Chapter 215
စုန့်ထင်ရှန်းက စာကြည့်ခန်းထဲတွင်ထိုင်နေသည်။ သူ၏ ကွန်ပျူတာကိုဖွင့်ထားပြီး မျက်နှာပြင်ပေါ်တွင် ဒေတာပေါင်းစုံဖြင့် ပြည့်နှက်နေသော်လည်း သူအာရုံမစိုက်နိုင်ပေ။ ထိုအချိန်အတွင်း သူ့ဖုန်းက အကြိမ်အနည်းငယ်ခန့်တုန်ခါသွားခဲ့၍ အလျင်အမြန်ကိုင်လိုက်သော်လည်း အရေးမကြီးသောလူများ၏ မက်ဆေ့များသာဖြစ်နေသည်။
ယွမ်ရှက သူ့ကိုစာပြန်မပို့လာပေ။
သူက နှေးကွေးသူတစ်ယောက်ဖြစ်သော်လည်း ယွမ်ရှစိတ်ဆိုးနေကြောင်း ပြောနိုင်သည်။
သူမ ဘာလို့ စိတ်ဆိုးနေတာပါလိမ့် ... ဒါပေမဲ့ တခြားရှု့ထောင်က တွေးလိုက်ရင် ... သူကများ အမှားတစ်ခုခု လုပ်ထားမိလို့လား ... သူပြောလိုက်မိတာကြောင့်လား ...
စုန့်ထင်ရှန်းက စာဖိုင်တစ်ခုကိုဖွင့်လိုက်သည်။ သူ၏ မှတ်ဉာဏ်ကို အသုံးပြုကာ ယမန်နေ့ညက စကားဝိုင်းကို ပြန်စဉ်းစားလိုက်သည်။ သူ၏ လက်ချောင်းသွယ်သွယ်များဖြင့် မှတ်မိသလောက်စကားလုံးများကို ကီးဘုတ်တွင် တတောက်တောက်ရိုက်လိုက်သည်။ နောက်ဆုံးတွင် စာရွက်ကို printထုတ်လိုက်ပြီး စီးပွားရေးသမားတစ်ယောက်၏ ရှု့ထောင့်မှ ကြည့်လိုက်သည်။
ဤမျှ တုံးအသော ကိစ္စတစ်ခုကို သူတစ်ခါမှ မပြုလုပ်ခဲ့ဖူးပေ။ ၎င်းက အဓိပ္ပါယ်လည်းမရှိပေ။
သို့ရာတွင်လည်း သူက ကိုယ့်ကိုကိုယ်အားတင်းကာ အကောင်းဆုံးကြိုးစားပြီး အဖြေရှာနေသည်။
နောက်ဆုံးတွင် ယွမ်ရှစိတ်ဆိုးရသည့် အကြောင်းအရင်းမှာ " ကိုယ်ကရော မင်းရဲ့မိသားစုဝင် မဟုတ်ဘူးလား" ဟူသည့်စကားကြောင့်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချလိုက်သည်။ ဤမေးခွန်းအား မေးပြီးသည့်နောက်တွင်မှ သူမ၏စိတ်အခြေအနေ ပြောင်းလဲသွားသဖြင့် ဤသို့ကောက်ချက်ချလိုက်ခြင်းဖြစ်သည်။ ထိုမတိုင်ခင်အထိ သူတို့နှစ်ယောက်လုံး အခင်မင်မပျက် စကားပြောနေခဲ့ကြသေးသည်။
မိန်းမသားများ၏ စိတ်အခြေအနေပြောင်းလဲသည့်အရှိန်က စာရွက်တစ်ရွက်လန်သည်ထက်ပိုမြန်သည်မှာ သေချာသလောက်ပင်ဖြစ်သည်ဟု သူ သဘောပေါက်လိုက်သည်။ သို့ရာတွင် ယွမ်ရှက တွက်ကပ်တတ်သူမဟုတ်သဖြင့် သူမ ဤသို့ဖြစ်သွားရသည်မှာ သူ့အမှားသာဖြစ်သည်။
အဲ့လိုဆိုမှ သူမေးလိုက်တဲ့မေးခွန်းက ဘာများမှားသွားလို့လဲ ...
စုန့်ထင်ရှန်း၏ ဘဝတွင် ယွမ်ရှ၏ အပြုအမူကြောင့် ဤသို့ပြာယာခတ်နေရမည့်နေ့မျိုး ရောက်လာလိမ့်မည်ဟု တစ်ကြိမ်မှ မထင်ထားခဲ့ပေ။
နေပါဦး ... ဒါမျိုးက အသက်နှစ်ဆယ်ကျော် ယောက်ျားလေးတွေပဲ တွေးသင့်တဲ့ကိစ္စမျိုး မဟုတ်ဘူးလား ... သူက အခု ၃၅နှစ်တောင်ရှိနေပြီလေ ... ဒါမျိုးကို စဉ်းစားနေတာက အသုံးမဝင်တာပဲ ... ယျေဘုယျအားဖြင့်ဆိုရင်သူခန့်မှန်းထားတာ မှားနေတာလည်း ဖြစ်နိုင်တာပဲ ... ဒါက ဦးနှောက်ကဆဲလ်တွေကို ပျက်စီးစေပြီး အချိန်လည်းကုန်စေတယ် ... သူမကို တန်းမေးလိုက်ရင်လည်း ရတာကို ... ဒါပေမဲ့ ခုထိတောင် Wechatကနေ ဘာမှပြန်မပြောသေးဘူးဆိုတော့လည်း ...
စုန့်ထင်ရှန်းက ကွန်ပျူတာကိုပိတ်လိုက်ပြီး ဘေးမှ အိပ်ခန်းထဲဝင်သွားသည်။ ဝမ်လေးက အိပ်ယာပေါ်တွင်လှဲနေကာ ရုပ်ပုံစာအုပ်လေးကိုကြည့်နေသည်။
" ပါပါး အလုပ်ပြီးသွားပြီလား ... "
ဝမ်လေးက ယနေ့တွင် ဝမ်းနည်းနေပုံရသည်။
" သား မာမားကို အရမ်းလွမ်းတာပဲ ... မာမားဘယ်တော့ပြန်လာမှာလဲ ..."
ဝမ်လေးက သူ့အမေ မရှိပါက ဘာမှမစဉ်းစားနိုင်ပေ။ ယခုအခါတွင်လည်း သူမက ခရီးထွက်သွား၍ သူ၏ရုပ်ပုံစာအုပ်များကိုပင် မဖတ်နိုင်ဖြစ်နေသည်။
စုန့်ထင်ရှန်းက ကုတင်ဘေးတွင်ထိုင်ပြီး ဝမ်လေး၏ ပါးဖောင်းဖောင်းလေးများကိုထိကာ မေးလိုက်သည်။
" မာမားကို အရမ်းလွမ်းနေတာလား ..."
" အင်း ..."
ဝမ်လေးက မဆိုင်းမတွပင် ခေါင်းငြိမ့်လိုက်သည်။
" သား မာမားနဲ့အိပ်ချင်တယ် ... မာမားက ပုံပြင်တွေအများကြီး ပြောပြတယ် ..."
စုန့်ထင်ရှန်းက သူ့ကိုငုံ့ကြည့်ပြီး မေးလိုက်သည်။
" ပါပါးနဲ့ အိပ်ရင်လည်း တစ်ခါတစ်လေ ပုံပြင်ပြောပြတယ်လေ ..."
မိဘနှင့် သားသမီးဆက်ဆံရေးတွင် ကလေး၏ရင်ထဲ၌ မိခင်ဖြစ်သူကဖခင်ထက် ပို၍ အရေးပါသည်ကို ဝန်ခံရလိမ့်မည်။
ဒီကလေးက သူနဲ့ သူ့မာမားပေါ် သံယောဇဉ်တွယ်တာ မွေးရာပါလို့တောင် ပြောလို့ရမယ် ...
ဝမ်လေးက ခေါင်းခါပြလိုက်သည်။
" မတူဘူး ..."
စုန့်ထင်ရှန်းက ဤကိစ္စကို ခေါင်းမာနေမည်မဟုတ်သကဲ့သို့ မနာလိုဖြစ်နေမည်လည်း မဟုတ်ပေ။
" ကြည့်ရတာ ပါပါးက မာမားကိုစိတ်ဆိုးအောငါ လုပ်မိပုံပဲ ... ဒါပေမဲ့ ဘာမှားသွားတယ်ဆိုတာ ပါပါးလည်း သေချာမသိဘူး ..."
ဝမ်လေးက ရုပ်ပုံစာအုပ်လေးကို အောက်ပြန်ချလိုက်သည်။
" မာမား ဒီနေ့ ဖုန်းမဆက်တာ မထူးဆန်းတော့ပါဘူး ... ဒါ ပါပါးရဲ့အမှားပေါ့ ..."
" ဒါပေမဲ့ မာမားက အခု ပါပါးကိုလျစ်လျူရှု့ထားတယ် ... အဲ့ဒါကြောင့် ပါပါးက မာမားနောက်ကို လိုက်သွားမလို့ ... အဲ့ကျွန်းကိုသားလေးကိုပါ ခေါ်သွားမယ် ဘယ်လိုထင်လဲ ..."
xxxxxxxx