အပိုင်း ၇၁
Viewers 18k

Chapter 71


စွမ်းရည်ပိုင်ရှင်အများစုတွင် အခြားသူတစ်ဦးတစ်ယောက်၏ စွမ်းရည်ကို စစ်ဆေးနိုင်စွမ်း မရှိချေ။ အခြားသူက သူ့စွမ်းရည်ကို ထုတ်ဖော်ပြသကာမှ သို့မဟုတ်ပါလျှင် ထိုသူကို ထိတွေ့ပြီးမှသာ သိနိုင်ပေသည်။ သို့သော် ရမ်ရှန့်ကတော့ ထိုသူများနှင့် မတူညီပေ။ 


စွမ်းရည်ပိုင်ရှင်တို့၏ စွမ်းရည်များမှာ အထက်စီးဆန်လွန်းလှသည့်အပြင် ကျင့်ကြံသူများသည် စွမ်းအင်နှင့် ပတ်သက်၍ ပိုပြီး တုန့်ပြန်လွယ်ပေသည်။ 


အယ်လီသည် မီးစွမ်းရည်ပိုင်ရှင် ဖြစ်သည့်အတွက် သူမနှင့် ပထမဆုံးအကြိမ် တွေ့ခဲ့စဉ်ကတည်းက မီးပြင်းဖိုအနား ကပ်နေရသကဲ့သို့ ခံစားမိခဲ့သည်။ ထိုခံစားချက်မှာ တစ်ဖြေးဖြေး ပိုသိသာလာသည့်အတွက် သူမနှင့် ရင်းနှီးစေကာမူ ခပ်ဝေးဝေးမှသာ ပြောဆိုဆက်ဆံလေ့ရှိသည်။ 


ပင်မထိန်းချုပ်ခန်းရှေ့တွင် နည်းပညာမြင့် ကိရိယာများ တပ်ဆင်ထားသည့်အတွက် အယ်လီမှာ မူပျက်နေစေကာမူ မည်သူကမှ သူမကို အတုဟု ထင်လိမ့်မည် မဟုတ်ချေ။ သို့သော် ရမ်ရှန့်ကတော့ အခြားလူများနှင့် မတူပေ။ 


သူသည် နည်းပညာမြင့် ကိရိယာများအကြောင်း များစွာ မသိသော်ငြား ထိုအယ်လီတွင် မီးပြင်းဖိုလို ခံစားချက်မျိုး မရသည့်အတွက် အယ်လီအစစ်မဟုတ်ဟု ကောက်ချက်ချလိုက်သည်။ 


သူမကို မျက်စိဒေါက်ထောက် ကြည့်နေရင်း ကျောက်လင်းယွီ၏ ခြေထောက်ကို သူ့အမြစ်များဖြင့် သွားဆွဲလိုက်သည်။  


အယ်လီဟန်ဆောင်ထားသည့် ကာဘီယန်မှာတော့ သံသယအဝင်ခံနေရပြီမှန်း မသိသေးချေ။ သူ့မျက်လုံးများက ပင်မထိန်းချုပ်ခန်းထဲရှိ ‌စခရင်များနှင့် အရေးပေါ်ထွက်ပေါက်ကို အပြန်ပြန်အလှန်လှန် ကြည့်နေရင်း ကျောက်လင်းယွီအနားသို့ တိုးသွားလိုက်သည်။ 


အလိုအလျောက် ဆေးထိုးအပ်တစ်ချောင်းကို လက်ထဲတွင် ကိုင်ထားရင်း ကျောက်လင်းယွီအနားသို့ တိုးသွားလိုက်ကာ  လုံလောက်အောင် နီးကပ်ပြီဟု ယူဆရသည်နှင့်တစ်ပြိုင်နက် သူ့ကို အပ်ဖြင့် ထိုးလိုက်သည်။ 


သုံးထားသော အပ်မှာ ပါးလျသေးသွယ်လှသည့်အတွက် မည်သည်ကိုမှ ခံစားမိမည် မဟုတ်ချေ။ အတိတ်အချိန်က ရန်ယဲ့၏ မျိုးရိုးဗီဇကို ခိုးယူရန် ဤအပ်ကိုပင် အသုံးပြုခဲ့သော်ငြား ထိုသူက လုံးဝ သတိမပြုမိခဲ့ချေ။ 


ကော်ဘီယန်၏ အပိုင်တွက်ထားသည့် အကြည့်တို့မှာ တစ်မဟုတ်ချင်း အေးခဲသွားတော့သည်။ 


ဆေးထိုးအပ်က တကယ်ကြီး ကွေးသွားပြီ ဒီအပ်လုပ်ဖို့ သုံးထားတဲ့ ကုန်ကြမ်းက ထူးထူးကဲကဲကို မာကျော‌တာလေ အဲ့တာတောင် ကွေးသွားတယ်ပေါ့ ... 


နောက်ဆုံးတစ်ခေါက် ဒီအပ်ကို သုံးတုန်းကဆို စစ်သင်္ဘောတောင် အပေါက်ဖြစ်သွားတာလေ ကျောက်လင်းယွီရဲ့ အသားအရေက ဘာနဲ့ လုပ်ထားလို့ စစ်သင်္ဘောထက်တောင် မာနေရတာလဲ ... 


သူက လူရော ဟုတ်သေးရဲ့လား သတ္ထုတုံးကြီးနဲ့တောင် ပိုတူနေပြီ ... 


"မင်းက ဒီအပ်ကို သုံးပြီး လင်းယွီကို ရှင်းပစ်မလို့ လုပ်နေတာလား ..." 


ရမ်ရှန့်က မယုံသင်္ကာဖြင့် မေးလိုက်သည်။ 


ဒီအပ်ပိစိလေးက တကယ်ရော နာကျင်စေနိုင်ပါ့မလား ... 


ကာဘီယန်၏ အမူအယာမှာ ရုတ်ချည်း ပြောင်းလဲသွားသည်။ သူ့လုပ်ဆောင်ချက်ကို ထိုကောင်ငယ်လေးက တွေ့သွားလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားချေ။ လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်ကာ ဓားသွားတစ်ခုကို ထုတ်ယူပြီး ကျောက်လင်းယွီ၏ ဆံပင်ကို ဖြတ်လိုက်သည်။ 


အယ်လီယောင်ဆောင်နေတဲ့သူက ကျောက်လင်းယွီကို ဆေးထိုးအပ်နဲ့ ထိုးတဲ့အပြင် သူ့ဆံပင်ကိုပါ ဖြတ်ချင်သေးတယ်ပေါ့ ... 


ရမ်ရှန့်က မျက်မှောင်ကြုတ်ကာ ဖြစ်နိုင်ချေများကို တွေးနေလိုက်သည်။ 


သူက လင်းယွီရဲ့ ခန္ဓာကိုယ်ကို လိုချင်နေလို့များ ဖြစ်နေမလား ... 


ထိုသို့ တွေးမိသည်နှင့် တစ်ပြိုင်နက် ရမ်ရှန့်မှာ ဒေါသထွက်လာကာ ကာဘီယန်၏ လက်ထဲရှိ ဆေးထိုးအပ်ကို အမြစ်များဖြင့် ဆွဲယူကာ သူ့ကို ပြန်ထိုးပေးလိုက်သည်။ ထိုသည်သာမက သူ့ထိုင်ခုံကိုပါ ဆွဲယူပြီး ပစ်ပေါက်လိုက်သည်။ 


"ကျောက်လင်းယွီကို ဖျားယောင်းရဲတဲ့အထိကို သတ္တိကောင်းနေတယ်ပေါ့ မင်းကို သတ်ပစ်မယ် ..." 


ဆေးထိုးအပ်ကို ဆွဲယူရန် အပင်စွမ်းရည်ကိုသာ အသုံးပြုခဲ့သည့်အတွက် အခြားသူများက သတိမထားမိလိုက်ကြပေ။ သို့သော် သတ္ထုထိုင်ခုံကို လက်ဗလာဖြင့် ဆွဲပေါက်လိုက်သည့်အချက်မှာတော့ လူတိုင်းကို အံ့အားသင့်သွားစေသည်။ 


ရမ်ရှန့်က အပင်စွမ်းရည်ပိုင်ရှင် မဟုတ်ဘူးလား ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ လူသန်ကြီး အတိုင်းပဲ ငါတို့တွေ သူ့မကောင်းကြောင်း မပြောထားမိလို့ တော်သေးတယ်နော် ... 


"ဘာဖြစ်လို့လဲ ..." 


အိုင်ဗာအပါအဝင် အားလုံးမှာ စိတ်ရှုပ်ထွေးသွားကြတော့သည်။ 


ရမ်ရှန့်နဲ့ အယ်လီက ဆက်ဆံရေးကောင်းတယ် မဟုတ်လား ဘာလို့ တစ်ယောက်နဲ့တစ်ယောက် ရိုက်နှက်နေကြတာလဲ ... 


ကျောက်လင်းယွီမှာ သတ္ထုလူသားနီးပါး ဖြစ်သွားသည့်တိုင် သူ့အရေပြားမှာ တုန့်ပြန်လွယ်သည့်အတွက် ဆေးထိုးအပ်ဖြင့် အထိုးခံလိုက်ရသည်ကို ခံစားမိလိုက်သည်။ ထို့ကြောင့် သူလည်း တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလိုက်သည်။ 


"မင်းက အယ်လီ မဟုတ်ဘူး ..." 


"ဘာကြီး ..."

71.2


အိုင်ဗာသည် ရုတ်ချည်း မျက်နှာပျက်သွားကာ ကုလားထိုင်ဖြင့် ကွယ်ပြီး ထောင့်နားသို့ ကပ်သွားလိုက်သည်။ သူ့တွင် စွမ်းရည်လည်း မရှိသလို ခန္ဓာကိုယ်ကလည်း မကောင်းသည့်အတွက် ပုန်းနေခြင်းက ပိုပြီး သင့်တော်ပေသည်။


ကျောက်လင်းယွီ၏ ဆံပင်များမှာ အပေါ်ယံတွင် မပြောင်းလဲသော်ငြား ကျင့်ကြံပြီးနောက် အတွင်းပိုင်းသည် လုံးဝ ပြောင်းလဲသွားတော့သည်။ ကာဘီယန်မှာ ဆံပင်မဖြတ်နိုင်သေးခင်မှာပင် ကန်ထုတ်ခံလိုက်ရတော့သည်။ 


ကန်ထုတ်ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်မှ အကာအကွယ်ဒိုင်းတစ်ခု ထွက်လာကာ ကျောက်လင်းယွီ၏ ခွန်အားအများစုကို ပိတ်ဆို့လိုက်သည်။ 


စစ်သင်္ဘော မပျက်စီးစေရန် အလို့ငှာ ကျောက်လင်းယွီသည် သူ့ကို အားကုန်သုံးပြီး မကန်ခဲ့သော်ငြား သူ့ခွန်အားကိုတော့ လျော့တွက်၍ မရပေ။ သူသည် ကာဘီယန်၏ ကိုယ်ပေါ်ရှိ အကာအကွယ်ဒိုင်း၏ ဟန့်တားခြင်းကို ခံလိုက်ရသည်။ 


ထိုဒိုင်းသည် ကာကွယ်ရေးစွမ်းအားကြောင့် ထွက်လာခြင်း မဟုတ်ဘဲ နည်းပညာမြင့် ကိရိယာတစ်မျိုးဖြစ်သည်။ ကျောက်လင်းယွီပင်လျှင် ထိုပစ္စည်းမျိုးကို တစ်ခါမှ မမြင်ဖူးချေ။ 


သူ့အကြည့်တို့မှာ မှောင်မိုက်သွားသော်ငြား ရမ်ရှန့်ကမူ ကော်ဘီယန်ကို ရိုက်နှက်နေပြီဖြစ်သည်။ 


သူ့ခွန်အားမှာ ကျောက်လင်းယွီနှင့် မယှဉ်နိုင်သည့်တိုင် အပင်ဝိဉာဉ်တစ်ဦး ဖြစ်သည်။ အကယ်၍ သူသာ နှစ်အနည်းငယ် ဆက်ပြီး ကျင့်ကြံပါလျှင် သူ့ခွန်အားကိုလည်း သေချာပေါက် အထင်သေး၍ ရနိုင်မည် မဟုတ်ချေ။ 


သတ္ထုထိုင်ခုံက ကာဘီယန်၏ အကာအကွယ်ကို ဝင်တိုက်သွားသည့်အတွက် အကာအကွယ်တစ်ခုလုံး ယမ်းခါသွားတော့သည်။ သူသည် အယ်လီ၏ သွင်ပြင်အတိုင်းသာ ရှ်ိနေသေးသော်ငြား အလွန်အမင်း အရှက်ရကာ သနားစရာပင် ကောင်းနေသေးသည်။ 


ရမ်ရှန့် တစ်ခြားသူများအား ရိုက်နှက်နေသည်ကို မြင်ရခြင်းမှာ စိတ်ဝင်စားစရာ ကောင်းလှသော်ငြား ရန်သူကို ထွက်ပြေးရန် ကြိုးစားချိန် မပေးလိုသည့်အတွက် ကျောက်လင်းယွီသည် ဒိုင်းကို တစ်ခါတည်း ဖျက်ဆီးလိုက်သည်။ 


"သူ့ကိုဖမ်း ..." 


ကာဘီယန်မှာ သူ့ခွန်အားကို ကြုံထားဖူးသည့်အတွက် ဒိုင်းဖြင့် အပြည့်အဝ ကာကွယ်နိုင်မည် မဟုတ်ကြောင်း သိထားပေသည်။ သူ့စွမ်းရည်မှာ အလွန်အသုံးဝင်သည့်တိုင် တိုက်ခိုက်ရာတွင်တော့ အားနည်းလှပေသည်။ ကျောက်လင်းယွီကြောင့် အကာအကွယ်ဒိုင်း ပျက်စီးသွားသည်ကို အခွင့်ကောင်းယူကာ လေထဲသို့ ခုန်ချပြီး အကြီးအကဲထန့်နှင့် အခြားသူများ ရှိနေသည့် စင်္ကြန်ပေါ်သို့ ပြုတ်ကျလာသည်။ 


ဒီလူက ဘာတွေများ တွေးနေတာလဲ လူသားတွေက အာကာသထဲမှာ အကြာကြီးမှ မနေနိုင်တာ တကယ်လို့ သူလွတ်သွားတယ်ပဲ ထားဦး သေချာပေါက် သေမှာပဲကို ... 


ကျောက်လင်းယွီမှာ အတော်ရှုပ်ထွေးသွားတော့သည်။ 


ကော်ဘီယန်က သိုလှောင်ရေးခလုတ်ကို အမြန်ဆုံး နှိပ်လိုက်ပြီးနောက် လေထုထဲတွင် မက်ခါတစ်စီး ရုတ်တရက် ထွက်ပေါ်လာသည်။ 


အနက်ရောင်မက်ခါမှာ မကြီးမားလှသော်ငြား ကောက်ကြောင်းများမှာ ချောမွေ့ကာ တစ်ချက်ကြည့်ရုံမျှဖြင့်ပင် အနုစိတ်ဖန်တီးထားခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။ ကော်ဘီယန်က အလိုအလျောက် မောင်းနှင်သည့်စနစ်ကို စတင်ကာ A အဆင့် စွမ်းရည်ပိုင်ရှင်တို့၏ အမြန်နှုန်းကိုပင် ယှဉ်၍ ရနိုင်သည့် နှုန်းဖြင့် မောင်းပြေးသွားတော့သည်။ 


ထိုမြင်ကွင်းကို မြင်လိုက်သည့် ကျောက်လင်းယွီ၏ မျက်လုံးထဲတွင် အလင်းတစ်ချက် ဖြတ်ပြေးလာသည်။ ဖက်ဒရယ်သည် မက်ခါများအကြောင်း လေ့လာကာ ထူးထူးကဲကဲ ကောင်းမွန်လှသည့် မက်ခါများကို ထုတ်လုပ်နေသော်ငြား မက်ခါကိုပင် သိုလှောင်ထားနိုင်သည့် သိုလှောင်ရေးကိရိယာကိုတော့ တစ်ခါမှ မစမ်းသပ်ဖူးပေ။ 


သူ့ရှေ့ကလူက ဘယ်သူပါလိမ့် ... 


ကျောက်လင်းယွီနှင့် အခြားသူများက အံ့ဩသွားကြသော်ငြား ရမ်ရှန့်ကတော့ မည်သို့မှ ခံစားရဟန်မ‌တူပေ။ ထိုသူသည် ကျောက်လင်းယွီ၏ ရန်သူဖြစ်ရမည်ဟု တွေးမိ၍သာ သူ့ကို အမိဖမ်းလိုခြင်းဖြစ်သည်။ ထို့ကြောင့် အမြစ်များဖြင့် ထိုသူကို ရစ်ပတ်ထားလိုက်သည်။ 


ရမ်ရှန့်က သူ့ကို ဟန့်တားရန် ကြိုးစားသော်ငြား ကာဘီယန်သည် စင်္ကြန်အပြင်ဘက်သို့ တစ်ဟုန်ထိုး မောင်းထွက်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ 


ကျောက်လင်းယွီမှာ လက်နက် ပါမလာသည့်အပြင် သူ့အရှိန်ကလည်း မမြန်သည့်အတွက် နောက်ထပ်တစ်ချက်သာ ကန်လိုက်နိုင်ပေသည်။ 


ကာဘီယန်၏ မက်ခါအောက်ပိုင်းမှာ ကျိုးသွားသော်ငြား ၎င်း၏ လှုပ်ရှားမှုကိုတော့ မထိခိုက်သည့်အတွက် ယခင်ကထက်ပင် အရှိန်ပိုမြန်လာသည်။ သူ့ကိုယ်ပိုင်ခြေလက်တို့ကိုသုံးကာ အကာအကွယ်ပြတင်းပေါက်ကို ဖျက်ဆီးလိုက်သည့်အပြင် အီသန်ကိုပါ ရိုက်နှက်လိုက်သေးသည်။ 


အရိုက်ခံလိုက်ရ၍ အကာအကွယ်ဒိုင်း လှုပ်ယမ်းသွားချိန်တွင် သူက တစ်ရှိန်ထိုး ထွက်ပြေးသွားတော့သည်။ 


ထိုအချိန်တွင် သူ့ကို မဖမ်းမိနိုင်လောက်တော့ဟု သတိပြုမိလိုက်သည့် အကြီးအကဲထန့်က ရှောင်လွီဖြင့် ပစ်ပေါက်ကာ ဖန့်ချန်ကျွင့်က ရေခဲဗုံးများဖြင့် ပစ်ခတ်လိုက်သည်။ 


"နောက်ဆုံးတော့ လွတ်သွားပြီ ..." 


ကာဘီယန်က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ 


ဤတစ်ကြိမ်တွင် ကျောက်လင်းယွီ၏ ယာဉ်ပျံပေါ်သို့ တက်နိုင်ခဲ့သော်လည်း မျိုးရိုးဗီဇကို မခိုးနိုင်ခဲ့သည့်အပြင် သူ၏ ဝှက်ဖဲများကို ထုတ်ဖော်ခံခဲ့ရပြီး သူ့သရုပ်မှန်ကိုပါ ဖော်ထုတ်မိလုမတတ် ဖြစ်သွားခဲ့သည်။ 


နောင်တကြီးစွာ ရ‌မိသော်ငြား အဝေးရှိ သူ့ယာဉ်ပျံပေါ်၌ စွမ်းအင်သတ္ထုရိုင်း အမြောက်အများ ရှိနေသေးကြောင်း တွေးမိကာမှသာ စိတ်သက်သာရာ ရသွားတော့သည်။ 


ဒီစွမ်းအင်သတ္ထုရိုင်းတွေက သူ့ဆုံးရှုံးမှုတွေကို အနည်းနဲ့ အများတော့ ကာမိမှာပါ ...


ကာဘီယန်သည် သူ၏စစ်သင်္ဘောကို ပြင်ဆင်ရန် ကုန်ကျစရိတ်အကြောင်း မတွေးဘဲ မနေနိုင်တော့ချေ။ 


"ခင်ဗျားကို သေချာပေါက် ပြန်ဖမ်းလာမှာ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ ထွက်ပြေးသွားသော ကာဘီယန်ကို ရစ်ပတ်ထားသည့် အမြစ်များက သူ့ကို နောက်ပြန်ဆွဲလာသည်။ ထို့အပြင် ရှောင်လွီကလည်း သူ့ကို ရစ်ပတ်ထားသေးသည်။ 


ကာဘီယန်က အကာအကွယ်ဦးထုပ် ဆောင်းထားသော ရမ်ရှန့်ကို အံ့ဩတကြီးသာ စိုက်ကြည့်နေလိုက်တော့သည်။ 


အာကာသထဲတွင် လေမရှိ ၊ ဓာတ်ရောင်ခြည်များသာ ရှိပေသည်။ ထို့ကြောင့် လူသားများမှာ  အကာအကွယ်မပါဘဲ အပြင်ထွက်ပါလျှင် ချက်ခြင်း သေဆုံးရမည် ဖြစ်သည်။ အကယ်၍ မသေဆုံးသည့်တိုင် ရွတ်တွသွားမည် ဖြစ်သော်ငြား ... ရမ်ရှန့်၏ မျက်နှာမှာ ယခင်အတိုင်း တင့်တယ်နေဆဲပင်ဖြစ်သည်။ 


ဘာတွေ ဖြစ်ကုန်တာလဲ ... 


ကာဘီယန်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ရမ်ရှန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးလိုစိတ်များ ဖြစ်ပေါ်လာတော့သည်။ 


သို့သော် ရမ်ရှန့်က သူနှင့် ရှောင်လွီကို အားကုန်သုံးကာ ဆွဲယူလိုက်သည်။ တစ်ချိန်တည်းမှာပင် အကာအကွယ်ဦးထုပ် ဆောင်းထားသော ကျောက်လင်းယွီကလည်း ယာဉ်ပျံတစ်စီးဖြင့် ထွက်ပေါ်လာတော့သည်။ 


ကာဘီယန်က သူနှင့် မတိုက်ခိုက်ရဲသည့်အတွက် ကြယ်ဓားပြအဖွဲ့ထံသို့သာ ခြေကုန်သုတ်ပြီး ပြေးတော့သည်။ ထိုအချိန်တွင် သူ့ကို ရစ်ပတ်ထားသော ရှောင်လွီမှာ တစ်ဖြေးဖြေး ပိုရှည်လာကာ သူ့ကို အထပ်ထပ် ချည်နှောင်လိုက်တော့သည်။ 


သူက တကယ်ကို ကံဆိုးနေတာပဲ ... 


ကာဘီယန်သည် သူ၏ သိုလှောင်ရေးခလုတ်ထဲမှ ဓားတစ်ချောင်းကို ထုတ်ယူလိုက်သည်။ 


သူ့လျှိုဝှက်ချက်များကို ထုတ်ဖော်မိလေလေ အ‌နာဂတ်တွင် ပိုပြီး အခက်ကြုံရလေပင်ဖြစ်သည်။ 


သူ့ဓား၏ သဏ္ဍာန်မှာ ဆန်းကြယ်ကာ စွမ်းရည်မှာလည်း အလွန်သန်မာလှသည်။ ဉာဏ်အလင်းပွင့်စပြု‌နေသော ရှောင်လွီမှာလည်း ထိုစွမ်းအင်ကို ခံစားမိလိုက်သည့်အတွက် သူ့ကို လွှတ်ပြီး မနီးမဝေးရှိ ကြယ်ဓားပြသင်္ဘောကိုသာ ရစ်ပတ်ထားလိုက်သည်။ 


"ငါတို့တွေ ဂရုစိုက်ဖို့လိုတယ် ..." 


ရမ်ရှန့်က သူ့ကို မည်သူမှ မတိုက်ခိုက်နိုင်စေရန် ကြယ်ဓားပြယာဉ်‌၏ မျက်နှာပြင်ပေါ်တွင် ရပ်နေလိုက်သည်။ 


ရှောင်လွီကလည်း မငြင်းဆန်ဘဲ သူ့အရွက်များဖြင့် ခေါင်းကို ခပ်သွက်သွက် ငြိမ့်ပြလိုက်သည်။ 


ရမ်ရှန့်ကလည်း ပြုံးပြလိုက်သည်။ ထိုအချိန်တွင် သူ့ကလေးများ၏ လှုပ်ရှားမှုကို တစ်ဖန် ခံစားမိလိုက်ပြန်သည်။ 


ကြယ်ဓားပြတွေဆီမှာ သူတို့လိုချင်တာ ရှိနေတာလား ပြီးတော့ ကြယ်ဓားပြတွေက ဟို ဝါညိုရောင် စွမ်းအင်သတ္ထုရိုင်းတွေလည်း အများကြီး တူးခဲ့ကြတယ်ထင်တယ် ...


xxxxxxx