အပိုင်း ၆၇
Viewers 18k

Chapter 67


သူတို့နှစ်ဦး ရင်းနှီးလာသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သော်ငြား ကျောက်လင်းယွီသည် သန့်စင်မြေမှတစ်ပါး ရမ်ရှန့်လိုချင်သည့်အရာဟူ၍ မတွေ့ဖူးသေးပေ။ ထို့ကြောင့် သူ့တောင်းဆိုချက်ကို ကြားရသည့်အခါ အံ့ဩလွန်း၍ ထုတ်မေးလုမတတ်ပင် ဖြစ်သွားတော့သည်။ 


သို့သော် ရမ်ရှန့်၏ ထူးခြားသည့် သဘာဝကို သတိရသွားသည့်အတွက် မေးခွန်းတို့ကို မျိုချကာ တစ်ခြားတစ်ခွန်းကို ပြောင်းပြောလိုက်သည်။ 


"လူတိုင်း ယာဉ်ပျံပေါ်ကို ရောက်သွားရင် မင်းကို ခေါ်သွားပေးမယ်..." 


ရမ်ရှန့်က စတင်တောင်းဆိုလာသည်မှာ ရှားပါးသည့်အတွက် သူသည် လုံးဝငြင်းပယ်လိမ့်မည် မဟုတ်ချေ။ 


"ကောင်းပါပြီ ..." 


သူက နာနာခံခံဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ 


သူတို့ပြောနေသည်ကို ကြားလိုက်ရသော ဝူရွှိုက်မှာ ကျောက်လင်းယွီကိုသာ အလန့်တကြား ကြည့်လိုက်မိတော့သည်။ 


သူရဲကောင်းတွေက အလှလေး မျက်ရည်ကျတာနဲ့ အရှုံးပေးတယ်ဆိုတာ အမှန်ပဲလား မာရှယ်က ရမ်ရှန့် တစ်ဖွဖွပြောလိုက်တာနဲ့ပဲ သဘောတူလိုက်တယ်ပေါ့ ... 


သူ့အတွေးများကို မသိရှာလေသော ကျောက်လင်းယွီက‌တော့ ဆုံးဖြတ်ချက်ချပြီးနောက် အိုင်ဗာကို ဆက်သွယ်လိုက်သည်။ 


"အိုင်ဗာ ကြယ်အမှတ် ၁၂၅၃၄ မှာ ဗုံးတွေရှိလား စစ်လိုက်ဦး စွမ်းရည်အသင်းကို အရင်လွှတ်လိုက် ပြီးရင် ငါ ဆင်းကြည့်မယ် ..." 


ထို့နောက် ကျောက်လင်းယွီ၏ ယာဉ်ပျံအနားသို့ စွမ်းရည်ပိုင်ရှင်များ များစွာ ရောက်ရှ်ိလာခဲ့သည်။ 


လူအုပ်ကြားမှ ကျောက်လင်းယွီကို ကြည့်ရင်း ကာဘီယန်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ 


ကျောက်လင်းယွီအနားတွင် ကာကွယ်ရန် ကျွမ်းကျင်သူ အနည်းငယ်ခန့် ရှိနေတတ်သော်ငြား ယခုလက်ရှိ လူအင်အားမှာ ယခင်အချိန်များထက် ပိုမိုများပြားနေပေသည်။ သူ့ကို တိုက်ရိုက်တိုက်ခိုက်ရန် မဖြစ်နိုင်သည့်အတွက် မျိုးရိုးဗီဇအချို့ ခိုးယူရန် ကြိုးစားခြင်းက ပိုမိုလွယ်ကူပေလိမ့်မည်။ 


ထိုသို့တွေးရင်း ကာဘီယန်မှာ အနည်းငယ် နှစ်ထောင်းအားရဖြစ်လာသည်။ သူသည် ပထမတပ်ဖွဲ့ယာဉ်ပျံများ၏ အများဆုံး သယ်ယူနိုင်စွမ်းကို တွက်ချက်ထားသည့်အတွက် မတော်တဆမှု တစ်စုံတစ်ရာသာ မဖြစ်ပွားခဲ့ပါလျှင် ပင်မသင်္ဘောပေါ်‌သို့ တက်နိုင်မည်ဖြစ်သည်။ 


မြေဆွဲအား ပြောင်းလဲမှုကြောင့် ကြယ်အမှတ် ၁၂၅၃၄ ၏ လေထုမှာ ကပြောင်းကပြန်ဖြစ်လာသည်။ ကယ်ဆယ်ရေးကို စောင့်ဆိုင်းနေကြသူများမှာ မြေပြင်အထက် သုံးပေခန့်အထိ မြင့်တက်လာကာ အသက်ရှူရန်လည်း ခက်ခဲလာကြသည်။ 


ကယ်ဆယ်ရေးစုရပ်အများစုရှိ လူများမှာ ထွက်ခွါသွားကြပြီဖြစ်သော်ငြား ကျောက်လင်းယွီ ရှိနေသည့် အကြီးဆုံးစုရပ်တွင်တော့ လူသုံးသောင်းခန့် ကျန်နေသေးသည်။ 


"မာရှယ် လေယာဉ်တွေအားလုံး လူပြည့်သွားပါပြီ ..." 


အိုင်ဗာက သူ့ကို အကြောင်းကြားလိုက်သည်။ အခြားယာဉ်အားလုံးမှာ သတ်မှတ်နှုန်းထားအထိ ရောက်ကုန်ကြပြီဖြစ်ပြီး ပင်မသင်္ဘောတစ်ခုသာ ကျန်နေတော့သည်။ 


"ကျန်နေတဲ့လူသုံးသောင်းကို ပင်မသင်္ဘောပေါ်တင်လိုက် လူတိုင်းကို အာရုံစိုက်ပြီး စောင့်ကြည့်နေဖို့ မမေ့နဲ့ သူတို့ရဲ့ အထောက်အထားက ဘာပဲဖြစ်ဖြစ် အခန်းထဲမှာပဲ နေခိုင်း ..." 


သူက ပြောလိုက်သည်။ 


"ဟုတ်ကဲ့ပါ မာရှယ် ..." 


များမကြာမီ ဂြိုဟ်အပြင်ဘက်တွင် ရပ်နေသော ပင်မသင်္ဘောသည် တစ်ဖြေးဖြေး သက်ဆင်းစ ပြုလာသည်။ သို့သော် အခြားယာဉ်ပျံများကဲ့သို့ မြေပေါ်တွင် လုံးလုံးလျားလျား ရှိမနေဘဲ လေထဲတွင်သာ ရပ်တန့်ထားသည်။ 


ကျောက်လင်းယွီနှင့် ရမ်ရှန့်တို့ ရှိနေသည့် အာကာသယာဉ်မှာတော့ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီဖြစ်သည်။ မြေကြီးပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် အောက်ခြေမှ တုန်ခါနေမှုကို ပြတ်ပြတ်သားသား ခံစားလိုက်ရသည်။ 


လူသုံးသောင်း ကျန်နေသေးသည့်အတွက် ကျောက်လင်းယွီသည် သူ့ကတိအတိုင်းပင် ထွက်မသွားဘဲ အဝေးတစ်နေရာတွင် ရပ်နေကာ ယာဉ်ပျံထွက်သွားသည်အထိ စောင့်‌ကြည့်နေလိုက်သည်။ 


သူ့အမြင်အာရုံမှာ ထူးထူးကဲကဲ ကောင်းမွန်လှသည့်အတွက် ထိုလူအုပ်ထဲမှ တစ်ယောက်နှင့်ပင် အကြည့်ချင်း ဆုံလိုက်သေးသည်။ 


ဒီတစ်ယောက်ကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ ... 


နောက်တစ်ကြိမ် ပြန်ကြည့်တော့မည့်အချိန်တွင် ရမ်ရှန့်က သူ့အင်္ကျီစကို ဆွဲကာ ပြောလာသည်။ 


"ဘာဖြစ်လို့လဲ ..." 


"ဒီဂြိုဟ်ရဲ့ ထူးခြားချက်ကို သိလား ..." 


ရမ်ရှန့်က သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။ သူသည် ထူးဆန်းမှုတစ်စုံတစ်ရာကိုမှ မခံစားမိရာ သူ့ကလေးများ လိုချင်သည့်အရာနှင့် ပတ်သက်၍ ရှုပ်ထွေးစပြုလာတော့သည်။ 


"ဒီဂြိုဟ်လား ဒီဂြိုဟ်ဆိုရင်တော့ စွမ်းအင်မိုင်းတွင်းတွေပဲ ဖြစ်ရမယ် ..." 


"စွမ်းအင်မိုင်းတွင်းဆိုတာ ဘာလဲ ..." 


"စွမ်းအင်သတ္ထုရိုင်းဆိုတာ စွမ်းအင်အဖြစ် အသုံးပြုနိုင်တဲ့ သတ္ထုရိုင်းတစ်မျိုးပဲ သူက မြေကြီးအောက်မှာပဲ ရှ်ိပြီးတော့ သဘာဝအတိုင်းဆို တည်တည်ငြိမ်ငြိမ်ပဲ ဒါပေမယ့် သူ့ကို သင့်လျော်တဲ့ လျှပ်စစ်လှိုင်းနဲ့ ချိတ်ဆက်လိုက်မယ်ဆိုရင် အတွင်းထဲက ပစ္စည်းနှစ်ခုက အချင်းချင်း ဓာတ်ပြုပြီးတော့ စွမ်းအင်ထွက်လာတယ် ..." 


သူက ပြောလိုက်သည်။ ဖက်ဒရယ်သည် ဤသတ္ထုရိုင်းအားလုံးကို အကျိုးရှိရှိ အသုံးမချနိုင်သည့်အတွက် အများစုကို ရောင်းချလိုက်ရသည်။ 


"အဲဒီ့အထဲက စွမ်းအင်တွေက စုပ်ယူလို့ရလား ..." 


ရမ်ရှန့်က ထပ်မေးလိုက်ပြန်သည်။


သူ့ကလေးတွေက စွမ်းအင်တစ်မျိုးမျိုးကို စုပ်ယူချင်နေတာဆိုတော့ ဒီနေရာမှာရှိတဲ့ စွမ်းအင်သတ္ထုရိုင်းတွေများ ဖြစ်နေမလား ... 


"မစုပ်ယူနိုင်ဘူး ..." 


သူက ပြောလိုက်သည်။ 


"စွမ်းရည်ပိုင်ရှင်တွေကလည်း မိုင်းတွင်းထဲက စွမ်းအင်‌တွေကို လှုံ့ဆော်ပေးနိုင်တယ်လေ ဒါပေမယ့် အဲ့ဒီ့နေရာက စွမ်းအင်တွေက သန်မာပြီး ကမောက်ကမ ဖြစ်လွန်းလို့ စွမ်းရည်ပိုင်ရှင်တွေက ထိခိုက်သွားနိုင်တယ် ..." 


ကျောက်မိသားစု၏ ပေါင်းစပ်စွမ်းရည်သည်ပင်လျှင် ထိုကဲ့သို့ ပြင်းထန်လှသော စွမ်းရည်မျိုးကို မပေါင်းစပ်နိုင်ချေ။ 


"ဒါဆို ..." 


ရမ်ရှန့်က သူ့ခေါင်းကို အသာပွတ်လိုက်သည်။ သူ့ကလေးတွေက ဘာဖြစ်လို့ပါလိမ့် ... 


"ဘာလို့ ဒီအောက်ကို ဆင်းလာချင်ရတာလဲ ..." 


ကျောက်လင်းယွီက သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။ 


"ကျွန်တော်လည်း မသေချာဘူး ..." 


သူ့ကလေးများ၏ စိုးရိမ်တကြီး လှုပ်ရှားမှုကို တစ်ဖန် ခံစားလိုက်ရပြန်သည်။ 


ထွက်ခွါရန် ကျန်ရှိနေသူ များပြားနေဆဲ ဖြစ်သည့်အတွက် ကျောက်လင်းယွီက ဝူရွှိုက်ကို ပြောလိုက်သည်။ 


"သူတို့ကို သွားကြီးကြပ်လိုက် ငါက လူနည်းနည်းလောက်ခေါ်ပြီး အောက်ဆင်းကြည့်လိုက်ဦးမယ်..." 


ဝူရွှိုက်က စိတ်ပျက်လက်ပျက်ဖြင့် သဘောတူလိုက်သည်။ 


သူလည်း ဆင်းကြည့်ချင်တယ်လေ အခုအချိန်အထိ ဂြိုဟ်တစ်ခု ပျက်စီးသွားတာကို တစ်ခါမှ မျက်မြင်ကိုယ်တွေ့ မတွေ့ဖူးသေးဘူးလို့ ... 


ကြယ်အမှတ် ၁၂၅၃၄ သည် အစိတ်စိတ်အမွာမွာ ကွဲအက်နေပြီဖြစ်သော်ငြား စွမ်းအင်သတ္ထုရိုင်းများမှာ‌တော့ အက်ကွဲကြောင်းကြီးများတွင် တွယ်ကယ်နေဆဲဖြစ်သည်။ 


ကြယ်ဓားပြများက မတူးခဲ့၍ ဖက်ဒရယ်က လာတူးမည်ဆိုလျှင်တောင် မဖြစ်နိုင်တော့ချေ။ တည်ငြိမ်မှုကို ထိန်းညှိနိုင်ရန်အတွက်  ဤစွမ်းအင်သတ္ထုရိုင်းများကို  လက်ဖြင့်သာ တူးရပေသည်။  လက်ရှိအချိန်တွင် ဂြိုဟ်မှာ ပျက်သုဉ်းတော့မည်ဖြစ်ရာ မည်သည့် မိုင်းတွင်းတူးသည့် အလုပ်သမားကမှလည်း လုပ်‌နိုင်တော့မည် မဟုတ်ချေ။ 


ရမ်ရှန့်က ထိုသတ္ထုရိုင်းများကို အကြည့်တစ်ချက်ပင် မစွန့်ကြဲဘဲ အောက်ဆီဂျင်ခေါင်းစွပ်ကို စွပ်ကာ သူ့ကလေးများ၏ လမ်းညွှန်မှုအတိုင်း လိုက်လာလိုက်သည်။

67.2


သူတို့က ယာဉ်ပျံကို ဥမင်လှိုဏ်ခေါင်းရှေ့အထိ မောင်းနှင်လာကာ ‌အခေါင်းပေါက်ဖြစ်နေသော မိုင်းတွင်းထဲသို့ ဆင်းသက်လိုက်သည်။ 


"ဒီဂြိုဟ်ကတော့ ဖက်ဒရယ်ရဲ့ စွမ်းအင်သတ္ထုရိုင်း အကြွယ်ဝဆုံးဂြိုဟ်လို့ ခေါ်ထိုက်ပါတယ် ဒီလောက်နက်နေတဲ့ မြေကြီးထဲမှာတောင် သတ္ထုရိုင်းတွေ ရှိနေတုန်းပဲ ..." 


ကျောက်လင်းယွီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ 


တကယ်လို့ ကြယ်ဓားပြတွေကသာ စွမ်းအင်သတ္ထုရိုင်းကို လိုချင်တာဆိုရင် အပေါ်ယံလောက်ပဲ တူးရုံပဲလေ ဒီလောက်အနက်ကြီးအထိ တူးဖို့ လိုအပ်လို့လား ရမ်ရှန့်ကလည်း သူလိုချင်တာ တစ်ခုခု ရှိနေတယ်လို့ ပြောတော့ ကြယ်ဓားပြတွေမှာလည်း အလားတူပစ္စည်းတစ်ခုခု ရှိနေလို့များလား ... 


ရမ်ရှန့်မှာ မည်သည့်အရာကိုမှ မခံစားမိသေးသော်ငြား သူ့ကလေးများမှာတော့ ထူးထူးကဲကဲ ပျော်မြူးနေကြသည်။ သူတို့၏ လမ်းညွှန်ချက်အရ ရမ်ရှန့်သည် ငုတ်တုပ်ထိုင်ကာ မြေကြီးပေါ်ရှိ အရာတိုင်းကို ကောက်ယူလိုက်သည်။ အချိန်အတော်ကြာ ကြည့်နေပြီးကာမှ အခြားအရာများနှင့် ကွဲပြားနေသော ပစ္စည်းတစ်ခုကို တွေ့လိုက်သည်။ 


အခြားသတ္ထုရိုင်းအားလုံးမှာ ညိုဝါရောင် ဖြစ်သော်ငြား ဤလက်သီးဆုပ်အရွယ် သတ္ထုရိုင်းမှာမူ ရွှေရောင်ဖြစ်သည်။ ထိုသတ္ထုရိုင်းကို ကောက်ယူလိုက်ပြီးနောက် ရမ်ရှန့်သည် သူ့ကလေးများ၏ အောင်ပွဲခံနေဟန် ကြမ်းကြမ်းတမ်းတမ်းလှုပ်ရှားမှုကို ခံစားလိုက်ရသည်။ 


ဒါက သူတို့လိုချင်နေတဲ့ဟာလား ... 


"မင်းလိုချင်တာက ဒီသတ္ထုရိုင်းလား ..." 


ကျောက်လင်းယွီမှာ အနည်းငယ် အံ့အားသင့်သွားသည်။ 


"ဒါက သာမန်သတ္ထုရိုင်း မဟုတ်ဘူး ..." 


သူက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ 


ကျောက်လင်းယွီလည်း ထိုသတ္ထုရိုင်းကို ငုံ့ကြည့်ကာ ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။ 


"ဒါက တကယ်ကို သာမန်သတ္ထုရိုင်း မဟုတ်ဘူးပဲ ..." 


အတွင်းထဲရှိ စွမ်းအင်များမှာ အခြားသတ္ထုရိုင်းများနှင့် မတူညီဘဲ တည်ငြိမ်နေသည်။ သို့သော် ဖက်ဒရယ်တွင် ဤအကြောင်းနှင့် ဆက်စပ်သည့် အချက်အလက် တစ်ခုတစ်လေကိုမှ မတွေ့ဖူးချေ။ 


ဖက်ဒရယ်တစ်ခုလုံးက ထိုအကြောင်းကို မသိသော်ငြား ကြယ်ဓားပြများကတော့ သိနေသည့်အပြင် လက်ဦးမှုယူကာ သိမ်းပိုက်သွားချေပြီ။ ကာဘီယန်နဲ့ သူ့ရဲ့ အပေါင်းအပါတွေက ဘာတွေ ကြံနေတာလဲ သူတို့က ဘယ်လိုလုပ် ဒီအကြောင်းကို သိကြတာလဲ ... 


"လင်းယွီ ကလေးတွေက ဒါကို တအားသဘောကျနေတယ် ပြန်ရောက်ရင် ဒါကို ခေါင်းပေါ်ထားပေးထားရမယ် ..." 


ရမ်ရှန့်က သူ့လက်ထဲရှိ သတ္ထုရိုင်းကို ယူကာ ပြောလိုက်သည်။ 


"အရင်ဆုံး ပြန်ရအောင် ..." 


သူက ခေါင်းငြိမ့်ပြကာ ဘေးနားရှိ သာမန်သတ္ထုရိုင်းများကို ကြည့်ရင်း ပြောလိုက်သည်။ 


"နှမြောစရာပဲ ..." 


ပဉ္စလက်ဆန်ဆန် သတ္ထုရိုင်းကို တွေ့ရသည့်အပြင် ကြယ်ဓားပြများ၏ မသမာမှု တစ်စွန်းတစ်စကိုပါ သိလိုက်ရခြင်းသည်ပင် ကံကောင်းနေပြီ ဖြစ်သော်ငြား ကျန်သတ္ထုရိုင်းအားလုံးမှာ အလကားဖြစ်ကုန်တော့မည်ဟု တွေးလိုက်မိချိန်တွင် နှမြောလာ‌မိတော့၏။ 


"ဒီသတ္ထု‌ရိုင်းတွေကို လိုချင်လို့လား ..." 


ရမ်ရှန့်က မေးလိုက်သည်။ 


"ဒါတွေက ဈေးကြီးတယ်လေ ..."


သူက ပြုံးကာ ပြောလိုက်သည်။ 


သတ္ထုရိုင်းတွေဆိုတာ ဝေးလံခေါင်ဖျားက အရင်းအမြစ်ဂြိုဟ်တွေမှာပဲ ရှိတဲ့အပြင် လက်နဲ့ပဲ တူးလို့ရတာ‌လေ ဘယ်လိုလုပ် ဈေးပေါပါ့မလဲ ... 


"ဒါဆိုလည်း နည်းနည်းလောက် တူးကြမလား ..." 


ရမ်ရှန့်က တလက်လက်တောက်ပနေသော အကြည့်တို့ဖြင့်ကြည့်ကာ မေးလိုက်သည်။ 


ကလေးတစ်ယောက် မွေးဖို့က ‌ငွေအားလူအား အရမ်းကုန်တယ်လို့ ကြားဖူးထားမှတော့ နည်းနည်းလောက် ကြိုပြီး ပြင်ဆင်ထားသင့်တယ် မဟုတ်လား ... 


"ကောင်းပြီလေ ဒါဆိုလည်း နည်းနည်းလောက် တူးပြီး ကွာခြားချက်ကို နှိုင်းယှဉ်ကြည့်ကြတာပေါ့ ..." 


သူ့စကားဆုံးသည်နှင့် တစ်ပြိုင်နက် ရမ်ရှန့်၏ အမြစ်များ ထွက်လာကာ နံရံထဲမှ သတ္ထုရိုင်းများကို တူးထုတ်နေသည်အား မြင်လိုက်ရသည်။ 


အပင်၏ အမြစ်များမှာ ခွန်အားကြီးမားပြီး သာမန်အပင်တို့၏ အမြစ်များကပင်လျှင် ကျောက်နံရံကို ထွင်းဖောက်နိုင်ပေသည်။ ထို့ပြင် ရမ်ရှန့်သည် သာမန်ထက် ထူးကဲသည့် စိတ်ဝိဉာဉ်ဖြစ်သည်။ 


သူ့အမြစ်များမှာ ကျောက်လင်းယွီ၏ ခွန်အားကို မယှဉ်နိုင်သည့်တိုင် ထိုပုံဆောင်ခဲများထက်တော့ အဆပေါင်းများစွာ သန်မာပါသေးသည်။ သူ့အမြစ်များကို အသုံးပြုကာ နံရံကို တူးလိုက်သည်နှင့်တစ်ပြိုင်နက် သတ္ထုရိုင်းကြီးကြီးငယ်ငယ်တို့မှာ မြေပေါ်သို့ တလဟော ကျဆင်းလာတော့သည်။ ထို့နောက် ကျန်အမြစ်များကို သုံးကာ ၎င်းတို့ကို ချမ်ခွမ့်အိတ်ထဲသို့ သိမ်းဆည်းလိုက်သည်။ 


သူ့အိတ်မှာ မကြီးမားသော်ငြား ပစ္စည်းအရေအတွက် မြောက်များစွာ ထည့်နိုင်ပေသည်။ ထို့ကြောင့် ရမ်ရှန့်သည် စွမ်းအင်သတ္ထုရိုင်းများ အပြည့်ထည့်လိုက်သည်။ 


လူဖလံလေး ရမ်ရှန့်၏ မိုင်းတူးသည့် အမြန်နှုန်းမှာ အံ့ဩဖွယ် ကောင်းလှသည်။ သူ့အမြစ်များကို ကျောက်တောင်ကြား ထည့်လိုက်သည်နှင့်တစ်ပြိုင်နက် အိမ်ပမာဏလောက် ရှိသော သတ္ထုရိုင်းမှာ တရစပ် ကျဆင်းလာရာ မိုင်းတူးခြင်းနှင့် ပတ်သက်ပြီး ဗဟုသုတချို့ယွင်းရှာသည့် မာရှယ်ထက် အပြတ်အသတ် သာသွားတော့သည်။ 


ရမ်ရှန့်ကို တစ်ခြားသူတွေစီကနေ ကာကွယ်ရမှာ မဟုတ်ဘဲ တစ်ခြားသူတွေကို သူ့လက်ထဲကနေ ကာကွယ်သင့်တာလား ... 


"ချမ်ခွမ့်အိတ်လည်း ပြည့်သွားပြီဆိုတော့ ပြန်ကြတော့မလား ..." 


မိုင်းတူးသည့် လုပ်ငန်းစဉ် အပြီးသတ်ချိန်နီးကာမှ အံ့ဩနေသော အမူအယာနှင့် ကျောက်လင်းယွီကို သတိထားမိသွားတော့သည်။ 


ဒါ သူ ငွေရှာနိုင်တဲ့ ပထမဆုံးအကြိမ်ပဲ ... 


တကယ်လို့ အနာဂတ်မှာ ကျောက်လင်းယွီသာ ငွေပြတ်လပ်သွားရင် ကလေးတွေကိုရော သူ့ကိုယ်သူအတွက်ပါ မိုင်းတူးပြီး ထောက်ပံ့ပေးနိုင်တော့မှာပဲ ပြီးတော့ ကျောက်လင်းယွီကိုရောပေါ့ ... 


ထိုသို့ တွေးလိုက်သည်နှင့် တစ်ပြိုင်နက် ရမ်ရှန့်မှာ စိတ်လှုပ်ရှားသွားတော့သည်။ 


"သွက်သွက်လေး သွားရအောင် ဂြိုဟ်က ပျက်စီးတော့မှာ ..." 


ကျောက်လင်းယွီက ခေါင်းငြိမ့်ပြလိုက်သည်။ 


ရမ်ရှန့်ကို ယာဉ်ပေါ်သို့ တင်ပေးပြီး မကြာလိုက် ကြယ်အမှတ် ၁၂၅၃၄ သည် တစ်စစီ ပျက်စီးသွားတော့သည်။ 


ဥက္ကာခဲပဲ ဖြစ်သွားမလား ဂြိုဟ်သိမ်ဂြိုဟ်မွှားပဲ ဖြစ်သွားမလား နောင်တစ်ချိန် ဖက်ဒရယ်မှာ နည်းပညာတွေ တိုးတက်လာရင်တော့ ဒီသတ္ထုရိုင်းတွေကို လာတူးနိုင်မယ့်သူ ရှိလာမှာပါလေ ... 


ကျောက်လင်းယွီက ဂြိုဟ်အထက်တွင် ရပ်တန့်ထားသော ပင်မသင်္ဘောထံသို့ ယာဉ်ပျံကို မောင်းနှင်သွားလိုက်သည်။ 


ဂြိုဟ်ပျက်သုဉ်းသွားသည်နှင့် တစ်ပြိုင်နက် ကြယ်ဓားပြများကို တိုက်ခိုက်ရန် သူစေလွှတ်ထားသော ကင်းထောက်ယာဉ်များသည် ဓားပြများကို မှီလာကာ စတင်တိုက်ခိုက်လိုက်တော့သည်။ 


ကြယ်ဓားပြများနှင့် တိုက်ခိုက်ရာတွင် စစ်သည်အင်အား မည်မျှပင် နည်းပါးစေကာမူ အနိုင်ရခဲ့သည်ချည်းသာဖြစ်သည်။ သို့သော် ကုန်သယ်ယာဉ်ကို တိုက်ခိုက်တော့မည့်အချိန်တွင် ထိုကြယ်ဓားပြများက လက်နက်အသစ်အဆန်းဖြင့် တိုက်ခိုက်လာကြသည်။ 


ကြယ်ဓားပြအုပ်စုလေးမှာ ပထမတပ်ဖွဲ့ကိုတောင် မှန်အောင် ပစ်နိုင်တဲ့ လက်နက် ရှိနေတယ်တဲ့လား ... 


တပ်ဖွဲ့ကို ဦးဆောင်နေသည့် ဟုန်ကျုံးသည် ကျောက်လင်းယွီကို သတင်းပေးပို့ရင်း နောက်ကြောင်းပြန်ဆုတ်လိုက်သည်။ 


သူဆုတ်သွားသည်ကို မြင်လိုက်သည့် ကြယ်ဓားပြများကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်တိုက်ခိုက်လာသည်။ မကြာမီ ‌ဟုန်ကျုံးက ပြန်ပေါ်လာပြန်ကာ တန်ပြန်ထိုးစစ်ဆင်လိုက်တော့သည်။ 


ဟုန်ကျုံးက ဗျူဟာအပြည့်အစုံကို စာစီကာ ပေးပို့လိုက်သည်။ 


"ရန်သူ အသာစီးရရင် နောက်ပြန်ဆုတ်၊ ရန်သူ စခန်းချရင် အလစ်ဝင်တိုက်၊ ရန်သူ ပင်ပန်းရင် ဝင်တိုက်ခိုက်၊ ရန်သူတပ်ဆုတ်ရင် နောက်ကလိုက်တိုက်..." 


(Mao Tse-Tung ၏   မီးပွါးတစ်စသည် ကွင်းပြင်တစ်ခုလုံး လောင်ကျွမ်းစေနိုင်သည်" မှ ကောက်နုတ်ချက်) 


ကြယ်ဓားပြများ၏ စွမ်းအင်သတ္ထုရိုင်းများကို သယ်ဆောင်ထားသောယာဉ်မှာ တစ်ဖြေးဖြေး အရှိန်လျော့လာတော့သည်။ 


xxxxxxx