အပိုင်း ၆၁
Viewers 18k

Chapter 61


ကြယ်အမှတ် ၁၂၅၃၄ သည် အနီးဝန်းကျင်ရှိ အခြားကြယ်စုများထက် ကြွယ်ဝချမ်းသာသည်ဟု ဆိုနိုင်ပေသည်။ အကယ်၍ တွင်းထွက်ပစ္စည်း ကြွယ်ဝသော ဂြိုဟ်အဖြစ်သာ စွန့်ပစ်မခံခဲ့ရပါလျှင် ၎င်းသည် နံပါတ်တစ်ခုသာရှိသည့် ဂြိုဟ် မဟုတ်တော့ချေ။ 


(ဒီနားမှာ သိပ်တော့ နားမလည်ဘူး သူက ချမ်းတော့ချမ်းသာတယ် ဒါပေမယ့် တွင်းထွက် ပစ္စည်းပဲ ရှိလို့ နံပါတ်နဲ့ကြယ် ဖြစ်နေတာ မဟုတ်ရင် သူ့ရဲ့ ချမ်းသာပုံမျိုးနဲ့ဆို မြို့တော်ကြယ်လို နာမည်တစ်ခုခု ရှိနေမှာလို့ ပြောချင်တာလားပဲ🥲) 


ကြယ်ဓားပြများသည် ကြယ်အမှတ် ၁၂၅၃၄ ကို သိမ်းပိုက်ပြီးနောက် ထိုဂြိုဟ်ပေါ်ရှိ သက်ရှိတိုင်းကို မိုင်းတွင်းတူးရန် အတင်းစေခိုင်းတော့သည်။ သူတို့သည် ထိုပြည်သူများကို အသက်နှင့် ကိုယ်ခန္ဓာကြံ့ခိုင်မှုအရ အုပ်စုခွဲကာ မိုင်းတွင်းအသီးသီးသို့ စေလွှတ်လိုက်သည်။ 


အတင်းအကြပ် စေခိုင်းခံရသူများအနက် နဂိုမူလ မိုင်းတွင်းအလုပ်သမားများ ပါရှိသော်ငြား အများစုမှာတော့ အခြားအသက်မွေးဝမ်းကျောင်း တစ်ခုခုဖြင့် အသက်မွေးကြသူများဖြစ်သည်။ ထို့ကြောင့် မိုင်းတွင်းတူးခြင်းကဲ့သို့သော ကြမ်းတမ်းခက်ခဲသည့် အလုပ်များကို လုပ်နိုင်မည် မဟုတ်ချေ။


ဗိုက်ပူပူနှင့် ခပ်ဝဝအမျိုးသားတစ်ဦးက ရှိရှိသမျှ အားကုန်သုံးကာ စွမ်းအင်ပုံဆောင်ခဲတစ်ခဲကို ကောက်ယူရန် ကြိုးစားလိုက်သော်ငြား မောပန်းလွန်း၍ မြေပေါ်သို့သာ လဲကျသွားသည်။ စွမ်းအင်ခဲကို သူလွယ်ထားသည့် ခြင်းတောင်းထဲသိူ့ ပစ်ထည့်ရင်း အလွန်အမင်း ဝမ်းနည်းလာတော့သည်။ 


"ဒီဘဝကြီးကို ဘယ်လိုများ ဆက်ပြီး အသက်ရှင်နိုင်မှာလဲ ..." 


"အလုပ်မလုပ်ရင် နောက်ပိုင်းကျ စားစရာ မရဘဲ နေလိမ့်မယ် ..." 


သူ့ဘေးနားရှိ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ပြောလိုက်သည်။ 


"ငါ ထပ်ပြီး မလုပ်နိုင်တော့ဘူး လုံးဝကို ဆက်ပြီး မလုပ်နိုင်တော့ဘူးလို့ ..." 


"သေချင်နေတာလား ..." 


ထိုအမျိုးသမီးက မိုင်းတူးနေရင်း ဆက်ပြောလိုက်သည်။ 


"သေချင်တယ် ဟုတ်လား ... ငါ့ဘဝကြီးက ဘယ်တုန်းကမှ ဒီလောက်ထိ မကြမ်းတမ်းဖူးဘူး ..." 


လူဝကြီးက အကြမ်းပတမ်း ချောင်းဆိုးရင်း ပြောလိုက်သည်။ သူသည် တန်ဖိုးမြင့် အသီးအရွက်များကို ကူးသန်းရောင်းဝယ်ရန် ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင် ဖြစ်သည်။ သို့သော် ပိုက်‌ဆံရလျှင်ရချင်း ဓားပြတိုက်ခံရကာ မိုင်းတွင်းထဲသို့ ပစ်ထည့်ခံလိုက်ရသည်။ 


"ဒါဆိုလည်း ရှင်ပဲ သွားသေလိုက်လေ ကျွန်မကတော့ မာရှယ် လာကယ်မှာကို စောင့်နေဦးမှာ ..." 


ထိုသက်လတ်ပိုင်း အမျိုးသမီးက အံကို တင်းတင်းကြိတ်ကာ မိုင်းဆက်တူးနေလိုက်သည်။ 


"ဟုတ်တယ် မာရှယ်က ငါတို့ကို သေချာပေါက် လာကယ်မှာ ..." 


မာရှယ် ဟူသည့် စကားလုံးကို ကြားလိုက်ရချိန်တွင် လူဝကြီး၏ စိတ်ခွန်အားများမှာ တစ်ရှိန်ထိုး တိုးတက်လာတော့သည်။ 


"မာရှယ်က ငါတို့ကို လာကယ်မှာ အဲဒါကြောင့် ငါ တောင့်ခံထားရမယ် ..." 


သူသည် စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်သော်ငြား ကျောက်လင်းယွီကိုတော့ လေးစားမိဆဲပင်ဖြစ်သည်။ 


သူတို့နှစ်ဦး၏ စကားသံသည် ထိုမိုင်းတွင်းထဲရှိ အခြားသူများကိုပါ စိတ်အားတက်ကြွလာစေကာ မာရှယ် မာရှယ်ဟူ၍ပင် တစ်ဖွဖွ ရေရွတ်လာကြတော့သည်။ ထောင့်နားရှိ ၁၃ နှစ် အရွယ် ကောင်လေးတစ်ဦးသာ အသံတိတ်နေပေသည်။ 


ရွိုင်းသည် သူ့ရှေ့ရှိ စွမ်းအင်ခဲကို တူးနေရင်း အခြားသူများ ကျောက်လင်းယွီ အကြောင်း ပြောနေသည်ကို စိတ်ရှုပ်ထွေးစွာဖြင့် နားထောင်နေရသည်။ လက်ထပ်ပွဲမှ ထွက်ပြေးခဲ့စဉ်က သူ့ဆုံးဖြတ်ချက်မှာ မှန်ကန်သည်ဟု ထင်ခဲ့ပြီးနောက် ယခုအချိန်တွင် သေမင်းခံတွင်းဝမှ လွတ်လာသည့် ကျောက်လင်းယွီအကြောင်းကို မကြားလိုပေ။ 


လူ့ဘောင်သစ်အထိမ်းအမှတ်ပွဲနေ့က ကျောက်လင်းယွီ၏ ထူးထူးကဲကဲ ရဲစွမ်းသတ္တိနှင့် ပြည့်စုံနေသော အပြုအမူကို ကြည့်ရှုပြီးနောက် ရွိုင်းမှာ နောင်တရလာတော့သည်။ 


သို့သော်ငြား ထိုသူမှာ စွမ်းရည်ပိုင်ရှင် မဟုတ်တော့၍ အနာဂတ်ကောင်းမည် မဟုတ်ကြောင်း တွေးလိုက်မိချိန်တွင် တစ်ဖန် စိတ်သက်သာရာ ရသွားပြန်သည်။ တစ်ချိန်တည်းတွင်ပင် ကြယ်တာရာများအကြား ကူးသန်းသွားလာနေမည့်အစား မြို့တော်ကြယ်သို့ သွားရောက်မည့် အကြံကိုပါ လက်လျှော့လိုက်တော့သည်။ 


သူတို့သည် နေရာများစွာ သွားရောက်လည်ပတ်ခဲ့ကြပြီ ဤဂြိုဟ်မှာ နေရာကူးပြောင်းရန် ဆုံမှတ်တစ်ခုသာဖြစ်သည်။ သို့သော် ဤနေရာသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဓားပြများနှင့် တွေ့ကာ မိုင်းတွင်းသို့ အပို့ခံရလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားပေ။ 


အကယ်၍ သူနှင့် ချိုးကျွမ်းသာ အတူတူရှိနေပါလျှင် ချိုးကျွမ်းသည် သူ့ကို အပင်ပန်းခံစေမည် မဟုတ်ချေ။ ချိုးကျွမ်း၏ စွမ်းရည်မှာ နှစ်ယောက်စာ မိုင်းတူးပေးနိုင်သည်အထိ သန်မာသော်ငြား ဓားပြများက သူတို့နှစ်ယောက်ကို လူချင်းခွဲထားပေသည်။ 


ချိုးကျွမ်းမှာ အထူးအဖွဲ့ထဲသို့ အပို့ခံလိုက်ရကာ နေ့စဉ် မိုင်းတွင်းအမြောက်အများကို တူးပေးနေရသည်။ သူကတော့ အလယ်အလတ်အဖွဲ့ထဲသို့ ရောက်သွားကာ သူတူးရမည့် ပမာဏမှာ နည်းပါးသော်ငြား တစ်နေကုန် တူးမှသာ လိုအပ်သည့် ပမာဏကို ရနိုင်ပေသည်။ 


သူ၏ စွမ်းရည်အတွက်မူ ... 


သူ၏ စွမ်းရည်မှာ မသန်မာလှချေ။ ကြယ်ဓားပြများကလည်း စွမ်းရည်ပိုင်ရှင်များကို ဖမ်းဆီးထားသည့်အတွက် သူ့စွမ်းရည်ကို မထုတ်ဖော်ရဲချေ။ 


အကယ်၍ သူသာ ထွက်မပြေးဘဲ ကျောက်လင်းယွီနှင့် လက်ထပ်ခဲ့ပါလျှင် ... 


မဟုတ်သေးဘူး အခု ကျောက်လင်းယွီကလည်း ကျန်းမာရေးကောင်းနေပြီဆိုတော့ သူ့လို ကေးမျိုးနွယ်ကို လိုအပ်တော့မှာ မဟုတ်ဘူး ဟို လူစားထိုးကလည်း သေချာပေါက်ကို ခက်ခဲနေမှာပဲ ကျောက်လင်းယွီရဲ့ ဇနီးလောင်းက ပစ်မှတ်ထားတာကိုတောင် ခံချင်ခံနေရမှာ ... 


ထိုသို့ စဉ်းစားလိုက်မှသာ ရွိုင်းလည်း စိတ်သက်သာရာ ရသွားတော့သည်။ ထို့နောက် လွတ်မြောက်နိုင်မည့် လမ်းစကို စတင်တွက်ချက်လိုက်တော့၏။ 


xxxxx

.....61.2


မြို့တော်ကြယ်မှ ကြယ်အမှတ် ၁၂၅၃၄ သို့ သာမန်အများပြည်သူသုံး အာကာသယာဉ်ဖြင့် သွားရောက်မည်ဆိုပါလျှင် ၁၈ ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး အရှိန်ကုန်မြှင့်ကာ မောင်းနှင်သည့် စစ်သင်္ဘောနှင့်မူ ၈ ရက်သာ ကြာမြင့်မည်ဖြစ်သည်။ 


ကျောက်လင်းယွီသည် မူလက စစ်သင်္ဘောနှင့် ပိုပြီး ရင်းနှီးစေရန်အတွက် ရမ်ရှန့်ကို မောင်းနှင်ခိုင်းလို‌သော်ငြား လတ်တလောအခြေအနေမှာ အလျင်လိုနေသည့်အတွက် ထိုအကြံကို စွန့်လွှတ်လိုက်ပြီး စစ်သင်္ဘောအတွင်းအပြင်တို့ကိုသာ လိုက်လံပြသလိုက်သည်။ 


ရမ်ရှန့်ကို စားသောက်ခန်းဆီသို့ ခေါ်လာရင်း သူက မေးလိုက်သည်။ 


"ဒီက အဓိကသင်္ဘောရဲ့ စားသောက်ခန်းလေ သူ့မှာ ရိုးရိုးတန်းနဲ့ အထူးတန်းဆိုပြီး နှစ်မျိုးရှိတယ် ရိုးရိုးတန်းမှာက ချက်ပြုတ်ရေးစက်ကနေ ချက်ပေးတဲ့ အစားအစာတွေပဲ ရတယ် အထူးတန်းမှာကတော့ တကယ့်စားဖိုမှူးတွေက ချက်ပေးတာပေါ့ ..." 


ထိုအချိန်တွင် ဖန့်ချန်ကျွင့်က ရုတ်တရက်ရောက်လာကာ လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။ 


"ရိုးရိုးတန်းက စက်ရုပ်စားဖိုမှူးရဲ့ ဟင်းလျာတွေက အရမ်းအရသာဆိုးတာပဲ အထူးတန်းမှာ  အရသာရှိတဲ့တစ်ခုခု သွားစားရအောင် ..." 


ကျောက်လင်းယွီက သူ့ကို ပြန်မဖြေဘဲ ရမ်ရှန့်ကို ကြည့်ကာ မေးလိုက်သည်။ 


"ရမ် မင်းရော ဘာစားချင်လဲ ..." 


"ဘာမဆို ရတယ် ကျွန်တော်က အချိုပွဲစားချင်တာ ..." 


သူက ဖန့်ချန်ကျွင့်ကို အကဲခတ်နေသော်ငြား ကျောက်လင်းယွီ စကားစပြောလိုက်သည်နှင့်တစ်ပြိုင်နက် သူ့အာရုံအလုံးစုံသည် ကျောက်လင်းယွီထံသို့သာ ကျရောက်သွားသည်။ 


"ဒါဆိုလည်း အချိုပွဲသွားစားကြတာပေါ့ ..." 


သူက ရမ်ရှန့်ကို ဦးဆောင်ကာ ထွက်လာလိုက်သည်။ 


လျစ်လျူရှုခံထားရသည့် ဖန့်ချန်ကျွင့်က အူယားဖားယား ဝင်ပြောလိုက်သည်။ 


"ငါလည်း လိုက်ခဲ့မယ် ..." 


"ဖန့်ချန်ကျွင့် မင်းလုပ်နိုင်တာ ဒါအကုန်လား ..." 


အီသန်က သူ့ရှေ့တွင် ပိတ်ရပ်ကာ ဒေါသတကြီး ပြောလိုက်သည်။ ဖန့်ချန်ကျွင့်သည်လည်း သူကဲ့သို့ပင် ဤနေရာသို့ လာရန် အတင်းအကြပ် ဖိအားပေးခံခဲ့ရသည့်အတွက် ကျောက်လင်းယွီကို မကျေမနပ်ဖြစ်ကာ သူနှင့် မဟာမိတ်ဖွဲ့လိမ့်မည်ဟုသာ တွေးထားသည်။ သို့သော် မထင်မှတ်ထားစွာပင် ထိုသူသည် ရသမျှ အခွင့်အရေးကို သုံးကာ ကျောက်လင်းယွီကို မျက်နှာချိုသွေးနေပေသည်။ 


"ငါက တော်တော်အလားအလာကောင်းတယ်သူလေ ဟုတ်တယ် မဟုတ်လား ..." 


သူက အီသန့်ကို မက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းတို့ဖြင့် စိုက်ကြည့်လိုက်သည်။ သူသည် နှစ်တစ်ရာကျော် အချိန်ဖြုန်းနေသည့် အီသန်နှင့် မတူဘဲ ဖန့်မိသားစုတစ်စုလုံးနီးပါးကို တာဝန်ယူထားရသူဖြစ်သည်။ 


"မင်းက စစ်မြေပြင်ကို ဆွဲခေါ်လာခံရတာတောင် ပျော်နေတယ်ပေါ့ ကျောက်လင်းယွီကို မျက်နှာလုပ်ဖို့အတွက်နဲ့တင်လေ ..." 


သူက ပြောလိုက်သည်။ အကယ်၍ ကျောက်လင်းယွီက လော့ခဲမိသားစုကို ထိန်းချုပ်ထား၍သာ မဟုတ်ပါလျှင် ဤနေရာသို့ လုံးဝလိုက်လာမည် မဟုတ်ချေ။ 


သူသည် ကြယ်ဓားပြများကို မကြောက်၊ သူ့ထက် နှစ်ပေါင်းများစွာ အသက်ငယ်နေသည့် ကျောက်လင်းယွီ၏ လက်အောက်တွင် မနေလို၍သာဖြစ်သည်။ 


"သေချာပေါက်ကို မဟုတ်ဘူးပေါ့ ..." 


ဖန့်ချန်ကျွင့်က ပြောလိုက်သည်။ သူသည်လည်း ကျောက်လင်းယွီ၏ ဆွဲခေါ်လာမှုကြောင့် မလွှဲမရှောင်သာဘဲ ရောက်လာခဲ့ရသူဖြစ်သည်။ သူ မြို့တော်ကြယ်တွင် ရှိမနေသည့် အချိန်အတွင်း ငွေမည်မျှ ဆုံးရှုံးမည်မှန်းပင် မတွက်ဆနိုင်တော့ချေ။ 


"ဒါဆို မင်းကို တွန်းအားပေးတဲ့သူကို ဘယ်လိုများ ပြုံးပြနိုင်နေသေးတာလဲ ..." 


"တစ်ချို့တစ်ချို့သော လူတွေကသာ မာရှယ့်ကို ကြယ်ဓားပြတွေနဲ့ တိုက်ခိုက်ဖို့ ဖိအားမပေးခဲ့ရင် ငါကရော ဒီလိုလုပ်နေစရာ လိုမှာတဲ့လား ..." 


သူက အေးစက်စွာဖြင့် လှောင်ရယ်လိုက်သည်။ 


"ငါ့ကို ဖိအားပေးလာတဲ့သူက ကျောက်လင်းယွီ မဟုတ်မှန်း ထုတ်ပြောနေစရာကို မလိုဘူး ..." 


"ဘာကို ဆိုလိုချင်တာလဲ ..." 


အီသန်က မေးလိုက်သည်။ 


"ကျောက်လင်းယွီ ပြောခဲ့တုန်းက ငါသွားရမယ်ဆိုတာ သေချာနေပြီ ..." 


ကျောက်လင်းယွီတွင် သူ့နောက်သို့ လိုက်ရမည့် ဓားစာခံအဖြစ် အီသန်ကို စေလွှတ်စေရန် လော့ခဲမိသားစုကို လွှမ်းမိုးနိုင်သည့် အရှိန်အဝါ ရှိနေပေသည်။ 


အီသန်မှာ သူ့စကားများကို နားမလည်သေးသော်ငြား ထိုသူသည် အပေါ်ထပ်ရှိ စားသောက်ခန်းဆီသို့ တက်သွားနှင့်လေပြီ။


xxxxxxx