အပိုင်း ၈၀
Viewers 18k

Chapter 80


သူမ၏ လက်အစုံတို့မှာ တဆတ်ဆတ် တုန်ရီနေတော့သည်။ အတန်ကြာ စိတ်လှုပ်ရှားခဲ့ပြီးနောက် သူမ၏ မျက်နှာအမူအယာမှာ ရုတ်ချည်း ပြောင်းလဲသွားခဲ့တော့သည်။ 


ရမ်ရှန့်ရဲ့ မျိုးနွယ်အကြောင်းကို မေ့ထားလိုက်ဦး ကလေးထွက်လာတယ်ဆိုကတည်းက သူမရဲ့သားက သေချာပေါက် တစ်ခုခုလုပ်ခဲ့လို့ပဲ သူပြောတော့ကျ ရမ်ရှန့်ကို လက်ဖျားနဲ့တောင် မထိပါဘူးတဲ့ အခုကျ ကလေးတောင် ထွက်လာပြီလေ ... 


ဒါတောင် သူက ရမ်ရှန့်ကို စစ်မြေပြင်ခေါ်သွားပြီး ကြယ်ဓားပြနဲ့ တိုက်ခိုင်းလိုက်သေးတယ် ... 


သူမ၏ သားကို ဆန်ကုန်မြေလေးကောင်ဟု ပထမဆုံးအကြိမ် တွေးမိခြင်းဖြစ်သည်။ သူသည် မနက်အစောကြီးကတည်းက စိတ်ရွှင်လန်းတက်ကြွစွာဖြင့် အလုပ်ကို သွားခဲ့သော်ငြား ရမ်ရှန့်မှာမူ နေ့ခင်းပိုင်းအထိ အိပ်မောကျခဲ့ရသည်ကို တွေးလိုက်မိလျှင် သားဖြစ်သူကို ပြာကျလောက်သည့် အကြည့်တို့ဖြင့် ပစ်လွှတ်လိုက်တော့သည်။ 


"ဘော့စ် ဒါဆို မရီးပြောတဲ့ သူ့မှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ တကယ်ကြီးပေါ့ ..." 


ဝူရွှိုက်ကလည်း အံ့ဩတကြီး ပြောလိုက်သည်။ ကြယ်အမှတ် ၁၂၅၃၄ ပေါ်တွင် ရမ်ရှန့် ကိုယ်ဝန်ရှိနေပြီဟု ပြောခဲ့စဉ်ကတည်းက သူ့ကို ဂရုတစိုက် စောင့်ကြည့်နေခဲ့သော်လည်း ကြယ်ဓားပြနှင့် တိုက်ခိုက်သည်ကို မျက်မြင်တွေ့လိုက်ရသည့်အတွက် ကိုယ်ဝန်ရှိသည်မှာ နားကြားမှားခြင်းသပ်သပ်ဟုသာ သဘောထားလိုက်ခြင်းဖြစ်သည်။ 


ဒါပေမယ့် အခု ကြည့်ရသလောက်ကတော့ ... မြို့တော်ကြယ်ကို ပြန်လာတဲ့တစ်လျှောက်လုံး ရမ်ရှန့် အခန်းအောင်းနေတာက ကိုယ်ဝန်ကို ဂရုစိုက်ဖို့ လိုအပ်နေလို့ပေါ့ ...


ဝူရွှိုက်၏ စကားများက တိတ်ဆိတ်မှုကို ချိုးဖျက်ကာ အတွေးနယ်လွန်နေသူအားလုံးကို လက်ရှိအချိန်သို့ ပြန်ဆွဲခေါ်လာသည်။ ထိုအချိန်တွင် ပရိုဂျက်တာထဲရှိ ကလေး၏ ပုံရိပ်မှာ လူးလွန့်လာတော့သည်။ 


၎င်းတို့ကို သာမန်မျှသာ ကိုင်ထားသော ကျောက်လင်းယွီမှာလည်း ယခုအချိန်တွင် လက်ကိုပင် မလှုပ်ရှားရဲတော့ချေ။ 


ပထမတပ်ဖွဲ့နှင့် ကျောက်မိသားစုနှင့် ရင်းနှီးသူများမှာတော့ ဝမ်းသာလုံးဆို့နေကြချေပြီ။ ကျောက်မိသားစုတွင် ဆက်ခံသူမျိုးဆက် ရှိလာခြင်းမှာ သတင်းကောင်းပင်ဖြစ်သည်။ သို့သော် ရန်ယဲ့နှင့် ရွိုင်းတို့မှာမူ အမျက်ဒေါသတို့ ကြီးစိုးကာ မုန်းတီးစိတ်များ တဖွားဖွားထွက်ပေါ်လာတော့သည်။ 


"ဥတွေက သေးလိုက်တာ သေချာပေါက်ကို အသက်ရှင်မှာ မဟုတ်ဘူး ..." 


ထိုစကားပင် မဆုံးသေး၊ ကျောက်လင်းယွီက မြေကြီးပေါ်ရှိ အုတ်ခဲတစ်လုံးကို ရွိုင်းရင်ဘက်သို့ တည့်တည့်ကန်လွှတ်လိုက်သည်။ ထို့ကြောင့် ရွိုင်းလည်း သွေးတစ်ပွက်အန်ကာ မြေကြီးပေါ် လဲကျသွားပြီး လှုပ်ရှားမှုတစ်စုံတစ်ရာမှ မရှိတော့ချေ။ 


"ကျောက်လင်းယွီက မင်းက နေ့ခင်းကြောင်တောင်ကြီးမှာကို လူသတ်ရဲနေပြီပေါ့ ..." 


ရန်ယဲ့က ဒေါသတကြီး အော်ဟစ်လိုက်သည်။ 


"သူက မသေသေးဘူး ..." 


ကျောက်လင်းယွီက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်ပြီးနောက် လက်ထဲရှိ ဥများကိုသာ ပြန်ဂရုစိုက်လိုက်တော့သည်။ ဒါလေးတွေကို ကြမ်းကြမ်းတမ်းတမ်းကြီး နမ်းပစ်လိုက်ချင်နေပြီ .... 


ဘာကြောင့်ရယ်တော့မသိ၊ ထိုဥများကို ကြည့်လေလေ ပိုပြီး နှစ်သက်လာမိလေဖြစ်သည်။ 


"ကျောက်လင်းယွီ မင်းရဲ့ကောင်လေးကလည်း ကေးပဲလား သူ့ကို ကလေးမွေးနိုင်လိမ့်မယ်လို့တောင် မထင်ထားမိဘူး ဒါပေမယ့် ဥတွေက တအားသေးနေတယ်နော် လမစေ့ဘဲ မွေးလာတာ ဖြစ်ရမယ် ဟုတ်တယ်မဟုတ်လား ကေးတွေက ကေးပဲ ပြန်မွေးနိုင်တာလေ ပြီးတော့ တစ်ကြိမ်တည်း လေးယောက်ပူး မွေးလိုက်ပေမယ့် လမစေ့ဘူးဆိုတော့ မင်းကလေးတွေက သေချာပေါက်ကို စွမ်းရည်လည်းမရှိ၊ ဉာဏ်ရည်လည်း နည်းကြမှာ ကျိန်းသေတယ် ..." 


ရန်ယဲ့က အေးစက်စွာ သရော်လိုက်သည်။ 


လေးယောက်ဆိုတော့ရော ဘာဖြစ်လဲ စွမ်းရည်ပါမလာမှတော့ မမွေးနိုင်တာနဲ့ ဘာထူးမှာလဲ ... 


ကျောက်လင်းယွီက နောက်တစ်ကြိမ် ကန်လိုက်တော့မည့်အချိန်တွင် ခပ်ကြီးကြီးအမျိုးသားတစ်ဦးက သူ့ကို ဟန့်တားလာသည်။ 


"မာရှယ် ကျွန်တော့်ကို စစ်ဆေးခွင့်ပြုပါ ..." 


ကျောက်လင်းယွီသည်လည်း ထိုအမျိုးသားကို သိရှိသူဖြစ်သည်။ ထိုသူသည် ဖက်ဒရယ်တစ်ခုလုံးတွင် အကျော်ကြားဆုံး ကုသရေးစွမ်းရည်ပိုင်ရှင် ယွမ်ရှင်းတုန်ဖြစ်သည်။ 


သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရကာ ကျောက်အိမ်တော်သို့ ပြန်ရောက်လာစဉ်ကလည်း ထိုအမျိုးသားသည် အန္တရာယ်ကို အံတုကာ သူ့ကို လာရောက်ကုသပေးခဲ့သေးသည်။ သို့သော် ကံမကောင်းစွာဖြင့် ထိုကုသမှုမှာ အရာမထင်ခဲ့ချေ။ 


သူကလည်း ယွမ်ရှင်းတုန်၏ အကျင့်စရိုက်ကို ယုံကြည်ထားသည့်အတွက် အနည်းငယ် တွေဝေနေသည့်တိုင် သဘောတူလိုက်သည်။ ထိုသူ၏ စရိုက်အရဆိုလျှင် အကယ်၍ သူ့ကလေးများမှာ တစ်ခုခု မှားယွင်းနေလျှင်တောင် လူသိရှင်ကြား ထုတ်ပြောမည် မဟုတ်ချေ။ ထို့အပြင် ကလေးများမှာ ဥဘဝသာ ရှိသေး‌သည့်အပြင် ဆေးဖက်ဆိုင်ရာ ပစ္စည်းကိရိယာများလည်း ရှိ‌မနေသည့်အတွက် သူတို့၏ မျိုးရိုးဗီဇကို စမ်းသပ်နိုင်မည် မဟုတ်သေးချေ။ 


"မာရှယ် စိတ်မပူပါနဲ့ ကျွန်တော်က ကလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ စွမ်းရည်ကိုပဲ စစ်ဆေးမှာပါ ..." 


သူက ပြုံးကာ ပြောလိုက်သည်။ 


"ကျွန်တော့်ရဲ့ ကုသရေးစွမ်းရည်က တော်တော်ကို သိမ်မွေ့လို့ သန္ဓေသားတွေရဲ့ စွမ်းရည်ကို စစ်ဆေးတဲ့နေရာမှာလည်း သုံးနိုင်တယ်လေ ..." 


"ဒုက္ခများစေမိပြီ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။


ထိုကလေးများတွင်  စွမ်းရည်မရှိမည်မှာ ကျိန်းသေပေါက်ပင်ဖြစ်ရာ ကျန်းမာသလား စစ်ဆေးနိုင်ရန် ခွင့်ပြုပေးလိုက်တော့၏။ 


ယွမ်ရှင်းတုန်က သူ့အနားကပ်လာသော်ငြား ဥကို မထိ။ သူ့လက်ချောင်းကြားမှ သိမ်မွေ့သော အဖြူရောင်အလင်းတန်းတစ်ခု ထွက်လာကာ ထိုအလင်းတန်းကသာ ဥတစ်လုံး၏ အနားသို့ ကပ်လိုက်သည်။ 


ဥကိုပင် မထိနိုင်သေးခင် သူ့လက်ချောင်းကြားရှိ အလင်းတန်းမှာ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။ 


ဥလေးလုံးပေါ်ရှိ အလင်းတန်းအားလုံး ပျောက်ကွယ်သွားချေပြီ။ 


"ဘုရားရေ ..." 


အလင်းတန်းပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် သူက ထိတ်လန့်တကြား ရေရွတ်လိုက်သည်။ 


"ဘာဖြစ်လို့လဲ တစ်ခုခု မှားနေလို့လား ..." 


ရမ်ရှန့်ကလည်း ကလေးများသည် ထိုသူ၏ စွမ်းရည်ကို စုပ်ယူလိုက်ကြောင်း ခံစားမိ၍ အလောတကြီး ဝင်ပြောလိုက်သည်။ 


သူ့ကလေးတွေက ဘာဖြစ်နေတာလဲ ဘာလို့ ပေါက်ကရစွမ်းအင်တွေအကုန်လုံးကို လိုက်ပြီး စုပ်ယူနေတာလဲ သူတို့ကိုယ်ထဲက စွမ်းရည်တွေ ကပြောင်းကပြန်ဖြစ်ပြီး ပေါက်ကွဲထွက်သွားမှာ မကြောက်ကြဘူးလား ... 


"ကိစ္စမရှိဘူး သူတို့ရဲ့ အခြေအနေတွေအားလုံး ကောင်းတယ် ..." 


ယွမ်ရှင်းတုန်၏ မျက်ဝန်းတို့်မှာ စိတ်လှုပ်ရှားလွန်း၍ နီမြန်းနေပေသည်။ 


"သူတို့တွေက ငါ့စွမ်းရည်ကို စုပ်ယူလိုက်တယ် မာရှယ် မဒမ်ကျောက် ကိုယ်ဝန်ဆောင်တဲ့အချိန်တုန်းကလည်း ကျွန်တော့်စွမ်းရည်တွေက  ဒီလိုမျိုး တစ်ပုံစံတည်း စုပ်ယူခံလိုက်ရတာ မဟုတ်သေးဘူး အဲဒီ့တုန်းက မာရှယ်ရဲ့ ပေါင်းစပ်စွမ်းရည်က အခုလောက်တောင် မသန်မာဘူး ကျွန်တော့်စွမ်းရည်ရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ စုပ်ယူနိုင်တာ ဒီကလေးတွေက သေချာပေါက်ကို ပါရမီရှင်တွေပဲ ..." 


လေးယောက်လုံးက ကျောက်လင်းယွီထက် သန်မာတယ် ဒါဆို အကုန်လုံးက S အဆင့်တွေပေါ့ ... 


ရန်ယဲ့က ကလေးများတွင် စွမ်းရည်ရှိလိမ့်မည်မဟုတ်ဟု ပြောခဲ့သည့်အတွက် ရုတ်သိမ်းထားသော သူတို့၏ မနာလိုမှုအားလုံးမှာလည်း  ဆထက်ထမ်းပိုး တိုးပွားလာတော့သည်။ 


S အဆင့် စွမ်းရည်ပိုင်ရှင် လေးယောက်တောင်လေ ကျောက်လင်းယွီက ဘာလို့ ဒီလောက်တောင် ကံကောင်းရတာလဲ ... 


ရန်ယဲ့မှာ ဒေါသထွက်လွန်း၍ မျက်သားတို့ပင် နီရဲလာတော့သည်။

80.2


ကြွားဖို့အတွက် သူ့ရဲ့ ကိုယ်ဝန်သည်ဇနီးလောင်းကို ပွဲထုတ်လာခဲ့ပေမယ့် အခုကျတော့ ... သူ့ဇနီးကကိုယ်ဝန်ရှိနေပြီဆိုပေမယ့် မွေးနိုင်မယ် မမွေးနိုင်ဘူး မသေချာသေးဘူးလေ ဒါပေမယ့် ကျောက်လင်းယွီကတော့ တစ်ပြိုင်တည်းနဲ့ လေးယောက် ... 


ဥလေးလုံးမှာ သေးကွေးနေသည့်တိုင် ဖက်ဒရယ်မှာ ဆေးဝါးကုသမှု ချို့ယွင်းနေသည် မဟုတ်ချေ။ ထို့အပြင် လေးငါးလဖြင့် မွေးဖွားလာသော သန္ဓေသားများကို ဖန်ပေါင်းချောင်ဖြင့် ကြီးထွားစေသည်မှာလည်း သာမန်မျှသာ ဖြစ်သည်။ 


အခြားကလေးများသာဆိုလျှင်  ဖန်ပေါင်းချောင်ထဲသို့ ထည့်ပြီးနောက် စွမ်းရည် မနိုးထနိုင်တော့မည်ကို ပူပန်နေရဦးမည် ဖြစ်သည်။ သို့သော် ဤလေးယောက်မှာမူ ယခုကတည်းက စွမ်းရည်နိုးထနေပြီဖြစ်သည်။ 


သူ့ဘေးနားရှိ လူအားလုံးက ဥများကို မီးဝင်းဝင်းတောက်နေသည့် အကြည့်တို့ဖြင့် စိုက်ကြည့်နေကြသည်။ ထိုသူအားလုံးက သူ့ကလေးများကို ခိုးယူချင်နေကြသည်ဟု ခံစားမိသော်ငြား ကျောက်လင်းယွီမှာ သူ့အတွေးကို မဖြစ်နိုင်ဟုသာ တွေးလိုက်တော့သည်။ 


ရမ်ရှန့်က အသီးသီးပြီး ကလေးမွေးနိုင်တယ်ဆိုတာ ထားပါဦး ဘယ်လိုဖြစ်ပြီးတော့ ကလေးတွေက သူ့လို စွမ်းရည်မျိုး ရှိနေရတာလဲ စောက်ကျိုးနည်း ဘာတွေဖြစ်ကုန်တာလဲ ... 


"မစ္စတာယွမ် ဒီကလေးတွေမှာ ပေါင်းစပ်စွမ်းရည်ပါတယ် ဟုတ်လား ကျွန်တော့်ကလေးတွေလား ..." 


ကျောက်လင်းယွီက မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။ 


"ဟုတ်တာပေါ့ မာရှယ် သူတို့ရဲ့ သဘာဝလွန်စွမ်းရည်တွေက မင်းနဲ့ တစ်ထေရာတည်းပဲ ..." 


သူက ကျောက်လင်းယွီကို မကျေမချမ်းဖြင့် ပြောလိုက်သည်။ 


"မာရှယ် ရမ်ရှန့်က ကလေးလေးယောက်ကို တစ်ပြိုင်တည်း လွယ်ထားပေးရတဲ့အတွက် သူ့ခန္ဓာကိုယ်က ဆိုးဆိုးရွားရွား ထိခိုက်သွားမှာပဲ ကလေးတွေအတွက စွမ်းအင်လုံလုံလောက်လောက် မပေးနိုင်လို့သာ လမစေ့ဘဲ မွေးလာရတာဆိုတော့ သူ့ကို ဒီ့ထက်မက ဂရုစိုက်ပေးမှရမယ် ..." 


ကျောက်လင်းယွီသာ သူ့ကလေးများကို မမြင်ရခင်ကတည်းက မနှစ်မြို့နေပါလျှင် သေချာပေါက် ကြိမ်းမောင်းခံရမည် ဖြစ်သည်။ 


ယွမ်ရှင်းတုန်၏ အမြင်ကို မေးကြည့်ပါလျှင် >>> 


သူ့ဇနီးက အခက်အခဲတွေ အများကြီး ဖြတ်ကျော်ပြီးတောင် ဒီကလေးကို မွေးထားရတာလေ အဲဒါတောင် သူ့ကလေးမဟုတ်ပါဘူးလို့ သံသယဝင်ချင်သေးတယ်ပေါ့ တကယ်ကို ဆန်ကုန်မြေလေးကောင်ပဲ ... 


ရှန်းချိုးရှစ်ကလည်း သူမ၏သားဖြစ်သူကို ရိုက်လိုက်ချင်စိတ်များ ပိုမိုကြီးထွားလာတော့သည်။ 


ရမ်ရှန့်ကို စားပြီးလို့ ကလေးတွေတောင် ထွက်လာနေပြီလေ ပါးစပ်ဆယ်ပေါက်နဲ့တောင်  ပြောဖို့ မလုံလောက်သေးတာကို ငြင်းချင်နေသေးတယ်ပေါ့ ... 


သူ့ကို ရိုက်ရန်ပြင်လိုက်သော်ငြား သူ့လက်ထဲရှိ ဥလေးလုံးကို သတိရလိုက်၍ အသာငြိမ်နေလိုက်ရတော့သည်။ 


"ဒီကလေးတွေက မင်းငယ်ငယ်က အတိုင်းပဲ ..." 


ဒီဖူးယောင်နေတဲ့ မျက်လုံးတွေနဲ့ဆိုရင် ကလေးတွေရဲ့ သရုပ်မှန်အစစ်ကို မြင်ဖို့ မဖြစ်နိုင်တော့ဘူးပဲ ... 


ကျောက်လင်းယွီက စောဒကတက်လိုသေးသော်ငြား အလောတကြီး ပြန်ရှင်းပြလိုက်သည်။


"အမေ ကျွန်တော် မှားပြောမိတာပါ ရမ်ရှန့်ရဲ့ စွမ်းရည်က အရမ်းကို သန်မာတော့ ကလေးတွေက ကျွန်တော့်စွမ်းရည်ကိုပဲ အမွေရလာတာ ထူးဆန်းတယ်လို့ ထင်မိလို့ပါ ..." 


ဘာထူးဆန်းရမှာလဲ ယုံစရာကို မကောင်းတာလေ သူက အခုမှ လူပျိုလေးပဲ ရှိသေးတာကို ကလေးရသွားပြီ ပြီးတော့ လေးယောက်တောင် ... ဟုတ်သားပဲ ရမ်ရှန့်က ဒါတွေကို သူ့ကလေးတွေလို့ ခဏခဏ ပြောခဲ့ဖူးသေးတယ်ထင်တယ် ... 


သူ့အမူအယာမှာ တောင့်တင်းနေသည့်တိုင် မျက်ဝန်းတို့တွင်တော့ ပျော်ရွှင်သည့်အရိပ်အယောင်တို့ နစ်ဝင်နေပေသည်။ 


"မင်းက S အဆင့် စွမ်းရည်ပိုင်ရှင်လေ မင်းဆီကနေ အမွေရလာတာ ဘာထူးဆန်းလို့လဲ ..." 


ရှန်းချိုးရှစ်က သူ့ကို စိုက်ကြည့်ရင်း ရမ်ရှန့်ကို ဆွဲခေါ်လိုက်သည်။ 


"မစ္စတာယွမ် ကျွန်မရဲ့ ချွေးမလေးကိုလည်း စစ်ဆေးပေးပါဦး ကလေးလေးယောက်တောင် မွေးထားရတော့ သူလည်း တော်တော်ကို ပင်ပန်းနေရှာမှာ ..." 


ရမ်ရှန့်က အလိုလိုမှ ပိန်ရတဲ့အထဲ ကလေးလေးယောက်လည်း မွေးထားရသေးတယ် ဒီကလေးတွေကြောင့် သူ့ခန္ဓာကိုယ် မပျက်စီးဘူးဆိုရင်တောင် အနည်းဆုံးတော့ မသက်မသာ ဖြစ်နေမှာပဲလေ ... 


ယွမ်ရှင်းတုန်သည်လည်း ရမ်ရှန့်ကို လေးစားမိနေပြီဖြစ်ရာ သဘောမတူရန်အကြောင်း မရှိပေ။ သူ့စွမ်းရည်က ရမ်ရှန့်၏တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ 


"ရမ် ဘယ်လိုနေလဲ မသက်သာတဲ့နေရာရှိလား မွေးတုန်းကရော အများကြီးနာလား ..." 


ရှန်းချိုးရှစ်က စိုးရိမ်တကြီး မေးလိုက်သည်။ 


"မွေးတာက သိပ်မနာပါဘူး အားလုံးပြီးသွားတော့လည်း သက်တောင့်သက်သာ ရှိသွားသလိုပဲ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ ယခုမူ သူ့ခေါင်းမှာ ပေါ့ပါးလွန်း၍ အင်မတန် ဇိမ်ကျနေပြီဖြစ်သည်။ 


နည်းနည်းလေးပဲနာတယ် ပြီးတော့ သက်တောင့်သက်သာလေး ဟုတ်လား ဒါက ကလေးမွေးတာရော ဟုတ်လို့လား အလေးသွားတဲ့အကြောင်း ပြောနေတာနဲ့ ပိုတူမနေဘူးလား မဟုတ်သေးပါဘူး ငါများ အတွေးလွန်နေမိတာလားလည်း မသိတော့ပါဘူးလေ... 


ရှန်းချိုးရှစ်က ခေါင်းကို ခါယမ်းကာ ပေါက်ကရအတွေးစတို့ကို နှင်ထုတ်လိုက်သည်။ 


"ကလေးတွေက သေးနေလို့ သိပ်ပြီး မနာလိုက်တာ ထင်တယ် ..." 


ယွမ်ရှင်းတုန်က အနည်းငယ် ပဟေဠိဖြစ်စွာဖြင့် ဝင်ပြောလိုက်သည်။ 


ကလေးတွေက အရမ်းသေးနေလွန်းလို့ပဲ ရမ်ရှန့်က မျက်ရည်တောင် ကျစရာ မလိုခဲ့တာလား ဒီကလေးမွေးတာက လွယ်လိုက်တာ ဒီကောင်လေးက အခုမှ ကလေးပဲ ရှိသေးတာကို ... 


မဟုတ်သေးဘူး ကလေးမွေးနိုင်ပြီဆိုမှတော့ သူ့ကို ကလေးအရွယ်လေးလို့ ပြောလို့လည်း မရပြန်ဘူး အရွယ်ရောက်နေပြီးသားပဲလေ သူ့မျိုးရိုးကြောင့်များ ငယ်တယ်လို့ ထင်နေရတာလား မသိဘူး ... 


"ကောင်းလိုက်တာ ..." 


ရှန်းချိုးရှစ်က ဝမ်းသာအားရ ပြောလိုက်သည်။ ကျောက်လင်းယွီ၏ နှုတ်ခမ်းထောင့်စွန်းတို့မှာတော့ မသိမသာ ကော့တက်သွားလေသည်။ 


ရမ်ရှန့်ရဲ့ ဥတွေက သူ့ခေါင်းပေါ်မှာ ရှိနေတာလေ ဘယ်လိုလုပ်ပြီး သူ့ခန္ဓာကိုယ်က နာမှာလဲ နာချင်းနာဆံပင်တွေ နာသွားတယ်ဆိုမှ ဖြစ်နိုင်ဦးမယ် ... 


သူသည် ကလေးများနှင့် သူ့အကြား ဆက်နွယ်မှုကို သိလိုသော်ငြား အပြင်လူများ ရှိနေသေး၍ မေးရန် မသင့်တော်ချေ။ သို့သော် သိလိုစိတ်ကို ချုပ်တည်းရန်မှာ တစ်ဖြေးဖြေး ပိုမိုခက်ခဲ‌လာလေသည်။ 


"ဘာဖြစ်နေကြတာလဲ ဘာလို့ ဒီနားမှာ ဝိုင်းအုံနေကြတာလဲ ..." 


ထိုအချိန်တွင် အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။ 


ဧည့်သည်အားလုံးက ခေါင်းကို လှည့်ကြည့်လိုက်ကြချိန်တွင် တံခါးဝမှတစ်ဆင့် အထဲသို့ ဝင်လာသော ရင်းနှီးနေသည့် မျက်နှာနှစ်ခုကို တွေ့လိုက်ရသည်။ 


မဟုတ်သေးဘူး ရင်းနှီးရုံတင် မကဘူး ဒီနှစ်ယောက်ကို ရင်းရင်းနှီးနှီးကို သိနေတယ် တစ်ယောက်က ကျောက်ဖမ်း ၊ နောက်တစ်ယောက်က အကြီးအကဲထန့်လေ ... 


နေပါဦး ကျောက်ဖမ်းက သေတော့မှာ မဟုတ်ဘူးလား ဘာလို့ ကျောက်လင်းယွီရဲ့ အစ်ကိုလို့ ထင်ရလောက်တဲ့အထိ နုပျိုသွားရတာလဲ ပြီးတော့ အကြီးအကဲထန့်ရောပဲ လူအိုကြီးက ဘယ်လိုလုပ် အရေးအကြောင်းတွေ ပျောက်ကုန်တာတုန်း ... 


ဒီနှစ်ယောက်က မိတ်ကပ်တွေပဲ လိမ်းလာတာလား ဒါမှမဟုတ် ခွဲစိတ်ပြုပြင်လိုက်ကြတာလား ...


xxxxxxxx