အပိုင်း ၆၉
Viewers 18k

Chapter 69


အီသန်သည် ကျောက်လင်းယွီ၏ စောင့်ကြည့်ခြင်းကို သည်းခံနေသည်မှာ သူ့ထက်အားနည်း၍ မဟုတ်၊ သူ့ကို အတိုက်အခံ မလုပ်ချင်၍သာ ဖြစ်သည်။ 


သူ့တွင် တိုက်ခိုက်ရေးစွမ်းရည် မရှိသည့်အပြင် ကာကွယ်ရေးစွမ်းရည်မှာလည်း အသုံးချခဲ၍ မကျွမ်းကျင်သည့်တိုင် S အဆင့် စွမ်းရည်ပိုင်ရှင်တစ်ဦး ဖြစ်နေဆဲပင်ဖြစ်သည်။ 


အတိတ်အချိန် ကျောက်လင်းယွီနှင့် ရင်ဆိုင်ခဲ့စဉ်ငလည်း သူသည် S အဆင့် ကာကွယ်ရေးစွမ်းရည်ကို သုံးကာ သူ့ခန္ဓာကိုယ်အတွက် ကာကွယ်ရေးဒိုင်းကို ဖန်တီးခဲ့သေးသည်။ ထို့ကြောင့် သာမန်သူများသည် သူ့အနားသို့ စိတ်တိုင်းကျ မကပ်နိုင်ပေ။ ယခုလည်း သူ၏ ဒိုင်းဖြင့် ပင်မထိန်းချုပ်ခန်းတံခါးကို ခေါက်နေပြန်သည်။ 


"ကျောက်လင်းယွီ ထွက်လာခဲ့ ..." 


အီသန်၏ ဒိုင်းမှာ ဧရာမလိပ်ခွံကြီးကဲ့သို့ပင် သန်မာလှရာ ပင်မထိန်းချုပ်ခန်း တံခါးမှာ ပျက်စီးလုနီးပါး ဖြစ်လာဝောာ့သည်။ 


"အီသန် ငါက ဒီမှာ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


"ကျောက်လင်းယွီ!! ..." 


အီသန်က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ 


"မင်း ဘာတွေ စောက်ရူးထနေတာလဲ ကြယ်ဓားပြတွေကလည်း ထွက်ပြေးသွားပြီ သင်္ဘောပေါ်မှာလည်း ပြည်သူတွေ ပါနေသေးတာကို ဘာလို့ သူတို့နောက် လိုက်နေဦးမှာလဲ ..." 


သူ ဒီကို မလာခင်က ရန်ယဲ့နှင့် သွားတွေ့ခဲ့သေးသည်။ ထိုသူက ဤခရီးမှာ  ဘေးကင်းမည်ဟု အာမခံခဲ့ကာ ပြီးခဲ့သည့် ဖြစ်ရပ်များအရလည်း သေချာပေါက် ဘေးကင်းမည်ဟု သုံးသပ်နိုင်သည့်ခရီးပင် ဖြစ်သည်။ 


ကြယ်အမှတ် ၁၂၅၃၄ မှ ပြည်သူများကို ကယ်ဆယ်ပြီးပါက မြို့တော်ကြယ်သို့သာ တန်းတန်းမတ်မတ် ပြန်သင့်ပေသည်။ အီသန်သည် ရရှိလာမည့် အကျိုးအမြတ်များကို တွက်ချက်ရင်း ကျေနပ်အားရစွာဖြင့် အိပ်မော‌ကျနေခဲ့သောငြား ကျောက်လင်းယွီ၏  ပင်မသင်္ဘောတစ်စီးတည်းဖြင့် ကြယ်ဓားပြများကို လိုက်လံတိုက်ခိုက်မည်ဆိုသည့် သတင်းကြောင့် မိုးကြိုးပစ်ချခံလိုက်ရသည့်နှယ် လန့်နိုးလာတော့သည်။ 


ကြယ်ဓားပြတွေမှာက အရန်ယာဉ်တွေ အများကြီးလေ သူတို့မှာက ပင်မသင်္ဘောတစ်စီးပဲ ရှိတာ ပထမတပ်ဖွဲ့ရဲ့ ပင်မသင်္ဘောက ဘယ်လောက်ပဲ အင်အားကြီးပါတယ်ပြောပြော မတော်တဆမှုတစ်ခုခု မဖြစ်ပါဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူးလေ ... 


"ငါတို့က ကြယ်ဓားပြတွေကို တိုက်ခိုက်ဖို့ လာတာ ဖြစ်တဲ့အတွက် သေချာပေါက်ကို သူတို့နောက် လိုက်ရမှာပေါ့ ..." 


ကျောက်လင်းယွီက မဆိုင်းမတွ ပြန်ဖြေလိုက်သည်။ 


"ကျောက်လင်းယွီ သင်္ဘောပေါ်မှာ ပြည်သူတွေ ရှိနေသေးတယ် မင်းက သူတို့ကိုပါ သေတွင်းထဲ တွန်းပို့ချင်နေ‌တာလား ..." 


အီသန်မှာ ကြောက်ရွံ့နေသည်ကို ဝန်မခံရဲ၍ ပြည်သူများကို အသုံးချလိုက်သည်။ 


"ငါသိတယ် ..." 


သူက ပြောလိုက်သည်။ 


"သိတာတောင် ဆက်လုပ်ရဲသေးတယ်ပေါ့ ကျောက်လင်းယွီ အခုချက်ခြင်း ပြန်လှည့်ရင်လှည့် ပြန်မလှည့်လို့ ဒီသင်္ဘောကို ဖျက်ဆီးပစ်ကာမှ ငါ့ကို အဆိုးမဆိုနဲ့ ..." 


အီသန်က ပင်မထိန်းချုပ်ခန်းတံခါးကို လက်သီးဖြင့် ထိုးလိုက်သည်။ 


ကျောက်လင်းယွီမှာ စွမ်းရည်ဆုံးရှုံးထားသူဖြစ်ကာ ဖန့်ချန်ကျွင့်သည် သူ့ထက်ငယ်ရွယ်သည့်အပြင် စွမ်းရည်ပိုင်းဆိုင်ရာအရလည်း အားနည်းသည့်အတွက် ဤသင်္ဘောပေါ်တွင် သူ့ကို ခုခံနိုင်မည့်သူ မရှိချေ။ ထို့ကြောင့် စိတ်တိုင်းကျ ထင်ရာစိုင်းနေခြင်းဖြစ်သည်။ 


အီသန့်အနေဖြင့်လည်း ခွန်အားသုံးကာ အခြားသူကို ခြိမ်းခြောက်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည့်အတွက် သူ၏ စွမ်းအားကြီးမားနေမည့် ပုံရိပ်ကို မြင်ယောင်ရင်း စိတ်လှုပ်ရှားလာတော့သည်။  ထိုအချိန်တွင် ပြင်းထန်လှသည့် အားတစ်ခုက သူ့ဒိုင်းကို ဝင်တိုက်ကာ အက်ကွဲသွားစေသည်။ 


အလန့်တကြား လှည့်ကြည့်လိုက်ချိန်တွင် သူ့လက်သီးကို ‌တစ်ဖြေးဖြေး ပြန်ဆွဲထုတ်နေသည့် ကျောက်လင်းယွီကို တွေ့လိုက်ရသည်။ 


ကြယ်ဓားပြများကို လိုက်လံတိုက်ခိုက်ရဲသည်မှာ သူ့တွင် ကိုယ်ပိုင် အကြောင်းပြချက် ရှိနေ၍ဖြစ်သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ ထပ်မံတိုးတက်လာကာ ဖက်ဒရယ်၏ သမိုင်းဝင် S အဆင့် ကာယစွမ်းရည်ပိုင်ရှင်၏ စံချိန်ကိုပင် ချိုးဖျက်နိုင်ခဲ့သည်။ ထို့ကြောင့် သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ ယခင်ထက် မနိမ့်လှပေ။ 


ဖက်ဒရယ်သမိုင်းတစ်လျှောက် အသန်မာဆုံးသူ၏ စံချိန်ထက်ပင် သာလွန်နေရာ အီသန်၏ အကာအကွယ်ဒိုင်းကို မဖျက်ဆီးနိုင်စရာ အကြောင်းမရှိပေ။ 


"‌ဇာ့ဂ်ဘုရင်မကြောင့် ငါ့ရဲ့ ပေါင်းစပ်စွမ်းရည်တွေ ပျက်ဆီးသွားပြီဆိုပေမယ့် ကာယစွမ်းရည်ကတော့ တိုးလာတယ်လို့ မပြောမိခဲ့ဘူးလား ..." 


သူက အီသန်ကို မေးလိုက်သည်။ 


အီသန်သည် ကျောက်ဖမ်းနှင့် ရွယ်တူဖြစ်သည့်အတွက် ကျောက်လင်းယွီထက် များစွာ အသက်ကြီးသော်ငြား ဤအခိုက်အတန့်တွင် နှလုံးသားထဲမှပင် တုန်လှုပ်လာတော့သည်။ 


"မပြောဖူးဘူး ..." 


"ဒါဆိုလည်း အခု သိသွားတာပေါ့ ..." 


ကျောက်လင်းယွီက အနားသို့ ကပ်လာကာ သူ့ပုခုံးကို ပုတ်လိုက်သည်။ 


"မင်းက လူသုံးသောင်းကျော်ရဲ့ လုံခြုံရေးကို စိတ်ပူနေမှန်း သိပေမယ့် စိတ်ချလက်ချသာ အနားယူ သူတို့ကို မှဲ့တစ်ပေါက်တောင် မစွန်းစေရဘူး ..." 


"မင်းက ဘယ်သူမိုလို့ ဒီလိုမျိုး အာမခံနိုင်ရတာလဲ ..." 


အီသန်က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။


"လော့ခဲမိသားစုရဲ့ ကာကွယ်ရေးစွမ်းရည်က အရမ်းကို သန်မာပြီး ဟိုးအရင်က ဆက်ခံသူတွေဆိုရင် စစ်သင်္ဘောတစ်စီးလုံးကိုတောင် ကာကွယ်ပေးနိုင်တယ်တဲ့ ဆိုတော့ မင်းလည်း ဒီသင်္ဘောကို ကာကွယ်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ် ..." 


သူက ထပ်ပြောလိုက်သည်။

69.2


"အချိန်ကျလာရင် မင်းကို အပြင်ထွက်ပြီး စစ်သင်္ဘောတစ်ခုလုံးနဲ့ ပြည်သူတွေအားလုံးကို ကာကွယ်နိုင်ဖို့ အခွင့်အရေးတစ်ခု ပေးပါ့မယ် ..." 


မင်းအဖေက ဒီစစ်သင်္ဘောကို ကာကွယ်ချင်တယ်များ ထင်နေလားကွ ... 


အီသန်မှာ အော်ပြောလိုက်ချင်သော်ငြား ကျောက်လင်းယွီ၏ အကြည့်များနှင့် ဆုံလိုက်ရချိန်တွင် တဆတ်ဆတ်တုန်ကာ ဘာမှ မပြောရဲတော့ပေ။ 


သူလည်း ကျောက်လင်းယွီကို ရန်မစရဲတော့ဘူး ... 


ကျောက်လင်းယွီက သူ့အမူအယာကို ဝမ်းသာအားရ စိုက်ကြည့်ကာ ပုခုံးကို ပုတ်ပေးရင်း ပင်မထိန်းချုပ်ခန်းထဲသို့ ဝင်သွားလိုက်သည်။ 


"တံခါးပြန်ပြင်ပြီးရင် ကုန်ကျစရိတ်ကို မစ္စတာလော့ခဲဆီက တောင်းလိုက်ကြ ..." 


"ဟုတ်ကဲ့ ..." 


ဝူရွှိုက်က ဝမ်းသာအားရဖြင့် ပြန်ဖြေလိုက်သည်။ 


အီသန်မှာ ကြမ်းပေါ်သို့ လဲကျသွားသည်။ သူ့ပုခုံးနှစ်ဖက်လုံးမှာ အလွန်အမင်း နာကျင်လွန်း၍ လက်ချောင်းတစ်ချောင်းကိုပင် မမနိုင်တော့ချေ။ 


"လင်းယွီ သူ့ပုခုံးကို နာအောင်လုပ်လို့ တကယ်ပဲ အဆင်ပြေလို့လား ..." 


ရမ်ရှန့်က အသံတိုးတိုးဖြင့် မေးလိုက်သည်။ သူ့အသံမှာ တိုးနေသော်ငြား အားလုံးမှာ ကျောက်လင်းယွီ၏ ခွန်အားကို အံ့ဩကာ တိတ်ဆိတ်နေကြသည့်အတွက်  ရမ်ရှန့်ပြောသမျှကို ရှင်းရှင်းလင်းလင်း ကြားလိုက်ကြသည်။ 


"ဒီတိုင်း ဒဏ်ရာသေးသေးလေးပဲကို ပြဿနာမရှိပါဘူး ပြီးတော့ စွမ်းရည်ကို အသုံးချဖို့အတွက် လက်တွေကို မဖြစ်မနေသုံးဖို့ မလိုဘူးလေ ..." 


သူက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ 


ထိုသည်ကို ကြားလိုက်သည့် အီသန်မှာလည်း  မကျေနပ်ချက်များအားလုံးကို မျိုသိပ်ထားလိုက်ရတော့သည်။ အကယ်၍ သူသာ နောက်တစ်ကြိမ် ရန်သွားစပါလျှင် သူ့ခြေလက်များကို ချိုးရန် အခွင့်အရေး ပေးလိုက်သည်နှင့် အတူတူပင်ဖြစ်သည်။ ခြေလက်များ ကျိုးသွားသည့်တိုင် စွမ်းရည်ကိုတော့ အသုံးပြုနေနိုင်ဦးမည် ဖြစ်ကာ ကုသရေးအခန်းတွင် ရက်အနည်းငယ် လှဲနေရုံဖြင့် ပျောက်ကင်းနိုင်ပေသည်။ 


"အိုး ..." 


ဖြစ်ပျက်သမျှအားလုံးကို မျက်မြင်တွေ့လိုက်ရသည့် ဖန့်ချန်ကျွင့်သည် ချောင်းအသာဟန့်ကာ ပင်မထိန်းချုပ်ခန်းကို ရှုပ်ယှက်ခတ်နေသော အကြည့်တိူ့ဖြင့် ကြည့်နေလိုက်သည်။ 


ကျောက်လင်းယွီသည် စွမ်းရည်မရှိတော့၊ နာမည်သာ ကျန်နေတော့သည်ဟု အားလုံးက ထင်နေကြသော်ငြား ထိုသူမှာ မမျှော်လင့်ထားလောက်အောင်ပင် သန်မာနေပေသည်။ 


အီသန်၏ အကာအကွယ်ကို ချိုးဖောက်နိုင်ရန် အနည်းဆုံး S အဆင့်စွမ်းရည်ပိုင်ရှင် ဖြစ်နေရပေမည်။ ကျောက်လင်းယွီကို ရန်မစမိ၍သာ တော်သေးသည်။ 


ထိုသတင်းမှာ သင်္ဘောတစ်ခုလုံးသို့ ပျံ့နှံ့သွားကာ ပထမတပ်ဖွဲ့ရှိ တပ်သားများမှာလည်း စိတ်လှုပ်ရှားကုန်ကြတော့သည်။ 


ဆုံးရှုံးရမယ့်အစား သူတို့ရဲ့မာရှယ်မှာ နောက်ထပ် S အဆင့် စွမ်းရည်တစ်ခု ရှိလာတယ်တဲ့ ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်ဆိုတဲ့ စကားက တကယ်ကို အမှန်ပဲနော် ... 


အခန်းထဲတွင် ကန့်သတ်ခံထားရသော ပြည်သူများကို မည်သူကမှ ထိုအကြောင်း မပြောပြသော်ငြား အထူးနည်းလမ်းဖြင့် သိရှိထားသူများလည်း ရှိနေသေးသည်။ 


ကာဘီယန်က စိတ်ရှုပ်ထွေးနေဟန်ရှိ ဆန်စေ့အရွယ် ပုတီးစေ့ကို နားထဲ ထည့်လိုက်သည်။ 


ကျောက်လင်းယွီသည် လူကယ်ပြီးပါလျှင် အနီးစပ်ဆုံး လူနေဂြိုဟ်မှတစ်ဆင့် မြို့တော်ကြယ်သို့ ပြန်မည်ဟုသာ တွက်ဆထားခဲ့ပြီး ကြယ်ဓားပြများကို လိုက်လံတိုက်ခိုက်လိမ့်မည်ဟု လုံးဝ မထင်ထားပေ။ 


လော့ခဲမိသားစု၏ အကာအကွယ်ဒိုင်းကို လက်သီးတစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်လိမ့်မည်ဟုတော့ ပို၍ပင် ထင်မထားခဲ့ချေ။ 


ထို့ကြောင့် သူသည် ကျောက်လင်းယွီ၏ မျိုးရိုးဗီဇကို ပိုမိုစိတ်ဝင်စားလာကာ နည်းလမ်းပြောင်းရန် ပြင်ဆင်တော့သည်။ 


တားမြစ်ထားသည့် ဤနေရာမှ လွတ်မြောက်ရန်မှာတော့ အဓိကအရေးအကြီးဆုံးပင် ဖြစ်သည်။ 


ကာဘီယန်က သူ့ကို ထမင်းလာပို့သည့် စစ်သားအား ရိုက်နှက်လိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ ပင်မစစ်သင်္ဘောသည် ကြယ်ဓားပြများနှင့် တစ်ဖြေးဖြေး နီးကပ်လာသည်။ ကင်းထောက်တပ်ဖွဲ့ကလည်း ၎င်းတို့ကို ရှာတွေ့သွားပြီဖြစ်၍ လက်နက်ဖြည့်တင်းရန် ပင်မသင်္ဘောသို့ ပြန်လာလိုက်ကြသည်။ 


ထိုအချိန်တွင် စစ်သားတစ်ဦးသည် ကာဘီယန်နှင့်အတူ သန့်စင်ခန်းထဲသို့ ဝင်သွားပြီးနောက် ပျော့ခွေကာ မသက်မသာဖြစ်နေသည့် ကာဘီယန်ကို ဆွဲထုတ်လာသည်။ 


ကာဘီယန်ကို ပြည်သူများအကြား ထားရင်း ထိုစစ်သားက ပြန်ထွက်လာသည်။ ယူနီဖောင်းဝတ်နှင့် အမျိုးသားမှာ ကာဘီယန်၏ နေရာတွင် အစားထိုးခံလိုက်ရကြောင်းကိုတော့ မည်သူမှ မသိခဲ့ချေ။ 


သူ၏ စွမ်းရည်မှာ မသန်မာသော်ငြား ထူးခြားပေသည်။ သူ၏ ရုပ်သွင်ကို အလိုရှိသလို ပြောင်းလဲနိုင်သည့်အပြင် သူ၏ ကိုယ်ပိုင် မျိုးရိုးဗီဇကိုပင် အပေါ်ယံ ပြောင်းလဲနိုင်သည်။ 


ထိုသို့ ကောင်းမွန်လှသော်ငြား ကန့်သတ်ချက်များလည်း ရှိနေသေးသည်။ ဥပမာအားဖြင့် သူသည် ထိုသူ၏ စွမ်းရည်ကို ပုံတူကူး၍ မရသည့်အပြင် သွေးစစ်ကြည့်ပါက သေချာပေါက် ရှာတွေ့နိုင်မည်ဖြစ်သည်။ 


ချိူ့ယွင်းချက် အသေးအဖွဲလေးများ ရှိနေသည့်တိုင် များသောအားဖြင့် လုံလောက်ပေသည်။


ကာဘီယန်က တံခါးကို မျက်လုံးလက်ဗွေဖြင့် ဖွင့်ကာ ပင်မထိန်းချုပ်ခန်းသို့ ဦးတည်လိုက်သည်။ 


ထိုအချိန်တွင် ပင်မသင်္ဘောမှာလည်း ကြယ်ဓားပြများကို လိုက်မှီသွား၍ အဝေးမှ စတင်တိုက်ခိုက်လိုက်သည်။ 


"ပထမတပ်ဖွဲ့က လူတွေ ရူးကုန်ကြပြီလား ပင်မသင်္ဘော တစ်စီးတည်းနဲ့ လိုက်လာရဲတယ်ပေါ့ ..." 


"ပထမတပ်ဖွဲ့ကို တိုက်ထုတ်ပစ် သူတို့တွေ ဘယ်လောက်အထိ ဘဝင်မြင့်နိုင်ဦးမလဲ စောင့်ကြည့်ရမယ် ..." 


"ဟုတ်တယ် ရပ်ပြီးတော့ သူတို့ကို ကြိုဆိုလိုက်ရအောင် ..." 


..... 


အာကာသယာဉ်ပေါ်ရှိ ဓားပြများမှာ ဒေါပွနေသော်ငြား ကာဘီယန်၏ နံပါတ်တစ် လက်ထောက်မှာမူ အမူအယာအမျိုးမျိုး ပြောင်းလဲကာ အမိန့်ပေးရန် တွန့်ဆုတ်နေမိတော့သည်။ 


"ဒုခေါင်းဆောင် ပထမတပ်ဖွဲ့ကနေ စကားပြောခွင့် တောင်းလာပါတယ် ..." 


လူတစ်ယောက်က ရုတ်တရက် ပြောလိုက်သည်။ 


"ဆက်သွယ်ခွင့် ဟုတ်လား သူတို့တွေ ရူးများ သွားကြပြီလား ငါတို့ကို ဗုံးနဲ့ ပစ်ပြီးတာတောင် စကားပြောခွင့် တောင်းရဲသေးတယ်ပေါ့ ..." 


ဓားပြများမှာ ‌ဇဝေဇဝါဖြစ်သွားတော့သည်။ 


ဒုခေါင်းဆောင်က အနည်းငယ်တွေးကာ ပြောလိုက်သည်။ 


"လက်ခံလိုက်..." 


ဆက်သွယ်ရေးစက်က အလျင်အမြန် ချိတ်ဆက်သွားကာ သူတို့ကို ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့သည့် အိုင်ဗာကို တွေ့လိုက်ရသည်။ 


"ဟယ်လို မတွေ့ရတာတောင် ကြာပြီနော် ..." 


"ဘာကိစ်စလဲ ..." 


ကြယ်ဓားပြအုပ်စု၏ ဒုတိယခေါင်းဆောင်က မေးလိုက်သည်။ 


"ဘာမှမဟုတ်ပါဘူး မင်းတို့ကို ဗုံးတွေ နေရာတကာ ကြဲမချဖို့ သတိပေးချင်ရုံပါ ကြယ်အမှတ် ၁၂၅၃၄ မှာ ရှိနေတဲ့ နောက်ဆုံးလူအုပ်က ငါတို့သင်္ဘောပေါ်မှာလေ တကယ်လို့ မင်းတို့သာ လျှောက်ပစ်နေရင် အလောင်းတောင် ရှာရပါ့မလားပဲ အဲဒီ့ထဲမှာ မင်းတို့လူတွေလည်း ပါလာနိုင်တာပဲနော် ..." 


သူက တမင်တကာ ထုတ်ပြောလိုက်သည်။ 


ကျောက်နာကိုတောင် မလွယ်ကူဘူးလို့ ခံစားစေနိုင်တဲ့သူဆိုတော့ ကြယ်ဓားပြအုပ်စုထဲက ရာထူးကြီးကြီးနဲ့ သူများဖြစ်‌နေမလား ... 


အသုံးဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ စကားတစ်ခွန်းနှစ်ခွန်း ပိုပြော၍လည်း အကျိုးမယုတ်နိုင်ပေ။ အကာအကွယ်ဒိုင်းကို ဖန်တီးနေသော မစ္စတာလော့ခဲအတွက် အနည်းငယ် အချိန်ဆွဲထားပေးရဦးမည်ဖြစ်သည်။ သူသည် အကာအကွယ်ဒိုင်း အကြီးကြီးကို တစ်ကြိမ်တည်း မဖန်တီးနိုင်သည့်အတွက် အစောပိုင်းတွင် လက်ဦးမှု မယူခဲ့ခြင်းဖြစ်သည်။ 


ဒုခေါင်းဆောင်၏ မျက်နှာအမူအယာမှာ ရုတ်ချည်းပြောင်းလဲသွားသည်။ 


ကာဘီယန်က ပင်မသင်္ဘောပေါ်မှာ ရှိနေနိုင်တာပဲ တကယ်လို့ သူသာ တိုက်ခိုက်လိုက်ရင် ကာဘီယန်ကိုပါ ထိခိုက်စေနိုင်လောက်လား ... 


သူ့ဘော့စ်က ရန်သူ့သင်္ဘောပေါ်မှာ ရှိနေတာကို ဘယ်လိုလုပ် ဆက်ပြီး တိုက်ခိုက်နိုင်ဦးမှာလဲ ကာဘီယန် ပထမတပ်ဖွဲ့ကနေ တစ်ယောက်တည်း ပြန်လာဖို့ကို မျှော်လင့်နေလို့ရော ရပါ့မလား ...


xxxxxxx