အပိုင်း ၇၇
Viewers 18k

Chapter 77


ထိုအချိန်တွင် ကျောက်လင်းယွီနှင့် ရမ်ရှန့်တို့လည်း အထဲသို့ ဝင်လာကာ ဧည့်သည်များကို လိုက်လံနှုတ်ဆက်နေကြသည်။ သူတို့ ပထမဆုံး နှုတ်ဆက်သူမှာ မစ္စတာဖန့်မှတစ်ပါး အခြားသူ မဖြစ်နိုင်ချေ။ 


"မစ္စတာဖန့် မင်္ဂလာပါ ..." 


သူ့ကို မြင်သည်နှင့်တစ်ပြိုင်နက် ကျောက်လင်းယွီက အလေးပြုလိုက်သည်။ သူသည် လက်ရှိတွင် ဖက်ဒရယ်၌ ရာထူးအမြင့်ဆုံးမာရှယ် ဖြစ်သော်ငြား မစ္စတာဖန့်မှာ အသက် ငါး‌ရာကျော်နေပြီဖြစ်ကာ ဖက်ဒရယ် တည်ထောင်ရာတွင် အရေးပါသော ကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။ သူ့ဖခင်ပင်လျှင် မစ္စတာထန့်နှင့်‌ တွေ့လေတိုင်း အလေးပြုခဲ့သည့်အတွက် သူကလည်း ထိုအစဉ်အလာကို ချိုးဖောက်၍ မရချေ။ 


"မင်္ဂလာပါ..." 


မစ္စတာဖန့်က ပြုံးကာ ပြောလိုက်သည်။ 


"မင်းကို နောက်ဆုံးတစ်ခေါက် တွေ့ခဲ့တုန်းက ကလေးလေးပဲ ရှ်ိသေးတယ် မျက်စိတစ်မှိတ်အတွင်းမှာတင် မယုံနိုင်စရာကောင်းလောက်အောင်ကို ကြီးထွားလာတာပဲ ..." 


မစ္စတာဖန့်သည် လူသူနှင့်ဝေးရာတွင် နေနေသည်မှာ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။ ထိုအချိန်အတွင်း ကျောက်လင်းယွီနှင့်လည်း မတွေ့ဆုံခဲ့ရာ လောကဝတ်စကား အနည်းငယ်မှတစ်ပါး အခြား ပြောစရာမရှိပေ။ အ‌တန်ကြာ တိတ်ဆိတ်နေပြီးနောက် သူက ကောက်ကာငင်ကာ မေးခွန်းထုတ်လိုက်သည်။ 


"ဒီနေ့ မစ္စတာထန့်ရော လာမှာလား ..." 


အကြီးအကဲဖန့်၏ မျက်နှာပေါ်တွင် မျှော်လင့်စောင့်စားနေဟန်တို့ကို အတိုင်းသား တွေ့နေရပေသည်။ 


"အကြီးအကဲထန့်လည်း လာမှာပါ ဒါပေမယ့် သူက နည်းနည်းနောက်ကျမယ် ထင်တယ် ..." 


ထိုသို့ကြားပြီးနောက် မစ္စတာဖန့်သည် သူတို့ကို ဆွဲမထားတော့ဘဲ အခြားသူများကို နှုတ်ဆက်ရန် သွားခွင့်ပြုလိုက်သည်။ 


ဧည့်သည်များ တဖွဲဖွဲရောက်လာကြကာ အများစုမှာ ကျောက်လင်းယွီနှင့်ပတ်သက်၍ စိတ်ပါဝင်စားကြသူများ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူမှာ ဖက်ဒရယ်တစ်ခုလုံး၏ လူပြောအများဆုံး အကြောင်းအရာဖြစ်နေ၍ ဖြစ်သည်။ 


ကျောက်လင်းယွီကတော့ ထိုသူများကို သာမန်မျှသာ ခေါင်းငြိမ့်ပြပြီး နှုတ်ဆက်သင့်သူများကိုသာ နှုတ်ဆက်နေလိုက်သည်။ သူ့ဘေးမှ ရမ်ရှန့်ကတော့ စကားတစ်ခွန်းမှ မဆိုလေဘဲ အစမှအဆုံးအထိ ပြုံးရုံသာ ပြုံးနေခဲ့သည်။ 


ထိုမြင်ကွင်းကို မြင်လိုက်သူတိုင်း ပဟေဠိဖြစ်ကုန်ကြတော့သည်။ 


ကျောက်လင်းယွီက သူ့ရဲ့ S အဆင့် ပေါင်းစပ်စွမ်းရည် ဆုံးရှုံးသွား‌‌ပေမယ့် ကြံ့ခိုင်ရေးစွမ်းရည်ကို S အဆင့်အထိ ပြန်နှိုးထလာနိုင်လောက်တဲ့အထိ ထူးချွန်တဲ့သူလေ  ဘယ်လိုဖြစ်ပြီးတော့များ ဘာမှမသိနားမလည်တဲ့ ကလေးတစ်ယောက်နဲ့ ချစ်ကြိုက်သွားရတာလဲ ... 


မိသားစုကြီးငါးစုက ဇနီးလောင်းရဲ့ နောက်ခံအင်အားကို ထည့်မတွက်ဘူးဆိုပေမယ့် သူတို့ရဲ့ကလေးကို လွယ်ပေးနိုင်မယ့်သူနဲ့တော့ လက်ထပ်ဖို့ လိုအပ်သေးတယ် မဟုတ်လား ကျောက်လင်းယွီက ဇာ့ဂ်ဘုရင်မနဲ့ တိုက်ခိုက်ရင်း ခေါင်းကို ထိခိုက်မိသွားတာတော့ မဟုတ်လောက်ပါဘူးနော် ... 


စပ်စုလိုသည့် အကြည့်များစွာတို့ဖြင့် စိုက်ကြည့်‌ခံနေရ၍ ရမ်ရှန့်လည်း စိတ်မကြည်တော့ချေ။ ထို့နောက် သူ့မေးစေ့ထိပ်ဖျားဖြင့် ကျောက်လင်းယွီ၏ လက်မောင်းကို ထိုးလိုက်သည်။ 


သူ့ခန္ဓာကိုယ်၏ လက်ရှိအခြေအနေအရ ရမ်ရှန့်က သူ့ကို ဓားဖြင့် ထိုးလျှင်ပင် ဒဏ်ရာရမည် မဟုတ်ချေ။ သို့သော် ရမ်ရှန့်အတွက်မူ ... သူ့မေးစေ့ကို ဆွဲယူကာ ပူပန်တကြီး မေးလိုက်သည်။ 


"နာသွားပြီလား ..." 


"မနာပါဘူး အားကို ပိစိလေးပဲ သုံးထားတာ ..." 


သူက ပြန်ဖြေလိုက်သည်။ 


ရမ်ရှန့်ကို စားစရာများ ခင်းကျင်းထားသည့်နေရာသို့ ခေါ်သွားကာ ကိတ်မုန့်တစ်တုံး ယူပေးလိုက်သည်။ 


"ဒါလေး အရင်စားထားနော် ကုန်သွားရင် မင်းကို အပြင်ခေါ်သွားပေးမယ် ..." 


"ကောင်းပါပြီ ..." 


သူက ပြန်ဖြေလိုက်သည်။ ထို့နောက် နူးညံ့အိစက်လှသည့် ကိတ်မုန့်တုံးကို တစ်ဝက်ခန့်ကိုက်ရင်း ဝေဖန်လိုက်သည်။ 


"ဒီမုန့်က ပါတာ နည်းလိုက်တာ ဗိုက်ပြည့်ဖို့ဆို ဘယ်နှခုတောင် စားရမလဲ မသိဘူး အပြင်ဘက်က ဝက်ကောင်လုံးကင်ကို စားချင်လိုက်တာ ..." 


အမျိုးသမီးများအတွက်မူ ထိုကိတ်မုန့်တစ်တုံးကပင် တစ်နပ်စာဟု မှတ်ယူ၍ ရပေသည်။ ကယ်လိုရီများပြားလွန်း၍ ထိုကိတ်မုန့်စားပြီးပါလျှင် ဝိတ်ပြန်ချရမည့်သူများပင် ရှိနေဦးမည်ဖြစ်သည်။ စားသလောက် မဝရှာသည့် ရမ်ရှန့်မှာမူ မနာလိုစရာပင် ကောင်းလှသည်။ မဟုတ်သေးဘူး မနာလိုစရာရယ်လို့လည်း မရှိပါဘူး ... ကျောက်လင်းယွီကမူ ဘယ်လောက်ပင် စားပါစေ မဝရှာသည့် ရမ်ရှန့်အတွက် ပူပန်ကာ စိတ်မကောင်းဖြစ်နေရပေသည်။ 


"ပြီးမှ စားဖို့ ခေါ်သွားပေးမယ် ..." 


ကျောက်လင်းယွီက ထိုသို့ ပြောလိုက်ပြီးနောက် တံခါးဝနားတွင် အုံးအုံးကျွက်ကျွက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

77.2


ဘာဖြစ်လို့ပါလိမ့် ... 


ရမ်ရှန့်လည်း ကိတ်မုန့်စား၍ ပြီးခါနီးနေပြီကို တွေ့လိုက်ရသည့်အတွက် သူလမ်းလျှောက်ရင်းစားရန် အသားလုံးအချို့ကို ပြင်ဆင်ပေးကာ ထိုနေရာသို့ ခေါ်လာလိုက်သည်။ 


တံခါးဝအနီးတွင် ရောက်နေသူမှာ ရန်ယဲ့ဖြစ်သည်။ သူ့ဇနီးလောင်းသည် ကိုယ်ဝန်သည်များ ဝတ်လေ့ရှိသည့် ပွဲတက်ဝတ်စုံ ခပ်ပွပွကို ဝတ်ဆင်ထားသည့်အတွက် အုတ်အော်သောင်းနင်း ဖြစ်နေကြခြင်း ဖြစ်သည်။ 


"ဟုတ်တယ် ငါတို့ရှောင်လုက ကိုယ်ဝန်ရှိနေတာ တစ်လကျော်သွားပြီလေ ..." 


ရန်ယဲ့က ရှက်နေဟန်ဖြင့် ပြောရင်း သူ့ဇနီးလောင်းကို မိတ်ဆက်ပေးလိုက်သည်။ 


ချိုးလုတွင် ကိုယ်ဝန်ရှိသည် မရှိသည်ကို အသာထားဦး။  ရန်ယဲ့၏ချစ်သူဖြစ်ခွင့်ရနေသည်ကပင်လျှင် လူအများ၏ မနာလိုစရာ ဖြစ်နေလေပြီ။ သို့သော် သူမက ကိုယ်ဝန်လွယ်ထားရသည်ဟု သိလိုက်ရချိန်တွင် အားလုံး၏ မနာလိုမှုတို့မှာ ရန်ယဲ့ထံသို့သာ ဦးတည်သွားတော့သည်။ 


နှစ်နှစ်ရာသက်တမ်းရှိသော သာမန်လူတို့အဖို့ သားသမီးဆယ်ယောက် သို့မဟုတ် အယောက်နှစ်ဆယ် မွေးဖွားနိုင်ရန်ပင် ပြဿနာ မရှိလှပေ။ Fအဆင့်၊  E အဆင့်နှင့်  D အဆင့် စွမ်းရည်ပိုင်ရှင်တို့မှာလည်း အချင်းချင်း၏ စွမ်းအင်တို့မှာ လိုက်ဖက်ညီနေသရွေ့ ပေါင်းစပ်ကာ ကလေးမွေးဖွားနိုင်ပေသည်။ သို့‌သော် Bအဆင့်၊  A အဆင့်နှင့် S အဆင့်စွမ်းရည်ပိုင်ရှင်တို့မှာမူ ကိုယ်ဝန်ရရှိရန်ပင် မလွယ်ကူလှချေ။ 


ထိုအဆင့် စွမ်းရည်ပိုင်ရှင်များသည် နှစ်ရာပေါင်းများစွာ ကြာအောင် အသက်ရှည်ကြသူများ ဖြစ်သည့်အတွက် ကလေးဆယ်ယောက် မွေးလာလျှင်ပင် ပြုစုပျိုးထောင်ရန် မခဲယဉ်းလှချေ။ သို့သော် ကလေးနှစ်ယောက် သုံးယောက် ရခဲ့လျှင်ပင် ကံကောင်းသည်ဟု ဆိုနိုင်နေပြီဖြစ်သည်။ 


ရန်ယဲ့မှာလည်း S အဆင့်စွမ်းရည်ပိုင်ရှင်တစ်ဦး ဖြစ်ကြောင်းမှာတော့ ထုတ်ပြောနေရန်ပင် မလိုအပ်တော့ချေ။ S အဆင့် စွမ်းရည်ပိုင်ရှင်တစ်ဦး မွေးဖွားလာခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ပျော်ပွဲရွှင်ပွဲဖြစ်ရာ ဤသတင်းမှာ ဖက်ဒရယ်အနှံ့ ပျံ့နှံ့‌သင့်သောသတင်းပင် ဖြစ်သည်။ 


ရန်ယဲ့ကို သဘောမကျကြသည့် ပထမတပ်ဖွဲ့မှ တပ်သားများသည်ပင် သူ့ကို မနာလိုဖြစ်မိကြတော့သည်။ 


အနီးအနားရှိ ဧည့်သည်များ၏ မနာလိုအားကျမှုအလုံးစုံကို လက်ခံရယူရင်း ကျောက်လင်းယွီကို လှည့်ကြည့်လိုက်သည်။ သို့သော် ထိုလူကမူ စိတ်ဝင်စားဟန်ပင် မပြသည့်အတွက် သူက ထပ်ပြောလိုက်သည်။ 


"အိုက်ယား ဒါလေးက အသေးအမွှားလေးပါ တကယ်တမ်းဆို ကလေးမရနိုင်တဲ့သူကိုတောင် ဆက်ချစ်ပေးနိုင်တဲ့ မာရှယ်ကျောက်ကမှ တကယ်ကို လေးစားဖို့ ကောင်းတာ ..."


ရန်မိသားစုတွင် ဆက်ခံသူမျိုးဆက် ရှိနေပြီဖြစ်သော်ငြား ကျောက်လင်းယွီကမူ ကလေးပင် မလွယ်ပေးနိုင်သည့် အမျိုးသားတစ်ဦးနှင့် ချစ်ကျွမ်းဝင်နေသည်။ အနားနားရှိ ဧည့်သည်အားလုံးမှာ သူ့ကို စိုက်ကြည့်ကာ သက်ပြင်းချလိုက်ကြတော့သည်။ 


သို့သော် ကျောက်လင်းယွီကတော့ လားလားမျှပင် ဂရုမစိုက်ချေ။ 


"ငါက သူ့ကိုပဲ သဘောကျတာ ..." 


အားလုံး၏ စိတ်ဝင်စားမှုတို့မှာ ရန်ယဲ့နှင့် ကျောက်လင်းယွီတို့အပေါ်တွင်သာ စုပုံနေကြသည့်အတွက် အခန်းထဲသို့ ဝင်လာသည့်သူကို သတိမထားမိလိုက်ကြပေ။ ထိုသူမှာ ဖက်ဒရယ်၏ အလယ်အလတ်အဆင့် အထက်တန်းလွှာမှဖြစ်ကာ ရန်မိသားစု၏ နောက်လိုက်ဖြစ်သည်။ သူက ရမ်ရှန့်နှင့် ရုပ်ချင်းဆင်တူသော လူငယ်လေးတစ်ဦးနှင့်အတူ ရောက်လာသည်။ 


ထိုလူငယ်လေးမှာ ရွိုင်းပင်ဖြစ်သည်။ 


ရွိုင်းမှာ ဤကျွန်းပေါ်သို့ ခြေချမိချိန်မှစ၍ အံ့ဩစရာများနှင့်သာ ဆက်တိုက်ကြုံခဲ့ရသည်။ ကျောက်မိသားစုထဲသို့ ရောက်လာချိန်တွင်တော့ အရာအားလုံးကို မနာလိုမှုအပြည့်ဖြင့် လိုက်ကြည့်နေမိတော့သည်။ 


ခြံဝန်းထဲတွင် စိုက်ပျိုးထားသော သစ်ပင်ပန်းမန်အားလုံးမှာ ဈေးကြီးသော အမျိုးအစားများဖြစ်ကာ ကြွရောက်လာသည့် ဧည့်သည်အားလုံးမှာလည်း အထက်တန်းလွှာများ ဖြစ်ကြသည်။ ဧည့်သည်များအတွက် ခြံဝန်းထဲတွင် အသားကင်နေသော စားဖိုမှူးများကပင်လျှင် တင့်တယ်မှုအပြည့်ဖြင့် ဖြစ်သည်။ 


ဧည့်ခံပွဲတွင် အသားကင်ကျွေးခြင်းမှာ ကျင့်ဝတ်နားမလည်သည့် သူဌေးလက်သစ်များက လုပ်လေ့ရှိသည့်အပြုအမူဟုသာ ထင်ခဲ့မိသည်။ သို့သော် ကျောက်မိသားစုက ခြံဝန်းထဲရှိ အသားကင်နံ့များ လျှံထွက်မလာစေရန် စီစဉ်ထားသည့်အပြင် စားဖိုမှူးများ၏ လှုပ်ရှားမှုမှာလည်း မျက်စိပသာဒဖြစ်လှသည့်အတွက် အသားကင်ခြင်းမှာ သပ်ရပ်ကြော့ရှင်း‌သည်ဟုပင် ခံစားမိလာတော့သည်။ 


အစောပိုင်းက ကျောက်မိသားစုပေးခဲ့သည့် သတို့သမီး တင်တောင်းငွေမှာ သူတို့အတွက် မပြောပလောက်သော်ငြား ကုန်သွယ်ရေးဌာနချုပ်အတွက်မူ သေရာမှ ပြန်ရှင်လာနိုင်လောက်သည့်ပမာဏ ဖြစ်သည်။ 


အဲဒါ‌တွေအားလုံးကသာ သူ့အပိုင်ဖြစ်ခဲ့ရင်ပေါ့ ... 


"မာရှယ်က တကယ်ကို စိတ်ပိုင်းဖြတ်ထားတာပဲ ..." 


ရန်ယဲ့က ထပ်ပြောလိုက်ပြန်သည်။ 


"ရမ်ရှန့်နဲ့ ထိုက်တန်လို့ပါ ..." 


သူက ထိုသို့ပြောရင်း စီစဉ်ထားသော ဇာတ်ကွက်အလှည့်အပြောင်းကို စောင့်နေလိုက်သည်။ ထိုအချိန်ရောက်ပါလျှင် ရန်ယဲ့လည်း မုချ နောင်တရသွားမည်ဖြစ်သည်။ 


ကျောက်လင်းယွီက လူသိရှင်ကြား ဝန်ခံလိုက်ပြန်သည့်အတွက် ရမ်ရှန့်၏ မျက်နှာတွင် ဝမ်းသာလုံးဆို့နေဟန် အပြုံးကြီးကြီးတစ်ပွင့် ထပ်ပေါ်လာပြန်တော့သည်။ ထိုစဉ် အခြားဆယ်ကျော်သက်တစ်ဦး၏ အသံက ပြတ်ပြတ်သားသား ထွက်ပေါ်လာသည်။ 


"သူက မထိုက်တန်ဘူး ဘာလို့လဲဆိုတော့ သူက လူလိမ်ကောင်လေ ..." 


ဤပွဲမှာ ကျောက်မိသားစုက ကျင်းပသည့်ပွဲ ဖြစ်သည့်အတွက် ဧည့်သည်များမှာ ရမ်ရှန့်ကို မနာလိုဖြစ်မိလျှင်ပင် ထင်မိထင်ရာ စွပ်စွဲပြောဆို၍ မရပေ။ 


ကျောက်လင်းယွီက ရမ်ရှန့်ကို သဘောကျနေမှန်း သိသာနေတာကို ဒီတစ်ယောက်က ဘာတွေ ထပြောတာလဲ ဦးနှောက်ပါမလာဘူးလား ... 


အားလုံး၏ အကြည့်တို့က ရွိုင်းထံသို့ ကျရောက်သွားတော့သည်။ သူ့ကို အာရုံစိုက်ကာ စောင့်ကြည့်နေကြကြောင်း သိလိုက်ရချိန်တွင် သူက တုန့်ဆိုင်းမနေတော့ဘဲ ဆက်ပြောလိုက်သည်။ 


"မာရှယ် ကျွန်တော်ကမှ ကုန်သွယ်ရေးဌာနချုပ်ဥက္ကဌရဲ့သား ရွိုင်းပါ ပြီးတော့ အပင်စွမ်းရည်ပိုင်ရှင် ကေးမျိုးနွယ်ပေါ့ ကျွန်တော့်ရဲ့ အာကာသယာဉ်က မြို့တော်ကြယ်နားမှာ ပေါက်ကွဲသွားလို့ အစေခံနဲ့အတူ အသက်ကယ်လှေတစ်စီးနဲ့ အာကာသထဲကို မျောလွင့်သွားရတာပါ မာရှယ့်ဆီကို အရောက်ပြန်လာခဲ့ချင်ပေမယ့် လက်ထဲမှာ ငွေလည်းမရှိ၊ နောက်ပိုင်းကျ ကြယ်အမှတ် ၁၂၅၃၄ မှာ မိုင်းတူးဖို့ ရောင်းစားခံခဲ့‌ရပြီး တကယ်လို့ မာရှယ်သာ လာမကယ်ခဲ့ရင် အဲဒီ့ဂြိုဟ်ပေါ်မှာပဲ သေမလားတောင် မသိနိုင်တဲ့ အခြေအနေကို ကျော်ဖြတ်ခဲ့ရတာပါ ..." 


သူက ခပ်သွက်သွက်ပြောသွားသည့်အပြင် ပြောနေရင်း မျက်ရည်ကျလာသည်မှာ အလွန် ဝမ်းနည်းဖွယ် ကောင်းလှသည့်အတွက် အနီးအနားရှိ ဧည့်သည်တို့မှာလည်း သူ့စကားကို ယုံကြည်စပြုလာလေသည်။ 


"သူ့ကို ဆွဲထုတ်သွားလိုက် ..." 


ကျောက်လင်းယွီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူသည် ရွိုင်း၏ ဓာတ်ပုံကို မြင်ဖူးပြီးသား ဖြစ်သည့်အတွက် သူ့ကို ချက်ခြင်း သတိပြုမိလိုက်သော်ငြား စက်ဆုပ်ရွံရှာမှုမှတစ်ပါး မည်သည့်ခံစားချက်မှ မရချေ။ 


Xxxxxxx