အပိုင်း ၇၈
Viewers 18k

Chapter 78


သူ့စုံစမ်းခဲ့သည့် အချက်အလက်များအရဆိုလျှင် ထိုသူသည် လက်ထပ်ပွဲကို ရှောင်တိမ်းလို၍ ယာဉ်ကို ဖောက်ခွဲပစ်ခဲ့ခြင်းဖြစ်သည်။ ယာဉ်ပေါ်ရှိ ဝန်ထမ်းများကိုပါ အသက်ဆုံးရှုံးစေကာ ရမ်ရှန့်ကို သူ့အဝတ်အစားများဖြင့် လူစားထိုးခဲ့ခြင်းမှာလည်း မရိုးဖြောင့်သည့် အပြုအမူသာ ဖြစ်သည်။ ယခုမူ ထိုသူသည် သူ့အိမ်ထဲသို့ပင် ရောက်လာကာ ယုတ္တိမတန်သော စကားတို့ကို ပြော‌လာချေပြီ။ 


"မာရှယ်ကျောက် ခဏလောက် နေပါဦး ဒီကလေးရဲ့ ရင်ထဲမှာလည်း မကျေနပ်ချက်တွေ ရှိနေနိုင်‌တယ်လေ သူ့ကိုလည်း ပြောခွင့်ပေးသင့်ပါတယ် ..." 


ရန်ယဲ့က ရွိုင်းဘက်မှ သိသိသာသာ ရပ်တည်ပြီး ဝင်ပြောပေးလိုက်သည်။


"မာရှယ် တစ်ယောက်ယောက်က ကျွန်တော့်ကို သတ်ဖို့ ကြံစည်ထားတာပါ အာကာသယာဉ် ပေါက်ကွဲမသွားခင်မှာ ကျောက်မိသားစုက ရမ်ရှန့်ကို အိပ်မက်ကြယ်ကနေ ရှာတွေ့လာပြီးတော့ ကျွန်တော့်နေရာမှာ အစားထိုးမယ်လို့ ကြားမိခဲ့တယ် ဘာလို့ သူ့ကို အစားထိုးခဲ့ရတာလဲ ..." 


သူက နှာတရှုံ့ရှုံ့ဖြင့် မေးလိုက်သည်။ 


ရမ်ရှန့်၏ သရုပ်မှန်မှာ ရိုးစင်းမည်မဟုတ်ကြောင်းကို သူလည်း သိရှိပြီးဖြစ်သည်။ အိပ်မက်ကြယ်သည် စိုက်ပျိုးရေးဂြိုဟ်တစ်ခုဖြစ်ရာ ပစ္စည်းကိရိယာများကို ထိန်းသိမ်းမည့် သက်လတ်ပိုင်းအရွယ်များမှတစ်ပါး ဆယ်ကျော်သက်အရွယ်ဟူ၍ မရှိနိုင်ပေ။ အကယ်၍ ရှိခဲ့လျှင်ပင် သက်သေခံကတ်ပြား မပါဘဲ သစ်ရွက်အနည်းငယ်သာ လွှမ်းခြုံရင်း တောထဲတွင် လဲလျောင်းနေမည် မဟုတ်ချေ။ 


ရမ်ရှန့်၏ သရုပ်မှန်က မရိုးစင်းမှတော့ လူတွေက သူ့စကားကိုပဲ နားယောင်ကြမှာပေါ့ ... 


အကယ်၍ သူသာ ရမ်ရှန့် ကျောက်မိသားစုသို့ ရောက်စကတည်းက ထိုသို့ ပြောခဲ့ပါလျှင် ကျောက်လင်းယွီသည် ရမ်ရှန့်မှာ ရွိုင်းအယောင်ဆောင်ကာ သူ့အနားကပ်ရန် အခြားအဖွဲ့အစည်းတစ်ခုက စေလွှတ်လိုက်သည့်သူလျှိုဟု ယုံကောင်းယုံသွားမည်ဖြစ်သည်။ သို့သော် အခုအချိန်တွင် ရမ်ရှန့်အကြောင်းကို မည်သူမှ သူ့ထက် ပိုမသိချေ။ 


ရွိုင်း၏ သွေးထိုးစကားကြောင့် ရမ်ရှန့်ကို သံသယဝင်ရမည့်အစား သူ့(ရွိုင်း)ကိုသာ ပိုပြီး ရွံရှာမိလာတော့သည်။ 


"ဘယ်လိုလုပ် ဒီလိုကိစ္စမျိုးနဲ့ ကြုံခဲ့ရတာလဲ ..." 


ရန်ယဲ့သည် ထိုစကားများကို ကြားထားဖူးပြီး ဖြစ်သည့်တိုင် ထိတ်လန့်အံ့ဩသွားဟန်ဖြင့် အလောတကြီး မေးလိုက်သေးသည်။ 


"မာရှယ်ကျောက် ခင်ဗျားဘေးက ရမ်ရှန့်ဆိုတဲ့တစ်ယောက်ရဲ့ တကယ့် သရုပ်မှန်အစစ်က ဘာများလဲ ..." 


"သူက ကျွန်တော့်သင်္ဘောကို ဖောက်ခွဲခဲ့တဲ့သူနဲ့ တစ်ဖွဲ့တည်း ဖြစ်ရမယ် အဲ့ဒီ့သင်္ဘောပေါ်မှာ သတို့သမီးတင်တောင်းပစ္စည်းတွေအပြင် ကျွန်တော့်ကို ငယ်ငယ်ကတည်းက စောင့်ရှောက်ပေးခဲ့တဲ့ အစေခံတွေပါ ပါတယ် အခု တစ်ခုမှ မရှိတော့ဘူး ..." 


ရွိုင်းက မျက်ရည်ဖြိုင်ဖြိုင်ကျကာ ပြောလိုက်သည်။ 


ကျောက်လင်းယွီက သူ့စကားများကို မယုံကြည်သော်ငြား အခြားသူများကတော့ နားယောင်နေကြပြီဖြစ်သည်။ သူတို့က ရမ်ရှန့်ကို အထူးတဆန်း ကြည့်လိုက်ကြသည်။ 


ဒီရမ်ရှန့်က တကယ်ပဲ ရွိုင်းအယောင်ဆောင်ခဲ့တာလား မဟုတ်သေးဘူးနော် ကျောက်မိသားစုက သူ့ကို ကေးမဟုတ်ဘူးလို့ ပြောခဲ့သေးတယ် မဟုတ်လား ... 


ရမ်ရှန့်မှာလည်း သူတို့နည်းတူပင် ဘာဖြစ်နေမှန်း သဘောမပေါက်နိုင်သေးချေ။ 


ဒီတစ်ယောက်က ဘာတွေ ပြောနေတာလဲ ... 


သူနားမလည်သည့် ကိစ္စအားလုံးကို ကျောက်လင်းယွီကိုသာ မေးခဲ့ပြီး ယခုအကြိမ်သည်လည်း ထိုနည်းတူပင်ဖြစ်သည်။ 


"သူက ဘယ်သူကြီးလဲ ဘာတွေ ပြောနေတာလဲ ..." 


"သူ့ကိုယ်သူ ထောင်ချောက်ပြန်ဆင်နေတဲ့ အရူးတစ်ယောက်ပါကွာ ..." 


သူက ရွိုင်းကို ကြည့်ကာ ပြောလိုက်သည်။ 


"မင်းသိလား ရမ်ရှန့်က ကုန်သွယ်ရေးဌာနချုပ်က လာတဲ့ ကေးမဟုတ်ပါဘူးလို့ ပြောထားခဲ့တာ ဟိုးအရင်ကတည်းကပဲလေ ..." 


"ဘာကြီး ..." 


ရွိုင်းမှာ အတော်ပင် အံ့ဩသွားတော့သည်။ သူက ဘယ်လိုဖြစ်ပြီးတော့ ဒီကိစ္စကို မသိလိုက်ရတာလဲ ... 


"ဟုတ်တယ်လေ ‌ရမ်ရှန့်က ကေးမဟုတ်ပါဘူးလို့ မစ္စစ်ကျောက်က ဟိုးအရင်ကတည်းက ပြောထားခဲ့တာ ..." 


ဖန့်ချန်ကျွင့်ကလည်း အားတက်သရော ကူပြောလိုက်သည်။ ရွိုင်း၏ စကားများကို ကြားလိုက်ရစဉ်က အံ့ဩမိခဲ့သော်ငြား ချက်ခြင်း အသိပြန်ဝင်လာခဲ့သည်။ 


ရမ်ရှန့်က ဒီလိုလူမျိုးမှ မဟုတ်တာ ... 


သူရထားတဲ့ သတင်းတွေက မပြည့်စုံတာများလား ... 


မနေ့က ရန်ယဲ့၏ သဘောခွေ့လေဟန် အမူအယာကို ပြန်စဉ်းစားမိ၍ ရွိုင်း၏ မျက်နှာမှာ ဖြူဖျော့သွားတော့သည်။ ရန်ယဲ့လည်း ထိုအကြောင်းကို သိထားပြီးဖြစ်ကြောင်း သဘောပေါက်သွားချေပြီ။ အကယ်၍ ရမ်ရှန့်သာ ရွိုင်း၏ နာမည်ကို သုံးမထားကြောင်း ကြိုသိခဲ့ပါလျှင် ပိုပြီး ဂရုစိုက်မိမည်ဖြစ်သည်။ သို့သော် ယခုတော့ နောက်ကျသွားချေပြီ။ 


"အဲ့ဒီ့တော့ရော ဘာဖြစ်လဲ မျိုးရိုးဗီဇဆိုတာ ဖုံးကွယ်ထားလို့ မရဘူးလေ ကျွန်တော်က မျိုးရိုးဗီဇစစ်ဆေးမှုကို ခံယူပြီး ခင်ဗျားနဲ့ စေ့စပ်ထားတဲ့သူဖြစ်ကြောင်း သက်သေပြနိုင်တယ်နော် ..." 


စေ့စပ်ထားသူဟူသည့်စကားလုံးကို နားလည်သော ရမ်ရှန့်မှာ ရုတ်ချည်း ဒေါသထွက်လာတော့သည်။

78.2


"ပေါက်ကရတွေ! ကျောက်လင်းယွီက ငါနဲ့ စေ့စပ်ထားတာ ..." 


"ငါက သူနဲ့ လက်ထပ်ဖို့ မဟာမိတ်တပ်ပေါင်းစုကနေ ရောက်လာတာ ရွိုင်းဆိုတဲ့ ငါကမှ ကျောက်လင်းယွီနဲ့ စေ့စပ်ထားတဲ့သူအစစ် ..." 


ရမ်ရှန့်မှာ အေးခဲသွားတော့သည်။ ထို့နောက် ကနဦးက ဒီနိုလည်း သူ့ကို ရွိုင်းဟု တွင်တွင်ခေါ်ခဲ့ကြောင်းကို အမှတ်ရသွားတော့သည်။ 


သူတို့တွေက လူမှားသွားကြတာလား ကျောက်လင်းယွီနဲ့ လက်ထပ်ရမယ့်သူအစစ်က ရှေ့မှာ ရပ်နေတဲ့သူပေါ့ ..." 


ရမ်ရှန့်၏ နှလုံးသားမှာ ကသိကအောက်ဖြစ်လာတော့သည်။ သူသည် မကျေနပ်မှုကို ခါးစည်းခံနေမည့်သူ မဟုတ်သဖြင့် ရွိုင်းကို ဒေါသတကြီး ပြောလိုက်သည်။ 


"ကျောက်လင်းယွီက ငါ့လူ မကောင်းတဲ့ကောင်ရဲ့ ..." 


ဤနေရာတွင် ဧည့်သည်များ အများအပြားရှိနေ၍သာ မဟုတ်ပါလျှင် သူ့ကို အမြစ်ဖြင့် ချည်ကာ မီးရှို့ပစ်တော့မည်ဖြစ်သည်။ 


ထိုအချိန်တွင် အိုင်ဗာပို့ပေးသော အချက်အလက်များကို ရရှိပြီးဖြစ်သည့် ကျောက်လင်းယွီက သူ့ပုခုံးကို ခပ်ဖွဖွပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။


"သူ လျှာအရိုးမရှိတိုင်း လျှောက်ပြောနေတာကို နားထောင်မနေနဲ့ ကိုယ်က မင်းတစ်ယောက်တည်းကိုပဲ လက်ထပ်မှာ ..." 


အာကာသယာဉ်အကြောင်း စုံစမ်းထားသည်များက နောက်ကျောဘက်ရှိ နံရံပေါ်တွင် ပေါ်လာသည်။ 


"ကုန်သွယ်ရေးဌာနချုပ်ရဲ့ သတို့သမီးသင်္ဘော ပေါက်ကွဲသွားတဲ့အချိန်ကတည်းက စုံစမ်းခိုင်းထားတာ အဲ့ဒီစုံစမ်းချက်အရဆိုရင် သင်္ဘောပေါက်ကွဲသွားတာက အတွင်းလူတစ်ယောက်ရဲ့ လက်ချက်ကြောင့် ပေါက်ကွဲသွားတာ အဲ့ဒီနောက်ပိုင်း မြို့စောင့်တပ်ဖွဲ့ကိုပါ ရှာဖွေခိုင်းခဲ့ပေမယ့် အသက်ကယ်လှေတစ်စီးတောင် မတွေ့ခဲ့ဘူး အဲဒါကြောင့် မင်းပြောသမျှအားလုံးက အလိမ်အညာတွေပဲ ပြီးတော့ ရမ်ရှန့်အကြောင်း သူ့မိဘတွေက ဘယ်သူဘယ်ဝါလို့ မသိရပေမယ့် သူက ဗေးလ်ဂြိုဟ်မှာ ကြီးပြင်းလာခဲ့ပြီး နောက်ကြောင်းလည်း အကုန်ရှင်းတယ် အိပ်မက်ကြယ်မှာ ရောက်နေတယ်ဆိုတာကလည်း သူ့မွေးစားမိ‌ဘတွေရဲ့ ညီကို တွေ့ဖို့အတွက် ရောက်နေတာသူက အပင်စွမ်းရည်ပိုင်ရှင်မှန်း သိသွားတဲ့ သူ့ဦးလေး သာ့နျိုက ငါ့ကို ပြုစုဖို့ဆိုပြီး မြို့တော်ကြယ်ကို ခေါ်လာပေးခဲ့တာ ..." 


ကျောက်လင်းယွီသည် ရမ်ရှန့်၏ နောက်ကြောင်းကို စီစဉ်ထားပြီးဖြစ်၍ လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် အားလုံး အစီအစဉ်တကျ ဖြစ်လာတော့သည်။ 


ရွိုင်း၏မျက်နှာမှာ ရုတ်ချည်းပြောင်းလဲသွားတော့သည်။ ရမ်ရှန့်သည် သူ့နာမည်ကို သုံးကာ ကျောက်လင်းယွီအနားသို့ ကပ်ခဲ့သည်ဟု ထင်ခဲ့သည့်အပြင် ကျောက်လင်းယွီကလည်း ကုန်သွယ်ရေးဌာနချုပ်အပေါ် မည်သို့မျှ တုန့်ပြန်ဟန် မပြသည့်အတွက်သာ ဤပွဲသို့ ရောက်လာရဲခြင်းဖြစ်သည်။ ကျောက်လင်းယွီက သူ့လုပ်ရပ်အားလုံးကို စုံစမ်းထားလိမ့်မည်ဟုတော့ မျှော်လင့်မထားမိပေ။ ထို့အပြင် ရမ်ရှန့်နောက်ကြောင်းမှာလည်း သူမယုံနိုင်လောက်အောင်ပင် ရှင်းလင်းနေသေးသည်။ 


"ရွိုင်း မင်းထွက်ပြေးသွားတဲ့ကိစ္စက လူသိရှင်ကြား ထုတ်ပြဖို့ အဆင်မပြေလောက်ဘူးလို့ ထင်လို့ရယ် ပြီးတော့ ငါလက်ထဲမှာလည်း သက်သေတိတိကျကျ မရှိတဲ့အပြင် မင်းကလည်း ပျောက်နေလို့ဆိုပြီး ဒီတိုင်းလေးပဲ ထားထားတာ ဒါပေမယ့် အခု မင်းလည်း ပေါ်လာပြီဆိုတော့ စုံစမ်းထားတာတွေအားလုံးကို ရဲလက်အပ်ပြီး အာကာသယာဉ်ပေါ်က ဝန်ထမ်းတွေကို တမင်တကာ အကွက်ချပြီး လုပ်ကြံခဲ့တဲ့အတွက် မင်းကို ပြစ်ဒဏ်စီရင်ရလိမ့်မယ်..." 


ကျောက်လင်းယွီက အညှာအတာမဲ့စွာ ပြောလိုက်သည်။ 


"လက်ထပ်ပွဲကနေ ထွက်ပြေးဖို့အတွက်နဲ့ ဝန်ထမ်းတွေကို သေတွင်းထဲပို့ခဲ့တာ တစ်ခုတည်းနဲ့တင် မင်းကို သေဒဏ်ပေးလို့ ရနေပြီ ..." 


"ကျွန်တော် ကျွန်တော် မလုပ်ခဲ့ပါဘူး ဘယ်လိုလုပ်ပြီးတော့ ကိုယ်စီးလာတဲ့သင်္ဘောကို ပြန်ဖောက်ခွဲမှာလဲ ပြီးတော့ သူ့ရဲ့ သက်သေခံကတ်ပြားကလည်း အတုပဲ ဖြစ်လိမ့်မယ် သူ့မိဘတွေက ဘယ်သူလဲဆိုတာတောင် မပြောသွားဘူးလေ ..." 


ရွိုင်းက ပြောလိုက်သည်။


ကျောက်လင်းယွီသည် ရမ်ရှန့်၏မိဘများအကြောင်း မည်သူမှ မတွေ့နိုင်ရန် အထူးတလည် ပြင်ဆင်ထားပြီးဖြစ်သည်။ အကယ်၍ သူသာ ရမ်ရှန့်ကို လူသားတစ်ဦးအဖြစ် ရာနှုန်းပြည့် စီစဉ်ထားပါလျှင် တစ်ခုခု ထူးဆန်းနေမည်ဖြစ်သည်။ 


"လက်ထပ်ပွဲကနေ ထွက်ပြေးပြီးမှ ငါပြန်သက်သာလာမှန်းလည်း သိရော င့ါကို တွယ်ကပ်ဖို့ ပြန်ကြိုးစားတဲ့အပြင် ငါ့ချစ်သူကိုပါ အပုပ်ချချင်သေးတယ်ပေါ့ ဟုတ်လား ရွိုင်း မင်းပျောက်သွားကတည်းက မင်းအဖေကို ဆက်သွယ်ပြီးသွားပြီ နှစ်ဦးနှစ်ဖက် သဘောတူစေ့စပ်ထားတာက ဟိုးအရင်ကတည်းက ပျက်ပြယ်သွားတဲ့အတွက် မင်း ငါ့ကို မှီခိုဖို့ ကြိုးစားနေလည်း အလကားပဲ ..." 


သူ့စကားများကို ကြားလိုက်သည့် ရမ်ရှန့်ကလည်း မျက်လုံးများ ကွေးညွတ်သည်အထိ ပြုံးကာ ဝင်ပြောလိုက်သည်။ 


"ဟုတ်တယ် မင်းက လင်းယွီကို မှီခိုလို့ မရဘူး လင်းယွီက ငါ့အပိုင် !အား! ..." 


စကားပင် မဆုံးသေး။  ခေါင်းကို အုပ်ကာ အော်လိုက်သည်။ 


"ရမ် ဘာဖြစ်လို့လဲ ..." 


ကျောက်လင်းယွီက အနားသို့ အပူတပြင်းရောက်လာကာ မေးလိုက်သည်။ ထို့နောက် ရွိုင်းကို ကြည့်ကာ ပြောလိုက်သည်။ 


"သူ့ကို ရဲလက်ထဲ မြန်မြန်အပ်လိုက်ကြ ပြီးတော့ သူ့ကို ခေါ်လာပေးတဲ့တစ်ယောက်ကိုပါ ဆွဲထုတ်သွားလိုက် ..." 


သူ့အကြံအစည်က လုံးဝကို ‌ကျရှုံးသွားပြီပဲ ... 


ရွိုင်း၏မျက်နှာမှာ ဖြူလျော်လာသော်ငြား သူ့လုပ်ရပ်ကို ဝန်မခံသေး။ 


"ကျောက်လင်းယွီ အာကာသယာဉ် ပေါက်ကွဲတာက ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး ခင်ဗျားကို သဘောကျလို့ ခင်ဗျားကို တကယ်ကို သဘောကျနေတာလို့ ကျွန်တော်က ကေးလေ ခင်ဗျားရဲ့ ကလေး‌ကိုလည်း လွယ်ပေးနိုင်တယ် ခင်ဗျားက တကယ်ပဲ ကျွန် 

တော့်အစား အဲဒီကောင်ကို လက်ထပ်ချင်တာလား ..." 


"ကျောက်လင်းယွီက မင်းကို လုံးဝ လက်ထပ်မှာ မဟုတ်ဘူး ပြီးတော့ ငါက ကလေးမမွေးနိုင်ဘူးလို့ ဘယ်သူပြောလဲ အခုချက်ခြင်းကို မွေးတော့မှာ ..." 


သူက ခေါင်းကို ကိုင်ကာ ရွိုင်းကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ 


အနားနားရှိ ဧည့်သည်များအားလုံးမှာလည်း ကြက်သေသေသွားကြတော့သည်။ 


ကလေးမွေးတော့မှာဆိုတာကြီးက ဘာအဓိပ္ပါယ်လဲ သူ့ခေါင်းမှာ ပြဿနာရှိနေတာများလား သူက ယောကျာ်းလေးလေ ပြီးတော့ ဗိုက်ကလည်း ပြားကပ်နေတာကို ဘယ်လိုလုပ်ပြီးများ ကလေးမွေးမှာလဲ ... 


ပြီးတော့ တကယ်ပဲ ကလေးမွေးတော့မယ် ဆိုရင်တောင် ခေါင်းကို ကိုင်ပြီး မအော်နဲ့လေ အနည်းဆုံးတော့ ဗိုက်ကို ကိုင်ထားမှပေါ့ နည်းနည်းပါးပါးလည်း ပရော်ဖက်ရှင်နယ်ကျကျလေး သရုပ်ဆောင်ပါဦး ဟုတ်ပြီလား ... 


"ကျောက်လင်းယွီ သူက ရူးနေတာလား ..." 


ရန်ယဲ့က မေးလိုက်သည်။ 


"မင်းကမှ ရူးနေတာ ..." 


ကျောက်လင်းယွီက မျက်မှောင်ကြုတ်ကာ ပြောလိုက်ရင်း ရယ်ချင်စိတ်ကို ထိန်းထားရ၍ မျက်ရည်စများပင် ကျလာတော့သည်။ 


ရမ်ရှန့်က ကလေးမွေးတော့မယ်လို့ ပြောနေတာ သူ့ခေါင်းပေါ်က အသီးတွေ မှည့်လာပြီလို့ ပြောတာပဲ မဟုတ်လား ဒါကို ဘယ်လိုလုပ်ပြီး တစ်ခြားသူတွေကို ရှင်းပြရမှာလဲ ... 


ဤတစ်ကြိမ်တွင်တော့ သူလည်း ရမ်ရှန့်ဘက်မှ ကူညီကာ ရှင်းမပြတတ်တော့ချေ။ 


သို့သော် ရမ်ရှန့်က သူ့ခေါင်းထဲမှ အသီးများမှာ ပြုတ်ကျတော့မည် ဖြစ်သည့်အတွက် အခြားသူများ မြင်လိုက်၍ မဖြစ်ချေ။ 


တုန့်ဆိုင်းမနေဘဲ ရှန်းချိုးရှစ် ပြင်ပေးထားသည့် အခန်းထဲသို့ ပြေးဝင်ကာ  ကုတင်ပေါ်သို့ ခုန်တက်လိုက်သည်။ 


ကုတင်ပေါ်သို့ ရောက်လျှင်ရောက်ခြင်း ရမ်ရှန့်လည်း အပင်ပုံစံ ပြောင်းသွားတော့သည်။ သို့သော် အရွယ်အစားမှာမူ မပြောင်းလဲသည့်အတွက် ‌စုတ်ပြဲသွားသော ဘောင်းဘီမှတစ်ပါး ကျန်အဝတ်အစားအားလုံးမှာ အကောင်းအတိုင်း ရှိနေဆဲဖြစ်သည်။ 


အပင်ပုံစံပြောင်းပြီး မကြာမီ ခေါင်းထဲမှ ကြက်ဥအရွယ် နီနီရဲရဲအသီးလေးလုံးထွက်လာကာ ကြမ်းပေါ် နှစ်ကြိမ်ခန့် ခုန်ပေါက်ပြီး သူ့လက်မောင်းထဲသို့ ခုန်ဝင်လာကြတော့သည်။ 


Xxxxxxx