အပိုင်း ၇၂
Viewers 18k

Chapter 72


သူ့အမြစ်များကို တစ်ဖြေး‌ဖြေး ဆန့်တန်းကာ ကြယ်ဓားပြသင်္ဘောထဲသို့ ထိုးလိုက်သည်။ 


ကြယ်ဓားပြများ၏ သင်္ဘောမှာ အလွန်ခိုင်မာသော်ငြား ရမ်ရှန့်အနေဖြင့်  အပေါက်ဖောက်ရန်မှာ မခဲယဉ်းလှချေ။ အပေါက်‌သေးသေးတစ်ပေါက် ဖောက်ကာ ထိုအပေါက်အတိုင်း သင်္ဘောတစ်လျှောက် အမြစ်တို့ကို ဆန့်ထုတ်လိုက်သည်။ သို့သော် ကော်ဘီယန်နှင့် ကျောက်လင်းယွီအကြား တိုက်ပွဲကို ကြည့်နေသည့် ဓားပြများမှာမူ သူ့ကို စတိမပြုမိကြသေးပေ။ 


ကျောက်လင်းယွီ၏ ခွန်အားမှာ အလွန်သန်မှာလှသည့်အတွက် သင်္ဘော၏ အကာအကွယ်ဒိုင်းကိုပင် လက်သီးတစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်ပေသည်။ ထို့ကြောင့် ပင်မသင်္ဘောပေါ်တွင် ရှိစဉ်က သင်္ဘောပျက်စီးသွားမည်ကို စိုးရိမ်သဖြင့် အားကုန်မသုံးခဲ့ခြင်းဖြစ်သည်။ ယခုမူ သူသည် အာကာသထဲသို့ ရောက်နေပြီဖြစ်သည့်အတွက် စိုးရိမ်ရန် မလိုတော့ချေ။ 


ရှောင်လွီ၏ ကူညီပေးမှုကြောင့် ကော်ဘီယန်ကို ဖမ်းမိပြီးနောက် သူသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အထူးတလည် မှာယူထားခဲ့သော သတ္ထုဓားမြောင်ကို ထုတ်ယူလိုက်သည်။ 


ထိုဓားကို ဖက်ဒရယ်ရှိ အ‌မာကြောဆုံး သတ္ထုနှင့် ပြုလုပ်ထားကာ အင်မတန် လေးလံလှပေသည်။ သို့သော် ထိုအလေးချိန်မှာ ကျောက်လင်းယွီအတွက်မူ ပမွှားသာဖြစ်သည်။ သူက ဓားကို ကိုင်မြှောက်ပြီး ကော်ဘီယန်ကို လွှဲကာခုတ်လိုက်သည်။ 


"ဒီဓားပြကောင်ကတော့ သေချာပေါက် အသတ်ခံရတော့မှာ ..." 


ပင်မထိန်းချုပ်ခန်းမှတစ်ဆင့် ကြည့်နေသော ဝူရွှိုက်က ဝမ်းသာအားရ ပြောလိုက်သည်။ မာရှယ်၏ ခွန်အားကို သူအသိဆုံးဖြစ်သည်။ 


သို့သော် လူတိုင်း ထင်မှတ်မထားသည့် အရာတစ်ခု ဖြစ်ပွားလာသည်။ 


‌သူ့ဓားနှင့် ကော်ဘီယန်၏ ဓားတို့ ထိတွေ့လိုက်ချိန်တွင် သူ့ဓားမှာ နှစ်ပိုင်းကျိုးသွားကာ တစ်ပိုင်းသည် အမှောင်ထုထဲသို့ အလျင်အမြန် ပျောက်ကွယ်သွားတော့သည်။ 


ထိုအခါမှ ကျောက်လင်းယွီလည်း ပို၍ပင် သေချာသွားတော့သည်။ ကော်ဘီယန်၏ မက်ခါမှာ ဖက်ဒရယ်၏ နည်းပညာကိုပင် ကျော်လွန်နေသည့်အပြင် သူ့ဓားမှာလည်း ပိုပြီး အစွမ်းထက်နေသည်။ 


အကယ်၍ သူသာ ဤပစ္စည်းမျိုးကို စောစောစီးစီး ထုတ်လာပါလျှင် ပင်မသင်္ဘောကို မဖျက်ဆီးနိုင်စရာအကြောင်း မရှိပေ။ သူ့တွင် ကန့်သတ်ချက်အချို့ မုချ ရှိနေပေမည်။ 


အဆင့်မြင့်ကျင့်ကြံသူများသည် သူတို့၏ နည်းပညာများအား အဆင့်နိမ့်ကျင့်ကြံသူများကို သိခွင့်မပေးချေ။  ထို့အပြင် ကော်ဘီယန်၏ သရုပ်မှန်မှာလည်း တစ်ခုခု မှားယွင်းနေပေသည်။ 


အတွေးစပေါင်းများစွာတို့ ဖြတ်ပြေးနေချိန်တွင် ကော်ဘီယန်က သူ့ကို တန်ပြန်တိုက်ခိုက်လာသည်။ 


သူ၏ ဝှက်ဖဲအများစုမှာ ဖော်ထုတ်ခံလိုက်ရပြီဖြစ်ရာ အကယ်၍သာ လောင်းကြေးကြီးကြီး မထပ်နိုင်ပါလျှင် နောင်တစ်ချိန်တွင် စိတ်အေးလက်အေး နေနိုင်တော့မည် မဟုတ်ချေ။ ထို့ပြင် သူ့ရှေ့တွင် ရှိနေသူမှာလည်း ဖက်ဒရယ်၏ နာမည်ကြီးဖြစ်သည်။ 


ကျောက်လင်းယွီက သေတော့မလို ဖြစ်ပြီးကာမှ ချက်ခြင်းကြီး ပြန်သက်သာလာတဲ့အပြင် သူ့ခွန်အားကလည်း ပြိုင်ဘက်ကင်း ဖြစ်လာတာဆိုတော့ သေချာပေါက်ကိုဘ အညှီနံ့တစ်ခုခု ရှိနေလိမ့်မယ် ဒါကိုသာ ရှာတွေ့နိုင်ရင် ... 


သူ့လက်ထဲရှိ ဓားမှာ တစ်ဖြေးဖြေး အလင်းရောက် တောက်ပလာကာ ဓားသွားက ကျောက်လင်းယွီထံ ပြေးဝင်လာသည်။ တစ်ချိန်တည်းတွင်ပင် သူ့မက်ခါကို ပုံစံပြောင်းလိုက်သည်။ 


သူ့ခန္ဓာကိုယ်မှာ မက်ခါ၏ သာမန်လှုပ်ရှားမှုများကိုပင် ထိန်းချုပ်ရန် အဆင်မပြေသော်ငြား ကျောက်လင်းယွီ၏ မျိုးရိုးဗီဇကို ရနိုင်ရန်မှာမူ တိုက်ခိုက်ရန်တစ်နည်းသာ ရှိတော့သည်။ 


ဓားသွားက ကျောက်လင်းယွီ၏ ပုခုံးကို ဝင်ခုတ်လိုက်မိကာ သူ့အဝတ်အစားများနှင့် ကာကွယ်ရေးဒိုင်းတို့ တစ်စစီ ပျက်စီးကုန်သော်ငြား ခန္ဓာကိုယ်တွင်တော့ ခြစ်ရာတစ်ခုတစ်လေမျှပင် မရခဲ့ချေ။ 


သူ့ခန္ဓာကိုယ်က ဒီလောက်အထိတောင် သန်မာတာ လူရော ဟုတ်သေးရဲ့လား ... 


သူ့တွင် ကျောက်လင်းယွီကို သတ်ရန် နည်းလမ်းတစ်ခု ရှိနေဆဲဖြစ်သည်။ သို့သော် ကျောက်လင်းယွီသည် ဖက်ဒရယ်၏ ဂုဏ်သရေရှိပုဂ္ဂိုလ် ဖြစ်သည့်အတွက် ထိုသူ့ကိုသာ သတ်မိပါလျှင် သူ့တွင် ပြေးစရာလမ်းပင် ရှိတော့မည် မဟုတ်ချေ။ ကော်ဘီယန်သည် အံကို တင်းတင်းကြိတ်ကာ လက်ဟန်တစ်ခုကို ပြုလုပ်လိုက်သည်။ ထို့နောက် ကြယ်ဓားပြသင်္ဘောထံ မ‌ပြန်ဘဲ အာကာသအပြင်ဘက်သို့ ထွက်ပြေးသွားတော့သည်။ 


အကယ်၍ သူသာ ကြယ်ဓားပြများထံ ပြန်ပြေးသွားပါလျှင် ကျောက်လင်းယွီသည် လက်ဦးမှုယူကာ တိုက်ခိုက်နိုင်မည်ဖြစ်သည်။ သို့သော် ထိုသူက အာကာသအပြင်ဘက်သို့ မိုင်ကုန်မြှင့်ကာ ထွက်ပြေးသွားသည့်အတွက် သူ့ကို အမိဖမ်းရန် ပစ္စည်းကိရိယာ အစုံအလင် မရှိသေးပေ။ 


ထိုအချိန်တွင် ကြယ်ဓားပြများက သူတို့တူးဖော်ခဲ့သည့် စွမ်းအင်သတ္ထုရိုင်းများကို ပစ်ချကာ အတားအဆီးတစ်ခု ဖန်တီးရင်း တန်ပြန်တိုက်ခိုက်လာပြန်သည်။ 


"ရမ် ..." 


သူက ရမ်ရှန့်ထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာခဲ့သည်။ 


သူ အနီးသို့ ရောက်မလာမီ ရမ်ရှန့်အတူ သင်္ဘောပေါ်မှ ပစ္စည်းများကို ခိုးယူနေသော ရှောင်လွီက သူ့လက်ကောက်ဝတ်ကို ရစ်ပတ်လိုက်သည်။ ထို့နောက် သူက ရမ်ရှန့်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ 


ရမ်ရှန့်ကို တင်းတင်းဖက်ထားပြီးနောက် ကြယ်ဓားပြများ ပစ်လိုက်သည့် ပစ်ချက်ကို ရှောင်တိမ်းရင်း ပင်မသင်္ဘောသို့ ပြန်လာခဲ့လိုက်သည်။


အာကာသထဲတွင် သေးငယ်သည့် ပစ်မှတ်ကို ထိမှန်အောင် ပစ်နိုင်ရန် မလွယ်ကူလှချေ။ သူသည်လည်း ထိုအချက်ကို ကောင်းကောင်း သဘောပေါက်ထားသဖြင့် ပင်မသင်္ဘောဆီသို့သာ ခြေကုန်သုတ်ပြီး ပြန်လာခဲ့လိုက်တော့သည်။ 


ထိုအချိန်တွင် ကြယ်ဓားပြများကလည်း စွမ်းအင်သတ္ထုရိုင်းများကို ချန်ထားရင်း တပ်ပြန်ဆုတ်သွားတော့သည်။ 


ရမ်ရှန့်ကို ပင်မသင်္ဘောဆီသို့ ပြန်ခေါ်လာနိုင်ပြီးမှသာ ကျောက်လင်းယွီလည်း စိတ်အေးသွားရတော့သည်။ 


ပင်မသင်္ဘောပေါ်မှတစ်ဆင့် ကြယ်ဓားပြနောက်သို့ လိုက်သွားသော ရမ်ရှန့်ကို တွေ့လိုက်ရချိန်တွင် ကျောက်လင်းယွီမှာ  နှလုံးခုန်သံပင် ရပ်လုမတတ် ဖြစ်သွားခဲ့၏။ ယခုအချိန်တွင် တစ်စုံတစ်ရာမှ မထိခိုက်ပါဘဲ သူ့ရင်ခွင်ထဲ၌ ငြိမ်ငြိမ်လေး ရှိနေ၍သာ တော်ပေတော့သည်။ 


မျက်နှာကို လက်ဖြင့် တဖွဖွထိတွေ့ရင်း ကျောက်လင်းယွီ ရမ်ရှန့်ကို ခပ်ကြမ်းကြမ်းအနမ်းတစ်ပွင့် ခြွေချလိုက်သည်။ 


ပင်မသင်္ဘောစင်္ကြန်ပေါ် ရောက်ကာမှ သူက ရမ်ရှန့်၏လက်ကို ဆွဲကာ ပြောလိုက်သည်။ 


"ရမ် အခု မင်းလုပ်လိုက်တဲ့ဟာက အရမ်းကို အန္တရာယ်များလွန်းတယ် ..." 


ရမ်ရှန့်က သူ့ရင်ခွင်ထဲ မျက်နှာအပ်ရင်း ပြောလိုက်သည်။ 


"လင်းယွီ ကျွန်တော်လည်း မထင်မှတ်ထားလို့ပါ ..." 


ထိုသူ၏ ခန္ဓာကိုယ်မှာ အားနည်းကာ စွမ်းရည်မှာလည်း အားမကောင်းလှဟု ခံစားရ၍ အမိဖမ်းလိုခြင်းဖြစ်သည်။ သို့သော် ထိုသူတွင် အဆင့်မြင့်ပစ္စည်းကိရိယာများ ရှိနေမည်ဟု မျှော်လင့်မထားမိပေ။ 


ဒဏ်ရာမရသည့်အပြင် ရတနာများပါ ရလာသည်မှာတော့ အဆိုးထဲမှ အကောင်းဟုသာ မှတ်ယူရပေမည်။ 


ရမ်ရှန့်က သူ့အမြစ်များဖြင့် သယ်ဆောင်လာသည့် စွမ်းအင်ပုံဆောင်ခဲကို သိုလှောင်ရေးနယ်မြေထဲသို့ ပိပိရိရိ သိမ်းဆည်းလိုက်သည်။

72.2


အပြစ်ကိုတော့ ဝန်ခံပေမယ့် ကိုယ့်ကိုယ်ကို အဟုတ်ကြီး ထင်နေသေးတယ်ပေါ့ ... 


ကျောက်လင်းယွီက သူ့တင်ပါးကို ဆွဲဆိတ်ကာ ပြောလိုက်သည်။ 


"နောက်တစ်ခါ ဒီလိုထပ်လုပ်လို့ မရဘူးနော် နားလည်လား ကိုယ်စိတ်ပူတယ် ..." 


"နားလည်ပါပြီ ..." 


သူက ပြန်ပြောလိုက်သည်။ ကျောက်လင်းယွီ၏ ဆွဲဆိတ်မှုမှာ အနည်းငယ် ဇိမ်ကျသည်ဟု ခံစားရသည့်အတွက် သူ့တင်ပါးဖြင့် အကြိမ်အနည်းငယ် ထပ်မံ ပွတ်တိုက်လိုက်သည်။ 


"....." 


ဒါကလည်း သူ့ကို ဖျားယောင်းတဲ့ နည်းလမ်းတစ်ခုပဲလား ... 


ကျောက်လင်းယွီ၏ နှလုံးသားမှာ လှုပ်ရှားသွားတော့သည်။ ရမ်ရှန့်က သူ့ကို ရှက်သွေးဖြာခြင်းပင် အလျဉ်းမရှိဘဲ စိုက်ကြည့်နေကြောင်း တွေ့လိုက်ရချိန်တွင်တော့ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ 


သူ့အမူအယာ တစ်ခုပြီးတစ်ခု ပြောင်းလဲနေသည်ကို မြင်လိုက်ရသည့်အခါ ရမ်ရှန့်သည် သူ့ဦးထုပ်ကို ချွတ်ကာ နှုတ်ခမ်းထောင့်စွန်းကို နမ်းလိုက်သည်။ 


"လင်းယွီ ကျွန်တော် ဗိုက်ဆာနေပြီ ..." 


အကယ်၍ ကျောက်လင်းယွီသာ မပျော်မရွှင် ဖြစ်နေပါလျှင် သူ့ကို ရေဆာသည် သို့မဟုတ် ဗိုက်ဆာသည်ဟု ပြောရမည်ဟု ရှန်းချိုးရှစ်က သင်ပေးဖူးသည်။ သို့မှသာ သူ့ကို ပြန်ပြီး အာရုံစိုက်လာမည်ဖြစ်သည်။ 


"သွားစားရအောင်..." 


သူက ရမ်ရှန့်ကို ပင်မထိန်းချုပ်ခန်းထဲသို့ ခေါ်လာကာ ကော်ဘီယန် သယ်လာသည့် စားစရာများကို ယူလိုက်သည်။ ထိုစားစရာအားလုံးမှာ စိတ်ချလက်ချ စားသောက်၍ ရနိုင်ကြောင်း တွေ့လိုက်ရသည့်အတွက် ရမ်ရှန့်စားရန်  အာဟာရပျော်ရည်နှစ်ထုပ် ရွေးပေးလိုက်သည်။ 


ရမ်ရှန့်မှာ  အာဟာရပျော်ရည်များအပေါ် နှစ်သက်မှု လျော့နည်းသွားသော်ငြား လက်ထဲတွင် ကိုင်ကာ သူ့ပေါင်ပေါ်တွင် ငြိမ်ငြိမ်လေး ထိုင်နေရင်း အစည်းအဝေးခန်းထဲရှိ လူများကို အကဲခတ်နေလိုက်သည်။ 


ကျောက်လင်းယွီမှတစ်ပါး အခြားသူများမှာ စွမ်းအင်ပိုင်ရှင်များ ဖြစ်ကြသည့်တိုင် ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်မှာ များစွာ မသန်မာလှပေ။ အခုလေးတင် ပြီးဆုံးသွားသော စစ်ပွဲတွင် မာရှယ်နှင့် ကော်ဘီယန်၏ တိုက်ခိုက်မှုကို ပြတ်ပြတ်သားသား မတွေ့ခဲ့ရသော်ငြား ရမ်ရှန့်၏ တိုက်ခိုက်မှုကိုတော့ တွေ့မိလိုက်ကြသေးသည်။ 


နိုင်လိုမင်းထက် ပြုမူလိုဟန် အပြည့်နှင့် လူငယ်လေးသည် ကျောက်လင်းယွီ၏ ရင်ခွင်ထဲတွင် ငြိမ်ငြိမ်လေး ထိုင်နေသည်။ ကွာခြားချက်မှာ ကြီးမားလွန်း၍ သူတို့မျက်စိရှေ့ရှိ လူငယ်လေးနှင့် အယ်လီကို သတ္ထုကုလားထိုင်ဖြင့် ပစ်ပေါက်ခဲ့သူမှာ တစ်ဦးတည်းဟုပင် မယုံနိုင်ကြချေ။ 


ရှေ့လျှောက် မာရှယ်ရဲ့ ဇနီးလေးကို စိတ်ကျေနပ်အောင် ထားပြီးတော့ သူနဲ့ ခပ်ဝေးဝေးမှာ နေမှပဲ ... 


အားလုံးက တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်လိုက်ကြသည်။ ထို့နောက် အသိစိတ်ကင်းမဲ့နေ‌ဆဲဖြစ်သော အယ်လီကို အခန်းထဲသို့ ခေါ်လာလိုက်သည်။ 


"မာရှယ် အယ်လီကို ကြည့်ရတာ ဆေးတစ်မျိုးမျိုး အထိုးခံထားရတဲ့ပုံပဲ ..." 


ဆရာဝန်က ပြောလိုက်သည်။ 


"သူမက ကံကောင်းတယ်လို့ ပြောရမှာပဲ ပြီးတော့ အဲ့ဒီလူရဲ့ စွမ်းရည်ကပဲ သာမန်မဟုတ်တာလား သူ့လက်ထဲမှာ ပစ္စည်းကိရိယာ ထူးထူးဆန်းဆန်းတွေ ရှိနေတာလားပဲ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


ပင်မထိန်းချုပ်ခန်းသို့ ဝင်ရောက်ရန် မျက်လုံးလက်ဗွေကို လိုအပ်ပေသည်။ ထို့ကြောင့် အယ်လီမှာ မုချ အသတ်ခံလိုက်ရပြီဟုသာ တွေးထားခဲ့ခြင်းဖြစ်သည်။ 


ကြယ်ဓားပြအုပ်စု၏ ခေါင်းဆောင်၊ လျှို့ဝှက်ဆန်းကြယ်လှသည့် ကော်ဘီယန်မှာ အမျိုးသမီးတစ်ဦး ဖြစ်နေလိမ့်မည်ဟုတော့ မျှော်လင့်မထားမိပေ။


"အယ်လီကို အခန်းထဲ ပြန်ခေါ်သွားပြီး သူမကို စောင့်ရှောက်ဖို့ အမျိုးသမီးတပ်သားတစ်ယောက်လောက် လွှတ်ပေးလိုက် ..." 


အိုင်ဗာက အယ်လီနှင့် ဆက်ဆံရေးကောင်းမွန်သော ဆရာဝန်ကို ညွှန်ကြားလိုက်သည်။ 


စစ်ပွဲမှာ ပြီးစီးသွားသည့်တိုင် ရှင်းလင်းရေးလုပ်ငန်းများ ကျန်ရှိနေသေးသည့်အတွက် သူ့တွင် အလုပ်များစွာ ရှိနေဆဲဖြစ်သည်။ 


အယ်လီထွက်သွားကာမှ သူက မာရှယ်ကို မေးလိုက်သည်။ 


"မာရှယ် နောက်ထပ် ဘာဆက်လုပ်ကြမလဲ စွမ်းအင်သတ္ထုရိုင်းတွေကိုရော ဘယ်လို လုပ်ကြမလဲ ..." 


ကြယ်ဓားပြများ သွန်ချခဲ့သည့် စွမ်းအင်သတ္ထုရိုင်းများသည် အာကာသထဲတွင် ပြန့်ကြဲကာ ရွှေရောင်မြစ်တစ်စင်းအသွင် စီးဆင်းနေသည်။ အချို့မှာ အာကာသထဲရှိ ရောင်စဉ်တန်းအချို့နှင့် ထိတွေ့မိပြီး စွမ်းအင်ကမောက်ကမဖြစ်မှုကြောင့် ပေါက်ကွဲထွက်သွားကြတော့သည်။ သူတို့၏ စစ်သင်္ဘောတွင်လည်း ထိုသတ္ထုရိုင်းများအားလုံးကို မသယ်ယူနိုင်သည့်အပြင် အကယ်၍ နောက်တစ်ကြိမ် ပြန်သယ်ပါလျှင်လည်း ပေါက်ကွဲနှင့်ပြီဖြစ်၍ အစပင် ကျန်တော့မည် မဟုတ်ချေ။ ဤနေရာတွင်ပင် စခန်းချကာ သယ်ယူရေးယာဉ်ကို စောင့်ဆိုင်းရန်လည်း အချိန်မရှိတော့ပေ။ 


"ရှောင်လွီကို သယ်လာခိုင်းလိုက်လေ ..." 


ရမ်ရှန့်က ရှောင်လွီကို ကိုင်ရင်း ဝင်ပြောလိုက်သည်။ 


အကြီးအကဲထန့်သည် သူ့ကို တပည့်အဖြစ် လက်ခံနိုင်ရန် လျှို့ဝှက်ချက်ပေါင်းများစွာကို ထုတ်ပြောခဲ့ပြီး ထိုထဲတွင် ကြယ်ဓားပြယာဉ်ပေါင်းများစွာကို ရှောင်လွီဖြင့် ဆွဲချည်ကာ ဖက်ဒရယ်သို့ ပြန်သယ်ခဲ့ကြောင်းလည်း ပါဝင်ပေသည်။ 


ထိုအကြောင်းကို ကြားခဲ့စဉ်ကတည်းက သူလည်း ထိုသို့ စမ်းသပ်ကြည့်ချင်သည့်အတွက် ရမ်ရှန့်မှာ အင်မတန် အားတက်သရော ဖြစ်နေပေသည်။ 


"ဒီလောက် စွမ်းအင်သတ္ထုရိုင်းတွေ အများကြီးကို ထုပ်ပိုးလို့ ရပါ့မလား ..." 


တစ်စုံတစ်ယောက်က မယုံနိုင်စွာဖြင့် မေးလိုက်သည်။ 


"ရှောင်လွီက တိုလို့ရှည်လို့ ရတယ်လေ ဒါမှမဟုတ် ထည့်ဖို့ တစ်ခုခု ရှာပြီးမှ သူ့ကို သယ်ခိုင်းရင်ရော ..." 


သူက နောက်ထပ်အကြံတစ်ခုကို ထုတ်ပြောလိုက်သည်။ 


ထိုသတ္ထုရိုင်းအားလုံးကို သူ၏ ချမ်ခွမ့်အိတ်ထဲသို့ ထည့်လိုက်ခြင်းသည် အလွယ်ကူဆုံးဖြစ်သည်။ သို့သော် ဤနည်းလမ်းမှာလည်း လုံးဝ အဆင်မပြေပေ။ 


ပင်မစစ်သင်္ဘော၏ အပေါ်ထပ်တွင် ကုန်သေတ္တာများစွာ ရှိနေသည့်အပြင် စွမ်းအင်ပြတ်တောက်၍ ရပ်တန့်ထားသော စစ်လေယာဉ်များလည်း ရှိနေသေးရာ ၎င်းတို့ကို သတ္ထုရိုင်းများ သယ်ယူရန် အသုံးပြုနိုင်ပေသည်။ 


တပ်သားများက အာကာသဝတ်စုံကို ပြောင်းလဲဝတ်ဆင်ကာ ပြန့်ကြဲနေသော သတ္ထုရိုင်းအားလုံးကို စုစည်းပြီး ရှောင်လွီဖြင့် ဆွဲယူမည့် သေတ္တာများထဲသို့ ထည့်လိုက်သည်။ 


ပထမတပ်ဖွဲ့၏ ပင်မစစ်သင်္ဘောသည် ၎င်း၏ ပုံမှန်အရှိန်ထက် များစွာ နှေးကွေးသောနှုန်းဖြင့် အနီးစပ်ဆုံး လူနေဂြိုဟ်သို့ တရွေ့ရွေ့ မောင်းနှင်လာသည်။ ၎င်း၏ နောက်နားတွင် ထူးဆန်းလှသော အရာများစွာကိုပါ တစ်ပါတည်း တွေ့ရှိလိုက်ရသည့်အတွက် ပင်မစစ်သင်္ဘောဟုပင် ထင်မှတ်စရာ မရှိတော့ချေ။ 


xxxxxxxxx