Chapter 60
သူသည် ဒဏ်ရာရနေဆဲဖြစ်သော်ငြား ကြယ်ဓားပြများကို တိုက်ခိုက်ရန် သွားရဦးပေမည်။ ထို့ကြောင့် သူတို့တွင် အီသန်အတွက် တားမြစ်ပေးရန် အကြောင်းပြချက် မရှိတော့ချေ။ ထို့အပြင် အီသန်သည် မြို့တော်ကြယ်တွင်သာ အစဉ်အမြဲ နေထိုင်လာသည့်အတွက် အခြားကြယ်များသို့ စေလွှတ်ရန် ကျိုးကြောင်း သင့်လျော်နေပေသည်။ လော့ခဲမိသားစုမှာ အကြောင်းပြချက် ခိုင်ခိုင်မာမာ မရှိပါက အီသန်ကို ပြန်ခေါ်နိုင်မည် မဟုတ်ချေ။
လော့ခဲမိသားစု ခေါင်းဆောင်က ရန်ယဲ့ကို စိုက်ကြည့်လိုက်သည်။ အခြားသူများကလည်း သူ့အမူအယာကိုသာ အကဲခတ်နေကြသည်။
သူကတော့ တည်ငြိမ်နေဆဲပင်ဖြစ်သည်။
"ဒါကလည်း လုပ်သင့်တဲ့ ကိစ္စပါပဲ ကြယ်အမှတ် ၁၂၅၃၄ ကို ပြန်လည်တည်ဆောက်ရာမှာ လူအများကြီးရဲ့ အကူအညီတွေ လိုအပ်နေတယ်လေ ..."
သူသည် ကျောက်လင်းယွီကို ထိုနေရာသို့ ပထုတ်ရန် ရည်ရွယ်ထားခြင်း မဟုတ်ပေ။ ပထမတပ်ဖွဲ့အကြောင်း ပိုသိလိုရုံမျှသာဖြစ်သည်။ ဤကိစ္စတွင် မည်သည့်အန္တရာယ်မှ ရှိလာနိုင်မည် မဟုတ်ချေ။
ကျောက်လင်းယွီ အိမ်ပြန်ရောက်ချိန်တွင် သူ၏ ကြယ်အမှတ် ၁၂၅၃၄ သိူ့ ခရီးစဉ်ကို မြို့တော်ကြယ်၏ သတင်းဌာနကပင် ကြေငြာနေပြီဖြစ်သည်။
"လင်းယွီ မင်းက အခုအချိန်အထိ ဒဏ်ရာ မသက်သာသေးဘူးလေ ဘယ်လိုလုပ်ပြီး ဒီကြယ်ဓားပြတွေနဲ့ တိုက်ခိုက်နိုင်မှာလဲ ..."
ရှန်းချိုးရှစ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"အမေ ဒါက အဆင်ပြေပါတယ် ..."
သူက သူမကို နှစ်သိမ့်ပေးလိုက်သည်။ သူ့ရင်ဆိုင်ရမည့်သူများမှာ ဇာ့ဂ်ဘုရင်မလောက် အင်အားမကြီးကြသည့်အတွက် စိုးရိမ်ဖွယ်ရာ မရှိပေ။
"ထားလိုက်တော့ မင်းကို ဂရုစိုက်မနေတော့ဘူး ရမ်နဲ့ ငါက အိမ်ကနေ စောင့်နေမယ် ..."
သူမက သက်ပြင်းချကာ ပြောလိုက်သည်။
"အန်တီ ကျွန်တော်က လင်းယွီပြန်အလာကို မစောင့်ဘူး ..."
စားစရာပန်းကန်ထဲ ခေါင်းစိုက်နေသော ရမ်ရှန့်က ရုတ်တရက် ဝင်ပြောလိုက်သည်။
"ကျွန်တော်က သူနဲ့ လိုက်သွားမှာ ..."
"ရမ် မင်း ဘာလုပ်မလို့လဲ ..."
သူမက အလောတကြီး ပြောလိုက်သည်။
"ကျွန်တော်သာ လင်းယွီနောက်ကို မလိုက်ရင် ဗိုက်ဆာနေတော့မှာလေ ..."
သူက ပြောလိုက်သည်။ သန့်စင်မြေကို သုံးရက်ကြာမှ တစ်ကြိမ် ရနိုင်သည်ဖြစ်ရာ သူ့အနေဖြင့် တစ်ကြိမ်ကိုမျှ အလွတ်မခံနိုင်ပေ။
ကျောက်လင်းယွီနောက်ကို မလိုက်တာနဲ့ အစာငတ်မှာနဲ့က ဘာဆိုင်လို့လဲ ...
ရှန်းချိုးရှစ်မှာ အတော်ကို ပဟေဠိဖြစ်သွားသည်။
ကျောက်လင်းယွီက ရမ်ရှန့်၏လက်ကို ဆွဲကာ ပြောလိုက်သည်။
"ရမ်ရှန့်နဲ့ ကျွန်တော် အတူတူ သွားကြမှာ ဒီနေ့ည ထွက်ခွါရလိမ့်မယ် ..."
ဤတစ်ကြိမ် အရေးပေါ်အခြေအနေမှာ ကြယ်ဓားပြများက အရင်းအမြစ်ဂြိုဟ်ကို စီးနင်းထားခြင်းမျှသာဖြစ်၍ ဇာ့ဂ်ဘုရင်မ ရောက်လာစဉ်ကကဲ့သို့ အလျင်မလိုပေ။ ထို့ကြောင့် ပထမတပ်ဖွဲ့တွင် နေ့တစ်ဝက်ခန့် ပြင်ဆင်ချိန် ရှ်ိနေပေသည်။
"စစ်တိုက်သွားတာ ဘာလို့ ရမ့်ကို ခေါ်သွားရမှာလဲ ..."
သူမက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"အမေရေ အမေလည်း အဖေစစ်တိုက်ထွက်တိုင်း လိုက်ခဲ့တာပဲလေ ..."
သူက ပြောလိုက်သည်။
"ငါက မတူဘူးလေ ငါ့ရဲ့ ခွန်အားက ..."
"အန်တီ ကျွန်တော်လည်း သန်မာပါတယ်နော် ..."
ရမ်ရှန့်က လက်သီးကို ကျစ်ကျစ်ဆုပ်ကာ ဝှေ့ယမ်းပြလိုက်သည်။ အခုအချိန်တွင် သူ၏ ဒဏ်ရာများလည်း သက်သာသွားပြီဖြစ်ရာ အကယ်၍ ဆန္ဒရှိပါလျှင် သူမ၏ လက်ထဲမှ အလွယ်တကူ လွတ်မြောက်နိုင်ပြီး တိုက်ခိုက်လျှင်လည်း ရှုံးနိမ့်မည် မဟုတ်ချေ။
သူမသည် ရမ်ရှန့်၏ အတွေးတို့ကို နားမလည်နိုင်သော်ငြား သူ့လက်ကောက်ဝတ်ပေါ်ရှိ ရှောင်လွီကို တွေ့လိုက်ရချိန်တွင် ၎င်းအားသုံးကာ အယ်လီနာကို အလဲထိုးနိုင်ခဲ့သည်ကို အမှတ်ရလိုက်မိ၍ နောက်ထပ် မတားမြစ်တော့ချေ။
"ခေါ်သွားမှ ရမယ်ဆိုတော့လည်း ခေါ်သွားပေါ့ ..."
ကျောက်လင်းယွီက ရမ်ရှန့်ကို တစ်ချက် လှည့်ကြည့်လိုက်ဦးနောက် အခန်းထဲသို့ ဝင်သွားကာ အကြီးအကဲထန့်ထံမှ ယူလာသည့် ဆေးမှုန့်ကို သူမလက်ထဲ ထည့်ပေးလိုက်သည်။
"အမေ ဒီဆေးမှုန့်ကို အန်တီဖုန့်ကို တိုက်လိုက်ပါ ဘယ်သူမှ မသိအောင်တော့ ဂရုစိုက်ဦးနော် ..."
ဖုန့်ခဲ့ရှင်းမှာ ဆေးကို သောက်သုံးထားပြီးဖြစ်၍ ရပ်တန့်လိုက်ရန် အဆင်မပြေချေ။
"သိပါတယ် ..."
သူမက အလေးအနက် ပြောလိုက်သည်။ သူမသည်လည်း ထိုဆေး၏ အဖိုးတန်ပုံကို သိထားပြီးဖြစ်သည့်အတွက် ဖြုန်းတီးခွင့်ပြုမည် မဟုတ်ချေ။
ရမ်ရှန့်သည် သူ၏ ကိုယ်ပိုင်နယ်မြေထဲရှိ သစ်စေ့များနှင့် ကျောက်စိမ်းစာလိပ်များမှတစ်ပါး မည်သည့်အရာကိုမှ မယူဆောင်ခဲ့ချေ။ သူ့အနေဖြင့် အဖိုးတန်သည်မှာလည်း ကျောက်လင်းယွီတစ်ဦးတည်းသာ ဖြစ်သဖြင့် ပထမတပ်ဖွဲ့သို့ လက်ဗလာဖြင့်သာ လိုက်လာလိုက်သည်။ ထိုအချိန်တွင် စစ်သင်္ဘောဆီသို့ ပစ္စည်းများ သယ်လာသော စွမ်းရည်မြင့်အမျိုးသားနှစ်ဦးကို တွေ့လိုက်ရသည်။
60.2
ဖန့်ချန်ကျွင့်ကိုတော့ နှစ်ကြိမ်တိုင် တွေ့ဖူးထား၍ မျက်မှန်းတန်းမိနေပြီဖြစ်သော်ငြား ကျန်တစ်ယောက်ကိုတော့ တစ်ခါမှ မမြင်ဖူးပေ။ ကျောက်လင်းယွီက နှုတ်ဆက်လိုက်မှသာ ထိုလူမှာ လော့ခဲမိသားစုဝင်တစ်ဦးဖြစ်ကြောင်း သိလိုက်ရသည်။
"အီသန် မာရှယ့်ကို လာနှုတ်ဆက် ..."
လော့ခဲမိသားစု၏ ဆက်ခံသူ အီသန်မှာ အသက် ၁၅၀ ခန့် ရှိနေပြီဖြစ်သည်။ အပြင်ပန်းတွင် တည်ငြိမ်ဟန် ဆောင်နေသော်ငြား လော့ခဲမိသားစုက သူ့ကို အလွန်အမင်း ကာကွယ်ပေးထားသည့်အတွက် စိတ်ရင်းကို ကောင်းစွာ မဖုံးဖိတတ်သေးပေ။ ကျောက်လင်းယွီ၏ ရင်ခွင်ထဲရှိ ရမ်ရှန့်ကို တွေ့လိုက်ရချိန်တွင် ရွံ့ရှာမှုတို့ ထွက်ပေါ်လာသည်။
ဖန့်ချန်ကျွင့်ကတော့ သူ့လိုမျိုး သရုပ်မပျက်ချေ။ ကျောက်လင်းယွီကို နှုတ်ဆက်ရင်း ရမ်ရှန့်ကိုပါ တစ်ပါတည်း နှုတ်ဆက်လိုက်သည်။
"ရမ်ရှန့်ရေ မတွေ့ရတာတောင် ကြာသွားပြီနော် ..."
"မတွေ့ရတာ ကြာပြီ ..."
ရမ်ရှန့်က ခပ်ပြုံးပြုံး နှုတ်ဆက်ရင်း မေးလိုက်သည်။
"ဒီကို ဘာလို့ ရောက်နေတာလဲ ..."
"မင်းရဲ့ မာရှယ်ကြီးက တောင်းဆိုလို့လေ ကောင်မလေးအသစ်ကလေးနဲ့ ညစာစားပြီး တစ်ညတာ ကုန်ဆုံးမလို့ ကြံနေတုန်းပဲမှာပဲ ပိုင်ဆိုင်မှုတွေ စစ်ဆေးဖို့ဆိုပြီး မာရှယ်ခေါ်တာကို ခံလိုက်ရတယ်လေ ..."
သူက သက်ပြင်းချကာ ပြောလိုက်သည်။ မက်မွန်ပွင့်သဏ္ဍာန် မျက်ဆံတို့တွင် နှမြောတသ ဖြစ်ဟန်တို့ဖြင့် ပြည့်နှက်နေသည်။
"ဒါဆို ဘာလို့်များ ကောင်မလေးကိုပါ ခေါ်မလာလဲ ..."
ရမ်ရှန့်က မေးလိုက်သည်။
"ဟမ့် လူတိုင်းကို မင်းလိုမျိုး ပထမတပ်ဖွဲ့ထဲမှာ စိတ်တိုင်းကျ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက် လုပ်လို့ရတယ်များ ထင်နေလား ..."
အီသန်က အေးစက်စွာဖြင့် ဝင်ပြောလိုက်သည်။
သူသည် ယခင်ကတည်းက ကျောက်လင်းယွီကို များစွာ သဘောမကျသည့်အတွက် ကျောက်လင်းယွီကို အမြဲတမ်း ကပ်တွယ်နေသည့် ရမ်ရှန့်ကို ပို၍ပင် မနှစ်မြို့ချေ။ အခြားသူများသည်လည်း သူနှင့် အတွေးတူနေလိမ့်မည်ဟုသာ ထင်ထားသည်။
သို့သော် အခြားသူတို့၏ အတွေးမှာ သူနှင့် မတူပေ။ သူ့စကားဆုံးသည်နှင့် တစ်ပြိုင်နက် လေထုမှာ ပြောင်းလဲသွားကာ ပထမတပ်ဖွဲ့ရှိ စစ်သားအားလုံးက သူ့ကို စိုက်ကြည့်လာသည်။
ရမ်ရှန့်က သူတို့မာရှယ်ရဲ့ အချစ်တော်လေးလေ ပြီးတော့ သေးသေးကွေးကွေးနဲ့ ချစ်စရာကောင်းတဲ့အပြင် စစ်သင်္ဘောမောင်းတာမှာလည်း ထူးချွန်နေသေးတယ် ဒီလိုလူမျိုးကို ဘာလို့များ သွားပုတ်လေလွင့် လာပြောနေတာလဲ ...
ထိုသည်ကို မြင်လိုက်သည့် ဖန့်ချန်ကျွင့်က ခြေတစ်လှမ်း အသာနောက်ဆုတ်လိုက်သည်။
သူ့အနေဖြင့် ရမ်ရှန့်မှာ ပထမတပ်ဖွဲ့၏ ထောက်ခံမှုကို မည်သို့ ရရှိခဲ့ကြောင်း မသိသော်ငြား အီသန်၏ အတွေးများမှာ ရူးနှမ်းကြောင်းကိုတော့ သိနေပါသေးသည်။
သူများအကြောင်း သွားပုတ်လေလွင့် ပြောနေမှတော့ သူ့ဘဝကရော လွယ်ကူမယ် ထင်နေလား ...
"မစ္စတာလော့ခဲ စစ်သင်္ဘောပေါ် ရောက်တဲ့အခါ ခင်ဗျားရဲ့ စကားတွေကို မှတ်ထားပြီး အခန်းထဲမှာပဲ နေပေးပါ ဟိုဟိုသည်သည် လျှောက်ပတ်မသွားပါနဲ့ ပထမတပ်ဖွဲ့က လူတိုင်း စိတ်တိုင်းကျ ဝင်ထွက်သွားလာလို့ ရတဲ့နေရာ မဟုတ်ပါဘူး ..."
ကျောက်လင်းယွီက သာမန်ကာလျှံကာဖြင့် ပြောလိုက်သည်။
ထိုစကားသည် ရမ်ရှန့်ကို ရှင်းရှင်းလင်းလင်း ကာကွယ်ပေးလိုက်ခြင်းပင် ဖြစ်သည်။ အီသန်က ရမ်ရှန့်ကို ခပ်စူးစူး စိုက်ကြည့်လိုက်သည်။ သူသည် ကျောက်လင်းယွီကို သဘောမကျသည့်တိုင် အနည်းငယ်တော့ လေးစားခဲ့သေးသည်။ သို့သော် အလှတရားကြောင့် ရူးသွပ်သွားသော ယောကျာ်းတစ်ယောက်သည် သူ၏ လေးစားမှုနှင့် မထိုက်တန်ချေ။
ကျောက်လင်းယွီကတော့ သူ့အမြင်ကို လုံးဝ ဂရုမစိုက်ပေ။ ထွက်ခွါရမည့်အချိန် နီးကပ်လာသည့်အတွက် ရမ်ရှန့်ကို သယ်ကာ စစ်သင်္ဘောထဲသို့ ဝင်လိုက်သည်။
ရမ်ရှန့်သည် ကိစ္စအများစုကို နားမလည်သော်ငြား အီသန်က သူ့ကို မနှစ်မြို့မှန်းတော့ သိပါသေးသည်။ ကျောက်လင်းယွီက သူ့ကို ကာကွယ်ပေးမှန်းလည်း သိသည့်အတွက် သူ့ပုခုံးပေါ် ခေါင်းမှီကာ ဖန့်ချန်ကျွင့်ကို လှမ်းပြောလိုက်သည်။
"ဖန့်ချန်ကျွင့် သင်္ဘောပေါ်ရောက်ရင် လျှောက်ပတ်ကြည့်ဖို့ ခင်ဗျားကို လာခေါ်မယ်နော် မီးဖိုချောင်က စားစရာတွေက အများကြီး အရသာရှိတယ် ..."
ထိုစကားကို ကြားလိုက်ရသည့် အီသန်၏ မျက်နှာမှာ ဖြူဖျော့သွားတော့သည်။ သူ့ကို အခန်းထဲတွင်သာ နေပြီး လျှောက်ပတ်မသွားရန် ပြောထားသော်ငြား ဖန့်ချန်ကျွင့်ကိုတော့ လျှောက်ပတ်ကြည့်ရန် ပြောလာသည်။ ဤသည်မှာ အတိအလင်း သတိပေးလိုက်ခြင်းပင်ဖြစ်သည်။
သူက မသွားချင်သော်ငြား ပစ္စည်းကူသယ်ပေးနေသော ပထမတပ်ဖွဲ့၏ လူသန်ကြီးနှစ်ဦးက သူ့ကို ဟန့်တားလာသည်။
"မစ္စတာလော့ခဲ သွက်သွက်လေး လုပ်ပေးပါ စစ်သင်္ဘောက ထွက်တော့မှာ ..."
သူ စစ်သင်္ဘောပေါ်သို့ ရောက်လာချိန်တွင် အရှေ့နားရှိ တစ်စုံတစ်ယောက်က မကြားတကြား ပြောလာသည်။
"တစ်ချို့စွမ်းရည်ပိုင်ရှင်တွေများ ပြောပါတယ် တစ်နေကုန်တစ်နေခမ်း မြို့တော်ကြယ်ထဲမှာပဲ ပုန်းနေပြီးတော့ စစ်ပွဲထဲလည်း မပါချင်ကြဘူး ငါ့အထင်တော့ သူတို့တွေက ဆန်ကုန်မြေလေးတွေပဲ ..."
"ဟုတ်တယ် ဒါတောင်မှ သူတို့က သူတို့ကိုယ်သူတို့ သန်မာတယ်ဆိုပြီး ဂုဏ်ယူနေကြသေးတယ် ဒါပေမယ့် သိလား တကယ်တမ်းသာ တိုက်ခိုက်ရတော့မယ်ဆိုရင် ကလေးတစ်ယောက်ကိုတောင် ရိုက်နိုင်မှာ မဟုတ်ဘူး ..."
"ဒီလောက်ပဲ လုပ်တတ်တာတောင်မှ သူတို့က တစ်ခြားသူတွေကို လှောင်ရယ်ချင်သေးတယ်နော် ..."
....
အီသန်မှာ လည်ချောင်းတစ်လျှောက် လျှံတက်လာသော ဒေါသများကြောင့် မထွေးနိုင် မအန်နိုင် ဖြစ်နေရရှာတော့သည်။
ထိုအချိန်တွင် ကျောက်လင်းယွီက ရမ်ရှန့်၏ တင်ပါးကို ဆွဲဆိတ်ရင်း အခန်းထဲသို့ ခေါ်လာသည်။
"ဘာလုပ်နေတာလဲ ..."
သူက သူ့တင်ပါးကို ကာထားရင်း မေးလိုက်သည်။
"ဘာမှ မဟုတ်ဘူး ရမ် ကောင်းကောင်းနားတော့ ကိုယ်က ဖန့်ချန်ကျွင့် လျှောက်ပတ်ကြည့်လို့ရအောင် လူတွေ စီစဉ်ပေးလိုက်ဦးမယ် ..."
သူက ထိုသို့ ပြောရင်း တင်ပါးကို အကြိမ်အနည်းငယ်ခန့် ထပ်ဖျစ်ညှစ်လိုက်သည်။
စစ်သင်္ဘောသည် မြို့တော်ကြယ်မှ ထွက်ခွါလာခဲ့ချေပြီ။
ထိုစစ်သင်္ဘောသည် ပထမတပ်ဖွဲ့ပိုင် ပင်မစစ်သင်္ဘော၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့်အတွက် မြို့တော်ကြယ်မှ ထွက်ခွါလာပြီးနောက် ပင်မသင်္ဘောနှင့် ပြန်လည်ပေါင်းစည်းလိုက်သည်။ ကျန်ယာဉ်ပျံငယ်များကလည်း ပင်မသင်္ဘောနှင့် ပေါင်းစည်းကာ ကြယ်အမှတ် ၁၂၅၃၄ သို့ တဟုန်ထိုး ထွက်ခွါလာလိုက်ကြသည်။
ထိုအချိန်တွင် ကြယ်အမှတ် ၁၂၅၃၄ ၌ ကယ်ဆယ်ရေးယာဉ်ကို မျှော်နေသူများ ပို၍ များပြားလာသည်။
မိုင်းတွင်းများမှာ စွမ်းအင်ကြွယ်ဝသည့်အပြင် သံလိုက်စက်ကွင်းကြောင့် စက်ပစ္စည်းကိရိယာများကို အသုံးမပြုနိုင်သည့်အတွက် ကာယလုပ်အားကိုသာ အသုံးချရပေသည်။ ထို့ကြောင့် ကြယ်အမှတ် ၁၂၅၃၄ တွင် မိုင်းတွင်းလုပ်သားများ တစ်နှစ်ပတ်လုံး အခြချနေခြင်းဖြစ်သည်။
xxxxxxx