အပိုင်း ၅၉
Viewers 18k

Chapter 59


အစောပိုင်း သူနားလည်ခဲ့သည်များအရ ရမ်ရှန့်၏ အသိအမြင်ကြွယ်ဝမှုကို တိုးမြှင့်ပေးသင့်သော်ငြား တစ်ကိုယ်ကောင်းဆန်ဆန် စဉ်းစားမိပါလျှင် မလုပ်ချင်ပြန်တော့ပေ။ 


အကယ်၍ ရမ်ရှန့်သာ အလှအပဆေးလုံးကို ဖန်တီးနိုင်ခဲ့ပါလျှင် သူ့အနေဖြင့် အလုပ်အကိုင်တစ်ခု အတည်တကျ ရရှိသွားမည်ဖြစ်သည်။ သို့သော် ရမ်ရှန့်သာ အလွန်အမင်း တောက်ပ‌လွန်းနေပါလျှင် လူအများ၏ မျက်စိဒေါက်ထောက် စောင့်ကြည့်ခြင်းကို ခံရတော့မည်ဖြစ်သည်။ 


"လင်းယွီ ဒီဆေးရဲ့ အာနိသင်က တော်တော်ကို ကောင်းလွန်းတယ် ..." 


သူမက မျှော်လင့်ချက် အနည်းငယ်ဖြင့် စိုက်ကြည့်လိုက်သည်။ 


"အမေ ဆေးရဲ့ အာနိသင်က ကောင်းတယ်ဆိုပေမယ့် ကုန်ကြမ်းတွေက ရမ်ရှန့်တစ်ယောက်ပဲ စိုက်ပျိုးနိုင်တာ သူသာ အများကြီး စိုက်ပျိုးရမယ်ဆိုရင် ကျန်းမာရေး ထိခိုက်သွားနိုင်တယ် ..." 


သူက ပြောလိုက်သည်။ 


"အဲဒါကြောင့် ဆေးက အာနိသင်ရှိနေရင်တောင် ဒီတိုင်းပဲ ထားလိုက်ပါ အန်တီဖုန့်ကိုတောင် မပြောပါနဲ့ ..." 


ကျောက်လင်းယွီ၏ အမူအယာကို တွေ့လိုက်ရသည့်အတွက် သူမလည်း သံသယမဝင်တော့။ 


"သဘောပေါက်ပြီ ... ရမ် ဒီကလေးကတော့လေ ဒီ ဆေးက အဖိုးတန်မှန်း သိနေတာတောင် ဘာလို့ အမေ့ကို ပေးရသေးတာလဲ ..." 


"ရမ်က အဲ့ဒီလိုပဲလေ ..." 


သူက ပြောလိုက်သည်။ မိခင်ဖြစ်သူ၏ ရှေ့တွင်ပင် ရမ်ရှန့်ကို ချီးကျုးရန် မတုန့်ဆိုင်းပေ။ 


ရမ်ရှန့်က ကျောက်လင်းယွီကိုသာမက ကျောက်ဖမ်းကိုပါ ကယ်ခဲ့ကြောင်း တွေးမိသည့်အခါ သူမမှာ  ရမ်ရှန့်ကို ပို၍ပင်  နှစ်လိုလာတော့၏။ 


"ဒီကလေးကတော့ ... ဟုတ်ပြီ ဟုတ်ပြီ စိတ်မပူနဲ့ အမေ ဘယ်သူ့ကိုမှ မပြောဘူး ..." 


သူမထွက်သွားသည်ကိုမြင်မှ ကျောက်လင်းယွီလည်း အခန်းထဲသို့ ပြန်ဝင်လိုက်တော့သည်။ အထဲတွင် အိပ်ယာပေါ်တွင် ခြေချိတ်ထိုင်ကာ တစ်ခုခုကို ကိုင်ထားသည့် ရမ်ရှန့်ကို တွေ့လိုက်ရသည်။ 


ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် သူ့နှလုံးသားမှာ ရုတ်ချည်း နေသားကျသွားတော့သည်။ 


ဤဆေးအကြောင်း သတင်းထွက်လာခွင့် မပြုသည်မှာ မှန်ကန်ပေသည်။ ရမ်ရှန့်သာ ထိုအပင်များကို စိုက်ပျိုးလိုပါလျှင် သန့်စင်မြေကို လိုအပ်မည်ဖြစ်ပြီး ထိုသန့်စင်မြေမှာလည်း သူတစ်ဦးတည်းထံမှသာ ရနိုင်မည်ဖြစ်သည်။ ထို့အပြင် သန့်စင်‌မြေမှာ လိုအပ်သလို အကြီးအကျယ် ထုတ်ယူ၍လည်း မရပေ။ 


"မျက်နှာအားဖြည့်ဆေးလုံးအကြောင်း တစ်ခြားသူတွေကို မသိစေချင်ဘူးလား ..." 


ရမ်ရှန့်က မျက်လုံးဖွင့်ကာ ကြည့်လိုက်သည်။ သူလည်း ရှန်းချိုးရှစ်နှင့် ကျောက်လင်းယွီတို့ စကားပြောနေသည်ကို ကြားခဲ့ပေသည်။ 


"ဟုတ်တယ် ..." 


သူက ပြောလိုက်သည်။ 


"မင်းမှာ အဲဒါတွေ စိုက်ဖို့ သန့်စင်မြေ အလုံအလောက် မရှိဘူး မဟုတ်လား ကိုယ်တို့က ဒီဆေးလုံးအတွက်နဲ့ပဲ သန့်စင်မြေကို ဖြုန်းတီးပစ်လို့ မရဘူးလေ ..." 


"ခင်ဗျားပြောတာ ဟုတ်သားပဲ ..." 


ရမ်ရှန့်က အခိုင်အမာ ထောက်ခံလိုက်သည်။ 


"ကလေးတွေက သန့်စင်မြေ ဘယ်လောက်များများ လိုအပ်လာမယ်မှန်း မသိနိုင်ဘူးလေ သန့်စင်မြေတွေ အကုန်လုံးကို သူတို့ကို ပျိုးထောင်ဖို့အတွက်ပဲ ထားလိုက်ကြတာပေါ့ အခုကနေ စပြီးတော့ နှစ်ရက်တစ်ခါ သန့်စင်မြေကို စုတော့မယ် အကုန်လုံး မသုံးတော့ဘူး ..." 


သူ့မျက်နှာမှာ အလေးအနက် ဖြစ်နေသော်ငြား ကျောက်လင်းယွီမှာတော့ တစ်ဖန် ဆွံ့အသွားရပြန်သည်။ 


ကလေးတွေ ကြီးလာရင်ရော သူတို့ကို မြေကြီးထဲ ချစိုက်ဖို့ လိုအပ်လား ဒီလိုအရည်မျိုး သုံးပြီးတော့ စိုက်တာက တကယ်ရော အဆင်ပြေပါ့မလား ... 


ကံမကောင်းစွာဖြင့် ထိုကလေး လေးယောက်၏ နှလုံးခုန်သံမှ တစ်ပါး အခြား မည်သည့်တုန့်ပြန်မှုကိုမှ မမြင်ရပေ။ အသီးများမှာလည်း ယခင်အကြိမ်များနှင့် အနည်းငယ် ကွဲပြားနေသည့်အတွက် ဘယ်အချိန်တွင်မှ ကြီးထွားလာမည်မှန်း သူလည်း မသိပေ။ 


ခေါင်းကို ပွတ်သပ်နေရင်း ရမ်ရှန့်၏ အမူအယာမှာ ပြောင်းလဲသွားပြန်သည်။ 


သူ့အမူအယာကို ကြည့်နေရင်း ကျောက်လင်းယွီမှာ ရမ်ရှန့်ကို လောကအကြောင်း ဘာမှ မသိသေးသည့် ကလေးတစ်ယောက်ဟု ခံစားလိုက်ရပြန်သည်။ ဖားကို ကြက်သီးနွေးရေနဲ့ ပြုတ်နေတဲ့အချိန်မှာ ဘာများ မျှော်လင့်နိုင်ဦးမှာလဲ ...

(ဖားကို ကြက်သီးနွေးရေနဲ့ ပြုတ် - ဖားကို ပွက်ပွက်ဆူနေတဲ့ ရေထဲ ချက်ခြင်းထည့်ပြုတ်ရင် ဖားက ခုန်ထွက်သွားတတ်လို့ ရေအပူချိန်ကို သူခံနိုင်လောက်တဲ့ အနေအထားကနေ စပြုတ်ပြီး တစ်ဖြေးဖြေး အပူချိန်မြှင့်ရတာပါ သူကလည်း အခုမှ ရမ်ရှန့်ကို တစ်ဖြေးဖြေး စိတ်ပါလာအောင် ဆွဲဆောင်နေတဲ့ အချိန်မိုလို့ ဘာဘာညာညာတွေ မျှော်လင့်နေလို့ မရဘူးဆိုပြီး ကိုယ့်ဘာသာ တရားချနေတာပါ) 


ရမ်ရှန့်လည်း အဆင်ပြေနေပြီဖြစ်သည့်အတွက် ကျောက်လင်းယွီသည် တပ်ဖွဲ့များမှ သတင်းကို ကိုင်တွယ်ရန် ပထမတပ်ဖွဲ့သို့ ပြန်ရန် ပြင်ဆင်လိုက်သည်။ ထိုအချိန်တွင် သူ၏ ဆက်သွယ်ရေးစက်မှ အသံမြည်လာသည်။ 


အရေးပေါ် အခြေအနေ ဖြစ်လာသည့်အတွက် ဌာနချုပ်အဆောက်အဦးသို့ ချက်ခြင်းလာရောက်ရန် ကာကွယ်ရေးဌာနမှ ‌အကြောင်းကြားသည့်စာ ဖြစ်သည်။ 


အရေးပေါ် စစ်ရေးအခြေအနေ? နောက်ဆုံးဖြစ်ခဲ့တဲ့ အရေးပေါ် အခြေအနေက ဇာ့ဂ်ဘုရင်မကို ရှာတွေ့ခဲ့တုန်းကလေ ... ဒီတစ်ခေါက်ကရော ဘာဖြစ်လို့လဲ ... 


သူက မျက်မှောင်ကို ဖွဖွကြုတ်လိုက်‌သော်ငြား ရမ်ရှန့်ကို ကြည့်လိုက်ချိန်တွင်တော့ အကြည့်တို့က နူးညံ့သွားပြန်သည်။


"ရမ် ကိုယ့်မှာ လုပ်စရာရှိလို့ သွားရတော့မယ် ဒီမှာပဲ စောင့်နေနော် ..." 


"ဟုတ်ပြီ ..." 


သူက ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။ 


သူခေါင်းငြိမ့်ပြသည်ကို မြင်မှ ကျောက်လင်းယွီလည်း ဌာနချုပ်အဆောက်အဦးသို့ ခပ်သွက်သွက် ထွက်ခွါသွားတော့သည်။ 


ဤတစ်ကြိမ်မှာ ဇာ့ဂ်ဘုရင်မ ထပ်ပေါ်လာ၍ မဟုတ်။ ဖက်ဒရယ်၏ သတ္ထုအရင်းအမြစ်များ တည်ရှိရာ ကြယ်အမှတ် ၁၂၅၃၄ သို့ ကြယ်ဓားပြများ တိုက်ခိုက်လာ၍ ဖြစ်သည်။ ထိုကြယ်ပေါ်ရှိ ရှားပါး စွမ်းအင်မိုင်းတွင်းများမှာ ဖက်ဒရယ်အတွက် များစွာ အရေးပါလှပေသည်။ ကြယ်ဓားပြများသည် ထိုကြယ်အမှတ် ၁၂၅၃၄ ကို တိုက်ခိုက်ရုံသာမက  ဖြတ်သန်းသွားသော ကုန်သွယ်ရေးယာဉ်နှင့် အများပြည်သူသုံး အာကာသယာဉ်များကိုပင် ဓားပြတိုက်ကာ ကြယ်တစ်ခုလုံးကို မောင်ပိုင်စီးထားသည်။ 


"ဒီဓားပြကောင်တွေကတော့ ဥပဒေမဲ့ကို လုပ်နေကြတာပဲ ဒီကောင်တွေကို သင်ခန်းစာ ကောင်းကောင်းပေးရဦးမယ် အလုယက်ခံလိုက်ရတဲ့ ဖက်ဒရယ်က ပြည်သူတွေကို ကယ်တင်ကြ ..

59.2


စစ်တပ်နှင့် ပါလီမန်တစ်ခုလုံး တရားမျှတမှုကို ဆောင်ကြဉ်းလိုသည့် အရိပ်အယောင်များ ထွက်ပေါ်လာတော့သည်။ 


ကျောက်လင်းယွီက ဝင်ပြောလိုက်သည်။ 


"ကြယ်အမှတ် ၁၂၅၃၄ ရဲ့ လက်ရှိအခြေအနေကရော ..." 


"အခု ကြယ်အမှတ် ၁၂၅၃၄ က ကြယ်ဓားပြတွေရဲ့ ထိန်းချုပ်မှုအောက်ကို လုံးဝရောက်သွားပြီ သတင်းတစ်ခုတစ်လေကိုတောင်မှ မကြားရတော့ဘူး ..." 


ရန်ယဲ့က ပြောလိုက်သည်။ 


"မင်းအနေနဲ့ ဘာလုပ်မယ်လို့ တွေးထားလဲ ..." 


ကျောက်လင်းယွီက ထပ်မေးလိုက်သည်။ သူ့အမြင်အရမူ ထိုကြယ်ဓားပြများဖြင့် အပြန်အလှန် တိုက်ခိုက်ကာ အချိန်ဖြုန်းနေမည့်အစား ထိုကိစ္စကို စောစောစီးစီး အဆုံးသတ်နိုင်မည့် နည်းလမ်းကောင်းတစ်ခုကိုသာ ရှာဖွေမည်ဖြစ်သည်။ 


"ကြယ်အမှတ် ၁၂၅၃၄ ကို တပ်ဖွဲ့တစ်ဖွဲ့ စေလွှတ်ဖို့ စဉ်းစားထားပါတယ် ..." 


"ဘယ်တပ်ဖွဲ့လဲ ..." 


သူက ထပ်မေးလိုက်သည်။ 


"မာရှယ်ကျောက် ခင်ဗျားက ဇာ့ဂ်ဘုရင်မကို တိုက်ခိုက်ပြီး မာရှယ်အဆင့်ကို ရောက်လာခဲ့တယ် ဒါပေမယ့် မာရှယ်ဖြစ်ပြီးသွားကတည်းက စစ်တပ်ရေးရာမှာ ပါဝင်တာမျိုး မရှိသေးဘူးလေ ပြီးတော့ ပထမတပ်ဖွဲ့ကလည်း စစ်မတိုက်ရတာ ကြာနေပြီဆိုတော့ ဒီတစ်ခေါက်မှာ ခင်ဗျားတို့ကို ကြယ်အမှတ် ၁၂၅၃၄ ကို စေလွှတ်ဖို့ တွေးထားပါတယ်..." 


"မာရှယ် ကြယ်ဓားပြတွေက ဒီလိုချိန်း‌ခြောက်လာတာကလည်း အကြီးအကဲထန့်က သူတို့ရဲ့ ကြယ်ဓားပြအပေါင်းအဖော်တွေကို သတ်ပစ်ခဲ့လို့တဲ့ ပြီးတော့ သူကလည်း ခင်ဗျားရဲ့ ပထမတပ်ဖွဲ့မှာ ရှိနေတာလေ  ..." 


"လင်းယွီ မင်းမှာ စွမ်းရည်တွေ မရှိတော့ဘူး ဆိုပေမယ့် ဒါက ကြယ်ဓားပြအုပ်စုလေး တစ်စုပဲလေ သူတို့က ပထမတပ်ဖွဲ့ကို မြင်လိုက်တာနဲ့တောင် အူယားဖားယား ထွက်ပြေးချင် ပြေးသွားမှာ ဆိုတော့ မင်းတို့အတွက် ဒီမစ်ရှင်က လွယ်လွယ်လေးပဲလေ ဘာမှ ကြိုးစားပမ်းစား တိုက်စရာ မလိုဘဲနဲ့ ဆုတောင် ရချင်ရဦးမှာ ..." 


ရန်ယဲ့က ခပ်ပြုံးပြုံး ပြောလိုက်သည်။ သို့သော် သူ၏ အကြည့်တို့မှာတော့ အေးစက်နေပေသည်။ 


"ဒါဆို ဘာလို့များ ဗိုလ်ချုပ်ရန်က မသွားတာလဲ ..." 


သူက မေးလိုက်သည်။ 


"ငါလည်း သွားချင်တာပေါ့ကွာ ဒါပေမယ့် တမြန်မနေ့ကမှ လက်ထပ်ခွင့် တင်ထားပြီးသား ဖြစ်နေတာလေ ..." 


ရန်ယဲ့က ပြုံးကာ ပြောလိုက်သည်။ 


"လင်းယွီ မင်း ငါ့ရဲ့ မင်္ဂလာသေရည် သောက်ဖို့ အောင်ပွဲခံပြီး ပြန်လာမှာကို စောင့်နေမယ်နော် ..." 


ကျောက်လင်းယွီအနေဖြင့်လည်း အခြေအနေကို နားမလည်နိုင်ရန် အကြောင်း မရှိပေ။ ရန်ယဲ့သည် သူ့ကို ထိုကြယ်ဓားပြများအား ရင်ဆိုင်ခိုင်းရန် အစွမ်းကုန် ကြိုးစားမည် ဖြစ်သည်။ 


ဒါပေမယ့် ပထမတပ်ဖွဲ့အတွက်ဆို ကြယ်ဓားပြအုပ်စုလေး တစ်စုလောက်ကတော့ မပြောပလောက်တဲ့ အရာပဲလေ ရန်ယဲ့က တကယ်ပဲ ဘာတွေ ကြံစည်နေတာလဲ ... 


ကျောက်လင်းယွီက မျက်မှောင်ကို ခပ်ဖွဖွကြုတ် လိုက်သည်။ သိူ့သော် စစ်မြေပြင်သို့ သွားရန်ကိုတော့ သဘောတူလိုက်၏။ 


ရန်ယဲ့သည်လည်း အရူးမဟုတ်သည့်အတွက် မည်မျှပင် ကြံစည်လိုပါစေ တူညီသော အမှားမျိုးကို နောက်တစ်ကြိမ် ထပ်ကျူးလွန်မည် မဟုတ်ချေ။ ထို့ကြောင့် သူ၏ လုံခြုံရေးအတွက် ပူပန်နေရန် မလိုအပ်တော့ပေ။ 


ထို့အပြင် အကယ်၍ သူသာ သဘောမတူခဲ့ပါလျှင်လည်း ရန်ယဲ့သည် နည်းလမ်းမျိုးစုံသုံးကာ သဘောတူစေရန် ကြိုးစားဦးမည်ဖြစ်သည်။ 


သူ အလွယ်တကူ လက်ခံလိုက်သည်ကို တွေ့လိုက်ရချိန်တွင် ရန်ယဲ့၏ မျက်နှာပေါ်၌ အံ့ဩမှုအချို့ ဖြတ်ပြေးသွားတော့သည်။ 


ကျောက်လင်းယွီ ငြင်းပယ်လာလျှင် ဆက်တိုက်တွန်းရန် နည်းလမ်းအချို့ပင် ကြိုတင်ပြင်ဆင်ခဲ့သော်ငြား ထိုသူက ချက်ခြင်းပင် ခေါင်းငြိမ့်လိုက်သည်။ 


ကျောက်လင်းယွီက သူ့ရဲ့ လှည့်ကွက်တွေကို ဂရုမစိုက်တော့ဘူးဆိုတဲ့ သဘောလား ... 


ကျောက်လင်းယွီများ တစ်ခုခု ပြင်ဆင်ထားလေသလားဟု ပူပန်ရသူမှာ ရန်ယဲ့ဖြစ်‌လာတော့သည်။ 


အမှန်စင်စစ်တွင် ကျောက်လင်းယွီသည် ပြင်ဆင်မှု တစ်ခုကိုမှ လုပ်မထားချေ။ သို့သော် ရန်ယဲ့က သူ့ကို အတင်းတိုက်တွန်းလာသည့်အတွက် အနည်းငယ် တုန့်ပြန်ပေးရဦးမည်ဖြစ်သည်။


"ကောင်းပြီလေ ဒါပေမယ့် ကြယ်အမှတ် ၁၂၅၃၄ ရဲ့ လက်ရှိ အခြေအနေအရဆိုရင် ပြည်ဝင်ခွင့်နဲ့  တစ်ခြားအရေးကိစ္စတွေကို ကိုင်တွယ်ဖို့အတွက် ကောင်စစ်ဝန်တစ်ယောက်လောက် လိုအပ်လိမ့်မယ် အဲ့ဒီနေရာအတွက် အီသန်လော့ခဲက အသင့်တော်ဆုံးလို့ပဲ မြင်မိတယ် ပြီးတော့ အဲ့ဒီ့ကြယ်မှာရှိတဲ့ မိုင်းတွင်းတွေက ဖန့်မိသားစုနဲ့ အကျိုးတူ ‌ပူးပေါင်းထားတာဆိုတော့ ဘာလို့ ဖန့်ချန်ကျွင့်ကိုပါ အခြေအနေစစ်ဆေးရအောင် မထည့်ကြတာလဲ ..." 


အီသန်လော့ခဲ့သည် လော့ခဲမိသားစု၏ ဩရသ သားဖြစ်သည်။ ဝမ်ယွဲ့နှင့် ရောနှောနေသည့် ဒုတိယသား မက်သရူးလော့ခဲကဲ့သို့ A အဆင့်သာ ရှိသည် မဟုတ်။ S အဆင့်စွမ်းရည်ပိုင်ရှင်ဖြစ်ပြီး လော့ခဲမိသားစု၏ ခေါင်းဆောင်လောင်းဖြစ်သည်။ 


ဖန့်ချန်ကျွင့်မှာ  ဖန့်မိသားစု၏ တစ်ဦးတည်းသော သား ဖြစ်သည်ဆိုသည့်အချက်မှာတော့ ထုတ်ပြောရန်ပင် မလိုအပ်ချေ။ 


ထိုစကားတစ်ခွန်းတည်းဖြင့်ပင် ကျောက်လင်းယွီသည် သူ၏ စစ်သင်္ဘောတွင် လော့ခဲမိသားစုနှင့် ဖန့်မိသားစု နှစ်ခုလုံးကို ချည်နှောင်လိုက်သည်။ 


လော့ခဲမိသားစု ခေါင်းဆောင်သည် ရန်ယဲ့နှင့် ကျောက်လင်းယွီတို့ တစ်ယောက်တစ်လှည့် အကွက်ရွှေ့နေသည်ကို ကျားနှစ်ကောင် တိုက်ခိုက်နေသည်ကို တောင်ပေါ်မှ ထိုင်ကြည့်နေသကဲ့သို့ အေးအေးဆေးဆေး ထိုင်ကြည့်နေသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းတွင်ပင် သူ့သားကိုပါ ဆွဲသွင်းခံလိုက်ရလိမ့်မည်ဟု မျှော်လင့်မထားပေ။ သူ့တွင် သားနှစ်ဦး ရှိနေသော်ငြား မက်သရူးမှာ ရေပေါ်ဆီဖြစ်ကာ အီသန်မှာတော့ ထိုနေရာသို့ စေလွှတ်ရန် အဆင်မပြေနိုင်လောက်သည့် တစ်ယူသန် တစ်ဇောက်ကန်းဖြစ်သည်။ 


ကျောက်လင်းယွီက သူ့ကို ငြင်းဆန်ခွင့်ပင် မပေး။ 


"ကျွန်တော့်ဒဏ်ရာတွေက မသက်သာသေးတဲ့အပြင် စွမ်းရည်ကလည်း မရှိတော့ဘူးဆိုတော့ အီသန့်ကိုပဲ အကူအညီတောင်းရတော့မှာပဲ ..." 


သူက အရှေ့ရှိ လူများကို စိုက်ကြည့်လိုက်လျှင် ထိုသူများမှာ အကြောင်းပြချက် မရှိဘဲ လိပ်ပြာမလုံ ဖြစ်လာတော့သည်။ 


xxxxxxxx