အပိုင်း ၇၆
Viewers 18k

Chapter 76


ကျောက်လင်းယွီသည် အမြဲလိုလို သတိကပ်ကာ အိပ်စက်တတ်သူဖြစ်သည်။ သို့သော် ရမ်ရှန့်က သူ့ကို အမြဲလိုလို ကပ်တွယ်နေတတ်သည့်အတွက် သူ့ကိုယ်သင်းနံ့ကို ရင်းနှီးနေရာ ညသန်းခေါင်တွင် ရင်းနှီးနေသော ကိုယ်သင်းနံ့ကို ရလိုက်ချိန်၌ ထိုသူကို သူ့လက်မောင်းထဲ ဆွဲပွေ့ကာ အိပ်စက်လိုက်တော့သည်။ 


သို့သော် သူက တစ်ခြား ဘာမှ မလုပ်ဘဲ အိပ်ရုံသာ အိပ်နေသည့်အတွက် ရမ်ရှန့်က သူ့ပုခုံးကို ကိုက်လိုက်သည်။ 


"ရမ် ဘာဖြစ်လို့လဲ ..." 


သူက မေးလိုက်သည်။ 


သူအိပ်နေတဲ့အချိန်ဆို ရမ်ရှန့်က လိမ်လိမ်မာမာလပဲ နေပေးတာ မဟုတ်ဘူးလား ဘာလို့ ဒီနေ့ကျမှ ထူးဆန်းနေရတာလဲ ... 


"လင်းယွီ ကျွန်တော် ကလေးမွေးတော့မယ်ထင်တယ် ..." 


သူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။ 


ကျောက်လင်းယွီမှာ အတော်ကြာသည်အထိ အသိစိတ် ပြန်လည်မလာတော့။ ရမ်ရှန့်ကသာ ဆက်တိုက် ဆက်ပြောနေသည်။ 


"အစပိုင်းတုန်းက သူတို့တွေက စိတ်စွမ်းအင်နဲ့ စွမ်းအင်ခဲထဲက စွမ်းအင်တွေကို အများကြီး စုပ်ယူချင်ကြတာလေ ဒါပေမယ့် ဒီ‌နေ့ညကျ စုပ်ယူတာ ရပ်သွားပြီ ကျွန်တော့်အထင်တော့ သူတို့တွေ ရင့်မှည့်ချိန်တန်နေပြီထင်တယ် ..." 


"အဲဒီလိုလား ..." 


ကျောက်လင်းယွီလည်း ထိုအခါမှ ဆိုလိုရင်းကို သဘောပေါက်သွားတော့သည်။ 


"ဒါဆို ဒီည ဟိုစွမ်းအင်ခဲပေါ်မှာ အိပ်ဖို့ မလိုတော့ဘူးပေါ့ ..." 


"ဟုတ်တယ် ခင်ဗျားနဲ့ အတူတူ အိပ်ချင်လို့လေ ..." 


ရမ်ရှန့်က သူ့မျက်နှာကို ဆွဲယူကာ အကြိမ်အနည်းငယ် နမ်းလိုက်သည်။ သူ့ကလေးများ၏ ဆန္ဒကြောင့်နှင့် ရွှေရောင်ပုံဆောင်ခဲ၏ စွမ်းအင်မှာ ကျောက်လင်းယွီကို ထိခိုက်စေနိုင်မလား မသိနိုင်၍သာ မဟုတ်လျှင် သူသည် ကျောက်လင်းယွီကိုပါ အတူတူ အိပ်ခိုင်းမည်ဖြစ်သည်။ 


ကျောက်လင်းယွီကလည်း သူ့ကို ရင်ခွင်ထဲ ဆွဲပွေ့ကာ နဖူးကို နမ်းရှိုက်လိုက်သည်။ 


"ကိုယ်ရောပဲ ..." 


ရမ်ရှန့်က ပြုံးကာ သူ့မျက်နှာကို နင့်နင့်သည်းသည်း နမ်းရှိုက်လိုက်သည်။ ကလေးရလာပါလျှင် ခင်ပွန်းသည်နှင့် ဇနီးဖြစ်သူအကြား ဆက်ဆံရေးမှာ အက်ကြောင်းထင်လာနိုင်သည်ဟု ပြောကြသော်ငြား ကျောက်လင်းယွီကတော့ ကလေးရလာသည့်တိုင် သူ့ကို ပစ်မထားချေ။ ဘယ်လောက်တောင် ကောင်းလိုက်သလဲ ... 


ကျောက်လင်းယွီမှာလည်း ရမ်ရှန့်ကို စနောက်နေရင်းဖြင့် အိပ်မပျော်နိုင်သည့် အခြေအနေသို့ ရောက်သွားရတော့သည်။ 


တစ်ညလုံး ကျင့်ကြံနေပြီးနောက် မနက်မိုးလင်းချိန်တွင် ယခင်အတိုင်း အလုပ်ကိစ္စများကို ကိုင်တွယ်ရန် ပထမတပ်ဖွဲ့သို့ ထွက်လာလိုက်ရသည်။ 


ရမ်ရှန့်ကတော့ မတူ။ ယမန်နေ့ညက ကလေးမွေးတော့မည်ဟု ခံစားရသည့်အတွက် အိပ်မပျော်ခဲ့သော်ငြား မနက်မိုးလင်းကာနီးအချိန်တွင် တစ်ဖန် အိပ်မောကျသွားကာ နေ့ခင်းမှသာ ပြန်နိုးလာတော့သည်။ 


လည်ပင်းကို အသာပွတ်ရင်း ရှန်းချိုးရှစ်အရှေ့ ဝင်ထိုင်ကာ အအိပ်လွန်သွားသည့်အတွက် ရှက်ကို့ရှက်ကန်းဖြင့် ပြောလိုက်သည်။ 


"အရင်တုန်းကဆို ဒီလောက်အထိ အိပ်ရေးမမက်ပါဘူး ဒီနေ့မှ ဘာလို့ အရမ်း အိပ်မိသွားလဲ မသိဘူး ..." 


"ကလေးတွေက အိပ်ရတာ ကြိုက်တာ ထုံးစံပါပဲ ..." 


ရှန်းချိုးရှစ်က ‌ပြုံးကာ ပြောလိုက်သည်။ ရမ်ရှန့်တို့ ပြန်ရောက်လာပြီးနောက် သူသည် ကျောက်လင်းယွီကို လုပ်ကြံမည့်သူကို ကုလားထိုင်ဖြင့် ပစ်ပေါက်ခဲ့ကြောင်း ကြားလိုက်ရသည့်အတွက် ရမ်ရှန့်ကို ယခင်ကထက်ပင် ပိုပြီး နှစ်သက်မိလာသည်။ 


ဒီကလေးက အရမ်းငယ်နေသေးတာကတော့ နှမြောစရာပဲ မဟုတ်ရင် သူမရဲ့သားနဲ့ ချက်ခြင်း ပေးစားလိုက်မှာ ... 


"ဟုတ်တယ် ကလေးတွေက အိပ်ရတာကို အရမ်းသဘောကျတာ အခု ငါ့မှာလည်း ကိုယ်ဝန်ရှိနေတော့ တစ်နေ့ကို နာရီနှစ်ဆယ်လောက် အိပ်ချင်နေတယ်လေ ..." 


ဖုန့်ခဲ့ရှင်းကလည်း ရယ်ရယ်မောမောဖြင့် ဝင်ပြောလိုက်သည်။ 


သူမသည် ရှန်းချိုးရှစ်နှင့်အတူ နေနေခြင်းဖြစ်ကာ သူမ ပေးခဲ့သည့် ဆေးမှုန့်ကျေးဇူးကြောင့် ကိုယ်ဝန်မြဲကာ ကျန်းမာရေးလည်း ပိုကောင်းလာခဲ့သည်။ 


အယ်လီနာသည် ဝယ်စလေမိသားစုမှ ထွက်လာရပြီဖြစ်ကြောင်းကိုလည်း သိထားပြီးဖြစ်သည်။ သူ့ကို မုန်းလည်းမမုန်း၊ စိတ်လည်းမဆိုးတော့သော်ငြား အကယ်၍ ဝယ်စလေမိသားစုကသာ ကလေးရှိနေသေးကြောင်း သိသွားပါလျှင် အတင်းဖိအားပေးကာ ပြန်လာခိုင်းဦးမည် ဖြစ်သည်။ ထိုသို့သော အတင်းအဓမ္မ ဖိအားပေးမှုများကို မခံလိုတော့သည့်အတွက် အယ်လီနာကို ထွက်မတွေ့ခြင်းဖြစ်သည်။ 


ထို့အပြင် ကျောက်မိသားစု၏ ကိုယ်ဝန်အားဆေးမှာ လျှို့ဝှက်ထားရမည့် တန်ဖိုးကြီးပစ္စည်းဖြစ်သည်။ အကယ်၍ သူမသာ ဝယ်စလေ မိသားစုသို့ အလောတကြီး ပြန်သွားခြင်းဖြင့် သတင်းကို ပေါက်ကြားစေခဲ့ပါလျှင် ထိုအကျိုးဆက်ကို မုချ ပြန်ပေးဆပ်ရမည်ဖြစ်သည်။ 


"အဲ့ဒီလိုကိုး ..." 


ရမ်ရှန့်မှာ အနည်းငယ် အံ့ဩသွားမိတော့သည်။ 


ဒါဆို သူက ကိုယ်ဝန်ရှိနေလို့ လူသားမျိုး‌နွယ်တွေလိုမျိုး အိပ်ချင်စိတ် ဖြစ်လာရ‌တာပေါ့ ... 


သူက ခေါင်းကို ကိုင်ကာ တွေးလိုက်သည်။ 


လူသားများသည် အသက်အရွယ်ကြီးလာလေ ကလေးများကို သဘောကျလာလေဖြစ်ကာ ဖုန့်ခဲ့ရှင်းသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ သူမသည်လည်း ရမ်ရှန့်နှင့် ရင်းနှီးလေလေ ပိုပြီး သဘောကျမိလာလေပင် ဖြစ်သည်။ သူ့ခေါင်းကို ပြန်ကိုင်ကာ အတွေးလွန်နေသည့် ရမ်ရှန့်ကို တွေ့လိုက်ရချိန်တွင် သူ့ကို ပွေ့ဖက်လိုစိတ်များ တစ်ဖွားဖွား ထွက်ပေါ်လာတော့သည်။


သို့သော် သူမနှင့် ရမ်ရှန့်မှာ များစွာ မရင်းနှီးသေးချေ။ လက်ကို ဗိုက်ပေါ်တင်ကာ သူမ၏ ရင်သွေးသည်လည်း ရမ်ရှန့်ကဲ့သို့ပင် ချစ်ဖို့ကောင်းရန်သာ မျှော်လင့်မိတော့သည်။ 


စားသောက်ပြီးနောက် ရှန်းချိုးရှစ်သည် ရမ်ရှန့်ကို ညနေပိုင်း ဧည့်ခံပွဲ ကျင်းပရာနေရာသို့ ဆွဲခေါ်လာခဲ့သည်။ 


"ရမ် ဧည့်ခံပွဲ ပြင်ဆင်တာက ကုမ္ပဏီကို အပ်လိုက်လို့ရတယ် ဆိုပေမယ့် တို့တွေ စီစဉ်မှ ရမှာတွေလည်း ရှိနေသေးတယ် ဒါတင်မကသေးဘူး ဘယ်နေရာက ဘာအတွက် ဆိုတာကိုလည်း သိထားဖို့ လိုသေးတယ် ..." 


သူမက လုပ်ငန်းစဉ်များကို ဖြေးဖြေးချင်း ရှင်းပြလိုက်သည်။

76.2


"ဥပမာ ပြောရရင် ဒီမှာ နားနေခန်းတွေ ရှိတယ်လေ အလယ်က အခန်းက မင်းနဲ့ လင်းယွီအတွက် အထုးတလည် ပြင်ဆင်ပေးထားတာ အိပ်ယာလည်း ရှိတဲ့အပြင် မင်းတို့ရဲ့ အဝတ်အစားတွေပါ ထည့်ခိုင်းထားတယ် အဲဒါကြောင့် မင်းသာ အပြင်ဘက်မှာ စကားမပြောချင်တော့ရင် လက်ဗွေလေး တစ်ချက်ယမ်းပြီး အခန်းထဲ ဝင်နားနေရုံပဲ ..." 


"အိုး ..." 


သူက နာနာခံခံဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ 


"ပြီးတော့ တို့တွေက အစားအသောက်အတွက်လည်း ပိုပြီး အာရုံစိုက်ရဦးမယ် ဥပမာအနေနဲ့ဆိုရင် ဒီနေ့လာမယ့် ဧည့်သည်အများစုက စစ်သားတွေဆိုတော့ စားစရာ ပြင်ဆင်တဲ့နေရာမှာ နည်းနည်းလေးနဲ့ အမြင်လှရုံ ပြင်လို့မရဘူး အသားတွေကို အများကြီး ပြင်ဆင်ထားပေးမှ အဆင်ပြေမှာ ..." 


သူမက ပြောလိုက်သည်။ 


ရမ်ရှန့်ကလည်း တစ်ဖန် ခေါင်းငြိမ့်ပြလိုက်ပြန်သည်။ 


သူမက အားလုံးကို အလေးအနက် ရှင်းပြနေသည့်တိုင် ရမ်ရှန့်ကို မဖြစ်မနေ လေ့လာရမည်ဟုတော့ ဖိအားမပေးပေ။ ရမ်ရှန့်မှာ အလွန်ငယ်ရွယ်နေသေးရာ သူမသာ တစ်ဖြေးဖြေး ထပ်ကာထပ်ကာ ပြောပြပါလျှင် နောင်ဆယ်နှစ် သို့မဟုတ် နှစ်နှစ်ဆယ်အကြာတွင် အားလုံးကို သိကျွမ်းသွားမည်ဖြစ်သည်။ 


သူမက ရမ်ရှန့်ကို များစွာ အချိန်ပေးခဲ့ပြီး ရမ်ရှန့်မှာ သူမပြောသမျှအားလုံးကို လုံးဝ မမေ့လျော့ကြောင်းကိုတော့ မသိလိုက်ပေ။ 


သူမက ရမ်ရှန့်ကို တစ်ပတ်လိုက်ပြကာ ပြောလိုသည်အားလုံးကို ပြောပြပြီးနောက် မျက်စိမှိတ်ကာ ပြောလိုက်သည်။ 


"ရမ် ဒီဧည့်ခံပွဲမှာ အထူးဧည့်သည်တစ်ယောက် ကြွရောက်လိမ့်မယ် ..." 


ထိုအချိန် မြို့တော်ကြယ်၏ ရန်မိသားစုရှိ ရန်ယဲ့မှာမူ အင်မတန် စိတ်လက်ကြည်လင်နေပေသည်။ သူသည် ရန်မိသားစုနှင့် လာရောက်ပူးပေါင်းထားသော ရွိုင်းကိုပါ ဧည့်ခံပွဲသို့ ခေါ်သွားရန် ကြံစည်ထားပေသည်။ 


သူ့ဇနီးလောင်းမှာ မြို့တော်ကြယ်၏ သာမန်အထက်တန်းလွှာ မိသားစုမှ ဖြစ်သော်ငြား ကိုယ်ဝန်ရှိသည်နှင့် တစ်ပြိုင်နက် ရန်မိသားစုတွင်သာ ပြောင်းရွှေ့နေထိုင်တော့သည်။ မနေ့က အိမ်သို့ ရောက်လာကာ သဘောတူညီချက် ပြုလုပ်ခဲ့သော ရွိုင်း ပြန်သွားသည်နှင့် တစ်ပြိုင်နက် သူမက အံ့ဩတကြီး မေးလိုက်သည်။ 


"ဗိုလ်ချုပ် ရှန်းချိုးရှစ်က ရမ်ရှန့်ကို ကေးမဟုတ်ဘူးလို့  လူသိရှင်ကြား ပြောဖူးတယ်မဟုတ်လား ကျောက်မိသားစုကလည်း ရမ်ရှန့်နဲ့ ကုန်သွယ်ရေး ဌာနချုပ်က ဘာမှ မသက်ဆိုင်မှန်း သိပြီးသားဖြစ်မယ် ထင်တယ်နော်  ရွိုင်းကို အဲဒီနေရာ ခေါ်သွားပြီး  ရမ်ရှန့်က အတုပါလို့ ပြောခိုင်းလို့လည်း အသုံးဝင်ပါ့မလား ..." 


"ဒီရွိုင်းက အသုံးဝင်တာပေါ့ ..." 


သူက ဘဝင်မြောက်စွာဖြင့် ပြောလိုက်သည်။ 


"မြို့တော်ကြယ်ကို ရောက်မလာအောင် တစ်ယောက်ယောက် သူ့ကို ကြံစည်ခဲ့တယ်လို့ ပြောခဲ့တယ် မဟုတ်လား သူ့ကြောင့် ကျောက်လင်းယွီ၏ ဧည့်ခံပွဲက ရှုပ်ထွေးသွားမှာကို ကြည့်နေမလို့လေ ..." 


ရွိုင်း၏ အောင်မြင်ခြင်း၊ ကျရှုံးခြင်းမှာတော့ သူနှင့် မသက်ဆိုင်၊ သူသည် ပွဲကြည့်ပရိသတ် သပ်သပ်သာဖြစ်သည်။ 


"ဗိုလ်ချုပ် ဒါဆို ကျောက်မိသားစုက ရမ်ရှန့်ကို ကေးမဟုတ်မှန်း သိနေပြီးသားဆိုတဲ့ အကြောင်းကိုရော ဘာလို့ မပြောပြတာလဲ သူ့ကို အခက်ကြုံစေချင်လို့လား ဗိုလ်ချုပ်ရေ ရှင်က တကယ်ကို ထက်မြက်ပြီး အကွက်စေ့တာပဲ ..." 


မိန်းမလှလေးက လေးစားမှုအပြည့်ဖြင့် ဆိုလိုက်သည်။ 


ရန်ယဲ့က သူမကို ပွေ့ဖက်ရင်း 


"ကျောက်မိသားစုက ရမ်ရှန့်ကို ကေးမဟုတ်ဘူးလို့ ပြောခဲ့ရင်တောင် ရွိုင်းသာ ပေါ်လာရင် ပြဿနာဖြစ်ဦးမှာ‌ပဲလေ ဒီနေ့တော့ ပျော်ပျော်ကြီး ပွဲကြည့်ရဦးမှာပေါ့ ..." 


"ဒီလောက်ကောင်းနေမှတော့ ဘာလို့ သူ့ကို ဗိုလ်ချုပ်ပဲ မယူလိုက်ရတာလဲ ..." 


သူမက ရန်ယဲ့ ကြွားလုံးထုတ်လာမည်ကို စောင့်စားရင်း မေးမြန်းလိုက်သည်။ 


"ကိုယ်က ကျောက်လင်းယွီကို သဘောမကျဘူးဆိုပေမယ့် အ‌ပေါ်ယံမှာတော့ သူနဲ့ ခင်ခင်မင်မင် နေရဦးမယ်လေ ..." 


ရန်ယဲ့က သူ့ဇနီးလောင်း၏ ပါးကို နမ်းရှိုက်ကာ ပြောလိုက်သည်။ 


"ဒီနေ့က ကျောက်မိသားစုရဲ့ပွဲ ဆိုပေမယ့် အဓိကဇာတ်လိုက်ကတော့ မင်းပဲ အချစ်လေး မင်းဗိုက်ထဲမှာ S အဆင့် စွမ်းအင်ပိုင်ရှင် အလောင်းအလျာလေး ရှိနေတယ်လေ ..." 


ပွေ့ဖက်ခံထားရသည့် မိန်းမလှလေး၏ အပြုံးမှာ ပို၍ပင် ချိုမြိန်လာတော့သည်။ ရန်ယဲ့၏ ရင်သွေးကို လွယ်နိုင်ခဲ့သည်မှာ သူမဘဝ၏ အကြီးမားဆုံး ကံကောင်းမှု ဖြစ်ကာ ထိုကလေး၏ ကျေးဇူးဖြင့် အမြင့်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။ 


ကျောက်မိသားစု၏ ဧည့်ခံပွဲကို ညနေခင်းပိုင်းတွင် ကျင်းပကာ ပထမတပ်ဖွဲ့၏ ဗိုလ်မှူးများက ဦးစွာ ရောက်လာကြသည်။


အောင်ပွဲခံကာ ပြန်လာပြီးချိန်တိုင်း ကျောက်မိသားစုက ဧည့်ခံပွဲ ကျင်းပပေးလေ့ ရှိသဖြင့် ထိုလုပ်ငန်းစဉ်နှင့် အကျွမ်းတဝင် ဖြစ်နေကြပြီဖြစ်သည်။ ထို့ကြောင့် နှစ်ယောက်သုံးယောက်လျှင် တစ်ဖွဲ့နှုန်းဖြင့် အုပ်စုဖွဲ့ကာ တည်ခင်းကျွေးမွေးထားသည်များကို မြည်းစမ်းရင်း စကားစမြည် ပြောနေကြသည်။ 


ရှန်းချိုးရှစ်က ခြံဝင်းထဲတွင် အသားကင်ရန်အတွက် စားဖိုမှူးသီးသန့် ငှားရမ်းပေးထားကာ ယခုအချိန်တွင် စစ်သားအားလုံး ထိုနေရာတွင်သာ ဝိုင်းအုံနေကြသည်။ 


အယ်လီနာမှာမူ တက်ကြွလှုပ်ရှားနေသူများကို တွေ့ရသည့်တိုင် သူ့စိတ်အခြေအနေမှာ မကောင်းလှသည့်အတွက် ထောင့်နားတွင် ထိုင်နေရင်း ဖုန့်ခဲ့ရှင်း ဝင်လာမည်ကိုသာ စောင့်နေလိုက်သည်။ 


ကျောက်လင်းယွီ မြို့တော်ကြယ်မှာ မရှိတာတောင် ရက်၂၀ ကျော်နေပြီဆိုတော့ သူ့ဇနီးလည်း ကိုယ်ဝန်ပျက်ကျတာကနေ သက်သာလောက်ရောပေါ့ ... 


"အယ်လီနာ ခင်ဗျားကို ဒီလောက်အစောကြီး ရောက်နေလိမ့်မယ်လို့ မထင်ထားဘူးဗျာ ..." 


ဖန့်ချန်ကျွင့်က တံခါးဝမှတစ်ဆင့် သူနှင့် မကြာမကြာ ဆက်သွယ်ဖူးသော ဝယ်စလေမိသားစု၏ သခင်လေးကို တွေ့လိုက်ရသည်။ 


ဒီလူက သူ့ဇနီးအတွက်နဲ့ မိသားစုကိုတောင် စွန့်ပစ်ရဲတယ် ချီးကျူးရမှာလား အရူးလို့ပဲ သတ်မှတ်ရမလားတောင် မသိတော့ဘူး ... 


"ငါက တွေ့ချင်တဲ့သူရှိလို့ စောစောလာတာလေ မင်းကရော ဘာလို့ အစောကြီး ရောက်ချလာတာလဲ ..." 


အယ်လီနာက မေးလိုက်သည်။ 


"တံခါးပေါက်ကိုပဲ တစ်ချိန်လုံး ကြည့်နေတာ မဟုတ်ဘူးလား ဒါတောင် ခင်ဗျားက သတိမထားမိသေးဘူးပေါ့ ..." 


ဖန့်ချန်ကျွင့်က တအံ့တဩ မေးလိုက်သည်။ 


"ဘာကို သတိထားမိရမှာလဲ ..." 


အယ်လီနာမှာ အနည်းငယ် နားဝေတိမ်တောင် ဖြစ်သွားရတော့သည်။ 


"အစောကြီးလာတာ ကျွန်တော်မဟုတ်ဘူး ကျွန်တော့်အဘိုး ကျွန်တော်က သူနဲ့အတူတူ လိုက်လာပေးရတာ ..." 


သူက မနီးမဝေးတွင် ရပ်နေသော တုတ်ကောက်နှင့် အဘိုးအိုကို ညွှန်ပြလိုက်သည်။ 


အယ်လီနာသည် ပွဲထဲသို့ ဝင်လာသော အမျိုးသမီးများကိုသာ အာရုံစိုက်နေသည့်အတွက် နှစ်ပေါင်းများစွာကြာ ဇာတ်မြှုပ်ပြီး နေနေသော ဖန့်မိသားစုခေါင်းဆောင် ရောက်လာသည်ကို သတိမပြုမိလိုက်ချေ။ ဖန့်ချန်ကျွင့်ပြောမှသာ အံ့ဩတကြီးဖြင့် လိုက်ကြည့်နေလိုက်သည်။ 


"သူလည်း နောက်ဆုံးတော့ ငြိမ်ငြိမ်လေး ထိုင်မနေနိုင်တော့ဘူးလေ ..." 


ဖန့်ချန်ကျွင့်က ပြုံးရုံသာ ပြုံးနေကာ ဘာမှ ဆက်မပြောတော့။ 


xxxxxxxxx