အပိုင်း ၇၀
Viewers 18k

Chapter 70


ရှောင်လွီဖြင့် ချည်နှောင်ခြင်းခံထားရသည့် အီသန်သည် ပင်မသင်္ဘော၏ အရှေ့တွင် ရပ်ကာ သူ၏ အကာအကွယ်ဒိုင်းကို ပိုပြီး ကြီးမားလာအောင် ဖန်တီးနေသည်။ သို့သော် သူ၏ စွမ်းရည်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးမချနိုင်သည့်အတွက် အရာအားလုံး ကမောက်ကမ ဖြစ်နေတော့သည်။ 


"မင်းက တော်တော်ဆိုးဆိုးပဲ ..." 


အကြီးအကဲထန့်က သူ့ကို အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ အီသန်၏ စွမ်းရည်မှာ သန်မာသော်ငြား လေ့ကျင့်မှုအားနည်းသဖြင့် အကာအကွယ်ဒိုင်းကိုပင် ကျကျနန မဖန်တီးနိုင်ချေ။ ။ 


သူ့ဘဝတွင် တစ်ခါမှ ဤမျှလောက် အရှက်မရဖူးချေ။ မြို့တော်ကြယ်တွင် သူသည် ထူးချွန်ထက်မြက်သည့် လော့ခဲမိသားစုဆက်ခံသူ ဖြစ်သော်ငြား ယခုအချိန်တွင်တော့ နွယ်ပင်နှင့် တုပ်ကာ စွမ်းအင်ထုတ်ရန် ဖိအားပေးခံနေရသည်။ 


သို့သော် အကယ်၍ သူသာ မလုပ်ဆောင်နိုင်ပါလျှင် တိုက်ပွဲစတင်‌တော့မည် ဖြစ်သည်။ ထိုအချိန်အထိမှ စွမ်းရည်ကို အသုံးမချနိုင်သေးလျှင် သူအရင် အသက်ဆုံးရတော့မည်ဖြစ်သည်။ ယခု သူသည် ပင်မသင်္ဘော၏ ရှေ့တန်း တိုက်ခိုက်ရေးစွမ်းရည်ပိုင်ရှင်နေရာတွင် ရပ်နေရခြင်းဖြစ်သည်။ 


ဤနေရာသည် ယခင့်ယခင် သူ၏ ဘိုးဘေးများနှင့် S အဆင့် စွမ်းရည်ပိုင်ရှင်များက သင်္ဘောကို ကာကွယ်ရန် ရပ်ခဲ့ကြသည့် နေရာပင် ဖြစ်သည်။ အီသန်မှာ ယခင်က ဂုဏ်ယူမိခဲ့သော်ငြား ယခုအချိန်တွင်တော့ မကျေနပ်မှုသာ ကျန်ခဲ့တော့သည်။ ဦးဆောင်တိုက်ပွဲဝင်ရုံတင်မကဘဲ ဒီလိုနေရာမျိုးကိုပါ ချန်ခဲ့တဲ့ လူတွေက မျိုးဆက်သစ်တွေကို ဒုက္ခပေးဖို့သက်သက်ပဲ ... 


စိတ်လှုပ်ရှား ကြောက်ရွံ့နေဆဲမှာပင် သူ့အောက်ရှိ စစ်သင်္ဘောသည် ကြယ်ဓားပြများကို စတင်တိုက်ခိုက်လိုက်တော့သည်။ 


သူ့ခန္ဓာကိုယ် လှုပ်ယမ်းသွားသည်နှင့်တစ်ပြိုင်နက် အကာအကွယ်ဒိုင်းမှာ ပျောက်ကွယ်သွားတော့သည်။ 


"ကျောက်လင်းယွီက တိုက်နေပြီလား ဘာလို့ ဒီလောက်မြန်မြန်ကြီး တိုက်နေရတာလဲ ငါ့ဒိုင်းက ကောင်းကောင်းတောင် မလုပ်ရသေးဘူးလေ ..." 


ထိုအချိန်တွင် အီသန်သည် သူ၏ စွမ်းရည်ကို မလေ့ကျင့်မိသည့်အတွက် ပထမဆုံးအကြိမ် နောင်တရလာတော့သည်။ ဒါပေမယ့် ဘယ်သူကရော ဒီလိုမျိုး ကြုံလာမယ်လို့ ထင်ထားမှာလဲ ...သူ့ဘိုးဘေးများသည် စစ်ပွဲတွင် ဦးဆောင်တိုက်ပွဲဝင်ကာ ဖက်ဒရယ်နှင့် လူသားမျိုးနွယ်အတွက် ကျယ်ပြောလှသော နယ်မြေကို ဆောင်ကြဉ်းပေးနိုင်ခဲ့သော်ငြား သူတို့၏ မိသားစုမှာမူ နိုင်ငံရေးတွင်သာ ပါဝင်ခဲ့သည်မှာ မျိုးဆက်ပေါင်းများစွာ ကြာနေလေပြီ။ 


"ဒါလေးတောင် တောင့်မခံနိုင်ရင် သေဖို့စောင့်နေလိုက်တော့ ..." 


အကြီးအကဲထန့်က ထိုသို့ ပြောကာ မလှမ်းမကမ်းရှိ ကြယ်ဓားပြများ၏ စစ်သင်္ဘောကို ညွှန်ပြလိုက်သည်။ 


"ကြည့်လိုက် တိုက်ခိုက်မှုက စနေပြီ ..." 


တိုက်ခိုက်မှုသည် သူတို့ သင်္ဘောထံ ပြေးဝင်လာကာ ယာဉ်ကို ထိမှန်တော့မည်ဖြစ်သည်။ အီသန်မှာ အလွန်အမင်း စိတ်လှုပ်ရှားသွားသည့်အတွက် အကာအကွယ်ဒိုင်းကို ရုတ်တရက် ဆွဲထုတ်ကာ သင်္ဘောတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။ 


ပြိုင်ဘက်သင်္ဘော၏ တိုက်ခိုက်နှုန်းသည် တစ်ဖြေးဖြေး အရှိ‌န်နှေးလာကာ အကာအကွယ်ဒိုင်းနှင့် ထိတွေ့ပြီးနောက် လုံးဝ ပျောက်ကွယ်သွားတော့သည်။ 


"လုပ်နိုင်သွားပြီ ..." 


အီသန်မှာ အလွန်အမင်း တက်ကြွသွားတော့သည်။ သူ့ကိုယ်သူ အင်မတန် သန်မာလှသည်ဟု အထင်ရောက်နေသော်ငြား ဖန့်ချန်ကျွင့်သည် သူ့ကို စိုက်ကြည့်ကာ ခြေနှစ်လှမ်းခန့် အသံတိတ် နောက်ဆုတ်သွားလိုက်သည်။ 


ဝေးနေ၍လား ကြောက်ရွံ့၍လားတော့ မသိ။ ကြယ်ဓားပြများ၏ တိုက်ခိုက်ပုံမှာ အားမပါလှချေ။ ဒိုင်းမပါလျှင်ပင် ယာဉ်ကို မည်သို့မျှ ထိခိုက်စေမည် မဟုတ်ချေ။ အီသန်ကသာ ကြွက်တစ်ကောင်လို အသည်းငယ်ကာ ကြောက်ရွံ့နေခြင်းဖြစ်သည်။ သူသည် သာမန်တိုက်ခိုက်မှုလေးကိုပင် ကြောက်ရွံ့တတ်သူဖြစ်ကြောင်း သိသာသွားပေသည်။ 


ဖန့်ချန်ကျွင့်မှာ သူ့ကိုယ်သူ ကံကောင်းသည်ဟုသာ တွေးလိုက်မိတော့သည်။ သူ့စွမ်းရည်မှာ စစ်မြေပြင်တွင် ကျင်လည်နေရသူများ‌လောက် မကောင်းသော်ငြား အကယ်၍ သူသာ ကျောက်လင်းယွီကို ဆန့်ကျင်ခဲ့ပါလျှင် ဤနေရာတွင် နွယ်ပင်နှင့် အချည်ခံရမည့်သူမှာ သူဖြစ်လာနိုင်သည်။ 


အီသန့်ကို ချည်နှောင်ထားသော ရှောင်လွီကို တစ်ချက်စိုက်ကြည့်ရင်း စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် သူ၏ အာရုံတို့သည် အခြားနေရာသို့ ကျရောက်သွားသည်။ 


ဦးထုပ်အကြီးကြီးကို ဆောင်းရင်း တံခါးကြားမှ ခေါင်းဝင်လိုက် ထွက်လိုက်ဖြင့် ကြိမ်ဖန်များစွာ ချောင်းကြည့်နေသော ရမ်ရှန့်မှာ ချစ်စရာကောင်းလှသည်။ 


သူသည် ရမ်ရှန့်ကို ပထမဆုံး တွေ့စဉ်အချိန်ကပင် အကောင်းမြင်ခဲ့သည့်အတွက် သူ့ကို နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ ပြောလိုက်သည်။ 


"မကြောက်ပါနဲ့ ဒီမှာ ဒိုင်းတွေ ရှိတယ် အန္တရာယ် မရှိဘူး ..." 


သူ့စကား မဆုံးခင်တွင်ပင် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိလိုက်သည်။ ခေါင်းကို တစ်ဝက်ထုတ်ထားသော ရမ်ရှန့်မှာ ကြောက်‌ရွံ့နေဟန် စိုးစဉ်းမျှ မရှိ၊ အဝေးရှိ ကြယ်ဓားပြယာဉ်ပျံများကို တဖိတ်ဖိတ်တောက်နေသော မျက်လုံးတို့ဖြင့် စိုက်ကြည့်နေသည်။ 


"မကြောက်ပါဘူး ..." 


ရမ်ရှန့်က သူ့ကို ပြောကာ ကြယ်ဓားပြယာဉ်ပျံများကို ကြည့်ရန် ဝင်လာလိုက်သည်။ 


"လင်းယွီက ခဏပဲ ကြည့်ရမယ်လို့ ပြောထားလို့ ..."


အာကာသယာဉ်များ တိုက်ခိုက်‌သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည့်အတွက် အတော်ကြာ ကြည့်နေခြင်းသော်ငြား ကျောက်လင်းယွီက သူ့ကို ကြည့်ခွင့်မပေးချေ။ 


"ငါ့ဆရာက ဘယ်လိုလုပ် ဒီဓားပြပေါက်စလေးတွေကို ကြောက်ရမှာလဲ ..." 


အကြီးအကဲထန့်က သူ့ကို စိုက်ကြည့်ကာ ထေ့ငေါ့လိုက်သည်။

70.2


"မင်းရောပဲ အသုံးမကျလိုက်တာ ဒီတိုက်ပွဲသေးသေးလေးက ဘာများ ကြောက်စရာကောင်းလို့လဲ ..." 


ဖန့်ချန်ကျွင့်မှာ တည်ငြိမ်ဟန်ဆောင်နေသော်ငြား သူ့ခြေထောက်နှင့် အစာအိမ်တို့မှာမူ သူ့ကို သစ္စာဖောက်ကာ တဆတ်ဆတ် တုန်နေပေသည်။ ထိုသူနှစ်ဦး၏ စကားကို ကြားလိုက်ချိန်တွင် နှုတ်ခမ်းထောင့်ကို တွန့်လိုက်သည့်တိုင် ဘာမှ ဆက်မပြောခဲ့ချေ။ သူသည် အကြီးအကဲထန့်အပေါ် အမြင်ကောင်းရှိသော်ငြား ထိုသူကမူ သူ့ကို ခက်ခဲအောင် လုပ်ရသည်ကို သဘောကျနေဟန်ရှိပေသည်။ လူကြီးတွေက တကယ်ကို စိတ်တိုင်းကျဖို့ ခက်ခဲကြတာပဲ ... 


ရမ်ရှန့်က အကြီးအကဲထန့်ရဲ့ ဆရာ ဟုတ်လား ... 


အီသန်သည် အခန်းထဲတွင်သာ တစ်နေကုန် နေနေရသည့်အပြင် အခြားတပ်သားများကလည်း သူ့ကို ထိုအကြောင်း မပြောထားသည့်အတွက် ယခု ပထမဆုံးအကြိမ် ကြားလိုက်ရချိန်တွင် သူ့နားကိုပင် မယုံနိုင်တော့ချေ။ 


လူအိုကြီးက ကျောက်မိသားစုနဲ့ မိတ်ဆွေဖွဲ့ချင်တယ်ဆိုရင်တောင် ဒီလိုမျိုးတော့ လုပ်ဖို့ မလိုဘူး မဟုတ်လား သူက ဘယ်လိုလုပ်ပြီး ကလေးတစ်ယောက်ကို ဆရာတင်ရဲရတာလဲ ... 


ရမ်ရှန့်မှာတော့ သူ့အတွေးတို့ကို မသိချေ။ စင်္ကြန်ကို ကာရံထားသည့် အထူးကာကွယ်ရေး ပြတင်းပေါက်မှ တစ်ဆင့် အပြင်ဘက်ကို တစ်ခဏမျှ ကြည့်နေပြီးနောက် ကျောက်လင်းယွီရှ်ိနေသည့် ပင်မထိန်းချုပ်ရေးအခန်းသို့  ပြန်သွားလိုက်သည်။ 


တပ်ဦးစီးမှူး ကျောက်လင်းယွီသည် ပင်မထိန်းချုပ်ခန်းထဲတွင် အခြေအနေကို သုံးသပ်ရင်း အိုင်ဗာနှင့် အခြား လက်ထောက်ဗိုလ်မှူးနှစ်ဦးတို့နှင့်အတူ အကောင်းဆုံးဗျူဟာကို ဆွေးနွေးနေသည်။ တစ်ယောက်ချင်းစီ တာဝန်ခွဲဝေပေးရင်း စစ်သင်္ဘောအနှံ့ကို သတင်းအချက်အလက်တို့ ပြန်ကြားပေးနေသည်။ 


သူသည် အင်မတန် အလုပ်များနေသည့်အတွက် အခန်းထဲသို့ ဝင်လာသော ရမ်ရှန့်ကိုပင် တစ်ချက်မျှသာ မော့ကြည့်‌နိုင်ပေသည်။ 


ရမ်ရှန့်ကလည်း သူ့ကို အနှောင့်အယှက်မပေးဘဲ ဘေးတွင် ဝင်ထိုင်ကာ ဆက်လက်ကျင့်ကြံနေလိုက်သည်။ 


သူ့တွင် စွမ်းအင်သတ္ထုရိုင်း ရှိသော်ငြား ကလေးများမှာလည်း တစ်နေ့တစ်ခြား ကြီးထွားလာကြပြီဖြစ်သည်။ အကယ်၍ ဤအတိုင်းသာ ဆက်သွားပါလျှင် သူတို့ကို မွေးဖွားပြီး မကြာမီ ကျောက်လင်းယွီနှင့် လက်ထပ်နိုင်တော့မည် ဖြစ်သည်။ 


လက်ထပ်ပွဲအကြောင်း စဉ်းစားရင်း စိတ်ကြည်နူးလာသဖြင့် ရမ်ရှန့်မှာ တိုက်ပွဲကြား ရောက်နေသည်ကိုပင် မေ့လျော့သွားတော့သည်။ 


သူက မေ့လျော့နေနိုင်သည့်တိုင် အခြားသူများ‌မှာတော့ မမေ့လျော့ချေ။ ကာဘီယန်မှာ အလွန်အမင်း စိတ်ဖိစီးနေတော့သည်။ 


သူသည် အပြင်ဘက်ရှိ အခြေအနေများကို မမြင်ရသည့်အပြင် သာမန်တပ်သားတစ်ဦးသာဖြစ်၍ အထူးအခြေအနေများကို မသိနိုင်သော်ငြား စပါကီသည် တိုက်ခိုက်ရန် ကြောက်ရွံ့နေမည် ဖြစ်ကြောင်းကိုတော့ ခန့်မှန်းနိုင်‌ပါသေးသည်။ 


သူ့လက်ထောက်သည် ထက်မြက်သူတစ်ဦး မဟုတ်ချေ။ အကယ်၍ ထိုသူသာ ထက်မြက်နေပါလျှင်လည်း သူ့ကို အစောကတည်းက ကန်ထုတ်လိုက်မည်ဖြစ်သည်။ 


ဒီစွမ်းအင်သတ္ထုရိုင်း အပုံလိုက်ကြီးက ဘာတွေများ ကြွားစရာ ပါနေလို့လဲ အခုအချိန်မှာ သူသာ ကြယ်ဓားပြသင်္ဘောကို ညွှန်ကြားနိုင်မယ်ဆိုရင် အရှိန်ကို နှေးအောင်လုပ်နေတဲ့ သတ္ထုရိုင်းတွေ အားလုံးကို ပစ်ချ၊ ထူးကဲသတ္ထုရိုင်းတွေပဲ ချန်ထားပြီး မိုင်ကုန်မြှင့်ပြီး မောင်းတော့မှာ ဒါပေမယ့် ဒီစောက်ရူးကောင် စပါကီကတော့ ပထမတပ်ဖွဲ့လက်ထဲ အဖမ်းခံတော့မလို့လား ... 


သူ့အနေဖြင့် စပါကီတစ်ဦးတည်းကိုသာ အပြစ်တင်၍လည်း မရချေ။ သူ့လက်အောက်ငယ်သားအားလုံးမှာ လောဘကြီးသူများ ဖြစ်ကြသည့်အတွက် သတ္ထုရိုင်းတစ်တုံးတစ်လေကိုမျှ အဆုံးရှုံးခံမည် မဟုတ်ချေ။ 


အကယ်၍ ဒီထက်ပိုပြီး နှောင့်နှေးကြန့်ကြာနေပါလျှင် ကြယ်ဓားပြအုပ်စုသည် မုချ နှိမ်နင်းခံရကာ ထူးကဲသတ္ထုရိုင်း တစ်တုံးတစ်လေကိုပင် ရ

တော့မည် မဟုတ်ချေ။ သူ၏ လက်ရှိအနေအထားမှာလည်း ကျောက်လင်းယွီ၏ အနားသို့ မကပ်နိုင်သည့်အ‌တွက် ကာဘီယန်သည် အံကို တင်းတင်းကြိတ်ကာ သူ့လက်ကောက်ဝတ်ရှိ သိုလှောင်ရေးခလုတ်ထဲမှ လက်စွပ်တစ်ကွင်းနှင့် အနက်‌ရောင်သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။ 


ထိုသေတ္ထာက အနီးအနားရှိ စောင့်ကြည့်ရေးကိရိယာအားလုံးကို ကြားဖြတ်ဟန့်တားထားလိုက်သည်။ ကာဘီယန်က ထောင့်နားတွင် ရပ်ကာ ထိန်းချုပ်ခန်းထဲသို့ ဝင်ရန် သူ့ကို ကူညီပေးနိုင်မည့်သူကို စောင့်နေလိုက်သည်။ 


အယ်လီသည် ကျောက်လင်းယွီ၏ လက်ထောက်လေးဦးအနက် တစ်ဦးအပါအဝင်ဖြစ်သည်။ မီးစွမ်းရည်ပိုင်ရှင်တစ်ဦးအနေနှင့် သူမ၏ တိုက်ခိုက်နိုင်စွမ်းမှာ ကောင်းမွန်သော်ငြား အနီးကပ်တိုက်ပွဲတွင်သာ အသုံးဝင်ပေသည်။ ယခုအချိန်တွင်  ပင်မသင်္ဘောနှင့် ကြယ်ဓားပြများမှာ အပြန်အလှန် ပစ်ခတ်နေကြရာ သူမ၏စွမ်းရည်မှာ အသုံးမဝင်တော့ချေ။ 


ဗျူဟာချမှတ်ရေးတွင်လည်း မကျွမ်းကျင်သည့်အတွက် ကျောက်လင်းယွီနှင့် အခြားသူများ စစ်ဆင်ရေးအကြောင်း ဆွေးနွေးနေစဉ်တွင် သူမသည် ကျန်လုပ်ငန်းစဉ်များကိုသာ ဆောင်ရွက်‌နိုင်သည်။


အယ်လီသည် အာဟာရဖျော်ရည်နှင့် ရေပုလင်းတို့ကို ပင်မထိန်းချုပ်ခန်းဆီသို့ သယ်လာပြီးနောက် လမ်းတစ်ဝက်တွင် နံရံကို မှီကာ ရပ်နေသည့် စစ်သားတစ်ဦးကို တွေ့လိုက်ရသည်။ 


"အခု စစ်ပွဲစနေပြီကို မင်းက ဒီမှာ ဘာလာလုပ်နေတာလဲ ..." 


သူမက ‌မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သော်ငြား နောက်တစ်စက္ကန့်အကြာတွင် သတိလစ်မေ့မြောသွားတော့သည်။ 


ကော်ဘီယန်က အနားရောက်လာကာ သူမ၏ လည်ပင်းပေါ်ရှိ အပ်ချည်မျှင်ပမာဏခန့်သာ ရှိသော အပ်ကို သူ့လက်စွပ်ထဲသို့ ပြန်ထည့်လိုက်ရင်း အနည်းငယ် စိတ်သောက ရောက်လာတော့သည်။ စွမ်းရည်ပိုင်ရှင်များအတွက် အထူးတလည် အာနိသင်ရှိသည့် ဤဆေးမျိုးမှာ ဝယ်ယူရန် ခက်ခဲသည့်အပြင် အင်မတန်လည်း ဈေးကြီးသေးသည်။ သူ့တွင် စွမ်းအင်သတ္ထုရိုင်းများ ရှိနေ၍သာ တော်သေးသည်။ 


ဓားကိုထုတ်ကာ အယ်လီ၏ ဆံပင်ကို ဖြတ်ပြီးနောက် သူ့မျက်နှာကို ပွတ်သပ်လိုက်ကာ သူ့စွမ်းရည်ကိုသုံး၍ အယ်လီဟန်ဆောင်လိုက်တော့သည်။ 


သူမ၏ အပေါ်ဝတ်အင်္ကျီကို ချွတ်ကာ ဝတ်ဆင်လိုက်ပြီးနောက် အယ်လီအစစ်ကို ဘေးနားရှိ အခန်းထဲ ထည့်ပြီး သူမသယ်လာသော ပစ္စည်းများနှင့်အတူ ပင်မထိန်းချုပ်ခန်းသို့ ထွက်လာလိုက်သည်။ 


အယ်လီ့အကြောင်း များစွာ သိရှိထားခြင်း မရှိသည့်အပြင် အမျိုးသမီးအဖြစ် ဟန်ဆောင်ရသည်မှာလည်း မလွယ်ကူလှချေ။ သို့သော် ကျောက်လင်းယွီ၏ မျိုးရိုးဗီဇအချို့ကို ခိုးယူပြီးသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း ထွက်ပြေးရန် ကြံစည်ထားသည့်အတွက် များများစားစား တွေးမနေတော့ချေ။ 


ရင်ကိုကော့ ခေါင်းကိုမော့ကာ အယ်လီ လမ်းလျှောက်သည့်ပုံစံအတိုင်း ထွက်လာခဲ့လိုက်သည်။ 


"ဒီကြယ်ဓားပြတွေက ကင်းထောက်ယာဉ်နဲ့ တိုက်ခိုက်ရေးယာဉ်ပျံတွေကိုပဲ သဲကြီးမဲကြီး တိုက်ခိုက်နေတာ ပင်မသင်္ဘောကိုတော့ သိပ်ပြီး မတိုက်ခိုက်ဘူးဆိုတော့ ဒီပေါ်မှာ သူတို့အတွက် အရေးကြီးတဲ့လူ ပါနေလို့ပဲ ဖြစ်ရမယ် ..." 


အိုင်ဗာက ပြောလိုက်သည်။ အစောပိုင်း ကြယ်ဓားပြများနှင့် စကားပြောခဲ့သည်မှာ သူတို့ကို စမ်းသပ်ချင်၍သာ ဖြစ်သော်ငြား မထင်မှတ်ထားစွာပင် ရလဒ်ကောင်းထွက်လာခဲ့သည်။ 


"ခပ်သွက်သွက် အတည်ပြုလိုက် ..." 


ကျောက်လင်းယွီက ထိုသို့ပြောကာ ကျောက်နာကို လှမ်းမေးလိုက်သည်။ 


"ဘယ်လိုနေလဲ ..." 


"အရမ်းတော့ အန္တရာယ် မများဘူး ... မဟုတ်သေးဘူး အန္တရာယ်ရှိနေတယ် ..." 


ဆိုးဆိုးရွားရွား ဖြစ်လာနိုင်သည့် ခံစားချက်တစ်ခုကို ရလိုက်၍ မျက်မှောင်ကြုတ်လိုက်မိသည်။ 


ပင်မထိန်းချုပ်ခန်းတံခါး ပွင့်သွားကာ အယ်လီက မာရှယ့်ထံ တိုက်ရိုက် လျှောက်လာခဲ့သည်။ 


"မာရှယ် တစ်ခုခု စားလိုက်ပါဦး ..." 


ကျောက်နာတွင် ကြိုတင်သိမြင်နိုင်သည့်စွမ်းရည် ရှိသော်ငြား တစ်ခါတစ်ရံတွင် ထိုစွမ်းရည်ကို သူမ၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းက လွှမ်းမိုးသွားသည်။ ထိုအချိန်တွင် သူမ၏ ခံစားချက်များ ဖြစ်ပေါ်လာသည့် အကြောင်းအရင်းကို မခွဲခြားနိုင်တော့ချေ။ 


ဥပမာအားဖြင့် ယခုအချိန်တွင် သူမသည် အန္တရာယ်ရှိသည်ဆိုသည့်အချက်ထက်ပိုပြီး မခံစားနိုင်တော့ပေ။ 


သူမကိုယ်စား ရမ်ရှန့်က အယ်လီကို ရုတ်တရက် စိုက်ကြည့်လိုက်သည်။ 


xxxxxxx