ 


"တောင်းပန်ပါတယ် ..." 


သူမက ရမ်ရှန့်ကို အားတုံ့အားနာဟန်ဖြင့် ခပ်ဖျော့ဖျော့ပြုံးကာ ထပ်ပြောလိုက်သည်။ 


သူမကို ကြည့်နေရင်း ရှန်းချိုးရှစ်၏ မျက်လုံးတို့မှာ ရဲရဲနီလာတော့သည်။ 


"ခဲ့ရှင်း နင် အဆင်ပြေမှာပါ အဆင်ပြေသွားမှာပါ ..." 


သူမက ဖုန့်ခဲ့ရှင်းကို လုံးဝမရွှေ့‌ရဲ။ ဆရာဝန်လာသည်အထိ စကားများသာ အဆက်မပြတ် ပြောပေးနေလိုက်သည်။ ဒီနေ့မှပဲ အချိန်တွေကလည်း ကြာလိုက်တာ ... 


ထိုအချိန်တွင် ဖုန့်ခဲ့ရှင်းက ရုတ်တရက် ထပြောလိုက်သည်။ 


"ငါလေ နည်းနည်းလေး အားပြန်ပြည့်လာသလိုပဲ ပြီးတော့ ဗိုက်ကလည်း အရင်ကလောက် မနာတော့ဘူး ..." 


"တကယ်ကြီးလား ..." 


သူမက အံ့ဩတကြီး မေးလိုက်သည်။ 


"ကြည့်ရတာ ကလေးက ပျက်ကျသွားပြီထင်တယ် ..." 


ဖုန့်ခဲ့ရှင်းက သက်ပြင်းချကာ အိတ်ထဲမှ ကိရိယာတစ်ခုကို ထုတ်ပြီး ဗိုက်ကို စမ်းသပ်ကြည့်လိုက်သည်။ 


"ဘယ်လိုနေလဲ ..." 


ရှန်းချိုးရှစ်က အလောတကြီး မေးလိုက်သည်။ 


"ကလေးက ရှိနေသေးတယ် ..." 


ဖုန့်ခဲ့ရှင်းက သူမ၏ ဗိုက်ကို အံ့ဩတကြီး ကြည့်နေလိုက်သည်။ အခုလေးတင် ဗိုက်အောက်ပိုင်းက နာလာတာကို ဘယ်လိုလုပ်ပြီး ဘာမှ မဖြစ်တာလဲ ... 


"‌ကလေး ရှိနေသေးတယ်ဆိုတော့ ကောင်းလိုက်တာ ကောင်းလိုက်တာ ..." 


"သူက တစ်ဖြေးဖြေး သက်သာလာပြီ ..." 


သူမက ထိုသို့ ပြောရင်း ရှန်းချိုးရှစ်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ 


"ငါ့ကို စောစောက ဘာကျွေးလိုက်တာလဲ ..." 


"အလှအပ ချောကလက် ..." 


သူမက ရမ်ရှန့်ကိုကြည့်ကာ ပြောလိုက်သည်။ ရမ်ရှန့်ပေးခဲ့တာက အလှအပဆေးလုံး မဟုတ်ဘူးလား ဘယ်လိုဖြစ်ပြီးတော့ ကိုယ်ဝန်ပျက်ကျမှာကိုပါ ကာကွယ်ပေးနိုင်ရတာလဲ ... 


ရမ်ရှန့်က အနားသို့ တစ်ဖြေးဖြေး တိုးလာကာ ဖုန်ခဲ့ရှင်း၏ လက်ကောက်ဝတ်ကို စမ်းကြည့်လိုက်သည်။ 


"သူမရဲ့ ခန္ဓာကိုယ်က ဆိုးဆိုးဝါးဝါး ပျက်စီးထားပြီးတော့ သားအိမ်ကို အဟာရ လုံလောက်အောင် မဖြည့်တင်းပေးနိုင်ဘူး ဖြစ်နေတာ အဲ့ဒါကြောင့်လည်း ကလေးပျက်ကျမလို ဖြစ်သွားတာ အလှအပဆေးလုံးမှာက အာဟာရဓာတ်တွေလည်း ပါသေးတယ်လေ ..." 


မျက်နှာအားဖြည့်ဆေးလုံးထဲရှိ စိတ်စွမ်းအင်သည် မိခင်အတွက်သာမက သန္ဓေသားအတွက်ပါ အထောက်အကူ ဖြစ်ပေသည်။ ထို့ကြောင့် သူမ၏ ကလေးကို ထိန်းသိမ်းထားနိုင်ရန်မှာ ... 


ရမ်ရှန့်မှာ သူလည်း အာဟာရ မလုံလောက်မှုကို ကြုံတွေ့နေရသည်ဟု ခံစားမိလိုက်တော့သည်။ ဒါဆို သူလည်း ဒီ ကိုယ်ဝန်မဆောင်တဲ့ အမျိုးသမီးလို ဖြစ်လာမှာတော့ မဟုတ်ပါဘူးနော် ... 


ထိုအတွေးကြောင့် ရမ်ရှန့်မှာ မနေနိုင်အောင်ပင် ကြောက်ရွံလာပြီး ကျောက်လင်းယွီ၏ မျိုးစေ့ပြတ်လပ်မှုကို စောဒကတက်စ ပြုလာတော့သည်။ 


"ငါ့မှာ ရှိသေးတယ် နင် နည်းနည်းလောက် ထပ်စားလိုက် ..."


သူမက ဖုန့်ခဲ့ရှင်းကို ချောကလက် လက်တစ်ဆုပ် ထပ်ပေးလိုက်သည်။ သူမက ဝါးစားရင်း ကျေးဇူးတင်စကားကို မမေ့မလျော့ ပြောလိုက်သေးသည်။ 


"ကျေးဇူးတင်ပါတယ် ..." 


ထိုအချိန်တွင် သီးသန့်အခန်း၏ တံခါးပေါက်မှာ မီးရှို့ခံလိုက်ရပြီး အရပ်ရှည်ရှည်နှင့် အမျိုးသားတစ်ဦး အထဲသို့ ဝင်လာသည်။ 


"ခဲ့ရှင်း ..." 


ဖုန့်ခဲ့ရှင်းကို မြင်လိုက်ရချိန်တွင် သူ့မျက်လုံးတို့်မှာ နီရဲသွားတော့သည်။ 


ဖုန့်ခဲ့ရှင်းသည် မျက်ရည်လည်ရွှဲဖြင့် အားနည်းစွာ လဲလျောင်းနေကာ စကတ်တစ်ထည်လုံးမှာလည်း သွေးများစိုရွှဲနေပြီး တစ်ခုခုကို ဝါးစားနေသည်။ သူ၏ ဇနီးသည်ကို  ထိုသို့ ပုံစံမျိုးဖြင့် တွေ့ရခဲကာ နောက်ဆုံးတွေ့ရချိန်မှာလည်း ဒုတိယကလေးကို ဆုံးရှုံးခဲ့ရစဉ်က ဖြစ်သည်။ 


‌သူမအနားသို့ ချက်ခြင်း ပြေးသွားကာ ဒူးတစ်ဖက်ထောက်ထိုင်ရင်း ပြောလိုက်သည်။ 


"ခဲ့ရှင်း အဆင်ပြေသွားမှာနော် မကြောက်နဲ့ ကလေးမလွယ်နိုင်လည်း ဘာမှ မဖြစ်ဘူးနော် ..." 


"ကလေးမရှိလည်း ဘာမှ မဖြစ်ဘူးဆို ဘာလို့ ခဲ့ရှင်းကို ကိုယ်ဝန်‌ဆောင်ခိုင်းသေးလဲ ..." 


ရှန်းချိုးရှစ်က ဒေါသတကြီး ပြောပြီး  ဖုန့်ခဲ့ရှင်းကိုခေါ်ကာ ထွက်သွားလိုက်သည်။ 


"မစ္စစ်ကျောက် ခဲ့ရှင်းက ကျွန်တော့်ဇနီးပါ ..." 


"ဆိုတော့ သူမက ရှင့်ဇနီးမှန်း သိသေးတယ်ပေါ့ ..." 


သူမက အေးစက်စက်လေသံဖြင့် ထေ့ငေါ့လိုက်သည်။ 


"သက်တော်စောင့်တွေ သူ့ကို တားထားလိုက် ..." 


ကျောက်လင်းယွီ၏ သက်တော်စောင့်နှစ်ဦးက ရမ်ရှန့်ဘေးတွင် အနည်းငယ် တုန့်ဆိုင်းစွာဖြင့် ရပ်နေလိုက်သည်။ သို့သော် သူ့ကလေးများအတွက် ပူပန်နေသော ရမ်ရှန့်က ရှောင်လွီကို ဆွဲထုတ်ကာ ပစ်ပေါက်လိုက်သည်။ 


သူက မီးသုံးတဲ့သူတွေကို မုန်းတယ် အဲဒါကြောင့် ဒီအမျိုးသားကိုလည်း မုန်းတယ် ...


ဖုန့်ခဲ့ရှင်း၏ အမျိုးသား အယ်လီနာ၏ မျိုးရိုးမှာ ဝယ်စလေ ဖြစ်သည်။ ဝယ်စလေမိသားစုသည် S အဆင့် စွမ်းရည်ပိုင်ရှင်များရှိသော မိသားစုကြီး ငါးစုထဲတွင် မပါဝင်သော်ငြား ၎င်းတို့ကို လျော့မတွက်သင့်ပေ။

56.2


ဝယ်စလေမိသားစု၏ စွမ်းရည်မှာ မီးဖြစ်ကာ အယ်လီနာ၏ စွမ်းရည်မှာ A အဆင့်သိူ့ ရောက်နေပြီဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ မြို့တော်ကြယ်တွင်ပင် မညံ့လှသည့်အပြင် တိုက်ခိုက်ရေး သိပ်မကောင်းလှသည့် S အဆင့် စွမ်းရည်ပိုင်ရှင်များကပင် သူနှင့် မယှဉ်ပြိုင်နိုင်ဟု ပြောကြသည်။ 


ထို့ကြောင့် ရမ်ရှန့်အနားတွင် ရပ်နေသော သက်တော်စောင့်နှစ်ဦးမှာ မလှုပ်ရှားရဲကြချေ။ သူတို့သာ သူ့ကို စတင်တိုက်ခိုက်ပါလျှင် ရမ်ရှန့်နှင့် ရှန်းချိုးရှစ်တို့ကို ကာကွယ်နိုင်‌မည် မဟုတ်တော့ချေ။ သက်တော်စောင့်များအဖို့ သူတို့၏ အလုပ်ရှင်ကို ကာကွယ်ရန်ကသာ အရေးအကြီးဆုံးဖြစ်သည်။ 


သူတို့က မလှုပ်ရှားပါဘဲ ရမ်ရှန့်က စတင်လှုပ်ရှားလာသည်။ 


ရမ်ရှန့်က သူ့လက်ထဲမှ နွယ်ပင်အား ပစ်လွှတ်လိုက်သည်ကို မြင်လိုက်ရချိန်တွင် ထိုသက်တော်စောင့်နှစ်ဦးသည် သူ့ရှေ့တွင် ပိတ်ရပ်လိုက်သည်။ သူတို့သည် အယ်လီနာ၏ ခွန်အားကို သိထားကြသူများဖြစ်၍ ထိုနွယ်ပင် ပြာကျသွားတော့မည်ဟုသာ ခန့်မှန်းလိုက်ကြတော့သည်။ 


အလောတကြီး ရောက်လာကြသော နှင်းဆီကလပ်၏ လုံခြုံရေးများကလည်း  ရမ်ရှန့်မှာ အနည်းငယ် ဆင်ခြင်တုံတရား မရှိဟု ကောက်ချက်ချလိုက်ကြသည်။ အသက်ကလည်း ငယ်သေးတယ် ပြီးတော့ တိုက်ခိုက်ရေးညံ့တယ်လို့ နာမည်ကြီးတဲ့ အပင်စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားသေးတယ် ဒါတောင် သူက အယ်လီနာကို ရန်စရဲတယ်‌ဆိုတော့ အရိုက်ခံချင်နေတာလား ... 


သို့သော်ငြား အမှန်တရားသည် လူတိုင်းမျှော်လင့်ထားသည်နှင့် တစ်ခြားစီပင်ဖြစ်သည်။ 


ရှောင်လွီက ဘယ်သူမိုလို့လဲ ... ရှောင်လွီက စစ်သင်္ဘောတစ်ခုလုံးကိုတောင် ရစ်ပတ်နိုင်ပြီးတော့ မစ္စတာထန့်ကို ဖက်ဒရယ်အထိ ပြန်ဆွဲခေါ်လာခွင့်ပေးခဲ့တဲ့ စိတ်စွမ်းအားပိုင်ရှင် နွယ်ပင်လေ အကြီးအကဲထန့်ရဲ့ ဂုဏ်ပုဒ်အများစုကလည်း ရှောင်လွီပေါ်မှာပဲ မူတည်နေတာကို ... 


မီးသည် အပင်အားလုံးအတွက် စိတ်ပျက်ဖြစ်ရာ တည်ရှိမှု ဖြစ်သော်ငြား ရမ်ရှန့်က တစ်ကိုယ်လုံးကို သူ၏ စိတ်စွမ်းအင်ဖြင့် လွှမ်းခြုံ‌ပေးထားသည့်အတွက် ရှောင်လွီမှာ အကြောက်အလန့် ကင်းလာသည်။ ခပ်သွပ်သွက် ပျံသန်းလာကာ အချိန်တိုအတွင်းမှာပင် အယ်လီနာ၏ ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ချည်နှောင်ထားလိုက်တော့သည်။ အယ်လီနာမှာ မည်မျှပင် အားကုန်သုံးကာ ရုန်းထွက်ပါစေ ရှောင်လွီကို အနည်းငယ်မျှပင် နာကျင်အောင် မလုပ်နိုင်ချေ။ 


အနီးနားရှိလူများအားလုံး ဆွံ့အသွားရတော့သည်။ 


အများစုမှာ အယ်လီနာကို သိရှိကြသူများ ဖြစ်သည်။ သူသည် ပထမတပ်ဖွဲ့နှင့် ဒုတိယတပ်ဖွဲ့တို့ကို မထိန်းချုပ်ရသော်ငြား မြို့တော်ကြယ် မြို့စောင့်တပ်ဖွဲ့၏ ရာထူးအကြီးဆုံး အရာရှိဖြစ်ရုံမက ဗိုလ်ချုပ်ကြီးလည်း ဖြစ်နေသေးသည်။ ထို့ကြောင့်သာ နှင်းဆီကလပ်ထဲသို့ ဝင်လာနိုင်ခြင်း ဖြစ်သည်။ 


ဒါပေမယ့် အခုတော့ ဗိုလ်ချုပ်ကြီး ဝယ်စလေက နွယ်ပင်တွေနဲ့ အချည်ခံထားရတယ်တဲ့ ... 


ရမ်ရှန့်၏ နူးညံ့သော မျက်နှာလေးကို တွေ့လိုက်ရချိန်တွင် ထိုသူများမှာ ပါးစပ်ကို မစေ့နိုင်ကြတော့ချေ။ ရှန်းချိုးရှစ်ကတော့ အလွန်တရာကို ဝမ်းမြောက်နေပေသည်။ ရမ်ရှန့်က တကယ်ကို သူမကို မျက်နှာရအောင် လုပ်ပေးလိုက်တာပဲ ... 


"ငါ့ကို လွှတ်ပေး ..." 


သူက ဒေါသတကြီး အော်ပြောလိုက်သည်။ သို့သော် သူ၏ အကြည့်တို့မှာတော့ ဖုန့်ခဲ့ရှင်းထံတွင်သာ ကပ်ငြိနေသည်။ 


"ခဲ့ရှင်း ..." 


သူနှင့် ဖုန့်ခဲ့ရှင်းတို့သည် နှစ်တစ်ရာကျော် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ကူညီထောက်ပံ့လာကြသည့်အတွက် ခံစားချက်များမှာ နက်ရှိုင်းနေပြီဖြစ်ကာ သူ့အနေဖြင့် တစ်ခါမှ လမ်းခွဲရန် မတွေးခဲ့ဖူးပေ။ သို့သော် ဤရက်ပိုင်းတွင် သူမက ကွာရှင်းလိုကြောင်း တဖွဖွ ပြောလာသည်။ 


သူ့အနေဖြင့်လည်း သူမ၏ အတွေးများ ပပျောက်သွားစေရန် မစွမ်းသာတော့ပေ။ 


ဖုန့်ခဲ့ရှင်းမှာ ကိုယ်ဝန်ရှိလာပြန်မှသာ သူတို့လည်း ကွာရှင်းရန် မဖြစ်နိုင်တော့ဟု တွေးကာ စိတ်သက်သာရာရသွားတော့သည်။ သူမအတွက် ဆရာဝန်အမြောက်အများ ရှာပေးကာ ကလေးကို ကယ်တင်နိုင်ရန် နည်းလမ်းမျိုးစုံ သုံးခဲ့သော်လည်း ကလေးကတော့ ထွက်သွားနှင့်လေပြီ ... 


သူမ၏ စကပ်ပေါ်မှ သွေးစတို့က သူ့မျက်လုံးထဲတွင် ရစ်ဝဲနေတော့သည်။ 


ဖုန့်ခဲ့ရှင်းက သူမ၏ ဗိုက်ကို သတိလက်လွတ်ဖြင့် ကိုင်ထားလိုက်မိသည်။ သူမ၏ စွမ်းရည်မှာ ရေစွမ်းရည်ဖြစ်သော်ငြား ယခုအချိန်တွင်တော့ လွန်စွာ အားနည်းနေပေသည်။ အယ်လီနာနှင့် သူမတို့၏ ကိုက်ညီနှုန်းမှာ အလွန်နိမ့်ကာ ကိုယ်ဝန်ဆောင်ရန် ခက်ခဲလှသည့်အပြင် အကယ်၍ ကိုယ်ဝန်ဆောင်နိုင်လျှင်ပင် ပျက်ကျမည်ဖြစ်သည်။ 


ထိုအခြေအနေမျိုးမှာ အဆင့်မြင့်စွမ်းရည်ပိုင်ရှင်စုံတွဲများ အကြားတွင် အဆန်းမဟုတ်ပေ။ ထိုအတွက်ကြောင့်လည်း အများစုမှာ လမ်းခွဲကာ ကိုယ့်လမ်းကို ဆက်လျှောက်ကြခြင်းဖြစ်သည်။ ထို့ကြောင့် သူမသည်လည်း ထိုကဲ့သို့ပင် ဆက်လုပ်ရန် တွေးခဲ့ခြင်းဖြစ်သည်။ 


သို့သော် ဆုံးရှုံးရတော့မည်ဟု တွေးထားသည့် သူမ၏ ရင်သွေးမှာ ဝမ်းဗိုက်ထဲတွင် ခိုင်ခိုင်မာမာ တည်ရှိနေသေးသည်။


သူမက စကားတစ်ခွန်းမှ ဆိုမလာသည်ကို မြင်လျှင် အယ်လီနာမှာ ပို၍ပင် စိတ်သောကရောက်လာတော့သည်။ 


"ခဲ့ရှင်း မင်း အဆင်ပြေရဲ့လား ..." 


အယ်လီနာက သူ့ဇနီးအနားသို့ တိုးသွားလိုက်‌ချင်သော်ငြား နွယ်ပင်များက ချုပ်နှောင်ထားသည့်အတွက် ရမ်ရှန့်ကိုသာ ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ 


"မင်း ငါ့ကို လွှတ်ပေး အခုချက်ခြင်း လွှတ်ပေး ..." 


ထိုအချိန်တွင် ရမ်ရှန့်မှာ ဝမ်းနည်းလွန်း၍ မျက်လုံးတို့ပင် နီမြန်းလာတော့သည်။ 


မျက်လုံးများ နီမြန်းနေသော ဆယ်ကျော်သက်ကလေးမှာ သနားစရာပင် ကောင်းလှသည်။ထို့ကြောင့်  အယ်လီနာ၏ သောင်းကျန်းမှုကို ကြည့်ရန် စုရုံးနေကြသူများက သူ့ကို တစ်ယောက်တစ်ခွန်း ပြစ်တင်ရှုံ့ချလိုက်ကြတော့သည်။  


ကြည့်ပါဦး အယ်လီနာ လုပ်လိုက်တာ သူများအိမ်က ကလေးလေး ငိုသွားရပြီ ... 


"ရမ် ..." 


ရှန်းချိုးရှစ်ကလည်း သူ့ကို ပူပန်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။ ဒီကလေး ရုတ်တရက်ကြီး ဝမ်းနည်းသွားတာ အယ်လီနာက သူ့စွမ်းရည်နဲ့ နာကျင်အောင် လုပ်ပစ်လိုက်လို့များလား ... 


"အန်တီ ..." 


သူက မျက်ရည်များ စီးကျမလာစေရန် မျက်တောင်ကို တဖျတ်ဖျတ်ခတ်ရင်း သူ့ခေါင်းကို ထိလိုက်သည်။ အဲ့ဒီ့လူကြီးကို ရပ်တန့်ဖို့အတွက် ရှောင်လွီကို ပစ်လိုက်မိတာကို နောင်တရနေပြီ အဲဒါက သူ့ရဲ့ စိတ်စွမ်းအင်တွေကို အများကြီး သုံးပစ်မိတာပဲ ... 


သူ၏ စိတ်စွမ်းအင်များသည် သန့်စင်မြေ၏ အထောက်အပံ့ကို လိုအပ်ပေသည်။ သူ့တွင်လည်း ကျောက်လင်းယွီ မနေ့ညက ထောက်ပံ့ပေးထားသည့် သန့်စင်မြေသာ ရှိနေပေသည်။ 


ကလေးလေးယောက်မှာလည်း သူ့စိတ်စွမ်းအင်များကို အချိန်တိုင်း စုပ်ယူနေကာ လိုအပ်သည့် ပမာဏမှာလည်း သူ မမျှော်မှန်းထားနိုင်လောက်အောင်ကို များပြားလာပေသည်။ 


အကယ်၍ သူ့တွင်သာ သန့်စင်မြေ လုံလုံလောက်လောက် မရှိပါလျှင် စိတ်စွမ်းအားလည်း လုံလောက်တော့မည် မဟုတ်ချေ။ ဒါဆို သူ့ကိုယ်ဝန်ကရော ပျက်ကျသွားတော့မှာလား ... 


xxxxxxx