အပိုင်း ၅၇
Viewers 18k

Chapter 57


ရမ်ရှန့်က ယခင် အသီးသီးခဲ့ချိန်များတွင် ၎င်းတို့သည် သူ့စွမ်းအင်များကို အလွန်အကျွံ သုံးစွဲနေသည်ဟု ခံစားရသည်နှင့်တစ်ပြိုင်နက် အာဟာရ ထောက်ပံ့ခြင်းကို ရပ်တန့်ကာ အစေ့သေးသေးလေးအဖြစ်သာ ချန်ထားခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် သူသည် အစေ့ထုတ်နေခြင်း မဟုတ်ချေ။ သူ့ကလေးများ ဖြစ်နေသည်။ 


တကယ်လို့ သူသာ ကြိုသိခဲ့ရင် ဟိုအပင်တွေကို မစိုက်ခဲ့ပါဘူး သန့်စင်မြေနဲ့ စိတ်စွမ်းအားကို ဖြုန်းတီးခဲ့မိတာပဲ ... 


ရမ်ရှန့်မှာ ပို၍ပင် ဖြေမဆည်နိုင်လောက်အောင် ဝမ်းနည်းလာတော့သည်။ 


"ရမ် အဆင်ပြေရဲ့လား ..." 


ထိုအချိန်တွင် အရပ်ရှည်ရှည်နှင့် အမျိုးသားတစ်ဦးက ရောက်လာကာ သူ့ကို ငုံ့ကြည့်လိုက်သည်။ 


"လင်းယွီ ..." 


ရမ်ရှန့်က မော့ကြည့်လိုက်ချိန်တွင် ကျောက်လင်းယွီဖြစ်နေကြောင်း တွေ့လိုက်ရသည်။ သူက ကျောက်လင်းယွီကို ပွေ့ဖက်ကာ ရင်ခွင်ထဲတွင် မျက်နှာအပ်ထားရင်း သူ့ပုခုံးကို ကိုက်လိုက်သည်။ လင်းယွီရဲ့ အသားက ဘာလို့ တအားကို ထူနေရတာလဲ သူတော့ ကိုယ်ဝန်ပျက်ကျတော့မှာပဲ ... 


သူက အားကုန်သုံးကာ ကိုက်လိုက်သော်ငြား ကျောက်လင်းယွီတွင်တော့ သွားရာပင် မထင်ချေ။ သူက မျက်ခုံးနှစ်ဖက်ကို စုကျုံ့ကာ အယ်လီနာကို စိုက်ကြည့်လိုက်သည်။ 


အယ်လီနာသည် သူ့ထက် အသက်ကြီးကာ သူ့ကိုပင် နှစ်ကြိမ်ခန့် ထိန်းပေးခဲ့ဖူးသည်။ သို့သော် ကျောက်လင်းယွီ၏ အကြည့်တို့ဖြင့် ကြုံလိုက်ရချိန်တွင် သူ့တစ်ကိုယ်လုံး‌ အေးခဲသွားတော့သည်။ 


ကျောက်လင်းယွီက ဘာမှ ထပ်မပြော၍သာ တော်သေးသည်။ သူက ရမ်ရှန့်ကို သယ်ကာ လေယာဉ်ထဲသို့ ဝင်သွားပြီး ‌ရှန်းချိုးရှစ်ကလည်း သူ့ကို ခပ်စူးစူးကြည့်ရင်း နောက်က လိုက်သွားသည်။ 


အယ်လီနာမှာ မတ်တပ်ထရပ်ပြီး အတော်ကြာသည်အထိ သတိကပ်မလာသေးပေ။ သူသတိထားလိုက်မိချိန်တွင် သူ့ကို ရစ်ပတ်ထားသည့် နွယ်ပင်မှာလည်း ‌ပျောက်ကွယ်သွားပြီဖြစ်သည်။ 


လွတ်မြောက်သွားပြီဖြစ်သော်ငြား အားငယ်မှုတို့ကို ခံစားလိုက်ရတော့သည်။ 


မြို့တော်ကြယ် ‌မြို့စောင့်တပ်ဖွဲ့မှ လူများ ရောက်လာကာ လျော်ကြေးပေးပြီး လူစုခွဲလိုက်သည်။ အယ်လီနာသည် သူနှင့် ကျောက်လင်းယွီအကြောင်း အတင်းပြောနေသည်များကို ကြားလိုက်မှသာ အာရုံပြန်ကပ်လာတော့သည်။ 


သူ့ဇနီးကို အဆုံးရှုံးမခံနိုင်ဘူး ... 


ကျောက်လင်းယွီ၏ လေယာဉ်ကို ဝူရွှိုက်က မောင်းနှင်လာခြင်းဖြစ်သည်။ အားလုံး တက်လာပြီးနောက် သူက အံ့ဩတကြီး မေးလိုက်သည်။ 


"ဘာဖြစ်လို့လဲ ဘော့စ် ဒီမြို့တော်ကြယ်မှာ ခင်ဗျားရဲ့လူတွေကို အနိုင်ကျင့်ရဲတဲ့သူ ရှိသေးတယ်ပေါ့ ဟုတ်လား ဘယ်သူလဲ ..." 


သူ့၏ ဘော့စ်ဖြစ်သူ ပထမတပ်ဖွဲ့မှ အလောတကြီး ပြေးထွက်သွားသည်ကို မြင်လိုက်ရချိန်တွင် သူလည်း စိတ်ရှုပ်ထွေးသွားခဲ့သည်။ သို့သော် ယခုတော့ သူ့ဘော့စ် ဒေါသထွက်ရသည့်အကြောင်းကို သိသွားလေပြီ။ တကယ်ကြီး သူ့ဘော့စ်ရဲ့ မိသားစုကို အနိုင်ကျင့်ရဲတဲ့သူ ရှိနေတာပဲ ... 


"ဗိုလ်ချုပ်ကြီး ဝယ်စလေ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ လာရာလမ်းတစ်လျှောက် ရင်တမမ ဖြစ်နေခဲ့ရကာ ရမ်ရှန့်ကို သူ့ရင်ခွင်ထဲ ထည့်ထားနိုင်မှသာ အသက်ကို ဖြောင့်ဖြောင့်ရှူနိုင်တော့သည်။


သူသည် တစ်နေ့လုံး ရမ်ရှန့်၏ မော်နီတာကိုသာ စောင့်ကြည့်နေခဲ့သည်။ အစောပိုင်းက ဖုန့်ခဲ့ရှင်း၏ အခြေအနေမှာ မူမမှန်သည်ကို တွေ့ခဲ့ရသော်ငြား သူ့အနေနှင့် ကြားဝင်၍ မကောင်းသဖြင့် ဘာမှ မလုပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အယ်လီနာကို တွေ့လိုက်ရမည်ဟုတော့ လုံးဝမျှော်လင့်မထားချေ။ 


အယ်လီနာဘက်က လှုပ်ရှားလိုက်သည်ကို တွေ့လိုက်ရချိန်တွင် သူလည်း များများစားစား တွေးမနေတော့ဘဲ အလောတကြီး ပြေးထွက်လာတော့သည်။ ထို့နောက်တွင် အလွန်ဝမ်းနည်းနေသော ရမ်ရှန့်ကို တွေ့လိုက်ရတော့သည်။ 


"ဗိုလ်ချုပ်ဝယ်စလေက လူကောင်းတစ်ယောက်ပါ ဘယ်လိုဖြစ်ရတာလဲ ..." 


ဝူရွှိုက်က လေယာဉ်သွားရာလမ်းကြောင်းကို ချိန်ညှိကာ အလိုအလျောက် မောင်းနှင်သည့်စနစ်ကို စတင်လိုက်သည်။ ထို့နောက်တွင်တော့ ရှန်းချိုးရှစ်ကို မှီထားသည့် ဖုန့်ခဲ့ရှင်းက နှာခေါင်းကို ပွတ်နေသည်အား တွေ့လိုက်ရ၍ အကြောင်းအရင်းကို သဘောပေါက်သွားတော့သည်။ 


အယ်လီနာသည် ဝယ်စလေမိသားစု၏ အသန်မာဆုံး စွမ်းရည်ပိုင်ရှင်ဖြစ်သည့်အတွက် သူ့မိဘများက မိသားစု တိုးတက်စေရန် အလို့ငှာ စွမ်းရည်မြင့်သော ကလေးတစ်ယောက် မွေးလာစေရန် မျှော်လင့်နေကြသည်။ သို့သော် သူက သူ့ကလေးကို မွေးမပေးနိုင်မည့်သူနှင့်သာ လက်ထပ်ခဲ့သည်။ 


ဝယ်စလေ မိသားစုက အယ်လီနာ ကွာရှင်းတော့မည့်အကြောင်း သတင်းလွှင့်ခဲ့စဉ်ကပင် ဝူရွှိုက်သည် ထိုသူ၏ ဇနီးကို သနားမိခဲ့သေးသည်။ သို့သော် ထိုအမျိုးသမီးမှာ ရှန်းချိုးရှစ်၏ သူငယ်ချင်း ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားပေ။ 


လေယာဉ်ထဲရှိ မည်သူကမှ သူ့မေးခွန်းကို မဖြေကြ။ ကျောက်လင်းယွီက ရမ်ရှန့်ကို စိုးရိမ်တကြီး ပွတ်သပ်ပေးနေကာ ရှန်းချိုးရှစ်က ဖုန့်ခဲ့ရှင်းကို နှစ်သိမ့်ပေးနေသည်။ 


မျက်စိတစ်မှိတ်အတွင်းတွင်ပင် ကျောက်မိသားစုစံအိမ်သို့ ဆိုက်ရောက်လာတော့သည်။ 


"လင်းယွီ ..." 


ရှန်းချိုးရှစ်သည် ချောကလက်အကြောင်း မေးမြန်းရန်အတွက် သားဖြစ်သူကို လှမ်းခေါ်လိုက်သော်ငြား သူက ဟန့်တားလိုက်သည်။ 


"အမေ ကျွန်တော့်မှာ လုပ်စရာရှိနေသေးလို့ ဆရာဝန်ကလည်း ရောက်နေလောက်ပြီ ..." 


သူမလည်း ရမ်ရှန့်၏ ရုတ်တရက် စိတ်ခံစားချက် ပြောင်းလဲသွားမှုကို စိတ်ပူနေပေသည်။ 


"ဟုတ်သားပဲ သွားသွား ရမ်ရှန့်ကို အရင်သွားကြည့်လိုက် ..." 


သူမ၏ လက်ထဲတွင် အလှအပချောကလက်များ ရှိနေသေးသည့်အတွက် မေးမြန်းရန် အလျင်လိုမနေချေ။ အခုလတ်တလောတွင် ဖုန့်ခဲ့ရှင်းအား ဆရာဝန်နှင့် စစ်ဆေးခိုင်းရန်ကသာ အရေးအကြီးဆုံးဖြစ်သည်။ 


သူက ရမ်ရှန့်ကို အခန်းဆီသို့ ပြန်သယ်လာကာ ရှောင်လွီကို အပြင်ဘက်သို့ မညှာမတာ ဆွဲထုတ်လိုက်သည်။ 


"ရမ် ဘာဖြစ်လို့လဲ ဘာလို့ အရမ်းဝမ်းနည်းနေရတာလဲ ..." 


ရမ်ရှန့်မှာ လတ်တလောတွင် စိတ်ခံစားချက် မကောင်းလှပေ။ 


"ကျွန်တော်လေ ကိုယ်ဝန်ပျက်ကျတော့မလို့ ..." 


အစောပိုင်းက ကျောက်လင်းယွီကို ကိုက်ထားသည့်အတွက် နာသွားသော သွားကို ကိုင်ရင်း ငိုနေလိုက်သည်။ 


ကိုယ်ဝန်ပျက်ကျတော့မလို ဖြစ်ခဲ့တဲ့သူက ဖုန့်ခဲ့ရှင်း မဟုတ်ဘူးလား မင်းနဲ့ ဘာဆိုင်လို့လဲ ... 


ကျောက်လင်းယွီမှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားတော့သည်။ 


"ဘာဖြစ်လို့လဲ ..." 


"အခုလတ်တလောမှကို ကလေးတွေက စိတ်စွမ်းအင်တွေ ပိုပြီး လိုအပ်လာတယ်လေ ဒါပေမယ့် ကျွန်တော်က စိတ်စွမ်းအင်အပင်တွေလည်း စိုက်ထားတော့ သန့်စင်မြေကို အကုန်လုံးနီးပါး သုံးမိသွားပြီ သန့်စင်မြေသာ လုံလုံလောက်လောက် မရှိရင် ဖုန့်ခဲ့ရှင်းလို ကိုယ်ဝန်ပျက်ကျသွားမှာ ..." 


သူက ဝမ်းနည်းပက်လက်ဖြင့် ပြောလိုက်သည်။ 


"ဒီကမ္ဘာမှာက စိတ်စွမ်းအားလည်း မရှိဘူး ..." 


"မနေ့ညကမှ သန့်စင်မြေ ရထားသေးတယ် မဟုတ်ဘူးလား ..." 


သူက ယမန်နေ့ည အဖြစ်အပျက်များကို ပြန်တွေးရင်း မေးလိုက်သည်။ 


"ဒါပေမယ့် ဘယ်အချိန်မှ နောက်တစ်ခါ ထပ်ရမလဲ မသိဘူးလေ ဟိုးအရင်တုန်းက ကလေးလည်းမရှိ၊ လုပ်စရာလည်း မရှိတော့ တစ်လတစ်ကြိမ်က အဆင်ပြေတယ် ဒါပေမယ့် အခုကျ ကလေးက လေးယောက်တောင်ဆိုတော့ စွမ်းအင်လိုအပ်ချက်က များလာပြီ ပြီးတော့ အပင်တွေကလည်း စိုက်ထားသေးတယ်ဆိုတော့ နည်းနည်း ကြောက်လာလို့ တစ်လ ငါးကြိမ်ဆိုရင်တော့ လုံလောက်ပါတယ်..." 


ငါးကြိမ်? သူသာ တစ်လ ငါးကြိမ် နွေဦးအိပ်မက်မက်ရင် တစ်ခုခု မှားနေလို့ပဲ ... 


ကျောက်လင်းယွီက တစ်ခုခု‌ပြောရန် ပါးစပ်ကို ဟလိုက်သော်ငြား ဘာပြောရမှန်း မသိတော့ချေ။ 


"အခုကျ ..." 


ရမ်ရှန့်က သူ့ကို မော့ကြည့်ကာ ပြောလိုက်သည်။ 


"ကျွန်တော့်ကလေးတွေကို မစွန့်လွှတ်နိုင်ဘူး ပြီးတော့ ဟိုလူဆိုးကောင်ကလည်း သူ့ဇနီးကို ကလေးမွေးမပေးနိုင်လို့ဆိုပြီး ကွာရှင်းတာတဲ့ ခင်ဗျားရော ကျွန်တော့်ကို အဲ့ဒီလို လုပ်မှာလား ..." 


ရမ်ရှန့်ပြောတဲ့ လူဆိုးကောင်က အယ်လီနာကို ပြောတာလား ... 


ကျောက်လင်းယွီမှာ အာစေးမိသွားတော့သည်။ 


ပထမဆုံးအနေဖြင့် အယ်လီနာသည် လုံးဝ မကွာရှင်းလိုပေ။ အကယ်၍ ကွာရှင်းခဲ့ပါလျှင်လည်း အယ်လီနာနှင့် ဖုန့်ခဲ့ရှင်းတို့၏ အခြေအနေမှာ သူတို့နှစ်ဦးနှင့် မတူညီချေ။ 


ရမ်ရှန့်သည် ယခင်က ကလေးမရှိခဲ့ရာ သူ့ကို ကလေးမမွေးနိုင်၍ဟုဆိုကာ စွန့်လွှတ်ရန်အကြောင်း မရှိပေ။ ရမ်ရှန့်က သူ့အသီးတွေကို တကယ်ပဲ ကလေးလို သဘောထားနေတာလား ... 


သူက ရမ်ရှန့်၏ ဦးခေါင်းကို ခပ်ဖွဖွ နမ်းရှိုက်ကာ ပြောလိုက်သည်။ 


"စိတ်မပူပါနဲ့ ကိုယ်က မင်းကို ဘယ်တော့မှ မစွန့်ပစ်ဘူး ..." 


"ဒါပေမယ့် ကျွန်တော် ကလေးမွေးချင်တယ် ..." 


သူက ထိုသို့ပြောကာ ခေါင်းကို ဂျင်ဆင်းပုံ ပြောင်းလိုက်သည်။

57.2


အသီးလေးလုံးမှာ စိမ်းနေဆဲဖြစ်သော်ငြား ယခင်ထက် အနည်းငယ် ကြီးလာလေပြီ။ ရမ်ရှန့်မှာ ပြီးခဲ့သည့် နှစ်ရက်ခန့်က ထိုအသီးများထံမှ နှလုံးခုန်သံကိုပင် ကြားလိုက်ရသေးသည်။ 


ထိုကဲ့သို့ သွေးသားဆက်စပ်မှုကို ခံစားခဲ့ရသဖြင့် မွေးဖွားလိုစိတ်များ ပိုပြီး ဖြစ်ပေါ်လာတော့သည်။ 


ကျောက်လင်းယွီမှာလည်း ရမ်ရှန့်၏ တောင်းဆိုချက်ကြောင့် ထိုအသီးများကို အချိန်အကြာကြီး ထိတွေ့ပွတ်သပ်ကာ စကားပြောခဲ့ရသည့်အတွက် ၎င်းတို့ကို ပိုပြီး နှစ်သက်လာသည်။ ထို့ကြောင့် ၎င်းတို့မှာ သန့်စင်မြေ လုံလုံလောက်လောက် မရပါလျှင် ခြောက်သွေးညှိုးနွမ်းသွားမည်ဟု ကြားလိုက်ရချိန်တွင် စွန့်လွှတ်ရန် ဝန်လေးနေပေသည်။ 


ထိုအသီးလေးလုံးကို သူ့ကလေးများအဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ထားပြီးဖြစ်၍ ၎င်းတို့ကို ကျိန်းသေ ဂရုတစိုက် ကျွေးမွေးစောင့်ရှောက်ရမည်ဖြစ်သည်။ 


သူက အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။ 


"တစ်လငါးကြိမ်ပဲ မဟုတ်လား ရစေရမယ် ..." 


"တကယ်လား ..." 


ရမ်ရှန့်က တအံ့တဩ မေးလိုက်သည်။ 


"တကယ် ..." 


သူက ပြောလိုက်သည်။ 


သို့သော်လည်း ရမ်ရှန့်ကတော့ စိုးရိမ်နေဆဲပင်။ 


"အစေ့ထုတ်တဲ့ အချိန်တိုင်း စွမ်းအင်တွေ အများကြီး ကုန်သွားတာဆိုတော့ ခင်ဗျားခန္ဓာကိုယ်ကို ထိခိုက်သွားနိုင်လားဟင် တကယ်လို့ ခင်ဗျားအတွက် မကောင်းရင် အဲဒီ့ကိစ္စကို မေ့လိုက်တော့ ..." 


သူ့အနေဖြင့် ကလေးလိုချင်သည့်တိုင် ထိုကလေးများမှာ ကျောက်လင်းယွီ၏ ကလေးများ ဖြစ်နေ၍သာ လိုချင်ခြင်းဖြစ်သည်။ အကယ်၍ ကျောက်လင်းယွီသာ ထိခိုက်မည်ဆိုပါလျှင် ကလေးမယူရန်ကိုသာ ရွေးချယ်မည်ဖြစ်သည်။


"တစ်လငါးကြိမ်က ကိုယ့်ခန္ဓာကိုယ်ကို ဘာမှ မထိခိုက်ပါဘူး ဒီထက် နည်းနည်းများရင်တောင် ကိစ္စမရှိပါဘူး ..." 


သူက ပြောလိုက်သည်။ တစ်လငါးကြိမ် မဆိုထားနှင့်။ သူနှင့် ရမ်ရှန့်သာ အဆင့်တက်နိုင်ပါလျှင် တစ်လလျှင် အကြိမ်ငါးဆယ်သည်ပင် သူ့အတွက် မများချေ။ 


သူ့ဘာသာသူ လုပ်ရမယ်ဆိုရင်တော့ ဒီထက် နည်းနည်း နည်းမှာပေါ့ ... 


"တကယ်ကြီးလား ..." 


ရမ်ရှန့်က အံ့ဩတကြီး မေးလိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ 


"ဒါဆို ဘာလို့ အရင်ကကျ တစ်လနှစ်ကြိမ်လို့ ပြောခဲ့တာလဲ ..." 


"မင်းအနေနဲ့ ပိုလိုချင်လို့ရှိရင် အထူးနည်းလမ်းတွေကို သုံးဖို့လိုတယ် ..." 


ကျောက်လင်းယွီက အသာချောင်းဟန့်ကာ ပြောလိုက်သည်။ သူ့နဖူးတွင်လည်း ချွေးပေါက်တို့ သီးစပြုနေသည်။ 


သူ့မှာ ကလေး မရှိဘဲနဲ့ ဒီလိုကိစ္စတွေကို ခက်ခက်ခဲခဲ ရှင်းပြရ‌လိမ့်မယ်လို့ ထင်ကို မထင်ထားမိဘူး သူ့အဖေဆို chip ပြားလေး တစ်ပြားပဲ ပေးလိုက်တာ လွယ်ချက်ပဲ သူလည်း ရမ်ရှန့်ကို chip ပြားလေးပဲ ပေးလိုက်ရင် ... 


မဟုတ်သေးဘူး မဟုတ်သေးဘူး ... 


သူက ထိုအတွေးကို ချက်ခြင်း ပယ်ချလိုက်သည်။ 


ရမ်ရှန့်သာ အဲ့ဒီ့အကြောင်းတွေ သိသွားရင် သေချာပေါက် လက်တည့်စမ်းချင်လာမှာပဲ ဒါဆို ဒီအခြေအနေကို အဆုံးသတ်ရတော့မှာ ... 


"ဘာနည်းလမ်းလဲ ..." 


ရမ်ရှန့်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ 


"အခု သုံးလို့ရလား ..." 


"အရင်ဆုံး မင်းက အပြင်ထွက်ပေးဦး ..." 


သူက ပြောလိုက်သည်။ 


"အပြင်ထွက်ရမယ် အဲဒါက ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ထိခိုက်မှာလား ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်မလို့လား ..." 


ရမ်ရှန့်မှာ ပူပန်လာတော့သည်။ 


"မဟုတ်သေးဘူး ကျွန်တော် စောင့်ကြည့်ချင်တယ် မဟုတ်ရင် ဆက်မလုပ်တော့ဘူး ဒါတွေကလည်း စိတ်စွမ်းအားမရှိရင် ကြီးထွားနှုန်း နှေးသွားရုံပဲ ရှိမှာ ..." 


ရမ်ရှန့်က သူ့ခေါင်းပေါ်ရှိ စွံ့ပလွံသီးအရွယ် ရောက်နေပြီ‌ဖြစ်သော အသီးလေးလုံးကို ထိလိုက်သည်။ 


"အများကြီး မတွေးပါနဲ့ ကိုယ်က ရေချိုးခန်းဝင်ရုံလေးတင်ပါ ..." 


သူက ပြောလိုက်သည်။ ထို့နောက် ရမ်ရှန့် သက်သာစေရန်အတွက် သူ့ကိုယ်ပိုင်မျိုးစေ့များကို ထုတ်လုပ်ရန် ဆုံးဖြတ်လိုက်သည်။ 


သူရေချိုးခန်း ဝင်လေတိုင်း ရမ်ရှန့်ကို လိုက်ခွင့် မပြုခဲ့သလို ရမ်ရှန့်ကလည်း ဇွတ်အတင်း လိုက်မဝင်သည့်အတွက်သာ တော်သေးသည်။ 


ရမ်ရှန့်ကို တစ်အိမ်လုံးရှိ အခန်းများအား ဝင်နိုင်စေရန် ခွင့်ပြုပေးထားသဖြင့် electronic lock မှာ အသုံးမဝင်နိုင်ချေ။ ထို့ကြောင့် ရိုးရိုးတန်းတန်းသာ လော့ချလိုက်ပြီး အသက်ကိုပြင်းပြင်းရှူကာ ရေပန်းဖွင့်ပြီး အဝတ်ချွတ်လိုက်သည်။ ထို့နောက် ရမ်ရှန့်၏ သွင်ပြင်ကို ပြန်စဉ်းစားကာ သူ၏ လုပ်ငန်းစဉ်ကို စတင်လိုက်သည်။ 

(Electronic lock က လက်ဗွေတို့၊ မျက်နှာတို့နဲ့မှ ဖွင့်လို့ရတာမျိုးပါ ရမ်ရှန့်ကို အကုန်လုံး permission ပေးထားလို့ ဒါတွေသုံးပြီး တံခါးပိတ်ထားလည်း ဝင်လို့ရနေမှာ ဒါကြောင့် မင်တုန်းထိုးပြီးပဲ ပိတ်လိုက်တယ်လို့ ပြောချင်တာပါ) 


ကြယ်တာရာကွန်ယက်မှာ အင်မတန် တိုးတက်နေသည့်အတွက် ကျောက်လင်းယွီသည်လည်း မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သိပြီးသားဖြစ်သည်။ သို့သော် သူသည် ငယ်စဉ်ကတည်းကပင် လေ့ကျင့်ရေးဆင်းကာ ၁၈ နှစ်အရွယ်တွင် စစ်လေ့ကျင့်ရေး သင်တန်းကျောင်းသို့ သွားခဲ့ပြီးနောက် စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့သဖြင့် ... 


စစ်လေ့ကျင့်ရေးများမှာ ပင်ပန်းခက်ခဲလှသည့်အပြင် သူသည်လည်း ဖြစ်ထွန်းချင်စိတ် များပြားသည့်အတွက် ခံနိုင်ရည်အားကို မကျော်လွန်မချင်း လေ့ကျင့်မှုကို မရပ်နားပေ။ ထို့ကြောင့် လေ့ကျင့်ရေး ပြီးဆုံးချိန်တွင် အမျိုးသမီးများအကြောင်း အိပ်မက်မက်ချိန်ပင် မရှိတော့ဘဲ အိပ်မောကျသွားတော့သည်။ 


xxxxxx