အပိုင်း ၇၅
Viewers 18k

Chapter 75


ဌာနချုပ်အဆောက်အဦးအတွင်းရှိ ကျောက်လင်းယွီမှာတော့ အင်မတန် ဝမ်းသာလုံးဆို့နေလေသည်။ ပထမတပ်ဖွဲ့ရှိ တပ်သားအများအပြားမှာ ရာထူးတိုးခံရသည့်အပြင် စစ်ရန်ပုံငွေပမာဏလည်း တိုး‌မြှင့်ချထားပေးခံရသည်။ ထိုသည်သာမက သူကိုယ်တိုင်အတွက်လည်း ဆုတံဆိပ်အချို့ ထပ်မံ ရရှိခဲ့သေးသည်။ 


ထွက်ခွါခါနီးအချိန်တွင် ထိုနေရာရှိ ရန်ယဲ့ကို တရင်းတနှီး ပုခုံးပုတ်ကာ ပြောလိုက်သည်။ 


"ဗိုလ်ချုပ်ရန်ကို ကျေးဇူးတင်ရမှာပဲဗျာ ဗိုလ်ချုပ်သာ လက်ထပ်ပွဲအတွက် အလုပ်များမနေရင် ကျွန်တော်လည်း ဒီလိုမျိုး ဆုတံဆိပ် ထပ်ရမှာ မဟုတ်ဘူး ..." 


သူ့ပုခုံးတို့မှာ နာကျင်ကိုက်ခဲလာတော့သည်။ ကျောက်လင်းယွီသည် ပေါင်းစပ်စွမ်းရည်ကို ဆုံးရှုံးခဲ့ရသော်ငြား ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ကို နှိုးထစေနိုင်ခဲ့ကြောင်း တွေးမိချိန်တွင် ပို၍ပင် စိတ်အနှောင့်အယှက် ဖြစ်လာတော့သည်။ 


လူ့ဘောင်သစ်နေ့ အခမ်းအနားပွဲ၌ စင်မြင့်ကို ဖျက်ဆီးခဲ့သူမှာလည်း ကျောက်လင်းယွီမှတစ်ပါး အခြားသူ မဖြစ်နိုင်ပေ။ သူ့ကိုသာ တစ်ခုခု ကြံစည်မိပါလျှင် ရလဒ်ကောင်းနိုင်မည် မဟုတ်ချေ။ 


ကော်ဘီယန်က သူ့ကို အနည်းငယ် ဒုက္ခပေးနိုင်ရန် မျှော်လင့်ခဲ့သော်ငြား ကျောက်လင်းယွီမှာ ကျော်လွှားနိုင်သည့်အပြင် ဆုတံဆိပ်ပါ ရလိုက်သေးသည်။ 


မဟုတ်သေးဘူး သူ့မှာလည်း ကျောက်လင်းယွီထက် သာတာ ရှိနေတုန်းပဲ ... 


ရန်ယဲ့က ရုတ်ချည်း ပြုံးလာသည်။ 


"မဟုတ်တာ ဘာပဲဖြစ်ဖြစ် အိမ်ထောင်ပြုတယ်ဆိုတာ လူ့ဘဝရဲ့ အရေးအကြီးဆုံးကိစ္စပဲလေ ကျွန်တော့်ရဲ့ သတို့သမီးလောင်းက ဒီရက်ပိုင်းမှာ မအီမသာဖြစ်နေလို့ စမ်းသပ်ကြည့်လိုက်တော့ ကိုယ်ဝန်ရှိနေပြီတဲ့လေ အဲဒါကြောင့် တစ်ခြားနေရာတွေကို မသွားတော့ဘဲ အတတ်နိုင်ဆုံး သူမ ဘေးမှာပဲ နေပေးမလို့ ဒါနဲ့ မာရှယ်ကျောက် ကျွန်တော်ကြားမိတာတော့ ခင်ဗျားလက်ထပ်မယ့်သူက ကလေးမွေးမပေးနိုင်ဘူးဆို ..." 


ရန်ယဲ့က သွေးနားထင်ရောက်နေဟန်အပြည့်ဖြင့် ပြောလိုက်သည်။ 


မိသားစုကြီးငါးစုလုံးတွင် မျိုးဆက်သစ် မွေးဖွားမလာနိုင်တော့သည်မှာ နှစ်လေးဆယ်ကျော် ကြာနေပြီဖြစ်သည်။ အီသန်၊ ဖန့်ချန်ကျွင့်အပါအဝင် ထိုသူအားလုံးမှာ မငယ်လှတော့သည့်တိုင် က‌လေးမရကြသေးပေ။ သူ့ဇနီးလောင်းကသာ တစ်ဦးတည်းသော ကိုယ်ဝန်သည်ဖြစ်သည်။ 


သန္ဓေသား၏ အခြေအနေမှာ မတည်မြဲသေးသည့်တိုင် ထိုအမျိုးသမီးသည် ကိုယ်ဝန်ဆောင်နိုင်သူ ဖြစ်သည်။ ဤတစ်ယောက်ပျက်ကျသွားလျှင်လည်း အနာဂတ်တွင် ထပ်ပြီး မွေးပေးနိုင်ဦးမည် ဖြစ်သည်။ သို့သော် ကျောက်လင်းယွီကမူ ... အကယ်၍ သူသာ သူ့ချစ်သူပေါက်စလေးနှင့် လက်ထပ်ပါလျှင် သားသမီးမြေးမြစ် ရနိုင်တော့မည် မဟုတ်ချေ။ ထို့အပြင် ကျောက်မိသားစု၌ အားနည်းချက်ဟု ပြော၍ရသည့် ကောင်းကွက်တစ်ခုလည်း ရှိနေသေးသည်။ သူတို့အားလုံးသည် တစ်ဦးတစ်ယောက်တည်းကိုသာ ရိုးမြေကျ ချစ်ခင်ပေါင်းသင်းကြသူများ ဖြစ်ကြသည်။ 


အတိတ်အချိန်များကသာ ရန်ယဲ့က ဤသို့ ပြောလာပါလျှင် ကျောက်လင်းယွီမှာ မနာလို ဖြစ်မိမည် မဟုတ်ချေ။ သို့သော် ယခုအချိန်တွင် ရမ်ရှန့်က ကလေးအကြောင်း တဖွဖွ ပြောလာသည့်အပြင် ကလေးကို ပြုစုပျိုးထောင်နည်းစာအုပ်များကိုပင် နှစ်ယောက်အတူတူ ဖတ်ခဲ့သည့်အတွက် သူသည်လည်း ကလေးတစ်ဦးလောက် လိုချင်လာမိတော့သည်။ 


မည်သို့ပင်ဖြစ်စေ သူသည် ရမ်ရှန့်ကို ကလေးတစ်ဦးကဲ့သို့ သဘောထားကာ ပျိုးထောင်နိုင်မည့်အပြင် အနာဂတ်တွင်လည်း ဂျင်ဆင်းသားသားမီးမီးလေးများ ရလာနိုင်မည်ဖြစ်သည်။ 


သူက အမှုမထားလေဟန်ဖြင့် ပြန်ပြောလိုက်သည်။ 


"ဒါဆိုရင်တော့ ဗိုလ်ချုပ်ရန်ကို ဂုဏ်ပြုရတော့မှာပေါ့ ဒါနဲ့ မနက်ဖြန် ကျောက်မိသားစုက ပထမတပ်ဖွဲ့ရဲ့ အောင်မြင်မှုအတွက် ဧည့်ခံပွဲ ကျင်းပလိမ့်မယ် ဗိုလ်ချုပ်ရန်လည်း ဆက်ဆက်တက်ရောက်မယ်လို့ မျှော်လင့်ပါတယ် ..." 


‌သူ၏ အမှုမထားလေဟန်ကြောင့် ရန်ယဲ့မှာ ကြွားဝါခြင်း၏ အနှစ်သာရကို မခံစားရတော့ပေ။ ကျောက်မိသားစုက ပွဲကျင်းပမည်ဟု ကြားလိုက်ရချိန်တွင် အံကို တင်းတင်းကြိတ်ထားလိုက်တော့သည်။ သူ့ဇနီးလောင်း၏ ဗိုက်ထဲရှိ ရင်သွေးကို ပြန်စဉ်းစားမိမှသာ စိတ်ပြေလျော့သွားတော့သည်။ 


နောက်ဆုံးတော့ ငါ ရန်ယဲ့မှာ ကလေးရှိသွားပြီ တစမခြားသူတွေက ငါ့ကို သေချာပေါက် မနာလိုဖြစ်ကြတော့မှာပဲ ... 


ကျောက်လင်းယွီကတော့ သူ့ကို လျစ်လျူရှုကာ အိမ်သို့ တန်းတန်းမတ်မတ် ပြန်ရန်သာ ပြင်လိုက်တော့သည်။ 


"မာရှယ် ကျွန်မတို့မှာ အီသန်ကို ခြိမ်းခြောက်နိုင်မယ့်အရာ ရှိနေရဲ့သားနဲ့  ဘာလို့ သူ့ကိုပါ ဆုတံဆိပ်ပေးလိုက်တာလဲ ..." 


အယ်လီက အနည်းငယ် နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။ 


အိုင်ဗာအပါအဝင် အခန်းထဲရှိ လူအားလုံးကလည်း ထောက်ခံလေဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်ကြသည်။ 


"ငါတို့က မပေးရင်တောင် လော့ခဲမိသားစုက နည်းမျိုးစုံသုံးပြီး ဆုပေးဖို့ ကြိုးစားလာမှာပဲ သူ့ကို ခြိမ်းခြောက်ဖို့အတွက်ကတော့ ... ငါတို့မှာ လက်ဆုပ်လက်ကိုင်ပြစရာသက်သေ မရှိသေးဘူး ..." 


သူက ပြောလိုက်သည်။ အဆင့်မြင့် မျိုးနွယ်စုနှင့် ရင်ဆိုင်ပြီးနောက် လော့ခဲမိသားစုနှင့် အငြင်းပွားရမည်ကို ပျင်းရိနေမိတော့သည်။ ထို့ကြောင့် သူတို့ကို အောင်ပွဲခံရန် ဆုတံဆိပ်အချို့ ယူစေခြင်းဖြစ်သည်။


ဉာဏ်ကောင်းလှသည့် အိုင်ဗာမှာမူ လျင်လျင်မြန်မြန် သဘောပေါက်သွားသည့်တိုင် မကျေနပ်မှုအချို့တော့ ရှိနေဆဲပင်ဖြစ်သည်။ ထို့ကြောင့် တိတ်တခိုး သက်ပြင်းချလိုက်သည်။ 


ဒါက သူနဲ့ ကျောက်လင်းယွီကြားက ကွာဟချက်နဲ့ တူတယ် ကျောက်လင်းယွီသာ သူလောက်ပဲ တွက်ချက်တတ်ရင် မာရှယ်ဖြစ်လာနိုင်မှာကို မဟုတ်ဘူး ... 


သူသည် သာမန်သူတစ်ဦးသာ ဖြစ်သည့်အတွက် ကျောက်လင်းယွီ၏ ယာဉ်ပျံမောင်းနှင်နှုန်းမှာ အရှိန်မများလှချေ။ သို့သော် ကျောက်မိသားစုနားသို့ နီးကပ်လာချိန်တွင် ရုတ်ချည်း အရှိန်တင်လိုက်သည်။ 


ဘာဖြစ်လို့လဲ ... 


အိုင်ဗာ၏ နှလုံးမှာ အပြင်ဘက်သို့ ထွက်ကျလုမတတ်ပင် ခုန်ပေါက်နေတော့သည်။ 


သူက အခြေအနေကို သဘောမပေါက်သေးသည့်တိုင် ကျောက်လင်းယွီကတော့ ကျောက်မိသားစု၏ အခြေအနေကို ရှင်းရှင်းလင်းလင်း တွေ့နေပြီဖြစ်သည်။ 


ကျောက်မိသားစုစံအိမ်၏ အထက်နားတွင် ယာဉ်ပျံတစ်စီး ရပ်တန့်ထားကာ ၎င်း၏ အရှေ့တွင်မူ အရပ်ရှည်ရှည်နှင့် အမျိုးသားတစ်ဦး ရှိနေသည်။ 


"အယ်လီနာ ဝယ်စလေ ..." 


ယာဉ်ပျံကို ရပ်တန့်ကာ ကျောက်လင်းယွီသည် သူ့အိမ်ရှေ့တွင် ရပ်နေသော ထိုအမျိုးသားကို မျက်မှောင်ကြုတ်လျက် ကြည့်လိုက်သည်။ 


"မာရှယ် ..." 


သူ့ကို မြင်လိုက်သည့် အယ်လီနာက အလေးပြုနှုတ်ဆက်လာသည်။ 


ကျောက်လင်းယွီမှာ သူ့ထက် ရာထူးမြင့်သော်ငြား သူ့ဇနီးသည်မှာ ရှန်းချိုးရှစ်နှင့် သူငယ်ချင်းကောင်းများ ဖြစ်သည့်အတွက် ထိုသူသည် သူ့မျက်စိအောက်တွင်သာ ကြီးပြင်းလာသူဖြစ်သည်။ အတိတ်အချိန်များတွင် သူ‌နှင့် မျက်နှာချင်းဆိုင် တွေ့စဉ်က အဆင်ပြေလှသော်ငြား ယခုမူ မျက်နှာပင် မပြရဲတော့ချေ။ 


လအနည်းငယ်သာ ရှိသေးသော်ငြား သူ တွေးပင် မတွေးထားဖူးသည်များကို ကြုံတွေ့လိုက်ရသည့်အတွက် မာနမထားနိုင်တော့ချေ။ 


"‌ဒီကို ဘာလာလုပ်တာလဲ ..." 


ကျောက်လင်းယွီက မေးလိုက်သည်။ 


"မာရှယ် ကျွန်တော်ရဲ့ ဇနီးသည်ကို တွေ့ချင်လို့ပါ ..." 


သူက ပြောလိုက်သည်။ 


"အိမ်က ပြဿနာတွေကို အရင်မရှင်းဘဲနဲ့ ဘာလို့များ သူမကို လာတွေ့ချင်ရတာလဲ ..." 


‌ကျောက်လင်းယွီက မေးလိုက်သည်။ သူသည်လည်း အယ်လီနာနှင့် ဖုန့်ခဲ့ရှင်းတို့အကြား ဖြစ်ပျက်ခဲ့သည်များမှာ ဝယ်စလေမိသားစု၏စနက် မကင်းကြောင်း သိထားပြီးဖြစ်သည်။ 


"ကျွန်တော့်မိသားစုကနေ ထွက်လာခဲ့ပြီ ..." 


အယ်လီနာက အလွန်စိတ်ရှုပ်ထွေးနေဟန်ဖြင့် ပြောလိုက်သည်။ 


သူနှင့် ဖုန့်ခဲရှင်းတို့သည် နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့ကြသူများ ဖြစ်ကာ နှစ်တစ်ရာကျော်တိုင် အတူလက်တွဲခဲ့ကြသည့်အတွက် ကလေးတစ်ယောက်ကြောင့်ဖြင့် ကွာရှင်းကာ နောက်အိမ်ထောင်ပြုရန် စိတ်မကူးဖူးချေ။ သို့သော် သူ့မိဘများက အတင်းဖိအားပေးနေသည့်အတွက် မရေမတွက်နိုင်သောသူတို့နှင့် ကြင်ဖက်တွေ့ဆုံခဲ့ရသည်။

75.2


ထိုသို့ဖြင့် သူ့မိဘများလည်း စိတ်ကျေနပ်ကာ ဖုန့်ခဲ့ရှင်းကို ပြဿနာမရှာတော့ရန် ကြံစည်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် မထင်မှတ်ထားစွာပင် သူက သူမကို လျှို့ဝှက်ထားသည့်တိုင် မိဘများက သူမကို ကြင်ဖက်တွေ့နေသည့် ဓာတ်ပုံများ ထုတ်ပြလာကာ ကွာရှင်းရန်ပင် ပြောလာကြတော့သည်။ 


သူ့မိဘများကို နားချရန် ကြိုးစားနေစဉ် ဖုန့်ခဲ့ရှင်းသည် ရုတ်တရက် အိမ်ခွဲနေကာ ကိုယ်ဝန်လည်း ရှိလာသည့်အတွက် သူ့နှလုံးသားမှာ နာကျင်ကိုက်ခဲလာ‌ရတော့သည်။ 


"မိသားစုကနေ ထွက်လာတယ် ..." 


"ဟုတ်တယ် ဝယ်စလေမိသားစုက ငါ့ကို စွန့်လွှတ်လိုက်ကြပြီလေ ..." 


အယ်လီနာက ခါးသီးစွာ ရယ်မောရင်း ပြောလိုက်သည်။ သူ့မိဘများကို နားချ၍ မရနိုင်သည့်အပြင် သူသာ ကလေးမရနိုင်ပါလျှင် အခွင့်အလမ်းအားလုံးကို ဆုံးရှုံးရမည်ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ 


ကျောက်လင်းယွီမှာ မြို့တော်ကြယ်တွင် ရှိမနေခဲ့သည့်အတွက် ထိုကိစ္စကို မသိသေးချေ။ ခဏကြာ စဉ်းစားနေပြီးနောက် သူက ပြောလိုက်သည်။ 


"မနက်ဖြန်ပွဲတက်ဖို့ ဖိတ်စာကို တစ်ယောက်ယောက်နဲ့ ပို့ခိုင်း လိုက်ပါ့မယ် ..." 


သူသည် အယ်လီနာနှင့် ဖုန့်ခဲ့ရှင်းတို့အကြား ပြဿနာကို များစွာဝင်စွက်ဖက်မည် မဟုတ်။ မနက်ဖြန်ရောက်ကာမှ သူ့မိခင်ကို ကိုင်တွယ်စေမည်ဖြစ်သည်။ 


အယ်လီနာသည် မိသားစုမှ ထုတ်ပယ်ခံလိုက်ရ၍ လတ်တလောတွင် မြို့စောင့်တပ်မှ ယာယီ ရပ်နားခံထားရသည်။ ဤရက်ပိုင်းအတွင်း ဇနီးဖြစ်သူကို တွေ့ရန် ကျောက်မိသားစုစံအိမ်ရှေ့၌ ရပ်စောင့်နေခဲ့သော်ငြား သူမကတော့ တစ်ခါမှ ထွက်မတွေ့သည့်အပြင် သူ့ကို စကားပြောလိုသည့်ဆန္ဒပင် မရှိတော့ပေ။ 


အကယ်၍ သူသာ မနက်ဖြန်တွင် ကျင်းပမည့်ပွဲကို တက်ရပါလျှင် ဖုန့်ခဲ့ရှင်းနှင့် တွေ့နိုင်မည်ဖြစ်သည်။ 


"ကျေးဇူးတင်ပါတယ် ..." 


သူက ပြောလိုက်သည်။ 


"ပြီးတော့ ဖြစ်ခဲ့သမျှတွေအတွက်လည်း တောင်းပန်ပါတယ် ..." 


ထိုအချိန်က သူ့စိတ်တည်ငြိမ်မှု ပျက်ပြားကာ ရှန်းချိုးရှစ်နှင့် ရမ်ရှန့်ကိုပင် စွမ်းအင်သုံးပြီး တိုက်ခိုက်မိခဲ့သေးသည်။ 


"ဒါက ကျွန်တော့်ကို ပြောသင့်တာ မဟုတ်ဘူး ..." 


ကျောက်လင်းယွီက ထိုသို့ပြောကာ တံခါးဝဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ အထဲသို့ ရောက်လျှင်ရောက်ချင်း မိခင်ဖြစ်သူ၏ ဆွဲခေါ်ကာ စကားပြောခြင်းကို ခံနေရသည့် ဂျင်ဆင်းလေးကို တွေ့လိုက်ရသည်။ 


"အမေ ရမ်က ပင်ပန်းနေလောက်ပြီ စောစောစီးစီး စားကြရအောင် ..." 


သို့မှသာ သူတို့လည်း အိပ်ယာစောစောဝင်နိုင်မည် ဖြစ်သည်။ 


"ပြီးရော ..."


သူမက အနည်းငယ် နှမြောလေဟန်ဖြင့် ပြောလိုက်သည်။ 


ရမ်ရှန့်က မပင်ပန်းသေးပါဟု ပြောလိုသော်ငြား ခေါင်းကို လှည့်လိုက်၍ ကျောက်လင်းယွီကို တွေ့လိုက်ရချိန်တွင် ခေါင်းများ ချာချာလည်ကာ ဘာပြောရမည်မှန်း မမှတ်မိတော့ချေ။ 


"ကိုယ်တို့အခန်းထဲ ပြန်ပြီး ပန်းပင်ပျိုးဖို့အကြောင်း ဆွေးနွေးရအောင် ..." 


ကျောက်လင်းယွီက ထပ်ပြောလိုက်ပြန်သည်။ 


အခန်းထဲကို ပြန်ပြီး ပန်းပင်ပျိုးဖို့အကြောင်း ဆွေးနွေးမယ် ...ဟုတ်သားပဲ ဒီနေ့က သန့်စင်မြေ ထုတ်ပေးရမယ့်နေ့ပဲကို ... 


ထို့နောက် ရမ်ရှန့်က အလောတကြီး ခေါင်းငြိမ့်ပြလိုက်သည်။ 


"ရမ် ဒီည အပင်စိုက်မနေနဲ့တော့ စောစောအနားယူ မနက်ဖြန်ကျလည်း အိမ်မှာ ပွဲရှိနေဦးမှာ ..." 


ရှန်းချိုးရှစ်က ပြောလိုက်သည်။ 


ထိုဂုဏ်ပြုပွဲသည် ကျောက်မိသားစု၏ အထင်ကရပဲတစ်ခုပင် ဖြစ်သည်။ လူသားမျိုးနွယ် ဖက်ဒရယ်ကို စတင်တည်ထောင်စဉ်က အခြေအနေ မတည်ငြိမ်သေးသည့်အတွက် စစ်မြေပြင်တွင် တပ်သားပေါင်းများစွာ၏ အသက်ကို စတေးခဲ့ရသည်။ ကျန်တပ်သားတို့၏ စိတ်ခွန်အားကို ပြင်ဆင်ပြောင်းလဲပေးရန် အလို့ငှာ ကျောက်မိသားစုဘိုးဘေးတို့က စစ်ပွဲတိုင်းကို အနိုင်တိုက်ခိုက်ပေးခဲ့သည်။ 


ထို့ကြောင့် မနက်ဖြန်ပွဲကို ပထမတပ်ဖွဲ့၏ တပ်သားများသာမက မြို့တော်ကြယ်၏ ထိုက်သင့်သောဂုဏ်ဒြပ်ရှိသူအားလုံး ရောက်လာကြမည်ဖြစ်သည်။ 


ရမ်ရှန့်ကတော့ တစ်ခွန်းတစ်လေမျှ မဆို။ သူ့အတွက်မူ ဂုဏ်ပြုဧည့်ခံပွဲမှာ သန့်စင်မြေလောက် အရေးမကြီးချေ။ 


ကျောက်လင်းယွီကလည်း ထိုနည်းတူပင် ဖြစ်သည်။ သူ့ဘဝတစ်လျှောက် တက်ရောက်ခဲ့ရသည့် ပွဲများမှာ မရေမတွက်နိုင်အောင် များပြားနေပြီဖြစ်ရာ ယခုအချိန်တွင် သူ့ကိုယ်ပိုင် စေ့စပ်ပွဲနှင့် လက်ထပ်ပွဲကိုသာ တက်ရောက်ချင်တော့သည်။ 


ကျောက်မိသားစုမှာ ပွဲအတွက် ပြင်ဆင်ရင်း အလုပ်များနေစဉ် ရုပ်ဖျက်ထားသော ရွိုင်းမှာလည်း မြို့တော်ကြယ်ရှိ ကုန်သွယ်ရေးဌာနချုပ်တည်နေရာကို ရှာတွေ့သွားပြီဖြစ်သည်။ သူက မသိမသာဖြင့် သတင်းအချက်အလက်များကို အစ်ထုတ်ပြီးနောက် ကျောက်မိသားစုသည် ဘယ်သောအခါကမှ ကုန်သွယ်ရေးဌာနချုပ်ကို အခက်မတွေ့စေခဲ့ကြောင်း သိလိုက်ရသည်။ 


ကျောက်မိသားစုသည် ကုန်သွယ်ရေးဌာနချုပ်ကို ပြဿနာ မရှာသေးသည်မှာ ရမ်ရှန့်၏ သရုပ်မှန်ကို မသိသေးသောကြောင့်ဟုသာ ကောက်ချက်ချလိုက်သည်။ ထို့ကြောင့် သူ့အနေဖြင့် လုပ်စရာ ကိစ္စများ အများအပြား ရှိနေမည်ဖြစ်သည်။ 


တိုက်ခိုက်လိုစိတ်အပြည့်နှင့် ရွိုင်းသည် အွန်လိုင်းပေါ်မှ အချက်အလက်အချို့ ရှာဖွေကာ ရန်မိသားစုထံ သွားရောက်လိုက်သည်။ 


သူတစ်ဦးတည်း၏ ခွန်အားဖြင့် ကျောက်မိသားစုကို မချဉ်းကပ်နိုင်သည့်အပြင် သူ့ဖခင်မှာလည်း ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းပေးရန် အလှမ်းဝေး‌နေလွန်းလှသည်။ ထို့ကြောင့် ကျောက်လင်းယွီ၏ ရန်သူ့ထံ သွားရောက်ရခြင်းဖြစ်သည်။ 


သူက လူအများမျက်စိရှေ့တွင် ကျောက်လင်းယွီနှင့်  တွေ့နိုင်ရန်မှတစ်ပါး မည်သည့်အရာကိုမှ မတောင်းဆိုခဲ့ချေ။ 


တစ်ဖက်တွင်တော့ ကုန်သွယ်ရေးဌာနချုပ်ကျေးဇူးကြောင့်သာ သူနှင့် ရမ်ရှန့် တွေ့ဆုံခဲ့ရသည်ဟု တွေးထားသည့်အပြင် ငွေရေးကြေးရေးကို ဂရုမစိုက်လေသူ ကျောက်လင်းယွီမှာ အိပ်ယာပေါ်တွင် လှဲနေရင်း ရမ်ရှန့်၏ ပြုစုပေးမှုကို မျက်စိမှေးလျက် ခံစားနေသည်။ ရမ်ရှန့်က သူ့ဗိုက်ကို အကြိမ်အနည်းငယ် ကိုက်ကာ လျာဖြင့် လျက်လိုက်ချိန်တွင်တော့ ထုတ်လွှတ်မှုကို ထိန်းချုပ်၍ မရတော့ချေ။ ရမ်ရှန့်ကလည်း အနားတွင်သာ ရှိနေသေးသည့်အတွက် နောက်တစ်ကြိမ် ပြန်စတင်လိုသော်ငြား ... 


ရမ်ရှန့်ကတော့ စတင်ကျင့်ကြံနေပြီဖြစ်သည်။ သူလည်း သက်ပြင်းနက်နက်ချကာ အိပ်ယာပေါ်တွင် တစ်ကိုယ်တည်း အထီးကျန်စွာဖြင့် အိပ်စက်လိုက်ရပြန်သည်။ 


xxxxxxx