အပိုင်း ၇၉
Viewers 18k

Chapter 79


သူ အခန်းထဲသို့ ပြေးဝင်သွားသည်နှင့် တစ်ပြိုင်နက် ကျောက်လင်းယွီလည်း အခန်းတံခါးကို ဆွဲပိတ်လိုက်တော့သည်။ 


ရမ်ရှန့်သည် ဂျင်ဆင်းပင်အဖြစ် ပြန်ပြောင်းတော့မည်ဖြစ်ရာ အခြားသူများ တွေ့သွား၍ မဖြစ်ပေ။ 


"လင်းယွီ ရမ်ရှန့်က ဘာဖြစ်တာလဲ ..." 


ရှန်းချိုးရှစ်သည် မူလက သူ့ကိုသာ အားလုံးလွှဲထားကာ ကောင်းကောင်းကိုင်တွယ်နိုင်မည်ဟု ယုံကြည်ထားခဲ့သော်ငြား မထင်မှတ်ထားစွာပင် ရမ်ရှန့်က ကလေးမွေးတော့မည်ဟု ကောက်ကာငင်ကာ ပြောလာသည်။ 


ဒီကလေးက ဘာကိုမှ များများစားစား မသိသေးတဲ့အပြင် ကိုယ်ဝန်ဆောင်၊ ကလေးမွေးဖွားတာနဲ့ ပတ်သက်ပြီးလည်း နားမလည်လို့ ပေါက်ကရ လျှောက်ပြောနေတာများလား ... 


သူမလည်း ရမ်ရှန့်အတွက် ဤပြဿနာကို မည်သို့မည်ပုံ ကူညီဖြေရှင်းပေးရမလဲ စဉ်းစားနေလိုက်တော့သည်။ 


"သူက သိပ်ပြီး နေမကောင်းလို့ပါ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ ရမ်ရှန့်နှင့် ထိုအသီးလေးလုံး၏ ဆက်နွယ်မှုအရေးပါပုံကို တွေးမိချိန်တွင် စိတ်မပူဘဲ မနေနိုင်တော့ချေ။ တစ်ချိန်တည်းတွင်ပင် ထိုအသီးလေးလုံးကို တွေ့လိုစိတ်များလည်း တဖွားဖွား ထွက်ပေါ်လာတော့သည်။ 


"နေမကောင်းရင် ခေါင်းကိုကိုင်ပြီး ကလေးမွေးတော့မယ်လို့ အော်ရတယ်ပေါ့ ကလေးတစ်ယောက်ရဖို့က ဒီလောက်တောင် လွယ်နေရင် ဖက်ဒရယ်တစ်ခုလုံး ဝမ်းသာလုံးဆို့ကုန်ကြတော့မှာပဲ ..." 


ရန်ယဲ့က  ရွိုင်းနှင့် သူ့ကို ခေါ်လာပေးသည့် အထက်တန်းလွှာကို ဆွဲထုတ်ရန် ပြင်နေသော လုံခြုံရေးတို့ကို ဟန့်တားရင်း ဝင်ပြောလိုက်သည်။ 


ရွိုင်းကို ခေါ်လာပေးရန် သူကပင် ညွှန်ကြားထားခဲ့ခြင်း ဖြစ်သည့်အတွက် မျက်နှာလွှဲခဲပစ်လုပ်၍ မရချေ။ 


ကျောက်လင်းယွီကလည်း သူ့လုပ်ရပ်တို့ကို မြင်လိုက်ပေသည်။ ရမ်ရှန့်အတွက် ပူပင်နေရသည့်တိုင် သူ့‌အပေါ် ရေဆိုးသွန်ထားသည့် ရွိုင်းကိုလည်း မေ့မသွားချေ။ 


"ဗိုလ်ချုပ်ရန်က ဘာကို ဆိုလိုချင်တာလဲ ခင်ဗျားက ရာဇဝတ်ကောင်ကို မျက်နှာသာ ပေးချင်နေတာတော့ မဟုတ်ပါဘူးနော် ..." 


"မာရှယ်ကျောက် ခင်ဗျားက ရွိုင်းကို ကိုင်တွယ်လို့ ရပါတယ် ဒါပေမယ့် သူ့ကို ခေါ်လာပေးတဲ့ မစ္စတာဝယ်လ်ကတော့ ဘာမှ ကြံစည်ထားတာ မရှိဘူးလေ ..." 


သူက ပြောလိုက်သည်။ ဝယ်လ်သည် သူ့အမိန့်အတိုင်း ဆောင်ရွက်ရသူဖြစ်ရာ အကယ်၍ သူ့ကိုသာ ဆွဲထုတ်ခွင့်ပြုလိုက်ပါလျှင် နောင်တစ်ချိန်တွင် သူ့အမိန့်ကို နာခံမည့်သူ ရှိတော့မည် မဟုတ်ချေ။ 


"ပြီးတော့ အခုက ကလေးမွေးတော့မှာဆိုတဲ့ ခင်ဗျားရဲ့ ချစ်သူသေးသေးလေးကိုပဲ ဂရုစိုက်သင့်တာ မဟုတ်ဘူးလား ..." 


ရန်ယဲ့က ထေ့ငေ့ါဟန်အပြည့်ဖြင့် ပြောလိုက်သည့်အတွက် ကျန်သည့်သူများကလည်း အထူးတဆန်း ဖြစ်ကုန်ကြတော့သည်။ 


ရမ်ရှန့်မှာ ကလေးမမွေးနိုင်သည့် အမျိုးသားတစ်ဦးဆိုသည့် အချက်ကို အသာထားဦး။ ရွိုင်းကဲ့သို့ ကေးမျိုးနွယ်ဖြစ်လျှင်ပင် ကလေးတစ်ဦး မွေးဖွားရန်မှာ ဤမျှ မလွယ်ကူလှချေ။ 


ကျောက်လင်းယွီက မျက်မှောင်ကြုတ်ကာ တစ်ခုခု ပြောတော့မည့်အချိန်တွင် သူ့နောက်နားရှိ အခန်းတံခါးက ရုတ်တရက် ပွင့်လာသည်။ ရမ်ရှန့်၏ ခေါင်းနှင့် လက်တစ်ဖက် ထွက်လာကာ အနီရောင်ဥလေးလုံးကို သူ့လက်ထဲ လှမ်းထည့်ရင်း ပြောလိုက်သည်။ 


"လင်းယွီ သူတို့ကို ကူကြည့်ပေးထားဦး ..." 


ဥလေးလုံးမှာ သူ့ကိုယ်ပေါ်တွင် ခုန်ပေါက်နေကြပြီး ဘယ်ညာပြောင်းကာ ပွေ့ချီသည့်တိုင် ခုန်ပေါက်နေကြဆဲ ဖြစ်သည့်အတွက် ပြုတ်ကျသွားမည်ကို စိုးရိမ်သဖြင့် အဝတ်အစားမလဲမီ ကျောက်လင်းယွီ၏ လက်ထဲသို့ ထည့်လိုက်ခြင်းဖြစ်သည်။ 


တံခါးက တစ်ဖန် ပိတ်သွားပြန်သည်။ 


ကျောက်‌လင်းယွီ၏လက်မှာ ကြီးမားသည့်အတွက် ဥလေးလုံးကို လက်တစ်ဖက်တည်းဖြင့်ပင် သယ်ထားနိုင်သည်။ သူ့လက်ထဲရှိ ပူနွေးနေသော ဥများကို ကြည့်ရင်း အကျင့်ဖြစ်နေသည့်အတွက် ငုံ့နမ်းလိုစိတ်များ ဖြစ်ပေါ်လာတော့သည်။ ဥများ၏ ဇစ်မြစ်ကို မည်သို့မည်ပုံ ရှင်းပြရမလဲဟု စဉ်းစားရမည်မှန်း သတိရလိုက်၍သာ တော်သေးသည်။ 


"ဒါ ဘာကြီးလဲ ..." 


ရှန်းချိုးရှစ်က မေးလိုက်သည်။ 


"မာရှယ်ကျောက် ဒါက ခင်ဗျားရဲ့ကောင်လေး မွေးလာတဲ့ဟာတွေလား ..." 


ရန်ယဲ့က သရော်လိုက်သည်။ 


"ကေးရဲ့ဥတွေဆို‌ရင်တောင် သေးလွန်းမနေဘူးလား ..." 


လူသားမျိုးနွယ်ထက် အဆင့်မြင့်သည့် မျိုးနွယ်စုများသာမက လူသားများနှင့် တန်းတူ အခြားမျိုးနွယ်စုများအပြင် အဆင့်နိမ့်ပါးသည့် မျိုးနွယ်စုများလည်း ရှိနေသေးသည်။ ကေးများမှာတော့ နိမ့်ပါးသည့် မျိုးနွယ်စုပင်ဖြစ်သည်။ 


ကေးများ နေထိုင်သည့် ဂြိုဟ်မှာ အရွယ်အစားသေးငယ်ကာ မြေဆွဲအားလည်း နည်းပါးသဖြင့် သီးပင်စားပင်များသာ စိုက်ပျိုးနိုင်ပေသည်။ ရေပြင်ပမာဏ များပြားကာ သားရဲတိရစ္ဆာန်ဟူ၍လည်း မရှိ၊ ကေးမျိုးနွယ်များသီးသန့်သာ ရှိပေသည်။ 


သူတို့၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ သေးသွယ်ပိန်လှီကာ အရွယ်ရောက်ပြီးသူ၏ အရပ်သည်ပင်လျှင် ၁၄၀ စင်တီမီတာသာ ရှိပေသည်။ ၎င်းတို့၏ မျိုးရိုးဗီဇ၌လျှင် အိုမင်းရင့်ရော်နိုင်သည့်ဓာတ် မပါရှိသည့်အပြင် ပြီးပြည့်စုံလှပသော အသားအရေကိုလည်း ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ၎င်းတို့ကို တိတ်တခိုးဖမ်းဆီးကာ အခြားမျိုးနွယ်စုများ၏ ကြွယ်ဝသူများထံ လိင်ကျွန်အဖြစ် ရောင်းချခဲ့သည်များကိုလည်း ကြုံတွေ့ခဲ့ရပေသည်။ 

(၁၄၀ စင်တီမီတာ = ၄ပေ ၆လက်မ)


စကြဝဠာဆိုင်ရာ သဘောတူစာချုပ်အရ ကျွန်ရောင်းဝယ်ခြင်းကို ဖျက်သိမ်းကာ ကေးများ မဟာမိတ်တပ်ပေါင်းစုနှင့် ပူးပေါင်းချိန်မှ စ၍ ကေးများကို ကျွန်ပြုရောင်းဝယ်ခြင်း ပပျောက်သွားတော့သည်။ ယခုအချိန်တွင် မဟာမိတ်တပ်ပေါင်းစု၌ သန္ဓေဆောင်နိုင်စွမ်း မြင့်မားသော ကေးများ အများအပြားရှိနေပြီဖြစ်သည်။ 


၎င်းတို့၏ ဉာဏ်ရည်မှာ များစွာ မမြင့်မားလှသော်ငြား အိမ်မှုကိစ္စကဲ့သို့ ရိုးစင်းသော လုပ်ငန်းဆောင်တာများကိုတော့ လုပ်ကိုင်နိုင်သေးရာ မဟာမိတ်တပ်ပေါင်းစုရှိ မိသားစုအများအပြားက သူတို့ကို အလုပ်ခန့်ကြသည့်အပြင် ငွေကြေးများစွာ မကြွယ်ဝသည့် လူလွတ်များကလည်း သူတို့နှင့် လက်ထပ်ကြပေသည်။ 


သို့သော် ကေးသည် နောက်ထပ်ကေးများကိုသာ မွေးဖွားပေးနိုင်သည့်အတွက် သူတို့၏ မွေးဖွားမှုအပေါ် မူတည်ပြီး ခွဲခြားဆက်ဆံခံရပြန်သည်။ 


ကေးများမှာ လိင်ကွဲပြားမှု မရှိသည့်အပြင် နို့ချိုလည်း မတိုက်ကျွေးနိုင်။ ကလေးမွေးဖွားရာတွင်လည်း လူသားများနှင့်အတူ ဥမှတစ်ဆင့် မွေးဖွားကြခြင်းဖြစ်သည်။ ကိုယ်ဝန်ရှိပြီးနောက် သုံးလမှ ငါးလခန့်အကြာတွင် ဥဥ‌ကြပြီး အခြေအနေပေါ် မူတည်ကာ တစ်လမှ ခြောက်လအတွင်း အကောင်ပေါက်ကြသည်။

79.2


"ကေးရဲ့ဥက ဒီ့ထက်ကြီးပြီးတော့ နီလည်းမနီဘူး မာရှယ် ခင်ဗျားက တစ်ကိုယ်လုံး မုသားနဲ့ ပြည့်နေတဲ့သူကို လက်ထပ်မလို့လား ..." 


ရွိုင်းသည် ကျောက်လင်းယွီ၊ ရမ်ရှန့်တို့နှင့် အလောင်းအစားလုပ်ရန် စိတ်ကို ဆုံးဖြတ်လိုက်သည်။ ရမ်ရှန့်မှာ ဥဥနိုင်သည့်အတွက် ကေးများနှင့် အနီးစပ်ဆုံးတူသည်ဟု ကောက်ယူ၍ ရပေမည်။ သို့သော် ကေးတို့၏ ဥမှာ နှစ်ကီလိုနီးပါးခန့်ရှိကာ အသေးဆုံးဥသည်ပင်လျှင် တစ်ကီလိုခန့် ရှိပေသည်။ 


ဒါပေမယ့် သူ့ဥတွေကတော့ ... ဒီလောက်သေးတဲ့ ကလေးမျိုး ဘယ်သူကရော မွေးပါလိမ့် ... 


"ဘယ်သူလဲ အလိမ်အညာတွေနဲ့ ပြည့်နေတယ်ဆိုတာ ..." 


ရမ်ရှန့်က အခန်းတံခါးကို ဖွင့်ကာ ထွက်လာသည်။ ပြင်ပတွင် ကိုင်တွယ်ရန် အရေးကိစ္စများ ရှိနေသေးသည့်အတွက်သာ ဘောင်းဘီအသစ်လဲပြီး ထွက်လာရခြင်းဖြစ်သောကြောင့် သူ့ဆံပင်မှာ ရှုပ်ပွနေကာ အဝတ်အစားတို့မှာလည်း တွန့်ကြေနေပေသည်။ 


"ရမ် အဆင်ပြေရဲ့လား ..." 


ရှန်းချိုးရှစ်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ ကျောက်လင်းယွီကလည်း သူ့ကို ပူပန်နေဟန်ဖြင့် ကြည့်နေ၏။ 


ရန်ယဲ့တစ်ဦးတည်းကသာ သရော်လိုက်သည်။ 


"မင်းပြောတော့ ကလေးမွေးတော့မှာဆို ဘယ်မှာလဲ ကလေးက ..." 


"ဟိုမှာလေ ..." 


ရမ်ရှန့်က ကျောက်လင်းယွီ၏ လက်ထဲရှိ ဥလေးလုံးကို ညွှန်ပြလိုက်သည်။ သူ့မျက်လုံးအစုံမှာ ပီတိဇောအဟုန်တို့ လွှမ်းခြုံနေပေသည်။ 


ရမ်ရှန့်ပြောတာ တကယ်ပဲကိုး ... 


ကျောက်လင်းယွီမှာ သူ့လက်ထဲရှိ ဥလေးလုံးကို ငုံ့ကြည့်ရင်း အနည်းငယ် ဝေခွဲရခက်သွားတော့သည်။ ရမ်ရှန့်ကို ဟန့်တားလိုက်ချင်သော်ငြား ခေါင်းကို မြင့်မြင့်မြှောက်ကာ ကြွားဝါလိုဟန်ကို တွေ့လိုက်ရချိန်တွင် မဟန့်တားရက်တော့ပေ။ 


ဖြစ်တောင် ဖြစ်လာပြီးမှတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒါကို ပြန်ရှင်းရတော့မှာပဲလေ ရမ်ရှန့်ကို နည်းနည်းပါးပါးလောက် ပျော်ခိုင်းလိုက်လည်း ကိစ္စတော့ မရှိလောက်ပါဘူး ပြီးတော့ ဒီဥလေးတွေက တကယ်လည်း ရမ်ရှန့်ရဲ့ ကလေးပဲကို ... 


ရမ်ရှန့်ကို အမည်တပ်စရာ မျိုးနွယ်တစ်ခုလောက် ရှာပေးရန် ကြံထားသော်ငြား ယခုအချိန်တွင်မူ ဒီတိုင်းသာ လက်ပိုက်ကြည့်နေရဦးမည်ဖြစ်သည်။ 


"ရှင်က နောက်ပြောင်နေတာလား ဒါတွေက ဘယ်လိုလုပ်ပြီး ကလေးဖြစ်နိုင်မှာလဲ ..." 


ရန်ယဲ့၏ ဇနီးလောင်း ချိုးလုက လုံးဝ မယုံကြည်နိုင်သည့်အတွက် သူ့လက်ထဲရှိ ကိရိယာနှင့် ဥများကို မီး ထိုးကြည့်လိုက်သည်။ 


မျက်မှောက်ခေတ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းသည် သန္ဓေသား၏ အခြအနေကို ချိန်ခါမရွေး စစ်ဆေးနိုင်ရန် အလို့ငှာ ဤကဲ့သို့ အက်ထရာဆောင်းရိုက်ကူးသော ကိရိယာများကို တစ်ပါတည်း သယ်ဆောင်တတ်ကြသည်။ ဖုန့်ခဲ့ရှင်းသည်ပင် ထိုကိရိယာမျိုးကို သုံးခဲ့ဖူးသေးသည်။ 

(Ultrasonic device- နှုန်းလွန်အသံလှိုင်းဖြင့် သန္ဓေသား၏ အခြေအနေကို စစ်ဆေးသည့်ကိရိယာ အက်ထရာဆောင်းရိုက်တဲ့စက်လို့ပဲ လူသိများကြမယ် ထင်ပါတယ် ဒီထဲမှာ သူတို့သုံးတဲ့စက်ကကျ ဆေးရုံတွေမှာလို အကြီးကြီးမဟုတ်ဘဲ အိတ်ထဲထည့်သယ်လို့ရတဲ့ အရွယ်လေးတွေပါ) 


ထိုစက်ကို ရင်သွေးများ၏ ချစ်စဖွယ်လှုပ်ရှားမှုများအား ကြည့်ရှုရန် အသုံးပြုကြကာ ဘေးထွက်ဆိုးကျိုးလည်း မရှိပေ။ 


ဒီလိုပစ္စည်းကိရိယာကောင်းတွေ ရှိနေမှတော့ ချစ်စရာကလေးလေးတွေကို မမြင်ချင်တဲ့သူရယ်လို့ မရှိလောက်တော့ဘူး မဟုတ်လား ... 


ချစ်စရာကလေးတွေ ဟုတ်လား ... 


ရန်ယဲ့ဇနီးလောင်း၏ ဗိုက်ထဲရှိ ကလေးမှာ သန္ဓေသားလောင်းဘဝသာ ရှိသေးသော်ငြား သူမအတွက် သူဝယ်ပေးထားသော စက်မှာ ဖက်ဒရယ်တစ်ခုလုံးတွင် ဈေးအကြီးဆုံးနှင့် အကောင်းဆုံးဖြစ်သည်။ ၎င်းသည် ကလေး၏ တည်ရှိမှုကို ဓာတ်ပုံရိုက်ယူနိုင်ရုံသာမက အများမြင်သာအောင်ပါ ပြသ၍ ရပေသေးသည်။ 


ဇီးစေ့အရွယ်ခန့်သာရှိသော စက်၏ အပေါ်နားတွင် သုံးဖက်မြင်ပရိုဂျက်တာတစ်ခု ထွက်ပေါ်လာကာ တွန့်လိမ်နေသော ကလေးသေးသေးလေးကို တွေ့လိုက်ရသည်။


ခေါင်းမှာ အနည်းငယ်ကြီးပြီး ခန္ဓာကိုယ်က ပိုသေးသယောင် ရှိသော်ငြား လူသားတို့၏ ငါးလအရွယ် သန္ဓေသားနှင့် တူနေဆဲဖြစ်သည်။ လက်များက မေးစေ့ပေါ် တင်ထားပြီး မျက်လုံးကို တင်းတင်းမှိတ်ထားသည့်တိုင် အင်မတန် ချစ်စဖွယ်ကောင်းနေပြီး မြင်ရသူတိုင်း၏ စိတ်နှလုံးကို နူးညံ့ပျော့ပျောင်းစေသည်။ 


ကလေး တကယ်ကြီး ကလေးဖြစ်နေတာဟ ... 


"ဒီဥထဲမှာ တကယ်ကြီး ကလေးရှိနေတာလား ..." 


တစ်ယောက်က အလန့်တကြား ထပြောလိုက်သည်။ 


"ကိုယ့်ဗိုက်ကို ပြန်စမ်းမိတာတော့ မဟုတ်ပါဘူးနော် ..." 


ချိုးလုလည်း ကြက်သေသေသွားတော့သည်။ 


"ကျွန်မ ကျွန်မက အခုမှ ကိုယ်ဝန်တစ်လပဲ ရှိသေးတာလေ ..." 


သူမက ကိုယ်ဝန်ဆောင်အင်္ကျီ ဝတ်ထားသော်ငြား သူမဗိုက်ထဲရှိ ကလေးမှာမူ ပဲစေ့အရွယ်ခန့်သာ ရှိနေသေးသည်။ ဘယ်လိုလုပ်ပြီး ဒီလိုပုံ ဖြစ်နိုင်မှာလဲ ... 


လေးယောက်တောင် ... 


ကလေးတစ်ယောက်ရဖို့အတွက် နှစ်တွေရာနဲ့ချီပြီး စောင့်ဆိုင်းခဲ့ရတဲ့သူ ဘယ်နှယောက်လောက် ရှိမယ်ထင်လဲ ဒါပေမယ့် အခုက တစ်ကြိမ်တည်းနဲ့ လေးယောက်တဲ့လေ ... 


နောက်ထပ်ကလေးတစ်ယောက်က နှုတ်ခမ်းစူကာ အခြားတစ်ယောက်က လက်နှစ်ဖက်လုံးကို ခန္ဓာကိုယ်နှင့် ကပ်ထားပြီး နောက်ဆုံးတစ်ယောက်က သူ့ခြေထောက်ဖြင့် နင်းလိုက်သည့် ပုံရိပ်များမှာလည်း ပရိုဂျက်တာထဲတွင် ထွက်ပေါ်လာပြန်သည်။ 


ထိုမြင်ကွင်းကို မြင်လိုက်သူတိုင်း ကြက်သီးမွှေးညင်းများ ထသွားကြတော့သည်။ ထိုစဉ် ကျောက်လင်းယွီ၏ ညာဘက်လက်ထဲရှိ ဥတစ်လုံး ပြုတ်ကျသွား၍ ဘယ်လက်ဖြင့် အမိဖမ်းလိုက်သည်ကိုပါ ထပ်ဆင့် မြင်တွေ့လိုက်ရတော့သည်။ 


မဟုတ်သေးဘူး ဒါက ရိုးရိုးသာမန်ဥ မဟုတ်ဘူး ကလေးတွေ ပြီးတော့ ကျောက်လင်းယွီက ပြုတ်ကျမလိုတောင် ဖြစ်‌လိုက်သေးတယ် ... 


အားလုံး အသံတိတ်သွားကြကာ သူ့ကို မနာလိုအားကျသည့် အကြည့်တို့ဖြင့် စုရုံးကာ စိုက်ကြည့်လိုက်ကြတော့သည်။ 


ဥလေးလုံးကို စိုက်ကြည့်နေသည့် ကျောက်လင်းယွီကတော့ မျက်နှာတွင် ဘာအမူအယာမှ မပြခဲ့။ သို့သော် သူ့အကြည့်တို့မှာတော့ ရှုပ်ထွေးနေဆဲပင်ဖြစ်သည်။ 


အသီးလေးလုံးသည် ဆန်စေ့ပမာဏမှတစ်ဆင့် သူ့အကြည့်အောက်တွင် တစ်ဖြေးဖြေး ကြီးထွားလာကာ ကြက်ဥအရွယ်သို့ပင် ရောက်လာခဲ့ချေပြီ။ ထိုဂျင်ဆင်းသီးလေးလုံးကို အတော်ကြာ ပျိုးထောင်ခဲ့ပြီးနောက် ယခု ၎င်းတို့အထဲတွင် ကလေးများ ရှိနေပြီဖြစ်သည်။ 


ရမ်ရှန့်က ကလေး‌မွေးနိုင်တဲ့ အသီးတွေကိုပါ သီးပေးနိုင်တယ်ပေါ့ မိုက်လိုက်တာ ဒါဆို ဒါလေးတွေက ရမ်ရှန့်ရဲ့ ကလေးလေးတွေပဲ ... 


ကျောက်လင်းယွီမှာ တွေးလေလေ ပိုပြီး စိတ်အားထက်သန်လာလေပင်ဖြစ်သည်။ ထိုကလေးများမှာ သူနှင့် မသက်ဆိုင်သော်ငြား ရမ်ရှန့်ရင်‌သွေးသည် သူ့ရင်သွေးပင် ဖြစ်သည်။ 


သူသည် အံ့ဩလွန်း၍ အတော်ကြာ အာစေးမိေနသလို ရှန်းချိုးရှစ်သည်လည်း မထူးခြားနားပင် ဖြစ်သည်။ 


ကလေးမွေးတော့မည်ဟု ရမ်ရှန့်ပြောခဲ့စဉ်က သူမသည် ဟန်ဆောင်နေသည်ဟုသာ ထင်ခဲ့မိသည်။ တကယ်ကြီး ဥလေးလုံး ဥလာကာ ထိုဥထဲတွင် ကလေးရှိနေလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးချေ။ 


သူမဘဝတစ်လျှောက် မြေးချီနိုင်တော့မည် မဟုတ်ဟုသာ တွေးထားခဲ့သော်ငြား ယခုအချိန်တွင် သူမ၏ ရှေ့၌ မြေးများ ရှိနေကာ တစ်ကြိမ်တည်း မြေးလေးဦး ရလာခဲ့ပေသည်။ 


Xxxxxxx