အပိုင်း ၆၃
Viewers 18k

Chapter 63


 


အီသန်တွင် ပထမတပ်ဖွဲ့၏ နံပါတ်စဉ် မရှိသည့်အတွက် ရမ်ရှန့်၏ စစ်သင်္ဘောတိုက်ပွဲအကြောင်း မသိသည်မှာ ‌သဘာဝကျပေသည်။ Sutton က ရမ်ရှန့်ကို စိတ်လောတကြီး ကြည့်နေသည်ကို မြင်လိုက်ရချိန်တွင် ထိုသူသည် ရမ်ရှန့်ကို ချစ်ကြောင်းကြိုက်ကြောင်း ဖွင့်ပြောနေသည်ဟုသာ တွေးလိုက်တော့သည်။ ထို့ကြောင့် သူက ရမ်ရှန့်ကို အထင်တသေးဖြင့် ကြည့်ကာ 


"ရောက်လေရာတိုင်းမှာ ပျားတွေကို ဆွဲဆောင်နေတာပဲ ..." 


ရမ်ရှန့်က သူ့မျက်လုံးကိုလှိမ့်ကာ အကြီးအကဲထန့်ကို ပြောလိုက်သည်။ 


"တပည့်လေး သွားရအောင် ဒီနားမှာ ယင်ကောင်တွေ တဝီဝီနဲ့ ပျံသန်းနေတာ စိတ်ပျက်ဖို့ကောင်းတယ် ..." 


"ဒီပထမတပ်ဖွဲ့ကကောင်တွေ အကုန်လုံးက ရူးနေကြပြီပဲ ဘာစွမ်းရည်မှ မရှိတဲ့ ရမ်ရှန့်လို အလကားကောင်ကိုတောင် လေးစားနေကြသေးတယ် ..." 


အခန်းထဲ ဝင်လာသော ရမ်ရှန့်ကို လူတိုင်းက အလေးပြုနေကြသည်ကို မြင်လိုက်လျှင် အီသန်က သူ့ဘေးနားရှိလူများကို တီးတိုးပြောလိုက်သည်။ 


သူ့ဘေးနားရှိ လက်ထောက်က ရမ်ရှန့်နှင့် မစ္စတာထန့်ကို ကြည့်နေပြီး ထိုသူများ ထွက်သွားကာမှ အီသန်ကို အလန့်တကြား ပြောလိုက်သည်။ 


"သခင်လေး ရမ်ရှန့်ရဲ့ ဘေးနားက သူ့တပည့်ဆိုတဲ့သူကလေ မစ္စတာထန့်ဖြစ်မယ်ထင်တယ်နော် ..." 


အီသန်မှာ သူမပြောလိုက်ခင်အထိ သတိမထားမိသေးချေ။ 


အကြီးအကဲထန့်မှာ သားလည်း မရှိဘူးဆိုတော့ ဒီလူက သူပဲထင်တယ် ဒါပေမယ့် သူက ရမ်ရှန့်ရဲ့ တပည့်ဖြစ်ဖို့အရေး ခွဲစိတ်ပြုပြင်ခဲ့သေးတာလား ရမ်ရှန့်က ဒီလောက်အထိကို လူကြိုက်များတယ်ပေါ့ ... 


အလွန်အမင်း ဆွဲဆောင်မှုရှိသည်ဟု သမုတ်ခံရသည့် ရမ်ရှန့်မှာတော့ သူစားစရာရှိသည်ကို ခပ်သွက်သွက်စားကာ ကျောက်လင်းယွီအတွက် ညစာကို သွားပို့ပေးနေသည်။ 


ကျောက်လင်းယွီက သူယူလာပေးသော ညစာစားရန် လုပ်ဖော်ကိုင်ဖက်များကို  နှင်ထုတ်လိုက်သည်။ ရမ်ရှန့်က သူ့ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။ 


"ဒီညကျ ကောင်းကောင်းထုတ်‌နိုင်အောင် များများစား ..." 


"ဘာကြီး ..." 


သူက နားဝေတိမ်တောင်ဖြင့်‌ မေးလိုက်သည်။


"ဒီည အရေးကြီးကိစ္စတစ်ခု လုပ်စရာရှိသေးတယ်လေ ..." 


သူနားမလည်သည်ကို သိလိုက်ရ၍ ရမ်ရှန့်က ရှင်းပြလိုက်သည်။ 


"ဒီနေ့က သန့်စင်မြေ ထုတ်ပေးရမယ့်နေ့လေ ..." 


"....." 


ကျောက်လင်းယွီမှာ ညနေပိုင်းသို့ ရောက်ရန် မစောင့်နိုင်တော့ချေ။ 


နေပါဦး ရမ်ရှန့်က အဲဒါထုတ်ပေးဖို့အတွက် အထူးတလည် ညစာလာကျွေးတာဆိုတော့ သူ့ရုပ်ရည်က အသုံးမဝင်တော့ဘူးလား ... 


သေချာပေါက်ကို အသုံးမဝင်တာ မဟုတ်ဘူးပေါ့ ... 


ပြီးခဲ့သည့်အခေါက်က ထူးခြားသည့် အခြေအနေများကြောင့် ကျောက်လင်းယွီ၏ ခန္ဓာကိုယ်ကို သတိမပြုမိခဲ့သော်ငြား ဤတစ်ကြိမ်တွင်တော့ ရမ်ရှန့်မှာ မချီးမွမ်းဘဲပင် မနေနိုင်တော့ချေ။ 


"ခင်ဗျားဟာကြီးက ကြီးလိုက်တာ ကျွန်တော့်လက်မောင်းလုံးလောက်ရှိတယ် ကျွန်တော်ရော ဘယ်အချိန်မှ ဒီလိုမျိုး ကြီးလာမှာလဲ မသိဘူး အခုအချိန်ကနေစပြီး ခင်ဗျားထက် ကြီးလာအောင် များများစားတော့မယ် ..." 


"...." 


သူ့အနေဖြင့် ရမ်ရှန့်ကို ယခုထက် အနည်းငယ် ကြီးထွားလာစေရန် မျှော်လင့်ခဲ့ဖူးသည်။  သူ့ထက် ကြီးလာဖို့ကတော့ စိတ်တောင် မကူးနဲ့ ... 


အခုတော့ လိုရင်းကိုပဲ ဆက်သွားရအောင် ... 


သန့်စင်မြေကို ထုတ်ယူပြီးနောက် ရမ်ရှန့်က လက်ကို ခါယမ်းကာ ပြောလိုက်သည်။ 


"ကျွန်တော့်လက်တွေက ပြုတ်ထွက်တော့မလိုပဲ ..." 


ကျောက်လင်းယွီလည်း သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြင်ဆင်ကာ သူ့လက်ကို ခပ်ဖွဖွ ပွတ်ပေးလိုက်သည်။ 


ရမ်ရှန့်သည် သူ့ကို အမြဲလိုလို ပြောစရာစကားပင် မရှိတော့အောင် လုပ်ခဲ့သော်ငြား ထိုဂျင်ဆင်းလေး အနားမှာ ရှိနေပါလျှင် ‌လောကတစ်ခုလုံး အလှအပများဖြင့်သာ ပြည့်နှက်နေသယောင် ခံစားမိသည်။ 


သူ့ဘေးတွင် ဝင်လှဲရင်း ရမ်ရှန့်သည် ခန္ဓာကိုယ်ကို ဘေးစောင်းကာ ကျောက်လင်းယွီကို ပွတ်သပ်လိုက်သည်။ 


"ထူးဆန်းတယ် ကျွန်တော့်မှာ သန့်စင်မြေလည်း မရှိဘဲနဲ့ကို ခင်ဗျားလိုကြီး ဖြစ်နေတယ် ..." 


တစ်စုံတစ်ခုက သူ့ခြေထောက်ကို လာထောက်နေသည့်အတွက် ကျောက်လင်းယွီလည်း မင်သက်သွားသည်။ 


"လင်းယွီ ကျွန်တော့်ကိုလည်း ပွတ်‌ပေးလို့ ရမလား ..." 


ကျောက်လင်းယွီက သဘောမတူခဲ့။ ရမ်ရှန့်၏ မျက်ရည်များကသည်ပင် အဖိုးတန်ကြောင်း သိနေသည့်အတွက် သူ့ကို အလွယ်တကူ ဖြေလျှော့မပေးဝံ့ပေ။ သို့သော် ညစဉ်ညတိုင်း သူ့အနေဖြင့် အဆင်မပြေလျှင်တောင် ရမ်ရှန့်အတွက် လူသားကူရှင် လုပ်ပေးခဲ့ရသည့်အတွက် အနည်းငယ် စိတ်ရှုပ်ထွေးလာသည်။ 


ရမ်ရှန့်က တုန့်ပြန်လာပြီဆိုတော့ နည်းနည်းလေး အရွယ်ရောက်လာပြီဆိုတဲ့ သဘောပဲ မဟုတ်ဘူးလား ...

63.2


ယမန်နေ့ညက ကို့ရို့ကားယားဖြစ်ဖွယ် အခြေအနေနှင့် ကြုံတွေ့ခဲ့ရသော်ငြား သူသည် ကြယ်အမှတ် ၁၂၅၃၄ ကိုတော့ မေ့မထားချေ။ နောက်တစ်နေ့မနက် စောစောထကာ ကြယ်အမှတ် ၁၂၅၃၄ ၏ အနေအထားနှင့် အနီးဝန်းကျင်ရှိ ဂြိုဟ်ပတ်လမ်းကြောင်းကို ရှင်းလင်းတင်ပြရင်း ထောက်လှမ်းရန်အတွက် ယာဉ်ငယ်နှစ်စီးကို စေလွှတ်လိုက်ပြီး ပင်မသင်္ဘောကတော့ ကြယ်အမှတ် ၁၂၅၃၄ သို့သာ ဦးတည်ပျံသန်းနေသည်။ 


မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန်ငါးရက် ကုန်ဆုံးသွားတော့သည်။ 


ကြယ်အမှတ် ၁၂၅၃၄ နှင့် ပတ်သက်၍ သတင်းတစ်စုံတစ်ရာမှ မကြားရသေးသော်ငြား ရမ်ရှန့်ကို ရိက္ခာထုတ်ပေးရမည့်ရက်သို့ ရောက်လာပြန်တော့သည်။ 


နှစ်ဦးသား သွေးပူလေ့ကျင့်ခန်း လုပ်လိုက်ကြပြီးနောက် သူသည် ရမ်ရှန့်ခေါင်းပေါ်ရှိ ရဲရဲနီနေသော အသီးလေးလုံးကို ပွတ်သပ်ရင်း ကြယ်ပေါ်ရှိ ထူးဆန်းသော လူမျိုးစုများအကြောင်း ပြော‌ပြနေသည်။ 


"ခြေလေးချောင်းလူသားတွေက လက်နှစ်ဖက်အပြင် ခြေလေးချောင်းနဲ့ အမြီးပါပါတယ် သူတို့ရဲ့ ပုံစံက နည်းနည်း ထူးဆန်းပြီးတော့ မဟာမိတ်တပ်ပေါင်းစုမှာပဲ အများအပြား နေထိုင်ကြတယ် သူတို့ရဲ့ မျိုးရိုးဗီဇက လူသားတွေနဲ့ မတူဘဲ ထူးဆန်းနေတဲ့အတွက် ဘယ်သူကမှ ဒီဂြိုဟ်သားမျိုးနွယ်တွေနဲ့ မဆက်ဆံချင်ကြသလို ပတ်လည်းမပတ်သက်ချင်ကြဘူး ..." 


"စိတ်ဝင်စားစရာ ကောင်းလိုက်တာ ကျွန်တော်လည်း တစ်ခါလောက် သွားကြည့်ချင်သေးတယ် ..." 


ရမ်ရှန့်က မျှော်လင့်တကြီး ပြောလိုက်သည်။ 


သူ၏ ဂျင်ဆင်းသီးလေးများက ပုံပြင်နားထောင်ချင်သည်ဟု ပြောခဲ့သော်ငြား အမှန်တကယ် ‌ပုံပြင်နားထောင်လိုသူမှာ ဂျင်ဆင်း‌ပင်လေး ရမ်ရှန့်သာဖြစ်သည်။ ကျောက်လင်းယွီက သူအိပ်ပျော်သွားသည်အထိ ဘေးနားတွင် လှဲကာ အဖော်ပြုပေးနေခဲ့သည်။ 


ရှစ်ရက်မြောက်နေ့ မြို့တော်ကြယ်စံချိန် မနက်ရှစ်နာရီအချိန်တွင် ထောက်လှမ်းရေး ယာဉ်ငယ်များက သတင်းအချက်အလက် အပြည့်အစုံနှင့်အတူ ပြန်ရောက်လာသည်။ ကြယ်ဓားပြများသည် ပြီးခဲ့သည့် လဝက်ခန့်က  ကုန်သွယ်ရေး ယာဉ်များစွာကို ဓားပြတိုက်ခဲ့ပြီးနောက် ဒီရက်ပိုင်းအတွင်း ဂြိုဟ်ပေါ်ရှိ မိုင်းတွင်းများကို ဗလာဖြစ်လုနီးပါးအထိ တူးယူကာ ထိုကုန်သွယ်ရေးယာဉ်များဖြင့် သယ်ယူရန် ကြံစည်နေသည်။ 


"ဆက်ပြီး စုံစမ်းနေကြဦး ဒါပေမယ့် အဖမ်းမခံရဖို့ကိုလည်း ဂရုစိုက် အန္တရာယ်တစ်ခုခုကြုံလာရင် အမြန်ဆုံး ပြန်လာခဲ့ ..." 


သူက ပြောလိုက်သည်။ 


"ဟုတ်ကဲ့ပါ မာရှယ် ..." 


ပထမတပ်ဖွဲ့၏ စစ်သင်္ဘောသည် ကြယ်အမှတ် ၁၂၅၃၄ သို့ ရောက်ရှိရန် နေ့တစ်ဝက်သာ လိုတော့သည်။ 


.........


ဓားပြခေါင်းဆောင်က ဖက်ဒရယ်ရှိ ‌ဈေးအကြီးဆုံး ရွှေသစ်သားကုလားထိုင်တွင် ဒူးထောင်ပေါင်ကား ထိုင်နေရင်း မေးလိုက်သည်။ 


"မိုင်းတူးနေတာ ဘယ်အဆင့် ရောက်သွားပြီလဲ စွမ်းအင်ပုံဆောင်ခဲတွေကိုရော တွေ့ကြပြီလား ..."


"မိုင်းတွင်းအောက်ခြေအထိ ရောက်နေပါပြီ ပုံဆောင်ခဲအချို့ကိူလည်း တွေ့ပြီးနေပါပြီ ..." 


သူ့လူတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလိုက်သည်။ 


"ဒီဂြိုဟ်ပေါ်မှာ စွမ်းအင်ပုံဆောင်ခဲအပြည့်က နှစ်တွင်းကြီးများတောင် ရှိတယ် ..." 


ထိုင်ခုံပေါ်တွင် ပျင်းတိပျင်းရောဖြင့် ထိုင်နေသည့် ဓားပြခေါင်းဆောင်က မျက်ခုံးကို ပင့်ကာ မေးလိုက်သည်။ 


"ဘယ်လိုလုပ်ပြီး ဒီလောက်တောင် များနေရတာလဲ ..." 


"တကယ်ကို အများကြီး ရှိနေတာ ဖက်ဒရယ်ကတော့ ကံကောင်းလိုက်တာ တကယ်ကို ရတနာပုံကိန်းဆိုက်ထားတာပဲ ..." 


"အခုတော့ သူတို့ ကံဆိုးမယ့်အလှည့်ပေါ့ စွမ်းအင်ပုံဆောင်ခဲတွေသာ မရှိတော့ရင် ဒီဂြိုဟ်ပေါ်က အရင်းအမြစ်တွေလည်း သိပ်မကြာခင် ပျက်စီးတော့မှာပဲ ဒီမှာရှိနေတဲ့လူတွေ အကုန်လုံးကို ကယ်နိုင်ဖို့ဆိုတာကလည်း လွယ်မှာ မဟုတ်ဘူး ..." 


"ဘော့စ် ..." 


သူ့လူများက စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေလိုက်သည်။ 


"အားလုံးပဲ အခုတူးထားသမျှတွေ အကုန်လုံးကို သင်္ဘောပေါ် တင်ထားဖို့ အမိန့်ပေးလိုက်တော့ ပြီးတော့ ကိုယ်လိုချင်တာရှိရင်လည်း တစ်ခါတည်း ယူထားကြ နောက်လေးနာရီအတွင်း ဒီဂြိုဟ်ကနေ ထွက်ခွါမယ် ..." 


"ဘော့စ် ကျွန်တော်တို့က ပထမတပ်ဖွဲ့နဲ့ မတိုက်ခိုက်တော့ဘူးလား ..." 


ဓားပြများမှာ အနည်းငယ် နားမလည်နိုင်ကြတော့ပေ။ 


"ပထမတပ်ဖွဲ့နဲ့ တိုက်ခိုက်ခိုင်းဖို့ကို ပျင်းနေတယ် ..." 


သူက ခုံကို တတောက်တောက်ခေါက်ရင်း ပြောလိုက်သည်။ 


"မင်းလုပ်ရမှာက သူတို့အားလုံးကို ပြန်ခေါ်ပြီး နောက်ကြောင်းပြန်လှည့်ဖို့ ဦးဆောင်ရမှာ ..." 


"ဘော့စ်ကရော ..." 


"ငါလား ငါက ဒီမှာ နေခဲ့မှာပေါ့ ငါတို့ရဲ့ ကြီးမြတ်လှတဲ့ မာရှယ်ကြီးကို နှုတ်ဆက်ချင်သေးတယ်လေ ..." 


သူက ပြုံးကာ ပြောလိုက်သည်။ 


"ဒါပေမယ့် ဘော့စ် ဒီနေရာမှာ ‌ကျန်နေခဲ့ဖို့က အန္တရာယ် မများဘူးလား ပြီးတော့ ဂြိုဟ်ကလည်း သိပ်မကြာခင် ပျက်စီးသွားတော့မှာလေ ..." 


"ဘာကို အန္တရာယ်များရမှာလဲ ဂြိုဟ်ပျက်စီးသွားရုံလေးတင်လေ ငါက ဒီလိုပျက်စီးမှုကြောင့်နဲ့ သေနိုင်မှာတဲ့လား ပြီးတော့ ကျောက်လင်းယွီကလည်း ငါ့ကို လုံးဝ မသတ်နိုင်ပါဘူး ..." 


သူက မှန်ရှေ့တွင်ရပ်ကာ မျက်နှာကို ပွတ်သပ်ရင်း ပြောလိုက်သည်။ သူ့ရုပ်သွင်ပြင်ကို အပြည့်အစုံ ပြောင်းလဲပစ်ရန် များစွာ အချိန်မကြာခဲ့ပေ။ 


သူ့ရုပ်ရည်ကို အတော်ကြာ ချီးမွမ်းခန်း ဖွင့်ပြီးကာမှ ဓားပြခေါင်းဆောင်က ပြောလိုက်သည်။ 


"အရင်သွားနှင့်တော့ ငါကတော့ ကျောက်လင်းယွီရဲ့ အမူအယာကို စောင့်ကြည့်ဦးမယ် ငါတို့နောက်ကို လိုက်ချင်ပေမယ့် ဒီဂြိုဟ်ပေါ်က လူတွေက သူ့ကို ဝိုင်းဆွဲထားမယ့်အချိန်မှာ ဖြစ်လာမယ့် သူ့ရဲ့ အမူအယာက စိတ်ဝင်စားဖို့ ကောင်းမှာပဲ ..."


xxxxxxxxx