အပိုင်း ၇၄
Viewers 18k

Chapter 74


ကျောက်လင်းယွီတွင် ကိုင်တွယ်စရာကိစ္စများ များပြားနေသေးသည့်တိုင် ရမ်ရှန့်မှာတော့ အားလပ်နေပြီဖြစ်သည်။ အပြန်လမ်းတစ်လျှောက် ကျင့်ကြံရင်းသာ အချိန်ကုန်ခဲ့သည့်အတွက် သူ့ကလေးများမှာလည်း အံ့ဩဖွယ်ကောင်းလောက်အောင်ပင် ကြီးထွားလာတော့သည်။ 


ကြီးထွားနှုန်းမှာ အံ့ဩဖွယ်ကောင်းလောက်အောင် လျင်မြန်သည် ဆိုသော်ငြား ယခင်ကြီးထွားနှုန်းများနှင့် နှိုင်းယှဉ်၍သာ ဤသို့ ပြောရခြင်းဖြစ်သည်။ အမှန်စင်စစ်တွင် မြို့တော်ကြယ်အနီးသို့ ရောက်သည်အထိ ကြက်ဥတစ်လုံးခန့်သာ ရှိပေသေးသည်။ 


ဒါပေမယ့် ... ဒါက ကြက်ဥအရွယ်လေ ... 


ရမ်ရှန့်မှာ ကြက်ဥအရွယ် ဂျင်ဆင်းသီးမျိုးကို တစ်ခါမှ မတွေ့ဖူးချေ။ 


အခုတော့ ဂျင်ဆင်းသီး‌လို့ ပြောလို့လည်း မရတော့ပါဘူး ဒါလေးတွေက သူ့ကလေးတွေ ဖြစ်ကုန်ကြပြီလေ ဒါပေမယ့် အခု သူ့ကလေးတွေက ကြက်ဥနီနီလေးလုံးနဲ့ တူနေတယ် ... 


လူသားမျိုးနွယ်ကလေးတွေက လျင်လျင်မြန်မြန် ကြီးထွားလာတာဆိုတော့ သူ့ခေါင်းပေါ်မှာ ဖရဲသီးလေးလုံးများ ဖြစ်လာမလား ဒါမှမဟုတ် အပင်ချစိုက်ဖို့ လိုအပ်နေတာများလား အပင်အဖြစ် ချစိုက်ရမှာ ဆိုရင်ရော သန့်စင်မြေနဲ့ ရွှေရောင်ပုံဆောင်ခဲထဲမှာ ချစိုက်ရမှာလား ... 


သူ့ဦးထုပ်ထဲတွင် ထည့်ဖွက်ထားသော ပုံဆောင်ခဲလေးမှာ တစ်ဖြေးဖြေး သေးငယ်ကာ ပျောက်ကွယ်သွားချေလေပြီ။ သို့သော် သူတက်အိပ်နေသည့် ဧရာမ ပုံဆောင်ခဲကြီးမှာတော့ ယခင်အတိုင်းသာ မပြောင်းမလဲ ရှိနေဆဲဖြစ်သည်။ 


ထိုစွမ်းအင်ပုံဆောင်ခဲပေါ်မှ ထလာရင်း ရမ်ရှန့်သည် ခေါင်းကို မသက်မသာ ခါယမ်းလိုက်သည်။ သူ့ခေါင်းပေါ်ရှိ ကလေးများမှာ ဤရက်ပိုင်းအတွင်း၌ပင် အဆမတန် ကြီးထွားလာသည့်အတွက် ခေါင်းမှာ အင်မတန် လေးလံလာကာ မသက်မသာ ဖြစ်လာတော့၏။ 


ထိုကလေးများမှာ မည်သည့်အချိန်တွင်မှ ရင့်မှည့်မည်မှန်းလည်း မသိပေ။ သိပ်မကြာခင်များ ဖြစ်မလား ... သူတို့ရဲ့ စွမ်းရည်စုပ်ယူနှုန်းကလည်း တစ်ဖြေးဖြေး နှေးလာပြီဆိုတော့လေ ... 


ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ ရမ်ရှန့်သည် စားစရာများကို အခန်းထဲသို့သာ ပို့ခိုင်းခဲ့သည်။ ယနေ့တွင်မူ သူလည်း စိတ်ကြည်နေသည့်အတွက် အကြီးအကဲထန့်နှင့်အတူ စားသောက်ရန် စားသောက်ခန်းသို့ ထွက်လာလိုက်သည်။ 


"ဆရာ ဒီရက်ပိုင်း ဘယ်တွေ ရောက်နေတာလဲ ..." 


အကြီးအကဲထန့်က ခပ်သွက်သွက်လျှောက်လာရင်း မေးလိုက်သည်။ 


ရမ်ရှန့်ကလည်း သူ့ကို တအံ့တဩ ပြန်ကြည့်နေလိုက်သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင် အကြီးအကဲထန့်သည် မျက်နှာအားဖြည့်ဆေးလုံးများကို အများအပြားစားကာ နုပျိုလာသည့်တိုင် များစွာ ပြောင်းလဲမသွားသေးချေ။ သို့သော် ယခုတွင်မူ ... 


သူ့ဆံပင်မှာ နက်မှောင်နေကာ မျက်နှာတွင်လည်း အရေးအကြောင်းဟူ၍ မရှိတော့။ ဝတ်စုံပြည့် ဝတ်ဆင်ထားသည့်အတွက် လူတိုင်းက သူ့ကို သက်လတ်ပိုင်းအမျိုးသားဟုသာ ထင်ကြမည်ဖြစ်သည်။ 


"အခန်းထဲမှာပဲ ရှိနေတာပါ နေပါဦး ခင်ဗျားက ဘယ်လိုလုပ်ပြီး အများကြီး ပြောင်းလဲသွားရတာလဲ ..." 


ရမ်ရှန့်မှာ ထုတ်မပေးဘဲ မနေနိုင်တော့ချေ။ 


သူ့အဖြေကို ကြားလိုက်ရသည့် အကြီးအကဲထန့်၏ အမူအယာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ 


ဒါပေါ့ ဒီရက်ပိုင်း အခန်းထဲမှာပဲ နေနေမှန်း သိတာပေါ့ ဆက်တိုက်ကြီး အခန်းအောင်းနေတာ သွေးရိုးသားရိုး မဖြစ်နိုင်ဘူးထင်လို့ မေးတာလေ ပြီးတော့ သူ့ဆရာဆိုတာကလည်း ကျောက်လင်းယွီကို အရူးအမူးစွဲလမ်းနေတဲ့သူ မဟုတ်လား အဲဒါတောင် ကျောက်လင်းယွီနောက်ကို လိုက်မလာတာ တော်တော်ကြာနေပြီဆိုတော့ ခန္ဓာကိုယ် တစ်ခုခုဖြစ်နေလို့များလား သူ့တုန်းကဆိုလည်း ပထမဆုံးအကြိမ်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး အိပ်ယာထဲကနေတောင် မထနိုင်ခဲ့ဘူးဆိုတော့လေ ... 


အတွေးရထားကို ပြန်ရုတ်သိမ်းရင်း အကြီးအကဲထန့်သည် ကျောက်လင်းယွီ၏ စရိုက်ကို ယုံကြည်ပြီး သံသယမထားရန်သာ ဆုံးဖြတ်လိုက်တော့သည်။ 


"ဆံပင်ကို အမည်းရောင်ဆိုးလိုက်တာ ပြီးတော့ မျက်နှာကို အားဖြည့်ပေးတဲ့စက်နဲ့ နေ့တိုင်း အသားအရေ ထိန်းသိမ်းတယ်လေ ဒီအင်္ကျီတွေကတော့ သီးသန့်ကိုယ်တိုင်းနဲ့ ချုပ်ခိုင်းထားတာ ..." 


"ဘယ်တုန်းကလဲ ..." 


ရမ်ရှန့်က အံ့ဩတကြီး မေးလိုက်သည်။ 


"လူနေဂြိုဟ်တစ်ခုမှာ သင်္ဘောခဏရပ်ခဲ့တုန်းကလေ ..." 


သူက အဝတ်အစားများကို ပြန်ပြင်ရင်း ပြောလိုက်သည်။သူ့အကြည့်တို့မှာ ရုတ်ချည်း ခါးသီးသွားတော့သည်။ 


"ပြီးခဲ့တဲ့ နှစ်လေး‌ရာလောက်ကတော့ ငါလည်း မြို့တော်ကြယ်ရဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖြစ်ခဲ့တာပဲ ငါ့ကို ကြိုက်ကြတဲ့သူတွေဆိုတာကလည်း တစ်ပုံကြီး ဒါပေမယ့် အခုတော့ သူတို့တွေလည်း သေကုန်ကြပါပြီလေ ..." 


"လူတွေရဲ့ သက်တမ်းက တကယ်ကို တိုတောင်းတာပဲနော် ..." 


ရမ်ရှန့်က ခံစားချက်အပြည့်ဖြင့် ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ရင်း ဝင်ပြောလိုက်သည်။ သူသည်လည်း ကျောက်လင်းယွီ၏ သက်တမ်းကို ဆွဲဆန့်နိုင်မည့်နည်းလမ်း ရှာဖွေနိုင်ရေးအတွက် ပူပန်နေဆဲဖြစ်သည်။  


"အရင်တုန်းက ငါ့နှလုံးသားထဲမှာ တစ်ယောက်ယောက်ရှိနေလို့ မြို့တော်ကြယ်ကို ပြန်မလာချင်ခဲ့ဘူးလေ ဒါပေမယ့် နှစ်တွေ အကြာကြီးကြာပြီး ပြန်စဉ်းစားကြည့်လိုက်မှ ငါ့လို သေခါနီး အဖိုးကြီးအတွက် ဒါတွေကို ဂရုစိုက်နေဖို့ မလိုမှန်း သိလိုက်ရတယ် ..." 


အကြီးအကဲထန့်မှာ အတွေးနွံထဲ နစ်မြုပ်နေဟန်ဖြင့် တွေးဆဆ ပြောလိုက်သည်။


"ကျင့်ကြံသူတွေက စိတ်ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ထားသင့်တယ် အတွေးတွေ အများကြီး တွေးနေတာက ခင်ဗျားအတွက်လည်း မကောင်းဘူး ..." 


ရမ်ရှန့်က သူကျင့်ကြံခဲ့ဖူးသည့် နည်းလမ်းများကို ပြန်တွေးရင်း ပြောလိုက်သည်။ 


ဤကမ္ဘာတွင် စိတ်စွမ်းအား မရှိသော်ငြား သာမန် ကြံ့ခိုင်ရေးကျင့်စဉ်များကိုတော့ ကျင့်ကြံ၍ ရနိုင်ပါသေးသည်။ ထို့အပြင် အကြီးအကဲထန့်မှာ သူ့တပည့်ဖြစ်ရာ ဆေးဖော်စပ်နည်းများကို သင်ကြားမပေးနိုင်လျှင်တောင် ကြံ့ခိုင်ရေးကျင့်စဉ်များကိုတော့ သင်ပေးနိုင်မည် ဖြစ်သည်။ ပိုမိုနုပျိုလာသည့် မစ္စတာထန့်အနေဖြင့်လည်း သေချာပေါက် လိုက်လံ ကျင့်ကြံနိုင်မည်ဖြစ်သည်။ 


သူက ထိုအကြောင်းကို တွေးနေသော်ငြား အကြီးအကဲထန့်ကမူ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ 


"ကျင့်ကြံရေးဆိုတာ ဘာကြီးလဲ ဒါပေမယ့် အခုအချိန်မှာ ငါတကယ်ကြီးကို စိတ်ကြည်နေတယ် သိလား အခုအချိန်မှာ ငါက နုပျိုလန်းဆန်းနေပေမယ့် ဟိုတစ်ယောက်က သေခါနီးနေပြီလေ တကယ်လို့ ငါ့ရဲ့ အရှိန်အဝါတွေသာ ပြန်ရသွားရင် သူတော့လေ မနာလိုဖြစ်ပြီး သေလောက်တယ် သိလား ..." 


"....." 


ရမ်ရှန့်မှာ ဘာပြော၍ ပြောရမည်မှန်းပင် မသိတော့ချေ။ သူက အကြီးအကဲထန့်၏ ချီတုံချီချဖြစ်နေဟန်ကို သတိထားမိသည့်အတွက် တမင်တကာ ပြန်မေးလိုက်သည်။ 


"တကယ်ကြီး အဲဒီလို တွေးမိတာပေါ့ ..." 


အကြီးအကဲထန့်မှာ စကားပင် ဆက်မပြောနိုင်တော့။ ထိုအချိန်တွင် ဖန့်ချန်ကျွင့်က သူ့ကို ပြုံးပြရင်း ရောက်ချလာသည်။ 


"ရမ်ရှန့် မင်းက တကယ်ကြီးကို ဟိုကြယ်ဓားပြနဲ့ တိုက်ရဲတယ်နော် မိုက်လိုက်တာ ..." 


သူက ထိုသို့ ချီးကျုးရင်း စကားရောဖောရောဖြင့် ဝင်ထိုင်လိုက်သည်။

74.2


"ကျွန်တော်လည်း သူ့ကို ဒီလောက်ကြီးအထိ သန်မာလိမ့်မယ်လို့ မထင်ထားမိဘူး ..." 


ရမ်ရှန့်က အနည်းငယ် နောင်တရလေဟန်ဖြင့် ပြောလိုက်သည်။ အကယ်၍ ကော်ဘီယန်၏ ဓားဖြင့်သာ ခိုက်မိခဲ့ပါလျှင် မသေသည့်တိုင် ဒဏ်ရာရမည်ဖြစ်သည်။ 


သာမန်အားဖြင့်ဆို လူတွေက ဘဝင်မမြောက်တတ်ဘူး မဟုတ်လား ရမ်ရှန့်က တကယ်ကို ထူးခြားတာပဲ ... 


ဖန့်ချန်ကျွင့်သည် နှင်မထုတ်ခံရစေရန်အလို့ငှာ စကားလမ်းကြောင်းပြောင်းလိုက်သည်။ 


"ရမ်ရှန့် ဒီရက်ပိုင်းမှာ အီသန်လည်း မင်းလိုပဲ အခန်းအောင်းနေတာ ဘာလို့လဲ သိလား ..." 


"ဘာလို့လဲ ..." 


ရမ်ရှန့်က သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။ 


"ဟိုကြယ်ဓားပြကောင်က ထွက်ပြေးရင်း သူ့ကို ဝင်တိုက်မိတာ ဒဏ်ရာရသွားတယ်လေ ပြီးတော့ သူက ဆီးလည်း မထိန်းနိုင်တဲ့သူ ဆိုတော့ ..." 


သူက အသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည်။ 


"အကာအကွယ်ဝတ်စုံ ဝတ်ထားလို့ အပြင်ကိုတော့ စီးကျမလာပေမယ့် ..." 


"တကယ်ကြီးလား ..." 


အကြီးအကဲထန့်က တအံ့တဩ ဝင်မေးလိုက်သည်။ 


"ငါလည်း အဲဒီ့နားမှာ တစ်ချိန်လုံး ရှိနေတာပါ ဒါပေမယ့် သတိမထားမိလိုက်ဘူး မင်းက ဘယ်လိုလုပ် သိတာလဲ ..." 


ဖန့်ချန်ကျွင့်၏ နှုတ်ခမ်းထောင့်စွန်းတို့မှာ အနည်းငယ် ကော့တက်လာတော့၏။ 


"ရေခဲဗုံးနဲ့ ပစ်လိုက်တုန်းက အနီးနားမှာ ရေရှိနေတာကို သတိထားမိလို့ အဲ့ဒီရေနဲ့ ရေခဲလုပ်လိုက်တာလေ ..." 


စွမ်းရည်ပိုင်ရှင်များသည် မိမိ၏ ကိုယ်ပိုင်စွမ်းရည်ကိုသာမက အနီးအနားရှိ အရာဝတ္ထုတို့ကိုပါ ပြောင်းလဲအသုံးပြုနိုင်ပေသည်။ ထိုအချိန်က သူသည် ရေကို အာရုံခံမိ၍ ရေခဲအဖြစ် ပြောင်းကာ တိုက်ခိုက်ရန် ကြံရွယ်ခဲ့သော်ငြား ထိုရေမှာ သာမန်ရေမဟုတ်ကြောင်း အစောတလျင် သတိပြုမိလိုက်၍သာ တော်သေးသည်။ 


ဒီရက်ပိုင်းမှာ အီသန် အပြင်မထွက်တာ အံ့ဩစရာ မရှိတော့ပါဘူး ... 


အကြီအကဲထန့်၏ အမူအယာမှာတော့ အနည်းငယ် နှမြောတသဖြစ်နေဟန်ပင်။ 


အီသန်က သေးပေါက်ချတဲ့အပြင် ခွကြားနားကလည်း  ရေခဲတော့မလို ဖြစ်သွားလိုက်သေးတယ် သူ့အမူအယာကို မျက်မြင်ကိုယ်တွေ့ မတွေ့လိုက်ရတာ နာတာပဲ ... 


သူငယ်ငယ်ကလည်း အဲဒီလိုမျိုး ဖြစ်ခဲ့ဖူးပေမယ့် အီသန်ဆိုတာက အမြဲလိုလို ရုပ်တည်ကြီးနဲ့ ဖြစ်နေတဲ့သူလေ ... 


"သူက ခဲတော့ ခဲမသွားပါဘူးနော် ..." 


ရမ်ရှန့်က မေးလိုက်သည်။ 


ဖန့်ချန်ကျွင့်၏ ရေခဲအပူချိန်မှာ အလွန်နိမ့်သည့်အတွက် ကော်ဘီယန်ကို မဖမ်းမိခင်က ရှောင်လွီပင်လျှင် အေးသည်ဟု အကြိမ်ကြိမ် အော်ခဲ့သေးသည်။ 


"မခဲလောက်ဘူး ထင်တာပဲ ..." 


သူက ချီတုံချီချဖြင့် ပြောလိုက်သည်။ မူမမှန်သည်ကို သတိပြုမိသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း ရေအဖြစ်သို့ ပြန်ပြောင်းခဲ့သည့်အတွက် ဤမျှလျင်မြန်စွာ ခဲမသွားနိုင်လောက်ပေ။ 


အဟမ်း တကယ်လို့သာ လော့ခဲမိသားစုရဲ့ ဆက်ခံသူက သူ့လက်ချက်ကြောင့် တကယ်ကြီး ခဲသွားရင်တော့ ကံဆိုးမိုးမှောင်ကျတာပဲ ... 


အီသန်၏ ပစ္စည်းမှာ တကယ်လည်း ခဲမသွားခဲ့ချေ။ လော့ခဲမိသားစု၏ စွမ်းရည်မှာ အကာအကွယ်ဒိုင်းကို ထုတ်ပေးနိုင်ရုံသာမက ခန္ဓာကိုယ်ကိုပါ ကာကွယ်ပေးပြီးဖြစ်သည်။ ထို့ကြောင့် သူ၏ဖွားဖက်တော်မှာ လွယ်လင့်တကူ ပျက်စီးသွားမည် မဟုတ်ချေ။ 


သို့သည့်တိုင် အခြားသူများကိုတော့ မျက်နှာပူနေဆဲဖြစ်သည်။ ထို့အပြင် ကော်ဘီယန် လွတ်သွားပြီးနောက်  သူ့နံရိုးနှစ်ချောင်း ကျိုးသွားသည့်အပြင် ကိုယ်တွင်းကလီစာများပါ ကပြောင်းကပြန် ဖြစ်သွားခဲ့သေးသည်။


ရက်ပေါင်းများစွာ အားပြန်ဖြည့်ပြီးနောက် ကြားခံဂြိုဟ်တစ်ခုသို့ မဆိုက်ရောက်ခင်မှာပင် သူ့ဒဏ်ရာတို့မှာ ပြန်လည်သက်သာလာတော့သည်။ မြို့တော်ကြယ်သို့ ရောက်တော့မည်ဟု သတင်းရလိုက်ချိန်တွင် နှုတ်ခမ်းထောင့်စွန်းတို့ကို ကွေးညွတ်ရင်း လှောင်ပြုံးပြုံးလိုက်သည်။ 


ကျောက်လင်းယွီသည် ပြည်သူများကို စစ်သင်္ဘောပေါ် တင်ဆောင်လာသည့်အပြင် စစ်ဆင်ရေး ဆောင်ရွက်နေစဉ်အတွင်း၌လည်း သူ့အချစ်အကြောင်း ဖွင့်ဟပြခဲ့သေးသည့်အပြင် ရုပ်ဖျက်ထားသည့် ကြယ်ဓားပြတစ်ဦးကိုပင် သင်္ဘောပေါ် ရောပါစေခဲ့သေးသည်။ သူ့တွင် ဟာကွက်များစွာ ရှိနေသည့်အတွက် မြို့တော်ကြယ်သို့ ပြန်ရောက်ချိန်တွင် သေချာပေါက် ဖော်ထုတ်ပစ်မည် ဖြစ်သည်။ 


အီသန်က သူ့လက်ထောက်ကို ဖခင်ဖြစ်သူထံ သတင်းပို့စေကာ ကျောက်လင်းယွီကို ပြဿနာရှာရန် ပြင်ဆင်တော့သည်။ 


သူ့ပြင်ဆင်မှုများ မပြီးသေးခင်မှာပင် ပထမတပ်ဖွဲ့၏ သင်္ဘောများသည် မြို့တော်ကြယ်သို့ ဆိုက်ရောက်လာတော့သည်။ 


ယာဉ်အများစုကို မြို့တော်ကြယ်အနီးရှိ လူသူကင်းမဲ့သော ဂြိုဟ်များတွင် ရပ်တန့်လိုက်ကာ အချို့ကိုတော့ ပထမတပ်ဖွဲ့၏ ရေပိုင်နက်ပေါ်တွင် ရပ်တန့်လိုက်သည်။ 


ပထမတပ်ဖွဲ့နှင့်အတူ ပါလာသော ပြည်သူများကို အထူးသီးသန့်ဌာနခွဲက ကိုင်တွယ်ကာ ကျောက်လင်းယွီနှင့် အခြားသူများက စစ်ပွဲအကြောင်း အစီရင်ခံရန် ဌာနချုပ်အဆောက်အဦးသို့ ထွက်လာလိုက်ကြသည်။ 


"ရမ် အိမ်ပြန်နှင့်နော် ကိုယ် သိပ်မကြာခင် ပြန်လာခဲ့မယ် ..." 


ကျောက်လင်းယွီက ပါးကိုနမ်းကာ ပြောလိုက်သည်။ 


"ကောင်းပါပြီ ..." 


သူက ခေါင်းငြိမ့်ပြလိုက်သည်။ 


ရမ်ရှန့်နှင့် စကားပြောနေချိန်တွင် ကျောက်လင်းယွီ၏ အမူအယာတို့မှာ နူးညံ့နေသော်ငြား တစ်ဖက်သို့ လှည့်လိုက်ချိန်တွင်တော့ ယခင်အတိုင်း အေးစက်နေသည့် အငွေ့အသက်တို့သာ ကျန်ခဲ့တော့သည်။ 


"သွားရအောင် ..." 


သူ့နောက်သို့ လိုက်လာရင်း အီသန်က မကျေမနပ်ဖြင့် သရော်လိုက်သည်။ 


ကျောက်လင်းယွီက ဌာနချုပ်အဆောက်အဦးထံ တန်းတန်းမတ်မတ် ဝင်သွားကာ အိုင်ဗာကို စစ်ပွဲအခြေအနေအကြောင်း ချက်ခြင်း အစီရင်ခံရန် အချက်ပြလိုက်သည်။ 


"ဒီတစ်ခေါက် ကျွန်တော်တို့တွေ ကြယ်အမှတ် ၁၂၅၃၄ ကို ကယ်ဆယ်ပြီးတဲ့နောက် ကြယ်ဓားပြတွေကို လိုက်လံဖမ်းဆီးခဲ့ပါတယ် ပြီးတော့ စွမ်းအင်သတ္ထုရိုင်းပမာဏ အများအပြားကိုလည်း ပြန်ရခဲ့ ..." 


အိုင်ဗာက အတိုချုပ် အစီရင်ခံပြီးနောက် ပါဝင်အမှုထမ်းခဲ့သူများ၏ အချက်အလက်များကို ထုတ်ပြလာသည်။ 


ကြယ်ဓားပြများနှင့် လက်တွေ့ရင်ဆိုင်ခဲ့ရသော ဟုန်ကျုံးနှင့် အခြားသူများသာမက အီသန်နှင့် ဖန်ချန်ကျွင့်ပင် ထိုစာရင်းထဲ၌ ပါဝင်နေပေသည်။ 


<<ရဲစွမ်းသတ္တိပြည့်ဝစွာဖြင့် ပင်မသင်္ဘောကို အကာအကွယ်ပေးခဲ့သည်>> ဟူသည့် ဖော်ပြချက်ကို တွေ့လိုက်ရချိန်တွင် အီသန်မှာ နေရာတွင်ပင် အေးခဲသွားတော့သည်။ 


ကျောက်လင်းယွီက ဘယ်လိုဖြစ်လို့ သူ့ကိုပါ ဂုဏ်ပြုရမယ့် စာရင်းထဲ ထည့်ထားရတာလဲ ... 


တစ်ခုခုကိုများ လျှို့ဝှက်ကြံစည်နေတာလား ... 


ထိုသို့တွေးမိသော အီသန်သည် သူရှာထားသည့် ကျောက်လင်းယွီ၏ ဟာကွက်များကို ထုတ်ပြရန် ကြံရွယ်လိုက်တော့သည်။ 


"မာရှယ်ကျောက် ..." 


"အီသန် မင်းကို ဒီလောက်အထိ စွမ်းဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်မထားမိဘူး ..." 


လော့ခဲမိသားစု၏ အကြီးအကဲက သူ့သားကို ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


"မင်းက တကယ်ကို အရွယ်ရောက်လာပြီပဲ ရှေ့လျှောက် မာရှယ့်နောက်ကို လိုက်ပြီး သူ့ဆီကနေ ကောင်းကောင်းသင်ယူ ကြားလား ..." 


သူ့အဖေအရင်းကိုယ်တိုင်က ကျောက်လင်းယွီကို ပစ်မှတ်မထားတော့ဖို့ ပြောနေပြီပေါ့ ... 


အီသန့်အနေဖြင့်  ကျောက်လင်းယွီ၏ မျက်နှာဖုံးကို ယခုချက်ခြင်း ဆွဲမခွါနိုင်သည့်အပြင် ဘာမှ မပင်ပန်းပါဘဲ ဂုဏ်ထူးဆောင်ဆု ရဦးမည်ဖြစ်သည်။ အပြစ်ထက် အကျိုးက သာနေကြောင်း သိနေသည့်တိုင် သူခံစားခဲ့ရသည့် စိတ်အနှောင့်အယှက်ဖြစ်မှုတို့အတွက်တော့ ဒေါသထွက်မိနေဆဲဖြစ်သည်။ 


"ဟုတ်တယ် မစ္စတာလော့ခဲက တကယ်ကို ကောင်းကောင်း ဆောင်ရွက်ခဲ့တာပါ ပင်မသင်္ဘောက ကြယ်ဓားပြတွေနဲ့ တိုက်ရတော့မယ်လို့ သိတဲ့အချိန်ကဆို တစ်ချို့လူတွေမှာ ဆီးတောင် ထွက်ကျတယ်လေ ဒါပေမယ့် မစ္စတာလော့ခဲက အကာအကွယ်ဒိုင်းနဲ့ ဆက်ပြီး တောင့်ခံထားနိုင်တာ တကယ်ကို ချီးကျူးစရာပါပဲ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


ယမန်နေ့ညက ရမ်ရှန့်သည် သူ့ကို အကယ်၍ ဖွားဖက်တော်သာ အေးခဲသွားပါလျှင် မျိုးစေ့ မထုတ်နိုင်တော့ဘူးလားဟု မေးလာသည်။ အတော်ကြာ အာစေးမိနေပြီးကာမှ အီသန်သည် ကြောက်တတ်သူဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ 


အီသန်သည် ကျောက်လင်းယွီ၏ မျက်နှာဖုံးကို ဆွဲချွတ်ချင်သော်ငြား ထိုစကားများကို ကြားလိုက်ရချိန်တွင် သူ့အကြံကို လက်လျော့လိုက်တော့သည်။ သူသာ ထိုသူကို ဆန့်ကျင်မိပါလျှင် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဝေးသွားမည်သာမက အားလုံး၏ရှေ့တွင်လည်း မျက်နှာပျက်ရမည်ဖြစ်သည်။ 


သူက S အဆင့် စွမ်းရည်ပိုင်ရှင်လေ ဒါပေမယ့် မထင်မှတ်ထားလောက်အောင်ကို ...


xxxxxxxx