အပိုင်း ၆၆
Viewers 18k

Chapter 66


လတ်တလောတွင် ကျောက်လင်းယွီသည် သူ့ခေါင်းကိုသာ နမ်းနေကာ မျက်နှာကိုတော့ ယောင်မှား၍ပင် မနမ်းချေ။ 


ရမ်ရှန့်၏ ကလေးလေးယောက်မှာ သူ့ဆံပင်ထဲတွင် ရှိနေကြောင်း သတိရလိုက်၍ ကျောက်လင်းယွီလည်း ကြက်သေသေသွားတော့သည်။ သူ့ဆံပင်ကို နမ်းသည်မှာ ကလေးများကို နမ်းချင်၍ မဟုတ်၊ လူငယ်လေး၏ မျက်နှာကို နမ်း၍ မသင့်တော်ဟု ခံစားမိ၍သာ ဖြစ်သည်။ 


"နမ်းလေ ..." 


ရမ်ရှန့်က သူ့‌မျက်နှာကို ဆွဲချကာ နှုတ်ခမ်းကို နမ်းလိုက်သည်။ ထိုမြင်ကွင်းမှာ ကြယ်အမှတ် ၁၂၅၃၄ တစ်ခုလုံးတွင် တိုက်ရိုက်ထုတ်လွှင့်ပြီးသား ဖြစ်သွားတော့သည်။ 


"မာရှယ်ရဲ့ ကေးလေးက တကယ်ကို စိတ်အားထက်သန်တာပဲ ..." 


ကာဘီယန်က အားကျသည့်လေသံဖြင့် ပြောလိုက်သည်။ 


"သေးသေးကွေးကွေးနဲ့ နူးညံ့သိမ်‌မွေ့တဲ့အပြင် စိတ်အားထက်သန်မှုကလည်း အပြည့်ပဲ မာရှယ်က သူ့အပေါ် အရမ်းကောင်းတာ အံ့ဩစရာ မရှိတော့ပါဘူး ..." 


သူတို့နှစ်ဦးကြားက စကားပြောဆိုမှုကို မကြားရသည့်အပြင် နှုတ်ခမ်းလှုပ်ဟန်တို့ကိုပါ မမြင်ရသော်ငြား သူတို့နှစ်ဦးကြားရှိ နွေးထွေးသည့် ချစ်ခြင်းမေတ္တာကိုတော့ ခံစားနိုင်ပေသည်။ 


ထိုမြင်ကွင်းကို မြင်လိုက်ပြီးနောက် အခြားသူများမှာ စိတ်သက်သာရာ ရသွားကြသော်ငြား ရွိုင်းမှာတော့ မျက်လုံးများပင် ရဲရဲနီလာတော့သည်။ 


ဘာကေးလဲ ဒီလူက ကေးမှ မဟုတ်တာ ဒီတိုင်း ဘယ်နေရာကနေ ရောက်လာမှန်း မသိတဲ့ လူရိုင်းသာသာပဲလေ ဒါပေမယ့် သူက တော်တယ်လို့တော့ ပြောရမှာပဲ သူ့သရုပ်မှန်ကို ကျောက်လင်းယွီတောင် သတိမထားမိအောင် ဖုံးကွယ်ထားနိုင်တယ် ...ယောကျာ်းတွေက အရမ်းတက်ကြွလွန်းတဲ့သူဆို မကြိုက်ဘူး မဟုတ်လား ဒီတစ်ယောက်က တော်တော်ကို တက်ကြွလွန်းနေတယ်လေ ကျောက်လင်းယွီက အဲဒါကို အာရုံမထားတာများလား ပြီးတော့ သူက ကေးမဟုတ်တဲ့အပြင် ကလေးလည်း မရနိုင်ဘူးလေ ... 


ကျောက်လင်းယွီက သူ့ကို သေချာပေါက် ကန်ထုတ်မှာပဲ ... 


ရမ်ရှန့်ကို ကန်ထုတ်ပစ်မည်ဟု အထင်ခံလိုက်ရသည့် ကျောက်လင်းယွီက သူ့(ရမ်ရှန့်) ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ ပြောလိုက်သည်။ 


"ပြန်သွားပြီး ထပ်နမ်းရအောင် ..." 


ဂြိုဟ်တစ်ခုလုံးရှေ့တွင် ချစ်ကြောင်း ထုတ်ပြသည်မှာ သူတစ်ခါမှ မလုပ်ဖူးသည့် အပြုအမူဖြစ်သည်။ အကယ်၍ လူထုရှေ့တွင် နမ်းလိုက်ပါလျှင် ...ရမ်ရှန့်၏ မျက်နှာနီနီလေးကို အခြားသူများ မြင်သွားမည်ကို မလိုလားချေ။ 


ကြယ်အမှတ် ၁၂၅၃၄ ရှိ လူဦးရေမှာ များပြားလွန်း၍ ဂြိုဟ်ပေါ်တွင် ဆင်းသက်ထားသော ယာဉ်များဖြင့် အပြည့်သယ်ဆောင်ထားသည့်တိုင် ယာဉ်မလောက်ငှသေးချေ။ ထို့ကြောင့် ယာဉ်ငယ်များ၌ လူပြည့်သွားချိန်တွင် ပင်မသင်္ဘောများကပါ လူသယ်ရန် ဆင်းသက်လာတော့သည်။ 


ထိုအချိန်တွင် ဂြိုဟ်သည် မတည်မငြိမ် ဖြစ်စပြုလာကာ နေရာအနှံ့၌ ပြိုကျပျက်စီးလာသည်။ ကြယ်ဓားပြများသည် ပြည်သူများကို မြေပြန့်တွင် စုစည်းထားခဲ့သည့်အတွက် စုရပ်နေရာများမှာတော့ ဘေးကင်းနေဆဲဖြစ်သည်။ 


လူများကို စုဝေးထားသည့်တိုင် မိသားစုအပေါင်းအသင်းများကိုရှာရန် စုရပ်မှ ထွက်လာခဲ့သည့် သူများမှာ အန္တရာယ်နှင့် ကြုံတွေ့လိုက်ရတော့သည်။ 


ပထမတပ်ဖွဲ့၏ တပ်သားများသည် ယာဉ်ပျံများကို မောင်းနှင်ကာ အုပ်စုကွဲသွားသူများကို ကယ်တင်ရန် ‌ကြိုးစားသည့်တိုင် လူတိုင်းကိုတော့ မကယ်တင်နိုင်ခဲ့ပေ။ ထိုသည်ကပင်လျှင် အခြားသူများကိုပါ စောင့်ဆိုင်းစေရသည့်အတွက် စုရပ်ရှိ လူများမှာလည်း ပူပန်လာတော့သည်။ 


ကျောက်လင်းယွီ ဂြိုဟ်ပေါ် ရောက်ရှိနေသည်မှာလည်း သုံးနာရီကျော် ကြာသွားပြီဖြစ်သည်။ 


အစောပိုင်းက ရမ်ရှန့်ကို သူ့ရင်ခွင်ထဲ သယ်ထားသော်ငြား နောက်ပိုင်းတွင် မတ်တပ်ရပ်စေကာ ပူပန်နေသော ပြည်သူများကို ကြိမ်ဖန်များစွာ နှစ်သိမ့်ပေးနေလိုက်သည်။ သူ့မျက်နှာတွင်တော့ မည်သည့်အမူအယာကိုမှ မတွေ့ရချေ။ 


မာရှယ်သည်ပင် ဘေးလွတ်ရာ ပင်မသင်္ဘောသို့ မပြန်သေးကြောင်း တွေ့လိုက်ရချိန်တွင် လူထုမှာ ပူပန်နေ‌သည့်တိုင် ဆူပူအုံကြွခြင်း အလျဉ်းမရှိပေ။ 


"သွက်သွက်လေး ရွှေ့ကြပါဟ ..." 


ရွိုင်း၊ ကော်ဘီယန်တို့နှင့်အတူ ရှိနေသည့် သက်လတ်ပိုင်းအရွယ် ခပ်ဝဝ အမျိုးသားက လောဆော်လိုက်သည်။ အများစုမှာ ရှေ့သို့ တွန်းနေကြသော်ငြား သူ့ဘေးနားရှိ လူများမှာတော့ စိတ်ပူပန်နေခြင်း အလျဉ်းမရှိသည့်အတွက် ဇဝေဇဝါ ဖြစ်လာတော့သည်။ 


"စစ်သားတစ်ယောက်အနေနဲ့ ကျွန်တော်က တစ်ခြားသူတွေကို ဦးစားပေးရမယ်လေ ..." 


ကော်ဘီယန်က နေရောင်ခြည်လို နွေးထွေးသည့် အပြုံးဖြင့် ပြောလိုက်သည်။ 


"ခင်ဗျားပဲ အရင်တက်နှင့်ပါ ..." 


"မင်းလို မြို့စောင့်တပ်သားတွေက ယာဉ်ပေါ် ရောက်ကုန်ကြပြီလေ ..." 


ထိုလူဝကြီးသည် ကာဘီယန်အပေါ် အမြင်ကောင်းရှိသည့်အတွက် သူ့ကို အကြံပေးလိုက်သည်။ 


"အနှေးနဲ့အမြန် တက်ရမှာပဲ ဆိုမှတော့ ဘာလို့ စောစောစီးစီး မတက်တာလဲ ..." 


ကာဘီယန်က ခေါင်းကို အသာယမ်းပြလိုက်သည်။ 


"ကျွန်တော်က နောက်ကျမှ သွားရလည်း ကိစ္စမရှိပါဘူး ဟားဟား တကယ်တမ်းတေ့ ကျွန်တော့်မှာလည်း အကြံရှိနေလို့လေ ယာဉ်ပျံရဲ့ စွမ်းရည်ကို ထိန်းထားနိုင်ဖို့အတွက် သူသယ်ဆောင်နိုင်တဲ့ လူဦးရေက ကန့်သတ်ချက်ရှိတယ်လေ ဒီသင်္ဘောတွေက သိပ်မကြာခင် လူပြည့်တော့မှာ ကျွန်တော်သာ နောက်ဆုံးမှာ တန်းစီရင် မာရှယ်ရှိနေတဲ့ ပင်မသင်္ဘောပေါ် လိုက်ရမှာလေ ..." 


ပထမတပ်ဖွဲ့၏ ပင်မသင်္ဘောမှာ အလွတ်ဖြစ်နေဆဲ ဖြစ်သော်ငြား အခြားယာဉ်များတွင် လူပြည့်သွားသည်နှင့် တစ်ပြိုင်နက် ၎င်းက မြေပြင်ပေါ်သို့ ဆင်းသက်လာရမည်ဖြစ်သည်။ 


သူ့အတွက်မူ မာရှယ့်ကို တွေ့ခွင့်ရသည်ကပင် ကံထူးနေပြီဖြစ်သည်။ မာရှယ်နှင့် သင်္ဘောတစ်စီးတည်း ရှိနေစေကာမူ ရင်းနှီးနိုင်မည် မဟုတ်သဖြင့် ယာဉ်ပျံပေါ်သို့ စောစောရောက်သွားခြင်းက ပိုပြီး အရေးကြီးပေသည်။ 


ထိုအမျိုးသားက ကာဘီယန်၏ စကားများကို အရေးတယူ မပြုသော်ငြား ရွိုင်း၏ အကြည့်တို့မှာတော့ တောက်ပသွားသည်။ ကျောက်လင်းယွီနဲ့ သင်္ဘောတစ်စီးတည်း ... 


သူထည့်လိုက်သည့် အစားထိုးမှာ သူ့ထက် များစွာ လှပသော်ငြား အပြုအမူများမှာတော့ ရဲတင်းကာ ဘဝင်မြောက်လွန်းသည်။ ကျောက်လင်းယွီသည်လည်း ထိုအစားထိုးကို သဘောကျသည့်တိုင် အရသာအသစ်များကို မြည်းစမ်းချင်ဦးမည်ဖြစ်သည်။ 


သူနှင့် အစားထိုး နှစ်ဦးလုံးမှာ ဆယ်ကျောက်သက်အရွယ်များနှင့် တူနေသည့်အတွက် ကျောက်လင်းယွီသည် သူ့ကိုလည်း နှစ်သက်မည်မှာ မုချပင်ဖြစ်သည်။ ကျောက်လင်းယွီ သူ့ကို သတိပြုမိကာမှ သရုပ်မှန်ကို ထုတ်ပြတော့မည်။ 


သူသည် ကုန်သွယ်ရေးဌာနချုပ်ဥက္ကဌ၏ တစ်ဦးတည်းသောသား ဖြစ်သည်။ ကံမကောင်းစွာဖြင့် ယာဉ်ပေါက်ကွဲမှုကြောင့် ပာကာသထဲ လွင့်စင်သွားခြင်းဖြစ်သည်။ ကျောက်လင်းယွီ၏ ဘေးနားမှ အစားထိုးမှာမူ တစ်နေရာရာမှ စေလွှတ်လိုက်သည့် သူလျှိုသာ ဖြစ်ပေလိမ့်မည်။ 


သူပေးနိုင်မည့် အကြောင်းပြချက်များကို စဉ်းစားရင်း ရွိုင်းက သက်ပြင်းချကာ ကာဘီယန်ကဲ့သို့ ရပ်နေလိုက်သည်။ ရှေ့ကို ဆက်မတိုးတော့ချေ။ 


"သခင်လေး ..." 


ချိုးကျွမ်းက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

66.2


"ချိုးကျွမ်း ငါတို့တွေ ဒီအတောအတွင်းမှာ တော်တော်ခက်ခဲပင်ပန်းခဲ့တယ် အဲ့ဒီလိုပဲ မှတ်ထား ..." 


သူ နားမလည်သည်ကို တွေ့လိုက်ရသည့်အခါ ရွိုင်းက ထပ်ပြောလိုက်သည်။ 


"ငါတို့က အာကာသယာဉ် ပေါက်ကွဲမှုမှာ အသက်ရှင်ခဲ့တယ် အဲ့ဒီအချိန်ကတည်းက ဟိုဟိုသည်သည် လျှောက်သွားနေခဲ့ရတာ ..." 


"ဒါပေမယ့် ..." 


"ဒီလိုပဲ မှတ်ထား အခု ဘေးမှာ လူတွေ အများကြီး ရှိနေလို့ အသေးစိတ်ရှင်းပြလို့ မရဘူး ..." 


သူက ပြောလိုက်သည်။ ချိုးကျွမ်းသည် ဉာဏ်မကောင်းသော်ငြား သူ့အပေါ် သစ္စာရှိကာ ယုံကြည်ရသူဖြစ်သည်။


ကျောက်မိသားစုက ကုန်သွယ်ရေးဌာနချုပ်ကို ဖိနှိပ်လိုက်သည်ဟုလည်း သတင်းမကြားမိသေးပေ။ အကယ်၍ ထိုသူသာ သူ့နေရာတွင် အစားမဝင်လိုပါလျှင် ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာတွင် ဘာကြောင့် ရောက်နေရကြောင်းကို ခက်ခက်ခဲခဲ ရှင်းပြရမည်ဖြစ်သည်။ ထို့ကြောင့် သေချာပေါက် သူ(ရွိုင်း)၏ သရုပ်မှန်ကိုသာ သုံးနေမည်ဖြစ်သည်။  ထို့ကြောင့် ပိုင်ရှင်အစစ်အမှန် ပြန်ရောက်လာခြင်းကို အပြစ်မတင်သင့်ပေ။ 


ရွိုင်း၏ ယုံကြည်ချက် ပြည့်ဝနေဟန်ကို တွေ့လိုက်ရချိန်တွင် ကျောက်မိသားစုအကြောင်း သတင်းကြားထားသော ကာဘီယန်သည် ထေ့ငေါ့လိုစိတ်ကို ချိုးနှိမ်ထားလိုက်တော့သည်။ 


သူသည်လည်း ကိုယ့်ကိုယ်ကို ဟာသလုပ်နေသူများအား စောင့်ကြည့်ရခြင်းကို သဘောကျသည့်အတွက် ရွိုင်းကို ကျောက်လင်းယွီအနားသို့ ကပ်ခွင့်ပေးလိုက်ဦးမည်ဖြစ်သည်။  


ကျောက်လင်းယွီသည် ဇာ့ဂ်ဘုရင်မ၏ စွမ်းအင်ဗဟိုချက်ကို ချေဖျက်ပြီး အသက်ရှင်နိုင်ခဲ့သည့် အချက်မှာ စိတ်ဝင်စားဖွယ်ရာ ကောင်းလှသည်။ ရန်ယဲ့ကပင်လျှင် ထိုအချက်ကို မရှာနိုင်ခဲ့သော်လည်း သူကတော့ စူးစမ်းကြည့်ဦးမည်ဖြစ်သည်။ 


ရမ်ရှန့်မှာတော့ ကျောက်လင်းယွီကို ကြံစည်လိုသူများ ရှိနေကြောင်း မသိသေးပေ။ ကျောက်လင်းယွီ သူ့ကို အောက်ချလိုက်ချိန်တွင် သူ့ခြေဖဝါးပေါ် ရပ်နေရင်း ပြန်ရောက်ပါက ဘယ်လိုနမ်းသင့်လဲ တွေးနေဆဲဖြစ်သည်။ သူ့အမြစ်များကို သုံးကာ ကျောက်လင်းယွီ၏ အကာအကွယ်ဖိနပ်ကို ဇစ်ဖြုတ်ပြီး သူ့အမြစ်များဖြင့် ခြေထောက်ကို ရစ်ပတ်လိုက်သည်။ 


သူသည် ကျောက်လင်းယွီ၏ အရေပြားအား ထိတွေ့ရခြင်းကို နှစ်သက်ပြီး ခန့်ခန့်ထည်ထည် နေနေရ၍သာ မဟုတ်ပါလျှင် ကျောက်လင်းယွီ၏ မျိုးစေ့တို့ ထုတ်လုပ်ပေးရာနေရာအထိပင် အမြစ်များကို ခြေဆန့်ဦးမည်ဖြစ်သည်။ 


ယနေ့သည် သူ့ကို သန့်စင်မြေ ထုတ်လုပ်ပေးရမည့်ရက်လည်း ဖြစ်နေသေးသည်။ 


သန့်စင်မြေအကြောင်း တွေးနေရင်း ရမ်ရှန့်သည် သူ့ကလေးများကိုပါ သတိရသွားတော့သည်။ ထို့ကြောင့် မျက်လုံးမှိတ်ကာ ကျင့်ကြံရင်း သူ့စိတ်စွမ်းအားကို ကလေးများထံ လွှဲပြောင်းပေးလိုက်သည်။ 


ထိုကလေးများ၏ စိတ်စွမ်းအားလိုအပ်မှုမှာ များပြားလှသည့်အတွက် အနာဂတ်တွင် ကျိန်းသေ ထူးကဲသောသူများ ဖြစ်လာမည်ဖြစ်သည်။ ရမ်ရှန့်က အနာဂတ်အ‌ကြောင်းကို ပျော်ပျော်ကြီး စိတ်ကူးယဉ်ရင်း ရုတ်တရက် ထခုန်လိုက်သည်။ 


"ဘာဖြစ်လို့လဲ ..." 


ကျောက်လင်းယွီက သူ့ကို အလန့်တကြား ကြည့်လိုက်သည်။ ရမ်ရှန့်မှာ ထခုန်လိုက်သော်ငြား သူ့အမြစ်များကို လွှတ်ပေးရန် မေ့နေခဲ့သည်။ အကယ်၍ သူသာ လုံလောက်အောင် မသန်မာခဲ့ပါလျှင် ရမ်ရှန့်၏ ကိုင်ပေါက်ခြင်းကို ခံရတော့မည်ဖြစ်သည်။ 


ဖက်ဒရယ်၏ မာရှယ်တစ်ဦးအနေဖြင့် ပြည်သူများကို ကွပ်ကဲနေချိန်တွင် ကိုင်ပေါက်ခံရခြင်းမှာ ရယ်စရာမဟုတ်ပေ။ 


"ကလေးတွေက လှုပ်နေတယ် ..." 


ရမ်ရှန့်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ 


ဒါက သေချာပေါက်ကို သန္ဓေသား လှုပ်ရှားမှုပဲ ... 


"သူတို့က လှုပ်နေတာလား ..." 


သူကလည်း အံ့ဩတကြီး မေးလိုက်သည်။ 


"ဟုတ်တယ် တကယ်လှုပ်နေတာ ..." 


ရမ်ရှန့်က သူ့ကိုကြည့်ကာ ထိုင်ချလိုက်သည်။ သူ့ခေါင်းပေါ်မှ ကလေးလေးဦး လှုပ်ရှားသွားခြင်းသည် ထူးဆန်းမှုတစ်ခုခုကို ရှာတွေ့သွား၍သာ ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် အနီးကပ်ကြည့်ရှုရန် လိုအပ်ပေသည်။ 


ကျောက်လင်းယွီမှာ ပို၍ပင် ပဟေဠိဖြစ်လာတော့သည်။ 


အသီးလေးလုံးက လှုပ်တယ်? ရမ်ရှန့်က သူတို့ကို နေ့တိုင်း စိတ်စွမ်းအင်တွေ ထည့်ပေးနေလိုများ အရင် သူစားခဲ့ဖူးတဲ့ ဂျင်ဆင်းစေ့တွေနဲ့ မတူတော့တာလား ... 


ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်က ရှေ့မှာ သီးပြီးသားအစေ့တွေနဲ့လည်း မတူဘူး ... 


သူတို့ကို စောင့်ကြည့်နေသူများ သိပ်မရှိတော့သော်ငြား ကျောက်လင်းယွီသည် သိလိုစိတ်ကို ချိုးနှိမ်ကာ ဘာမှ မမေးဘဲ ဒီတိုင်းသာ ကြည့်နေလိုက်သည်။ 


သူ၏ ကိုယ်ရေးကိုယ်တာ တပ်သားအဖြစ် လိုက်ပါလာခဲ့သော ဝူရွှိုက်နှင့် အယ်လီတို့မှာပင် ပင်လယ်ထဲ ပစ်ချခံလိုက်ရသလို ခံစားမိတော့သည်။ သူတို့၏နားကိုပင် မယုံနိုင်ကြတော့ချေ။ 


အခု ရမ်ရှန့်က ကလေးလှုပ်နေတယ် လို့ ပြောလိုက်တာလား သူက c... 


ရမ်ရှန့်က မဟာမိတ်တပ်ပေါင်းစုက ပို့လိုက်တဲ့ကေး မဟုတ်ဘူး မဟုတ်လား သူက ဘယ်လိုလုပ် ကိုယ်ဝန်ဆောင်နိုင်မှာလဲ ဒါမှမဟုတ် သူက ထူးကဲမျိုးနွယ်တစ်ခုခုကနေ လာတာများလား ... 


သူတို့၏ အကြည့်တို့က ရမ်ရှန့်၏ ပါးချပ်ချပ်ဝမ်းဗိုက်ပေါ်သို့ ကျရောက်သွားသည်။ ဝူရွှိုက်နှင့် အယ်လီတို့မှာ သူတို့ကိုယ်သူတို့ ထင်ယောင်ထင်မှား ဖြစ်နေသလားဟုပင် တွေးမိတော့သည်။ ရမ်ရှန့်ရဲ့ ပုံစံအရဆို ကိုယ်ဝန်ရှိတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... 


ဒါပေမယ့် သူတို့မာရှယ်က တည်ငြိမ်နေတယ်ဆိုတော့ ကလေးရှိနေတာကို သိပြီးသားများလား သူ့ကြည့်ရတာ လှုပ်‌နေတယ်ဆိုတာကိုပဲ အံ့ဩသွားတဲ့ပုံမျိုးပဲ ... 


ကျောက်လင်းယွီနှင့် ရမ်ရှန့်တို့သည် တစ်ခန်းတည်းသာ အတူနေကြသည့်အပြင် အမြဲလိုလို ပူးကပ်နေသည့်အတွက် သူတို့ နားကြားမှားခြင်းလည်း မဖြစ်နိုင်လောက်ပေ။ 


ဝူရွှိုက်နှင့် အယ်လီတို့၏ သံသယဝင်ခြင်းကို ခံနေရရှာသည့် ရမ်ရှန့်မှာတော့ သူ့ကလေးများနှင့် ဆက်သွယ်နိုင်ရန် ကြိုးပမ်းနေသည်။


ထိုကလေးများမှာ သူ့စိတ်စွမ်းအားကို အနည်းငယ်မျှပင် မတုန့်ပြန်ဘဲ တစ်ခုခုကို လိုချင်နေဟန်ဖြင့် တစ်နေရာတည်းသို့သာ အနည်းငယ် ရွေ့လျားနေသည်။ 


ဤသည်မှာ သူ သန့်စင်မြေကို ရှာတွေ့ချိန်ကနှင့် တစ်ထပ်တည်းပင်ဖြစ်သည်။ ဒါပေမယ့် ဘယ်လိုဖြစ်ပြီးတော့ ကျောက်လင်းယွီရဲ့ ခန္ဓာကိုယ်ထဲက သန့်စင်မြေ မဟုတ်ဘဲနဲ့ ခြေထောက်အောက်က ဖြစ်နေရတာလဲ ... 


ရမ်ရှန့်သည် သူ့ခေါင်းကိုကိုင်ကာ ယာဉ်ပျံထဲသို့ လှည့်ပတ်ကြည့်နေလိုက်သည်။ 


သူသာ သူလိုချင်နေသည့် သန့်စင်မြေကို မရခဲ့ပါလျှင် ဝမ်းနည်းမည်ဖြစ်ရာ သူ့ကလေးများသည်လည်း ထိုနည်းတူပင် ခံစားရမည် ဖြစ်သည်။ ဘာဆက်ဖြစ်လာမလဲကိုတော့ သူကိုယ်တိုင်လည်း မသိသေးပေ။ 


"လင်းယွီ ကျွန်တော် အောက်ဆင်းကြည့်ချင်တယ် ..." 


ရမ်ရှန့်မှာ သည်းမခံနိုင်တော့၍ ကျောက်လင်းယွီကို ဖွင့်ပြောလိုက်သည်။ 


ဤကမ္ဘာနှင့် ပတ်သက်၍ များများစားစား သိမထားသည့်အပြင် ကျောက်လင်းယွီကလည်း သူသာ တစ်ယောက်တည်း လျှောက်သွားပါလျှင် တစ်ခုခုဖြစ်လိမ့်မည်ဟု ပြောထားသည့်အတွက် သူ့အနေဖြင့် တစ်ခုခု လုပ်ချင်လာပါလျှင် ကျောက်လင်းယွီကိုသာ သွားရှာမည်ဖြစ်သည်။ 


xxxxxxx