Chapter 62
အထူးတန်း စားသောက်ခန်းတွင် စားသောက်နိုင်ခြင်းသည် ရာထူးအဆင့်နှင့် မသက်ဆိုင်၊ လုပ်ဆောင်ချက်အမှတ်စာရင်းနှင့်သာ သက်ဆိုင်ပေသည်။ ပထမတပ်ဖွဲ့တွင် ဂုဏ်ထူးဆောင်ကိစ္စတစ်ခု ပြီးလေတိုင်း ဖက်ဒရယ်စနစ်အရ ရာထူးအဆင့်ဆင့်ကို ရရှိမည်ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် လုပ်ဆောင်ချက်အမှတ်ကိုပါ ရရှိမည်ဖြစ်သည်။ ထိုအမှတ်များကို ကျောက်မိသားစုထံမှ ပစ္စည်းများနှင့် ဖလှယ်ရာတွင် ဖြစ်စေ၊ အခန်းလဲခြင်း၊ စားစရာအတွက် ပေးချေခြင်းတို့ကဲ့သို့ ပထမတပ်ဖွဲ့အတွင်း နေထိုင်ရေးဘဝပုံစံကို တိုးတက်ရာတွင်ဖြစ်စေ အသုံးပြုနိုင်ပေသည်။
ဖန့်ချန်ကျွင့်နှင့် အီသန်တို့မှာမူ ပထမတပ်ဖွဲ့၏ ဧည့်သည်များသာဖြစ်၍ ထိုကဲ့သို့ ကန့်သတ်ချက်မျိုး မရှိပေ။
အောက်ထပ်နှင့် နှိုင်းစာပါလျှင် အပေါ်ထပ်ရှိ လေထုမှာ ပိုမိုကောင်းမွန်ကာ စားသုံးနေသူများမှာလည်း တိတ်ဆိတ်ငြိမ်းချမ်းနေပြီး ကျောက်လင်းယွီကိုပင် အသံတိတ်သာ အလေးပြုကြသည်။
ဖန့်ချန်ကျွင့်နှင့် အီသန်တို့ ဝင်လာချိန်တွင် မှာယူပြီးသွား၍ သီးသန့်ခန်းထဲသို့ ဝင်သွားသော ကျောက်လင်းယွီကို တွေ့လိုက်ရသည်။
အီသန်က သူ့အတွက် မှာယူကာ ဆန့်ကျင်ဘက်သို့ ထွက်သွားပြီး ဖန့်ချန်ကျွင့်ကတော့ ရမ်ရှန့်နှင့် ကျောက်လင်းယွီနောက်သို့ လိုက်သွားလိုက်သည်။
"သေတော့မလိုပဲ ကျောက်လင်းယွီ မင်း ငါ့ကို သေကြောင်းကြံနေတာလား စမ်းသပ်ခန်းထဲကနေ ထွက်လာတော့ နေရာစိမ်းကို ရောက်နေမှန်း သိလိုက်ရတာ လန့်ပြီးကို သေတော့မလို့ ..."
ဟိန်းထွက်လာသော အသံနှင့်အတူ လူရိပ်တစ်ခုသည် သူ့ကို ဝင်တိုက်ကာ ရမ်ရှန့်နှင့် ကျောက်လင်းယွီရှေ့သို့ ဝင်ထိုင်လိုက်သည်။
ဒီအသံကို ကြားဖူးနေသလိုပဲ ...
ဖန့်ချန်ကျွင့်က အနည်းငယ် တုန့်ဆိုင်းသွားသည်။ ထို့နောက် ရင်းနှီးသော်ငြား စိမ်းသက်နေသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။
သူသည် မစ္စတာထန့်၏ ရုပ်ပုံများကို ကြည့်ကာ ကြီးပျင်းလာရသူဖြစ်၍ ထိုမျက်နှာနှင့် ရင်းနှီးနေသည်။ ဒါပေမယ့် မီးစာကုန်ဆီခမ်းတော့မယ့်သူက အိုနေရတော့မှာလေ ဘာလို့များ မျက်နှာပေါ်က အရေးအကြောင်းတွေ ပျောက်သွားရတာလဲ ...
ယခင်အချိန်များထက် များစွာ နုပျိုလာသော မစ္စတာထန့်ကို ငေးကြည့်နေသည့် ဖန့်ချန်ကျွင့်မှာ စိတ်နှင့် လူနှင့် မကပ်တော့ချေ။
သူရရှိခဲ့သည့် သတင်းများအရ မစ္စတာထန့်သည် ပထမတပ်ဖွဲ့ထဲမှ ပြန်ထွက်မလာသည်မှာ ရက်အတော်ကြာနေပြီဖြစ်သည်။ ဒါဆို ပထမတပ်ဖွဲ့ရဲ့ ဆရာဝန်က သူ့ကို ခွဲစိတ်ပြုပြင်ပေးလိုက်တာများလား ...
"ကျွန်တော်တို့ ခင်ဗျားအတွက် စာချန်ပေးထားတယ်လေ ..."
ရမ်ရှန့်က ပြောလိုက်သည်။
မစ္စတာထန့်သည် စမ်းသပ်မှုကိုသာ နေ့စဉ်ရက်ဆက် ပြုလုပ်နေခဲ့ရာ အကယ်၍ ပထမတပ်ဖွဲ့သာ မြို့တော်ကြယ်မှ ထွက်ခွါရပါလျှင် သူ့ဓာတ်ခွဲခန်းကို အပြင်လူများ ရှာတွေ့သွားနိုင်သဖြင့် ဓာတ်ခွဲခန်းကို ပင်မသင်္ဘောနှင့်အတူ သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ သူ့ကို မနှောင့်ယှက်မိစေရန်အတွက် ဖုန်းခေါ်ရမည့်အစား စာပို့ခဲ့ခြင်းဖြစ်သည်။
"ငါ အဲ့ဒီစာကို မတွေ့တော့မလိုတောင် ဖြစ်သွားတယ်လေ စားစရာက ဘယ်အချိန်မှ လာချမှာလဲ ..."
သူက ထပ်မေးလိုက်ပြန်သည်။ သူ့အစာအိမ်ကို ဖြည့်တင်းရန်မှတစ်ပါး အခြားမည်သည့်ကိစ္စကိုမှ အာရုံမစိုက်လိုတော့ပေ။ သူ့ထံသို့ စိတ်ရှုပ်ထွေးနေသည့် အမူအယာအပြည့်ဖြင့် လျှောက်လာသော ဖန့်ချန်ကျွင့်ကို တွေ့လိုက်ရချိန်တွင် တစ်ဖန် တောင့်တင်းသွားတော့သည်။
"ဝမ်းကွဲအဘိုး ..."
သူက ပြုံးကာ နှုတ်ဆက်လိုက်သည်။ အကြီးအကဲထန့်သည် သူ၏ ဝမ်းကွဲအဘိုးဖြစ်သည် ဆွေမျိုးတော်စပ်မှုမှာ အနည်းငယ် ဝေးသည့်တိုင် တော်စပ်မှုကတော့ ရှ်ိနေဆဲပင်ဖြစ်သည်။
"အဟမျး အဟမျး ..."
မစ္စတာထန့်က အကြိမ်အနည်းငယ်ခန့် ချောင်းဟန့်ကာ ပြောလိုက်သည်။
"မတွေ့ရတာ ကြာပြီနော် မင်းတောင် ဒီလောက်အထိ ကြီးပြင်းလာပြီပဲ ..."
"ဝမ်းကွဲအဘိုး အားနာပေမယ့် ကျွန်တော်တို့တွေ တစ်ခါမှ မတွေ့ဖူးသေးပါဘူး ..."
ဖန့်ချန်ကျွင့်က ပြောလိုက်သည်။ မစ္စတာထန့် မြို့တော်ကြယ်သို့ ပြန်မလာသည်မှာ နှစ်ရာပေါင်းများစွာ ကြာနေပြီဖြစ်သည်။
"အဲ့ဒီလိုကိုး ..."
သူက အနေရခက်စွာဖြင့် ရယ်မောရင်း ဖန့်ချန်ကျွင့်၏ ပုခုံးကို ပုတ်ကာ ရမ်ရှန့်ဘက်သို့ ညွှန်ပြလိုက်သည်။
"ငါ့မြေးလေး မင်းကို ငါ့ဆရာနဲ့ မိတ်ဆက်ပေးရဦးမယ် မင်းလည်း သူ့ကို ရှေ့လျှောက် ဆရာ ဒါမှမဟုတ် ဆရာဘိုးဘိုး တစ်ခုခု ရွေးပြီး ခေါ် ..."
ဖန့်ချန်ကျွင့်အဖို့ ဤသို့ဤပုံ ကြားဖူးသည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ ရမ်ရှန့်၏ ပန်းရောင်သမ်းနေသော မျက်နှာလေးကို ကြည့်ရင်း မစ္စတာထန့်မှာ နောက်ပြောင်နေခြင်းဖြစ်သည်ဟုသာ ယူဆလိုက်တော့သည်။
သူ့ကိုယ်သူ အလွန်အမင်း အသက်ကြီးနေပြီဟု တွေးထားသည့် ရမ်ရှန့်မှာတော့ ထိုသို့ ခေါ်လာမည်ကို စောင့်မျှော်နေပေသည်။
"သွက်သွက်လေး ..."
ဖန့်ချန်ကျွင့်မှာ ခါးကို မတ်မတ်ထိုင်ကာ အကြည့်ကို မလွှဲရဲ။ ရမ်ရှန့်၏ အကြည့်များ သူ့ထံမှ ဖယ်ခွါသွားကာမှသာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချရင်း ပြောလိုက်သည်။
"ရမ်ရှန့် မင်းပဲ ငါ့ကို သင်္ဘောပေါ် လိုက်ပြမယ်လို့ ပြောခဲ့တယ် မဟုတ်လား အခု စားသောက်ပြီးရင် သွားကြည့်ရအောင်လေ ..."
"ငါ့မှာ လုပ်စရာတွေ ရှိသေးတယ် တစ်ခြားသူလိုက်ပြလိမ့်မယ် ..."
သူက ပြောလိုက်သည်။ ဖန့်ချန်ကျွင့်သည် သူ့မြေးတပည့် ဖြစ်သော်ငြား အရိုအသေပေးရကောင်းမှန်း မသိသဖြင့် သူကလည်း လိုက်လံပြသနေမည် မဟုတ်ချေ။ ထို့အပြင် ကျောက်လင်းယွီကလည်း တစ်ခြားသူများကိုပါ လုပ်ခိုင်းရန် ပြောထားပြီးဖြစ်သည်။
"ဘာလို့လဲ မင်းပဲ အရင်က ပြောခဲ့တာလေ မာရှယ်က လိုက်မပြခိုင်းလို့လား စိတ်သဘောထား သေးသိမ်လိုက်တာ ..."
သူက ပြောလိုက်သည်။
ယေဘုယျအားဖြင့် လူအများစုသည် အခြားသူများ၏ ထိန်းချုပ်မှုကို မခံလိုကြပေ။ အထူးသဖြင့် ရမ်ရှန့်လို အရွယ်လေးများမှာ ပို၍ပင် ပြဿနာဖြစ်နိုင်သည့်အရွယ် ဖြစ်သည်။
ဖန့်ချန်ကျွင့်၏ အတွေးမှာ မှန်ကောင်းမှန်နိုင်သော်ငြား ရမ်ရှန့်၏ ဦးနှောက်ပတ်လမ်းကြောင်းသည် အခြားသူများနှင့် မတူညီပေ။ ဖန့်ချန်ကျွင့်က ကျောက်လင်းယွီအပေါ် အပုပ်ချနေသည်ကို ကြားလိုက်ရသည့်အခါ ရမ်ရှန့်မှာ ဒေါသထွက်လာတော့သည်။
"ကျောက်လင်းယွီကို မကောင်းပြောခွင့် မပြုထားဘူး မင်းကမှ စိတ်သဘောထား သေးသိမ်တဲ့သူ အနာဂတ်မှာ မင်းနဲ့ လုံးဝ အဆက်အဆံ မလုပ်တော့ဘူး ..."
ဖန့်ချန်ကျွင့်မှာ အံ့ဩမင်သက်သွားရတော့သည်။ ကျောက်လင်းယွီက ဂျင်ဆင်းလေး၏ ခေါင်းကို ခပ်ပြုံးပြုံး ပွတ်သပ်ပေးလိုက်သည်။ ဒီဂျင်ဆင်းလေးက တကယ်ကို စိတ်အားထက်သန်တာပဲ ...
ထိုနှစ်လိုဖွယ်ကောင်းသည့် ဂျင်ဆင်းလေးသည် ဖန့်ချန်ကျွင့်ကို ပြောစရာစကားမရှိအောင် လုပ်ပြီးနောက် သူ့ကို ပြန်ကြည့်နေလိုက်သည်။
ဖန့်ချန်ကျွင့်မှာ ကျောက်လင်းယွီ မည်သို့မည်ပုံ သင်ကြားပေးခဲ့သည်ကို အံ့ဩနေမိတော့၏။
ကျောက်လင်းယွီ မှာယူထားသည်များက အလျင်အမြန်ပင် ရောက်ရှိလာသည်။ စမ်းသပ်မှု ပြီးဆုံးသွားကတည်းက မစ္စတာထန့်ကိုပါ အတူတူ လာစားရန် ဆက်သွယ်ထားပြီးဖြစ်၍ သူ့အတွက် စားစရာများကိုပါ တစ်ပါတည်း မှာယူပြီးဖြစ်သည်။ ဖန့်ချန်ကျွင့်အတွက်မူ တူတစ်စုံပင် ရောက်မလာသေးချေ။
ဟင်းလျာများမှာ စားပွဲအပြည့်ဖြစ်နေရာ ရမ်ရှန့်က သူ့ကို အားနာဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"တပည့်လေးရေ အားနာလိုက်တာ ငါတို့စားပွဲက မဆံ့တော့ဘူးဆိုတော့ မင်း စားပွဲပြောင်းရမယ်ထင်တယ် ..."
ထိုအားတုံ့အားနာစကားမှာ အလွန်အတုအယောင် ဆန်လွန်း၍ မြေးတပည့်လေး ဖန့်ချန်ကျွင့်မှာ အခြားစားပွဲသို့ မတတ်သာဘဲ ရွှေ့ပေးလိုက်ရတော့သည်။
"အခုရော ဘယ်လိုခံစားလိုက်ရလဲ ..."
အီသန်က အနားရောက်လာကာ မေးလိုက်သည်။
"ငါပျော်တယ်လို့ ခံစားနေရသရွေ့ ဘယ်လိုမှ မနေဘူး ..."
သူ့အမြင်တွင် ရမ်ရှန့်မှာ အတွင်းစိတ်ရိုးရှင်းပြီး ကျောက်လင်းယွီမှာလည်း အခြားသူများကို အကွက်ချ မကြံစည်တတ်ပေ။ သူတို့နှင့် အတူတူနေရခြင်းသည် သိုးရေခြုံထားသော ဝံပုလွေများနှင့် ရှိနေရခြင်းထက် များစွာ သာလွန်ပေသည်။
62.2
အီသန်မှာ ပို၍ပင် ဒေါသထွက်လာတော့သည်။
ညစာစားပြီးနောက် ဖန့်ချန်ကျွင့်သည် တားမြစ်ထားသော နေရာအချို့မှတစ်ပါး သင်္ဘောတစ်ခုလုံးနီးပါးကို လှည့်ပတ်ကြည့်ရှုနိုင်သော်ငြား အီသန်နှင့် သူ့လူများမှာမူ အပြင်ဘက်သို့ ထွက်လာပြီး မကြာမီ အခန်းထဲသို့ ပြန်ပို့ခံလိုက်ရသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ဖန့်ချန်ကျွင့်မှာ ပို၍ပင် စိတ်သက်သာရာ ရသွားသည်။ သူ့ဘဝမှာ အီသန်နှင့် နှိုင်းစာပါလျှင် များစွာ အဆင်ပြေနေသည့်အတွက် နောင်အနာဂတ်တွင် စကားအပြောအဆို ဆင်ခြင်ရန်သာ လိုအပ်ပေသည်။ ကျောက်လင်းယွီသည် အင်မတန် သဝန်တိုတတ်ကာ ရမ်ရှန့်ကလည်း သူ့စကားကို တသေမတိမ်း နားထောင်တတ်သည်။ သူ၏ ဝမ်းကွဲအဘိုးသည်ပင် ရမ်ရှန့်၏တပည့် ဖြစ်နေသေးသည်။
ကြည့်ရတာ ကျောက်လင်းယွီကို တွန်းလှန်ဖို့က လွယ်ကူမယ့် ကိစ္စ မဟုတ်ဘူးပဲ ...
........
ပထမရက်တွင် ကျောက်လင်းယွီသည် ရမ်ရှန့်ကို သင်္ဘောတစ်ပတ် လိုက်ပြခဲ့သော်ငြား ဒုတိယရက်တွင်မူ အခြားသူများနှင့် စစ်ဆင်ရေးအကြောင်း ဆွေးနွေးရမည်ဖြစ်၍ သူ့ကို အဖော်ပြုမပေးနိုင်တော့ပေ။
ရမ်ရှန့်သည်လည်း အခြားသူများနှင့် ပြောဆိုပတ်သက်ရမည်ကို စိတ်မဝင်စားသည့်အတွက် သူ့အခန်းထဲတွင်သာ သရုပ်ပြလေယာဉ် မောင်းနှင်ရင်း အချိန်ဖြုန်းနေသည်။ စမ်းသပ်မှုကို အပြီးသတ်ပြီးကာစ မစ္စတာထန့်ကိုပင် ဆွဲခေါ်ကာ သူ့ကို ယှဉ်ပြိုင်ခိုင်းလိုက်သေးသည်။
ကျောက်လင်းယွီနှင့်အတူ တိုက်ခိုက်ခဲ့စဉ်ကမူ နှစ်ဦးလုံးတွင် အပြန်အလှန် တိုက်ခိုက်လိုစိတ် မရှိခဲ့သည့်အတွက် ပဟေဠိအမျိုးမျိုးကိုသာ ပူးပေါင်းဖြေရှင်းခဲ့သည်။ သို့သော် မစ္စတာထန့်မှာတော့ မတူညီပေ။
ရမ်ရှန့်က ရှိရှိသမျှ လုပ်ဆောင်ချက်အားလုံးကို ဖွင့်ကာ အသည်းအထန် ဗုံးကြဲရင်း လူအိုကြီးကို သွေးရူးသွေးတန်း လိုက်တိုက်ခိုက်တော့သည်။
အကြီးအကဲထန့်၏ နုပျိုနေသော မျက်နှာလေးတွင် အရေးအကြောင်းတို့ တစ်ဖန် ထွက်ပေါ်လာပြန်သည်။
"ဘာလို့ ဗျူဟာမသုံးဘဲ တိုက်ခိုက်နေတာလဲ ဘယ်ကောင်ကရော ဗုံးတွေကို တရစပ်ကြဲချတာမျိုး တွေ့ဖူးလို့လဲ ..."
နားချိန်ပင် မပေးဘဲ တရစပ်ကြဲချလာသည့် ဗုံးများကြောင့် သူ့တိုက်လေယာဉ်မှာ တိုက်ပွဲကျသွားတော့သည်။
"ဒါကလည်း ဗျူဟာပဲ မဟုတ်ဘူးလား ပြီးတော့ ဒါလေးက ရှောင်လို့ လွယ်နေတဲ့ဟာကို ..."
ရမ်ရှန့်က ပြောလိုက်သည်။ အမှန်မှာ သူသည် ဗုံးကို တစ်ခါမှ မသုံးဖူးသည့်အတွက် အကုန်လုံးကို တစ်ပြိုင်တည်း ကြဲချလိုက်ခြင်းဖြစ်သည်။
"နောက်တစ်ခေါက် ..."
မစ္စတာထန့်က ပြောလိုက်သည်။ အကယ်၍ သူသာ ရှောင်တိမ်းရန် မေ့မနေခဲ့ပါလျှင် ဤကဲ့သို့ ခွက်ထိုးခွက်လန် ကျရှုံးမည် မဟုတ်ချေ။
"ကောင်းပြီလေ ..."
ရမ်ရှန့်က ပြောလိုက်သည်။
ဤတစ်ကြိမ် တိုက်ပွဲစသည်နှင့် တစ်ပြိုင်နက် မစ္စတာထန့်သည် ရမ်ရှန့်က သူ့ကို တိုက်ခိုက်မလာစေရန် ဗုံးများ တရစပ်ကြဲချလိုက်တော့သည်။ သို့သော် ရမ်ရှန့်ကတော့ အစောကြီးကတည်းက ထွက်ပြေးသွားနှင့်လေပြီ။
သူက ရမ်ရှန့်နောက်သို့ လိုက်ကာ ပစ်ခတ်ပြီး မကြာလိုက်၊ ရမ်ရှန့်က ပြန်လှည့်လာကာ သူ့ယာဉ်ပျံကို တစ်စစီ လွင့်ထွက်သွားသည်အထိ ဝင်တိုက်ပစ်လိုက်သည်။
ဤတစ်ကြိမ် ပွဲပြီးသွားချိန်တွင် မစ္စတာထန့်က သူ့ကို အနည်းငယ် လေးစားသွားဟန်ဖြင့် ပြောလိုက်သည်။
"ထပ်တိုက်ရအောင် ..."
"ကောင်းပြီလေ ..."
သူသည် မစ္စတာထန့်ကို လွတ်မြောက်နိုင်မည့် နည်းလမ်းအား ပြသလိုခြင်းဖြစ်သည်။ ထိုသူက သူ့ဗျူဟာများကို သုံးလိုက်သည့်အတွက် ရမ်ရှန့်လည်း ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ကျေနပ်သွားတော့သည်။
မစ္စတာထန့်သည်လည်း ကျောင်းသားကောင်းတစ်ဦး ဖြစ်သည်။ ပွဲစသည်နှင့် တစ်ပြိုင်နက် သူ၏ အတွေ့အကြုံဟောင်းများကို သင်ခန်းစာယူကာ ရမ်ရှန့်ကို မျှားခေါ်ရန် ထောင်ချောက်များ ဆင်လိုက်သည်။ သို့သော် ရမ်ရှန့်ကမူ သူ့နောက် လိုက်မလာချေ။
ရမ်ရှန့်က သူလုပ်ချင်သည်ကိုသာ လုပ်နေပြီး ယာဉ်ပျံနှစ်စီးသည် ဥက္ကာခဲများအကြား လူးလာခေါက်ပြန် ပျံသန်းနေကြသည်။
တစ်ယောက်နောက်တစ်ယောက် အချိန်အကြာကြီး လိုက်ခဲ့ပြီးနောက် ရပ်တန့်တော့မည့် အချိန်တွင်မှ ရမ်ရှန့်က ရုတ်တရက် ဗုံးကြဲချလိုက်သည်။
"အရင်ဆုံး အရှုံးပေးပြီး ညစာသွားစားရအောင် ပြီးမှ ထပ်ဆော့မယ် ..."
သူက ပြောလိုက်သည်။ သူ့အမြစ်များကိုသာ မသုံးပါလျှင် မစ္စတာထန့်သည် သူနှင့် လက်ရည်အတူတူပင်ဖြစ်သည်။
အစားအသောက်များကို အခန်းထဲ လာပို့ခိုင်း၍ ရသော်ငြား ရမ်ရှန့်ကတော့ စားသောက်ခန်းသို့ သွားရသည်ကိုသာ ပိုပြီးနှစ်သက်ပေသည်။
"စောစောစီးစီး စားသောက်ပြီးရင် လင်းယွီအတွက် သွားပို့ပေးရအောင် သူ့ကို တစ်မနက်လုံး မတွေ့ရသေးဘူး ..."
စားသောက်ခန်းသို့ သွားရာလမ်းတစ်လျှောက်တွင် လူတိုင်းက သူတို့နှစ်ဦးကို စိတ်ဝင်တစား လိုက်ကြည့်နေကြသည်။ စားသောက်ခန်းထဲသို့ ရောက်ချိန်တွင် ဗိုလ်ကြီးတစ်ဦးက အနားသို့ ရောက်လာကာ ရမ်ရှန့်ကို စိတ်လှုပ်ရှားစွာဖြင့် အလေးပြုလိုက်သည်။
"ရမ်ရှောက် ကျွန်တော်ကို စစ်သင်္ဘောမောင်းနှင်နည်း သင်ပေးလို့ရမလား ..."
"ဟမ် ..."
ရမ်ရှန့်မှာ အနည်းငယ် နားဝေတိမ်တောင်ဖြစ်သွားသည်။
စိတ်တည်ငြိမ်သွားပြီဖြစ်သော Sutton က ပြောလိုက်သည်။
"သခင်လေးရမ် ကျွန်တော်က ခင်ဗျားရဲ့ စစ်သင်္ဘောမောင်းနေတဲ့ ဗီဒီယိုကို ကြည့်ဖူးတယ်လေ အဲဒါက တကယ်ကို ထူးချွန်ပြောင်မြောက်တဲ့အတွက် ကျွန်တော်ကို သင်ကြားပေးဖို့ မျှော်လင့်မိပါတယ် ..."
သူတို့အားလုံးသည် ရမ်ရှန့်နှင့် အကြီးအကဲထန့်၏ တိုက်ပွဲကိုလည်း တွေ့ခဲ့ကြပြီးဖြစ်သည်။
ဗျူဟာနှင့်ပတ်သက်၍ တစ်ခုတစ်လေကိုမှ မသိရှာလေသော ရမ်ရှန့်မှာတော့ မျက်စိသူငယ် နားသူငယ် ဖြစ်နေဆဲပင်ဖြစ်သည်။ အကြီးအကဲထန့်က Sutton ကို ကြည့်ကာ ဝင်ပြောလိုက်သည်။
"မင်းက ငါ့ရဲ့ ဆရာတူညီလေး ဖြစ်ချင်တာလား ..."
Sutton မှာ ကြက်သေသေသွားတော့သည်။ အကြီးအကဲထန့်မှာလည်း ရမ်ရှန့်၏တပည့်ဖြစ်ကြောင်း သိလိုက်ရချိန်တွင် ပို၍ စိတ်အားထက်သန်လာတော့သည်။
xxxxxxxx