အပိုင်း ၈၁
Viewers 18k

Chapter 81


ဤပွဲသည် ကျောက်လင်းယွီ မာရှယ်ဖြစ်ပြီးနောက် ပထမဆုံးအကြိမ် ကျင်းပသောပွဲဖြစ်သည်။ ပြီးခဲ့သည့် တိုက်ပွဲအတွင်း ထုတ်လွှင့်ခဲ့သော သတင်းများအရ ကျောက်လင်းယွီသည် အခြားစွမ်းရည်တစ်မျိုးကို နှိုးထနိုင်ခဲ့ကြောင်း သိလိုက်ရသူများကလည်း ကျောက်မိသားစုနှင့် မိတ်ဆွေဖွဲ့ရန် အလျှိုလျှို ရောက်လာကြသည်။ သို့သော် သတင်းထူးများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာကာ အကြိမ်ကြိမ် အံ့အားသင့်ခဲ့ရတော့သည်။ 


ကလေးမမွေးနိုင်ဟု သတ်မှတ်ထားသည့် ကျောက်လင်းယွီ၏ ချစ်သူကောင်‌လေးက S အဆင့်စွမ်းရည်ပိုင်ရှင် ကလေးလေးဦးကို မွေးဖွားပေးနိုင်ခဲ့သည်ဆိုသည့်အချက်ကို အသာထားဦး၊ သေလုနီးပါး ကျောက်ဖမ်းက ပိုပြီး နုပျိုလာကာ အများရှေ့တွင် လင်းလက်တောက်ပစွာ ပေါ်ထွက်လာသည်ကပင်လျှင် အံ့ဩဖို့ ကောင်းနေပြီဖြစ်သည်။ 


ကျောက်မိသားစုကတော့ အံ့ဩစရာ ကောင်းလောက်အောင်ကို ကံကောင်းတာပဲ ... 


အများစုက ဤနေရာသို့ ရောက်လာခဲ့သည်မှာ မှန်သွားပြီဟု တွေးမိခဲ့ကြသော်ငြား အချို့မှာတော့ မလာခဲ့သင့်ဟုသာ တွေးနေမိကြသည်။ 


ကျောက်ဖမ်းကို စမြင်လိုက်ကတည်းက လက်ထဲရှိ ဆက်သွယ်ရေးစက်ကို တင်းတင်းဆုပ်ထားသော ရန်ယဲ့၏ အမူအယာမှာ အင်မတန် အရုပ်ဆိုးလှသည်။ 


ကျောက်ဖမ်းသည် သူ့ဖခင်နှင့် မျိုးဆက်တစ်ဆက်တည်း ဖြစ်သော်ငြား သူနှင့် များစွာ အသက်မကွာလှချေ။ အတိတ်အချိန်များက သူ့ကိုသာ ‌အားကျခဲ့ရသည့်အတွက် ကျောက်ဖမ်းဒဏ်ရာရသည်ဟု ကြားလိုက်ရချိန်တွင် တိတ်တခိုး ကြိတ်ပျော်နေခဲ့သည်။ သို့သော် အခုတော့ ကျောက်ဖမ်းက နောက်တစ်ကြိမ် ပြန်ပေါ်လာပြန်သည်။ 


သူ့ဇနီးလောင်း၏ ကိုယ်ဝန်သတင်းကြောင့် စိတ်လှုပ်ရှားနေသည်များမှာလည်း လေထုထဲတွင် အငွေ့ပျံကာ ပျောက်ဆုံးသွားပြီး သူကိုယ်သူ အရူးတစ်ယောက်ဟုသာ ခံစားမိတော့သည်။ 


အခြားသူများကို ဟာသလုပ်ချင်ခဲ့သော်ငြား သူသည်သာ ဟာသဖြစ်သွားခဲ့သည်။ 


သူ့ဇနီးလောင်းကလည်း လက်ထဲရှိ စက်ကို ပိတ်ကာ အသံတစ်သံမှ မထွက်ဘဲ သူ့နောက်နားတွင်သာ ငြိမ်ငြိမ်လေး ရပ်နေလိုက်သည်။ ရန်ယဲ့နှင့် နှိုင်းယှဉ်ပါလျှင် သူမသည် ကျောက်လင်းယွီနှင့် ပထမတပ်ဖွဲ့ကို ပိုပြီး အလေးသာသော်ငြား သူမက ရန်ယဲ့၏ကလေးကို လွယ်ထားရပြီဖြစ်၍ အနာဂတ်တွင် ကောင်းစားနိုင်ရန် သူ့ကိုသာ မှီခိုရတော့မည်ဖြစ်သည်။ 


"ကျောက်ဖမ်း မတွေ့ရတာ ကြာပြီနော် ..." 


အကြီးအကဲဖန့်က ပြုံးကာ နှုတ်ဆက်လာသည်။ သို့သော် သူ့အကြည့်တို့မှာတော့ အကြီးအကဲထန့်ထံတွင်သာ ကျောက်ချထားသည်။ သူသည် သင်္ချိုင်းသို့ ခြေတစ်လှမ်းကျွံစပြုနေပြီဖြစ်သော်ငြား ထိုလူမှာမူ ယခုအချိန်အထိ ငယ်ရွယ်နုပျိုနေဆဲဖြစ်သည်။ 


"ဦးလေးဖန့် ..." 


ကျောက်ဖမ်းက သူ့ကို နှုတ်ဆက်လိုက်ပြီးနောက် ရှန်းချိုးရှစ်ကိုသာ မေးခွန်းထုတ်လိုဟန်ဖြင့် ကြည့်နေလိုက်သည်။ 


လေ့ကျင့်ရေးအပြီးတွင် သူ၏ မူလခွန်အားကို ပြန်မရသေးသည့်တိုင် ဖက်ဒရယ်ရှိ မည်သည့် S အဆင့် စွမ်းရည်ပိုင်ရှင်နှင့်မဆို ရင်ဘောင်တန်းနိုင်နေပြီဖြစ်သည်။ ထို့အပြင် ကျောက်လင်းယွီကလည်း သူ၏ မာရှယ်ရာထူးတွင် အခြေခိုင်နေပြီဖြစ်၍ ပြန်လာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 


ဤမနက်ခင်းတွင် ဇနီးဖြစ်သူက ဧည့်ခံပွဲတွင် သူ့ကို စောင့်နေကာ အားလုံး၏ အားကျသည့်အကြည့်တို့ကို အတူတူခံယူမည်ဟု ပြောထားခဲ့သော်ငြား ယခုမူ သူ့ကို အကြည့်တစ်ချက်ပင် စွန့်ကြဲမလာတော့ချေ။ 


"မင်းက ပြန်သက်သာလာပြီပေါ့ ကောင်းတယ် ကောင်းတယ် သိပ်ကိုကောင်းတယ် ..." 


အကြီးအကဲဖန့်က ခပ်ပြုံးပြုံးပြောလိုက်သည်။ 


"ဒီနေ့ကတော့ ကျောက်မိသားစုရဲ့ သတင်းကောင်းတွေကို နားမဆန့်အောင် ကြားရတဲ့နေ့ပဲဟေ့ ..." 


သူသည်ပင်လျှင် မနာလိုမှုကို ထိန်းထား၍ မရနိုင်တော့ချေ။ 


ရှန်းချိုးရှစ်သည် ရမ်ရှန့်၏ ခန္ဓာကိုယ်ကို စစ်ဆေးပေးနေသည့်အတွက် အုန်းအုန်းကျွတ်ကျွတ်အသံကို ကြားမှသာ သူရောက်နေမှန်း သတိပြုမိခြင်းဖြစ်သည်။ 


မတိုင်ခင်ကမူ ခင်ပွန်းသည် ဝင်အလာကို စောင့်မျှော်နေကာ သူ့ရှေ့တွင် လှပနေစေရန် ညနေခင်းပွဲတက်ဝတ်စုံကို အထူးတလည်ပင် ပြင်ဆင်ထားခဲ့သော်ငြား ယခုအချိန်တွင် သူ့မြေးများလောက် အရေးမကြီးတော့ချေ။ ထို့အပြင် မြေးမှာ တစ်ယောက်တည်းမဟုတ် လေးယောက်ဖြစ်နေသေးသည်။ 


"ကျောက်ဖမ်း လာ လာ ရှင့်မြေးတွေကို လာကြည့်လှည့် ကျွန်မဖြင့် ဒီလောက်ချစ်စရာကောင်းတဲ့ ကလေးမျိုးကို တွေ့ဖူးတာ ပထမဆုံးပဲ ..." 


သူမက လက်ကိုဝှေ့ယမ်းပြရင်း လှမ်းခေါ်လိုက်သည်။ 


ငါ့ကို နွေးနွေးထွေးထွေးနဲ့ အကြာကြီး ဖက်မယ်ဆိုတာကရော ဘယ်ရောက်သွားတာလဲ ... 


ကျောက်ဖမ်းမှာ  သူမ၏ မျက်နှာလိုက်မှုကြောင့် အနည်းငယ် စိတ်ဓာတ်ကျသွားပြီးနောက် ကြက်သေသေသွားတော့သည်။ 


မြေးတွေ ဟုတ်လား သူက ဘယ်လိုလုပ်ပြီး မြေးရနိုင်မှာလဲ သူ့သားက ရမ်ရှန့်အပေါ် ဖောက်ပြန်ပြီးတော့များ ရလာတာလား အဲဒါလည်း မဟုတ်သေးဘူးထင်တယ် သူက အခုအထိ ရမ်ရှန့်နဲ့ အတူတူ ရှိနေတုန်းဆိုတော့  ... 


ကျောက်လင်းယွီသည်လည်း နောက်ဆုံးတွင်တော့ စိတ်ကို စုစည်းနိုင်သွားပြီဖြစ်သည်။ ကလေးများ၏ ရင်းမြစ်ကို စူးစမ်းလိုစိတ်များအား ဖိနှိပ်ရင်း ပြောလိုက်သည်။ 


"အားလုံးပဲ ဒီကိစ္စနဲ့ပတ်သက်ပြီး သိချင်နေကြမယ် ထင်ပါတယ် ဒီနေ့က ရှင်းလင်းချက်တစ်ရပ် ထုတ်ပြန်မယ်လို့ စဉ်းစားထားပေမယ့် ကလေးတွေကို မီးဖွားတဲ့ကိစ္စကြောင့် နည်းနည်းလေး နှောင့်နှေးသွားတာပေါ့ ..."


အားလုံးက သူ့ကိုသာ တိတ်တဆိတ် ကြည့်နေကာ ရန်ယဲ့သည်ပင်လျှင် စကားနာ မထိုးတော့။ အသက်ရှင်ချင်စိတ် မရှိတော့သူမှသာ ကျောက်လင်းယွီကို သရော်ဝံ့မည်ဖြစ်သည်။ အားလုံးမှာ ကျောက်မိသားစုနှင့် ရန်သူဖြစ်ရမည့်အစား ကျောက်ဖမ်း၏ သက်သာလာမှုနှင့် အကြီးအကဲထန့်၏ နုပျိုလာမှုတို့၏ လျှို့ဝှက်ချက်ကိုသာ သိလိုကြပေသည်။ 


ကျောက်လင်းယွီသည် ဖခင်ဖြစ်သူနှင့်အတူ ယနေ့ပွဲအကြောင်းကို ဆွေးနွေးပြီးဖြစ်သည်။ ကျောက်ဖမ်းထွက်ပေါ်လာပြီးနောက် သူသည် မျက်နှာအားဖြည့်ဆေးလုံး၏ အကူအညီဖြင့် ကျောက်ဖမ်း ပြန်လည်သက်သာလာသည်ဟု ရှင်းပြမည်ဖြစ်သည်။ 


မျက်နှာအားဖြည့်ဆေးလုံး ထုတ်လုပ်ရေးမှာမူ  အကြီးအကဲထန့်နှင့် ရမ်ရှန့်တို့ တစ်ဝက်စီ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုသူနှစ်ဦးမှာ အချိန်အတော်ကြာ ရင်းနှီးခဲ့သူများ ဖြစ်ကြပြီး ထူးခြားသည့် အပင်များကို အတူတူ ရှာဖွေခဲ့ကြကာ အကြီးအကဲထန့်က ဆေးဖော်စပ်ရန် ထိုအပင်များကို ပြုပြင်ခဲ့ခြင်းဖြစ်သည်။ 


ဆေးအမည်ကိုတော့ မျက်နှာအားဖြည့်ဆေးလုံးအစား အာဟာရဆေးတောင့်ဟုသာ အမည်ပေးလိုက်သည်။ 


ထိုသို့ ကြံရွယ်ထားသည့်အတွက် ကျောက်လင်းယွီသည် ရန်ယဲ့၏ ထေ့လုံးတို့အပေါ် ဒေါသမထွက်ခြင်း ဖြစ်သည်။ ဆေးတောင့်၏ အာနိသင်မှာ အင်မတန် သိသာလှသည့်အတွက် ရန်မိသားစုကို အနည်းငယ် မြည်းစမ်းစေကာ မျက်နှာဖြတ်ရိုက်ရန် ကြံစည်ခဲ့သော်ငြား ရန်ယဲ့သည် သူ့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့်အပြင် ထုတ်လုပ်နိုင်သည့် ဆေးတောင့်အရေအတွက်မှာလည်း အလွန်နည်းပါးသည့်အတွက် ရန်မိသားစုကို မရောင်းချလိုတော့ပေ။ 


အကွက်စေ့အောင် စီစဉ်ခဲ့သော်ငြား ရမ်ရှန့်က ကောက်ကာငင်ကာ မီးဖွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ၎င်းက သူ့အကြံကို မသက်ရောက်ခဲ့သော်ငြား ဖခင်ဖြစ်သူ ရောက်မလာခင်အထိ ထိုအစီအစဉ်ကို လုံးဝ မေ့လျော့နေတော့သည်။ 


"ကျွန်တော်က ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရခဲ့တော့ ဘယ်လိုသက်သာလာသလဲဆိုတာနဲ့ ပတ်သက်ပြီး အားလုံးပဲ သိချင်နေကြမယ် ထင်ပါတယ် ကျွန်တော့်အဖေကလည်း ဒဏ်ရာရပြီးတဲ့နောက် သာမန်သူတစ်ယောက်လို အိုမင်းသွားခဲ့ပေမယ့် ရုတ်တရက် ကျန်းမာရေး ပြန်ကောင်းလာခဲ့တယ်ဆိုတော့ လူတိုင်းလည်း ဇဝေဇဝါ ဖြစ်နေလောက်ပါရဲ့ ဒါပေမယ့် ကျွန်တော့်ရဲ့ ချစ်သူကောင်လေးက S အဆင့် စွမ်းရည်ပိုင်ရှင် ကလေးလေးယောက်ကို ဘယ်လိုမျိုး အန္တရာယ်ကင်းကင်း မွေးဖွားနိုင်ခဲ့လဲဆိုတာကိုတော့ အသိချင်ကြဆုံး ဖြစ်မယ်လို့ ထင်ပါတယ် ..." 


သူက ထပ်ပြောလိုက်သည်။ 


"ဟုတ်တယ် ..."

81.2


ဖန့်ချန်ကျွင့်က သူ့(ကျောက်လင်းယွီ) လက်ထဲရှိ ဥလေးလုံးကို ကြည့်ပြီး အားတက်သရော ပြောလိုက်သည်။ သူသည် ကျောက်လင်းယွီနှင့် ကျောက်ဖမ်းတို့၏ နာလန်ထူမှုအပေါ် စိတ်မဝင်စား။ တစ်ကြိမ်တည်းဖြင့် ကလေးလေးယောက်ရသည့် နည်းလမ်းကိုသာ စိတ်ဝင်စားပေသည်။ 


အကယ်၍ သူသာ သာမန်လူဆိုလျှင် ယခုအချိန်တွင် အဘိုးတစ်ဦး ဖြစ်နေပြီဖြစ်သည်။ မျိုးဆက်မွေးဖွားလိုသည်မှာ ကြာမြင့်နေပြီဖြစ်သော်ငြား မျိုးစေ့များကို ဟိုဟိုသည်သည် ပစ်လွှတ်ခဲ့သည်မှာ နှစ်တစ်ရာကျော် ကြာမြင့်သည့်တိုင် မျိုးမအောင်သေးချေ။ 


"တကယ်တမ်းတော့ ဒါတွေက ရမ်ရှန့်နဲ့ အကြီးအကဲထန့်တို့ ထုတ်လုပ်ခဲ့တဲ့ အာဟာရဆေးတောင့်ကြောင့်ပါ သူတို့က အာကာသထဲမှာ တွေ့ခဲ့တဲ့ အပင်တွေကနေ ဒီဆေးတောင့်ကို ဖန်တီးခဲ့ပြီး ဒီဆေးတောင့်က လူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေကို ဖယ်ရှားပြီး ကိုယ်ခန္ဓာကြံ့ခိုင်မှုကို တိုးမြှင့်ပေးနိုင်တဲ့အပြင် အိုမင်းရင့်ရော်ခြင်းကိုပါ နှောင့်နှေးစေတယ်လေ ပြီးတော့ ပိုပြီး အရေးကြီးတဲ့အချက်အနေနဲ့ ဒီဆေးတောင့်ဟာ သန္ဓေတည်နိုင်စွမ်းကို ထူးထူးကဲကဲကို တိုးမြင့်ပေးနိုင်တယ် ..." 


သူက ထိုသို့ပြောရင်း ရှန်းချိုးရှစ်ကို လှည့်ကြည့်လိုက်သည်။ 


"အမေ ကျေးဇူးပြုပြီး အန်တီဖုန့်ကို ခေါ်လာပေးပါဦး ..." 


သူမက ဖုန့်ခဲ့ရှင်းကို ချက်ခြင်း ဆက်သွယ်လိုက်သည်။ မူလကတည်းက အရာတိုင်းကို အာဟာရဆေးတောင့်ပေါ်သာ ပုံချရန် ကြံစည်ထားသည့်အတွက် ရမ်ရှန့်၏ ကလေးလေးယောက် မွေးဖွား‌ခြင်းကြောင့် ဦးတည်ရာ ပြောင်းမသွားသေးချေ။ 


အပေါ်ထပ် နားနေခန်းတွင် စောင့်နေသော ဖုန့်ခဲ့ရှင်းသည်လည်း ကျောက်ဖမ်းပေါ်လာပြီးကတည်းက အာဟာရဆေးတောင့်၏ အာနိသင်ကို သက်သေပြရန် အဆင်သင့်ဖြစ်နေပြီးဖြစ်သည့်အတွက် ရှန်းချိုးရှစ်ထံမှ အဆက်အသွယ်ရသည်နှင့်တစ်ပြိုင်နက် အောက်ထပ်သို့ ဆင်းလာလိုက်သည်။ 


သူမသည် အခြေအနေကို နားမလည်နိုင်သေးသည့်အတွက် ကျောက်ဖမ်းပေါ်လာသောကြောင့်သာ တိတ်ဆိတ်နေကြသည်ဟု ထင်လိုက်သည်။ 


"ခဲ့ရှင်း နင့်ကလေးကို ပြလိုက်ပါဦး ..." 


ရှန်းချိုးရှစ်က ပြောလိုက်သည်။ 


တုန့်ဆိုင်းမနေဘဲ သူမလည်း လက်ထဲရှိ စက်ဖြင့် ဗိုက်ကို ချိန်လိုက်သည်။ 


သူမ၏ ကိုယ်ဝန်မှာ သုံးလသာ ရှိသေးသည့်အတွက် ကလေး၏ အရွယ်အစားမှာ သေးငယ်လှသည်။ မျက်နှာသွင်ပြင်တို့မှာ ပြည့်ပြည့်စုံစုံ မဖွံ့ဖြိုးသေးသော်ငြား အနည်းငယ် ကြီးသယောင်ရှိသည့် မျက်လုံးနှစ်လုံးတို့နှင့်အတူ ကလေးတစ်ဦး၏ ရုပ်သွင်တော့ ပေါ်နေပြီဖြစ်သည်။ 


ရမ်ရှန့်ကို စမ်းသပ်ပေးသော်ငြား ဒဏ်ရာတစ်ခုတစ်လေပင် ရှာမတွေ့နိုင်ခဲ့သည့် ယွမ်ရှင်းတုန်မှာလည်း ထိုမြင်ကွင်းကို အံ့အားသင့်နေပြီဖြစ်သည်။ 


"မစ္စစ်ဝယ်စလေ ခင်ဗျားရဲ့ကလေးကို ကယ်တင်နိုင်သွားပြီပေါ့ ..."


အယ်လီနာက သူမကို ဂရုစိုက်ပေးရန် တောင်းဆိုခဲ့သော်ငြား သူ့အနေဖြင့် မစွမ်းသာသည့်အတွက် အယ်လီနာနှင့် ဖုန့်ခဲ့ရှင်းအပေါ် အားတုံ့အားနာ ဖြစ်ခဲ့ရသည်။ 


ဖုန့်ခဲ့ရှင်းသည် ပွဲထဲရှိ ပရိသတ်များအတွက် မစိမ်းသက်လှချေ။ သူမနှင့် အယ်လီနာတို့တွင် စွမ်းအင်ပဋိပက္ခများ ရှိနေသည့်အတွက် ကလေးမွေးရန် မဆိုထားနှင့် ကိုယ်ဝန်ဆောင်နိုင်ရန်ပင် မဖြစ်နိုင်လှချေ။ ထိုအကြောင်းကို မြို့တော်ကြယ်ရှိ အထက်တန်းလွှာအားလုံးလည်း သိရှိကြပြီးဖြစ်သည်။ 


ပြီးခဲ့သည့်ရက်ပိုင်းက အယ်လီနာသည် သူ့ရင်သွေးကို ဆုံးရှုံးလိုက်ရသည့်အတွက် ဝယ်စလေမိသားစုနှင့် စည်းခြားလိုက်သည်။ သို့သော် ယခုမူ ကိုယ်ဝန်ပင် မဆောင်နိုင်လောက်မည့်သူက ကိုယ်ဝန်လွယ်ထားရနေသည်။ 


"မစ္စတာယွမ် ကျွန်မကို ခဲ့ရှင်းလို့ပဲ ခေါ်လို့ရပါတယ် ..." 


သူမက ပြောလိုက်သည်။ 


"ဒီကလေးက ကံကောင်းလို့ အသက်ရှင်ရတာပါ မာရှယ့်ကို ကျေးဇူးတင်ရမှာပဲရှင် ..." 


"အာဟာရဆေးတောင့်ကြောင့်လား အဲဒီ့အချိန်တုန်းက မင်းရဲ့ကလေးကို ဆုံးရှုံးရတော့မလို့လေ အခုတော့ အသက်ရှင်နိုင်ပြီ တကယ်ကို အံ့ချီးစရာကိစ္စပဲ ..." 


ယွမ်ရှင်းတုန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ 


"ဒါပေမယ့် ရမ်ရှန့်ရဲ့ လေးမွှာပူး တစ်ပြိုင်တည်း မွေးလိုက်တာကတော့ အံ့ဩစရာ အကောင်းဆုံးပဲ ..." 


"ဟုတ်တယ် ဒါတွေအားလုံးက မစ္စတာထန့်ရဲ့ အာဟာရဆေးတောင့်ကြောင့်ပဲ ..." 


သူမက မူလအစီအစဉ်အတိုင်း ပြောလိုက်သည်။ 


ထို့နောက်တွင်တော့ လူတိုင်းက အကြီးအကဲထန့်ကို ပြာကျလုမတတ် စူးရှလှသော အကြည့်တို့ဖြင့် ကြည့်လိုက်ကြတော့သည်။ 


ဒီဆေးတောင့်က ကျောက်ဖမ်းနဲ့ ကျောက်လင်းယွီကို တကယ်ကြီး ကုသနိုင်တယ်တဲ့ မိုက်လိုက်တာ ပြီးတော့ ပိုပြီး အံ့ဩဖို့ကောင်းတာက သန္ဓေမမြဲသေးတဲ့ ကိုယ်ဝန်ကို အခြေခိုင်စေတဲ့အပြင် တစ်ကြိမ်တည်းနဲ့  ကလေးလေးယောက် ရနိုင်တယ်တဲ့ ..." 


"လေးဂဏန်း ..." 


ကမ္ဘာမြေကို စွန့်ခွါလာခဲ့သူ အများစုမှာ တရုတ်လူမျိုးများ ဖြစ်သည့်အတွက် ဖက်ဒရယ်တွင်လည်း တရုတ်ဘာသာစကားကိုသာ အသုံးပြုကြသည်။ တရုတ်ဂဏန်း‌ ၄ သည် သေခြင်းတရားနှင့် အသံထွက်တူနေသည့်အတွက် အများစုက လေးဂဏန်းကို မကြိုက်ကြပေ။ သို့သော် ယခုမူ ထိုလေးဂဏန်းမှာ ချစ်စရာကောင်းသည်ဟု တွေးကာ သဘောကျစပြုလာတော့သည်။ 


အမှန်တကယ်တော့ မစ္စတာထန့်သည်လည်း ဖြစ်ပျက်သွားသမျှကို နားမလည်နိုင်သေးချေ။ ကျောက်လင်းယွီ၏ လက်ထဲရှိ ဥလေးလုံးကိုသာ ငေးကြည့်နေပြီး ဖုန့်ခဲ့ရှင်း၏ စကားသံကို ကြားမှသာ အသိပြန်ဝင်လာတော့သည်။ 


"အပင်တွေကို ရှာတွေ့ခဲ့တာက ရမ်ရှန့်ပါ ငါက စီမံပေးရုံပဲ ..." 


ဒါဆို ဒီဆေးက အကြီးအကဲထန့် ထုတ်ခဲ့တဲ့ဆေးပေါ့ ... 


ရန်ယဲ့က ရှေ့တစ်လှမ်းတိုးကာ ဆေးကို ရောင်းချပေးဖို့ တောင်းဆိုရန် ပြင်လိုက်သည်။ သူငှားရမ်းထား‌ သော အထူးကုများ၏ စကားအရ ဇနီးသည်၏ ကိုယ်ဝန်မှာ မတည်ငြိမ်သည့်အတွက် ဗိုက်ထဲမှ ထုတ်ကာ ကလေးကို သားအိမ်အတုအတွင်း၌ လေးငါးလခန့် ထားရမည်ဖြစ်သည်။ ထို့ကြောင့် ကလေးမှာ သူ၏ S အဆင့် စွမ်းရည်ကို အမွေဆက်ခံနိုင်ရန်အခွင့်အလမ်း နည်းပါးပေသည်။ 


ထို့ကြောင့် ဤအာဟာရဆေးတောင့်ကို သူသည်သာ အလိုအပ်ဆုံးဖြစ်ပေသည်။ 


Xxxxxxxx