အပိုင်း ၈၂
Viewers 18k

Chapter 82


"ဆေးတောင့်ကို အကြီးအကဲထန့်နဲ့ ရမ်ရှန့်တို့က လုပ်ခဲ့ပြီးတော့ ကျောက်မိသားစုကနေတစ်ဆင့် ဖြန့်ဖြူးရောင်းချမှာ ဖြစ်ပါတယ် ..." 


ရန်ယဲ့က သူ့ခြေလှမ်းတို့ကို ရုတ်ချည်း ရပ်တန့်လိုက်သည်။ သူလိုအပ်နေသည့်ဆေးဝါးမှာ မမျှော်လင့်ဘဲ ကျောက်မိသားစု၏ လက်ဝယ်တွင် ရှိနေသည်။ 


ကျောက်လင်းယွီနှင့် ရန်ယဲ့တို့ကို ရန်စ၍ပင် မပြီးသေး ထိုသတင်းကို ကြားလိုက်ရသည့်အတွက် သူ့လုပ်ရပ်များကို ပြန်စဉ်းစားမိကာ ကိုယ့်ကိုယ်ကို ရိုက်နှက်လိုစိတ်များပင် ဖြစ်လာတော့သည်။ 


ကျောက်မိသားစုကသာ တစ်ပြိုင်တည်း  ကလေးလေးယောက်‌ မွေးနိုင်တဲ့ဆေး ထုတ်နိုင်မှန်းသိရင် ကျောက်လင်းယွီကို အူယားဖားယား နှုတ်ဆက်ခဲ့မှာပေါ့ ... 


ရန်ယဲ့မှာ နောင်တကြီးစွာ ရမိတော့သည်။ ကျောက်လင်းယွီ ပြောလိုသည်ကို ခန့်မှန်းမိသော ကျောက်ဖမ်းက ဥများကို လက်ညှိုးထိုးပြရင်း မေးလိုက်သည်။ 


"လေးယောက်တောင် လင်းယွီ ဒါလေးတွေက ရမ်ရှန့် မွေးပေးထားတာလား ..." 


ရမ်ရှန့်က S အဆင့် စွမ်းရည်ပိုင်ရှင် လေးယောက်တောင် မွေးပေးတယ်လို့ ပြောခဲ့သလားလို့ ဒီဥတွေကနေ တူညီတဲ့ အရှိန်အဝါတွေကို ခံစားနေရတယ် ... 


"ဟုတ်တယ် ..." 


ရှန်းချိုးရှစ်က သူမ၏ ညီအစ်မကောင်းထံမှ စက်ကို လှမ်းယူကာ ကျောက်လင်းယွီ၏ လက်ထဲရှိ ဥများထံ ချိန်လိုက်သည်။ 


"အဘိုးကြီး လာကြည့်ပါဦး ဒါက ကျွန်မတို့ရဲ့ မြေးတွေလေ ..." 


ဒါဆို ဒါလေးတွေက တကယ်ပဲ သူ့မြေးတွေပေါ့ ...

ကျောက်ဖမ်းလည်း အေးစက်စက် အဆက်ဆံခံရသည့်အတွက် စိတ်ဓာတ်ကျနေမှုများအားလုံး လွင့်စင်ပပျောက်ကာ ပရိုဂျက်တာကိုသာ စိတ်ဝင်တစား ကြည့်နေလိုက်တော့သည်။  


ပထမဆုံးဥတစ်လုံး ထွက်ပေါ်လာကာ ထိုဥထဲရှိ ကလေး‌ကို တွေ့လိုက်ရသည်။ 


ကလေးငယ်က လက်ကို ပါးစပ်ထဲထည့်ကာ တွန့်လိမ်လှုပ်ရှားနေသည်။ ဤသည်ကို မြင်လိုက်ရသူတိုင်းမှာလည်း နှလုံးသားအောက်ခြေအထိ နူးညံ့လာတော့သည်။ 


‌ဒါလေးက သူ့မြေးလား ရမ်ရှန့်‌ မွေးပေးခဲ့တာလေးပေါ့ ... 


ကျောက်ဖမ်းက ပရိုဂျက်တာကို တစ်လှည့်၊ ရမ်ရှန့်ကိုတစ်လှည့် ကြည့်နေလိုက်သည်။ သူ့ကို ပြုံးပြနေသော ရမ်ရှန့်ကြောင့် အကြည့်တို့မှာ ရှုပ်ထွေးမှုတို့ဖြင့် ပြည့်နှက်သွားရပြန်တော့သည်။ 


ဒီကလေးက အသက်ကဖြင့် ဘယ်လောက်မှ မရှိသေးဘဲနဲ့ သူ့သားက ဒီကလေးကို တကယ်ကြီး ကိုယ်ဝန်ဆောင်ခိုင်းတယ်ပေါ့ နေပါဦး မဟုတ်သေးပါဘူး ရမ်ရှန့်က ဥဥနိုင်တယ်ဆိုမှတော့ သူက လူသားမဟုတ်ဘူးဆိုတဲ့သဘောပဲ မဟုတ်လား ဒါဆို သူက အသက်ပြည့်နေပြီးသားပေါ့ ... 


ဒါပေမယ့် အသက်ပြည့်နေပြီပဲ ထားပါဦး ခန္ဓာကိုယ်က သေးသေးကွေးကွေးလေးနဲ့ အားနည်း‌တဲ့ပုံလေးကို သူ့သားရဲ့အကြိုက်က တကယ်ကို ထူးဆန်းတာပဲ ဘာပဲဖြစ်ဖြစ်လေ တစ်ပြိုင်တည်း မြေးလေးယောက်တောင် ရခဲ့တာဆိုတော့ သူ့ရဲ့ ထူးဆန်းတဲ့အကြိုက်ကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေပြီ ... 


ပရိုဂျက်ဝာာမှာ တစ်ဖြေးဖြေး ပြန့်ကားလာကာ ကလေးလေးယောက်လုံး၏ ပုံ ထွက်ပေါ်လာခဲ့သည်။ အားလုံးမှာ တစ်ထေရာတည်း တူညီနေကြပြီး လှုပ်ရှားမှုများသာ ကွာခြားနေပေသည်။ 


ကလေးလေးယောက်လုံးကို မြင်လိုက်ပြီးနောက် ယနေ့တွင် လှလှပပ ဝတ်စားကာ ဧည့်သည်များကို ခြောက်လှန့်ရန် ကြံရွယ်ထားသည့် ကျောက်ဖမ်းမှာလည်း ရှက်သွေးဖြာလာမိတော့သည်။ 


ရမ်ရှန့်မှာတော့ အခြားသူများ မည်မျှ စိတ်လှုပ်ရှားနေကြောင်းကို နားမလည်နိုင်။ 


ကလေးလေးယောက်လေးပဲ မဟုတ်ဘူးလား ဟိုးအရင်တုန်းကဆို တစ်ခါပွင့်တိုင်း ဂျင်ဆင်းသီးတွေ ဒါဇင်‌လိုက် သီးတာကို အဲဒီ့ပန်းပွင့်တွေအကုန်လုံးကို သူကိုယ်တိုင် သန္ဓေတည်ထားတယ်လို့များသိရင် သွေးတက်ပြီးတောင် သေကြမလားပဲ ... 


သူက အားလုံးကို နားမလည်နိုင်ဟန်ဖြင့် လှည့်ပတ်ကြည့်နေလိုက်သည်။ 


ကျောက်ဖမ်း၏ လတ်တလော ရုပ်ရည်မှာ အလွန်နုပျိုနေကာ ကျောက်လင်းယွီနှင့်ပင် ဆင်နေသည်။ သို့သော် ကျောက်လင်းယွီလောက်တော့ မခန့်ညားချေ။ 


ရမ်ရှန့်၏ အတွေးထဲတွင် အခန့်ညားဆုံးဟု သတ်မှတ်ခံထားရရှာသည့် ကျောက်လင်းယွီမှာတော့ သူ့ကောင်လေး၏ အတွေးများကို မသိရှာသေးပေ။ သူ့ချစ်သူကောင်လေးသည် သူ့ဖခင်ကို စိုက်ကြည့်နေကြောင်း တွေ့လိုက်ရချိန်တွင် နေရာရွှေ့ကာ မြင်ကွင်းကို ပိတ်ဆို့လိုက်သည်။ 


"ကလေးက လှုပ်လာပြီ ... လင်းယွီ မင်းက ဘာလို့ နေရာရွှေ့လိုက်တာလဲ ..." 


ရှန်းချိုးရှစ်က သူ့ကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။ 


"...." 


မြေးရပြီဆိုတော့ ဒီသားကို မလိုချင်တော့ဘူးဆိုတဲ့ သဘောလား ... တစ်သက်နဲ့တစ်ကိုယ် သူ့ရဲ့ ကြိုးစားအားထုတ်မှု မပါဘဲ ကလေးလေးယောက် ရလာလိမ့်မယ်လို့ ထင်ကို မထင်ထားမိဘူး မဟုတ်သေးဘူး ကြည့်ရသလောက်တော့ ဒါလေးတွေက သူ့ကလေးတွေပဲ ဒါပေမယ့် သူကဖြင့် ရမ်ရှန့်ကို ဘာမှတောင် မလုပ်ရသေးဘဲနဲ့ ဘယ်လိုများ ကလေးရသွားပါလိမ့် ... 


ကျောက်လင်းယွီမှာ အတွေးတို့ လွန်ဆွဲနေရသည့်တိုင် ကလေးရလာသည့် ဖြစ်ရပ်အပေါ် ကျေနပ်ဆဲဖြစ်သည်။ 


သူ့လိုမျိုး ဘာမှမလုပ်ဘဲနဲ့ ကလေးလေးယောက်ရတဲ့ ယောကျာ်းမျိုး ဒီကမ္ဘာမှာ နောက်ထပ်ရှိလာနိုင်ပါ့မလား ... 


"ကလေးတွေက အခုအချိန်မှာ ကိုယ်တုံးလုံးလေးတွေလေ တစ်ချိန်လုံး သူတို့ကို ပရိုဂျက်တာနဲ့ ပြနေမလို့လား ..."


ကျောက်ဖမ်းက သားဖြစ်သူကို ပြဿနာရှာရန် ပြင်နေသည့် ဇနီးသည်ကို တားမြစ်လိုက်သည်။ ကလေးတွေကြားမှာ မိန်းကလေးလည်း ပါလာနိုင်တယ်လေ လက်လွယ်စပယ်နဲ့ လူများတွေကို ပြလို့ ဖြစ်ပါမလား ... 


"ဟုတ်သားပဲ ဒီလူတွေကို အမြင်ခံလို့ မဖြစ်ဘူး ..." 


သူမက စက်ကို ပိတ်လိုက်သည့်အတွက် ကလေးကို ကြည့်နေကြသူအားလုံး စိတ်ပျက်လက်ပျက် ဖြစ်သွားကြတော့သည်။ 


ကျောက်လင်းယွီကလည်း ထိုသူများကို ပြောလိုက်သည်။ 


"ဧည့်သည်တော်များခင်ဗျာ ဒီနေ့ ကျောက်မိသားစုမှာ ကိစ္စတွေအများကြီး ဖြစ်ပျက်သွားတဲ့အတွက် လူကြီးမင်းတို့ကို ဧည့်ဝတ်မကျေပွန်သလို ဖြစ်မိမှာကို အားနာမိပါတယ်..." 


ကျောက်လင်းယွီသည် ထိုသူများအားလုံးကို ပြန်စေလိုကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာသည်။ အတိတ်အချိန်များတွင်သာ ဤသို့ စကားစလာပါလျှင် အားလုံး ပြန်ကြမည်ဖြစ်သော်ငြား ယခုမူ တစ်ယောက်ပြီးတစ်ယောက် ငြင်းဆန်လာကြသည်။ 


"ကိစ္စမရှိပါဘူး မာရှယ်အနေနဲ့ ကျွန်တော်တို့ကို ဧည့်မခံလည်း ပြဿနာမရှိပါဘူး ..." 


"...." 


ကျောက်လင်းယွီလည်း တုန့်ဆိုင်းမနေတော့ဘဲ ဥများကိုသယ်ကာ ကျောက်မိသားစုစံအိမ်သို့သာ ပြန်လာခဲ့လိုက်တော့သည်။ 


ရှန်းချိုးရှစ်နှင့် ကျောက်ဖမ်းကလည်း သူ့နောက်သို့ လိုက်လာသည်။ အကြီးအကဲထန့်သည်လည်း လိုက်လိုသော်ငြား အကြီးအကဲဖန့်၏ တားဆီးခြင်းကို ခံလိုက်ရကာ အယ်လီနာကလည်း ဖုန့်ခဲ့ရှင်းကို လမ်းပိတ်ထားခဲ့သည်။ 


"ခဲ့ရှင်း ကလေးက ..." 


အယ်လီနာ၏ အသံမှာ အနည်းငယ်ပင် ကွဲအက်နေသည်။ သူ့ဘဝတစ်သက်တာတွင် ရင်သွေးမရနိုင်လောက်တော့ဟုသာ တွေးထားခဲ့သော်ငြား ဘုရားသခင်က မျက်နှာသာပေးကာ သူ့ကလေးကို ကယ်တင်ပေးခဲ့သည်။ 


"ဒါပေမယ့် ရှင့်ကို ခွင့်မလွှတ်နိုင်သေးဘူး ..." 


သူမက ပြောလိုက်သည်။ ဝယ်စလေမိသားစုသည် သူမ၏ အိမ်ထောင်ရေးတွင် ဝင်မစွက်ဖက်တော့ဟု မသေချာမခြင်း အယ်လီနာနှင့် ပြန်လည်ပေါင်းသင်းမည် မဟုတ်ချေ။

82.2


စိုးရိမ်နေသော အယ်လီနာက တစ်ခုခု ပြောလိုက်တော့မည့်အချိန်တွင် ရှန်းချိုးရှစ်နှင့် ကျောက်ဖမ်းတို့ ပြန်ရောက်လာသည်။ ရှန်းချိုးရှစ်က သူမကို ခေါ်သွားကာ ကျောက်ဖမ်းကလည်း မစ္စတာထန့်နှင့်အတူ ခပ်သုတ်သုတ် ပြန်ထွက်သွားတော့သည်။ 


ကျန်အထက်တန်းလွှာတို့မှာ သူတို့ကို မတားမြစ်ရဲသည့်အတွက် နေရာတွင်သာ စောင့်နေပြီး သတင်းစကား ဖြန့်ဝေလိုက်ကြတော့သည်။ ပထမတပ်ဖွဲ့ဝင်များကတော့ သူတို့ကို စောင့်ကြည့်ရင်း တပျော်တပါး စားသောက်နေလိုက်ကြတော့သည်။ 


မာရှယ်ပေါက်စလေး လေးယောက်အတွက်ကတော့ ... မာရှယ့်ရဲ့ဇနီးကလည်း ပထမတပ်ဖွဲ့ကပဲဆိုတော့ နောင်တစ်ချိန်မှာ သူတို့ကို သေချာပေါက် ထပ်တွေ့ရဦးမှာပဲလေ ... 


"အယ်လီ ငါ မွေးကင်းစကလေး ပြုစုစောင့်ရှောက်ရေး အသိအမှတ်ပြုလက်မှတ် ယူထားသင့်တယ်လို့ ထင်လား ..." 


ဝူရွိုက်က မေးလိုက်သည်။ 


အယ်လီက PDA ကို နှိပ်နေရင်း ပြန်ဖြေလိုက်သည်။ 


"လေ့ကျင့်ရေးအတွက် အရေးပေါ်အတန်းတောင် အပ်ပြီးပေါ့ ဒါနဲ့ နင့်အတွက်ပါ စာရင်း‌သွင်းပေးထားတယ်နော် မွေးကင်းစကလေး ပြုစုစောင့်ရှောက်ရေး အသိအမှတ်ပြုလက်မှတ် ရပြီးတာနဲ့ မာရှယ့်ကလေးတွေကို ကူထိန်းပေးလို့ ရပြီ ..." 


"မင်းရဲ့ လက်ကတော့ ... ဘာလို့များ ဒီလောက်တောင် မြန်နေရတာလဲ ..." 


ဝူရွိုက်မှာ အနည်းငယ် စိတ်ဓာတ်ကျသွားတော့သည်။ သူသည် ကလေးများကို သဘောကျသည့်တိုင် ကလေးသေးခံကိုတော့ မနှစ်မြို့ချေ။ ဒီအကြောင်းကို စကားလေးပဲ စရသေးတာလေ ... 


ထိုအချိန်တွင် ဥများကို သယ်ထားသည့် ကျောက်လင်းယွီမှာတော့ ဧည့်ခန်းထဲသို့ပင် ရောက်နေပြီဖြစ်သည်။ 


သူ့လက်ထဲရှိ ဥလေးများမှာ ပူနွေးနေသည်။ ကြည့်လေလေ သူတို့ကို နှစ်သက်လာလေဖြစ်သည့်အတွက် ယခင်ကကဲ့သို့ပင် တစ်လုံးကို ငုံ့နမ်းလိုက်သည်။ 


အခြားဥများက ရုတ်ချည်း လှုပ်ရှားလာကြသည်။ 


ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ကျောက်လင်းယွီ၏ မျက်နှာပေါ်ရှိ အပြုံးစတို့မှာ လွင့်စင်သွားတော့သည်။ ထိုဥများသည် ရမ်ရှန့်၏ ထိန်းချုပ်မှုကြောင့်သာ လှုပ်ရှားသည်ဟု တွေးခဲ့ခြင်းမှာ အင်မတန် ပြီးစလွယ်နိုင်သည့် အတွေးပင်ဖြစ်သည်။ 


ထို့ကြောင့် ၎င်းတို့ကို အလှည့်ကျ နမ်းပေးလိုက်သည်။ 


ဖုန့်ခဲ့ရှင်းကို အနားယူရန် ပို့ပေးပြီးနောက် ပြန်လာသော  ရှန်းချိုးရှစ်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရကာမှသာ အနည်းငယ် စိတ်သက်သာရာရသွားတော့သည်။ 


သူမရဲ့သားက တောင်စဉ်ရေမရတွေ ပြောခဲ့ပေမယ့် ဒီဥလေးတွေကိုတော့ တကယ် သဘောကျတဲ့ပုံပါပဲ မဟုတ်သေးဘူး နေပါဦး ဒီဥတွေက မွေးပြီးကတည်းက တစ်ခါမှ ရေမဆေးရသေးဘူး မဟုတ်လား ... 


ရမ်ရှန့် မီးဖွားခဲ့သည့် နားနေခန်းထဲတွင် ရေတစ်စက်တစ်လေမှပင် မရှိကြောင်း အမှတ်ရလိုက်ချိန်တွင် သူမက ပါးစပ်ကိုဖွင့်ကာ တစ်ခုခုပြောရန် ပြင်လိုက်သော်ငြား ဘာပြောရမှန်း မသိတော့ချေ။ 


အဲဒီဥတွေက ဟိုနေရာကနေ ထွက်လာတာ မဟုတ်ဘူးလား သူမရဲ့သားကတော့ တကယ်ကို နမော်နမဲ့နိုင်တာပဲ ... 


ကျောက်လင်းယွီကတော့ သူမ၏ ဇာတ်ညွှန်းများကို မသိသေးချေ။ ဥများကို ကိုင်ထားရင်း ဂုဏ်ယူမှုတို့ ပြည့်လျှံနေသော အကြည့်တို့ဖြင့် ရမ်ရှန့်ကိုကြည့်ကာ မေးလိုက်သည်။ 


"ရမ် ဒီကလေးတွေကို ဘယ်လိုများ ကိုယ်ဝန်ရလာတာလဲ ..." 


ကလေးများမှာ သူ့သွေးသားဖြစ်သည်ဟု သိခဲ့ရကတည်းက ထိုအတွေများဖြင့် နပန်းလုံးနေရခဲ့ရပေသည်။


"လင်းယွီ ဘာတွေ လျှောက်မေးနေတာလဲ ရမ်ရှန့်ကို အနိုင်ကျင့်ပြီး ကိုယ်ဝန်ရအောင်လုပ်ခဲ့တာ မင်းလေ ..." 


ရှန်းချိုးရှစ်က အလောတကြီး ပြောလိုက်သည်။ 


"လင်းယွီက ကျွန်တော့်ကို အနိုင်မကျင့်ပါဘူး ..." 


ရမ်ရှန့်က သူ့ဘက်မှ ရုတ်ချည်း ကူပြောပေးလိုက်သည်။ 


"ခင်ဗျားရဲ့ မျိုးစေ့တွေကို ကျွန်တော့်ပန်းပွင့်ထဲ ထည့်လိုက်လို့ ကိုယ်ဝန်ရလာတာလေ ..." 


သူ့ကိုယ်ပိုင်မျိုးစေ့တွေလား ... 


‌ကျောက်လင်းယွီလည်း ထိုအခါမှသာ ရမ်ရှန့် ပန်းပွင့်ခဲ့ချိန်က သူ့ကိုယ်ပိုင်မျိုးစေ့များစွာကို ထုတ်ပေးခဲ့မိကြောင်း သတိရသွားတော့သည်။ 


ဒါဆို ရုတ်တရက်ကြီး ကလေးလေး‌ယောက် ရလာတာက သူ့မျိုးစေ့တွေကို ပန်းပွင့်ထဲ ထည့်ခဲ့လို့ပေါ့ ဟုတ်လား ... 


အဲ့ဒီလို‌နဲ့ပဲ ရမ်ရှန့်ကို လက်‌ဖျားလေးနဲ့တောင် မထိရဘဲ အဖေဖြစ်လာခဲ့တာပေါ့ ဟုတ်လား ... 


ကျောက်လင်းယွီမှာ ပြောစရာစကားပင် ရှာမတွေ့တော့ချေ။ သို့သော် သူ အလွန်ပျော်ရွှင်နေသည်မှာတော့ ငြင်းပယ်၍ မရသော အမှန်တရားပင် ဖြစ်သည်။ 


သူ့ကြောင့် ကလေးလေးယောက် ရလာတာ ... ရမ်ရှန့်ကတော့ ဒီကလေးတွေကို သူမှာ ရှိရှိသမျှအားလုံး ပေးခဲ့တယ် ... 


ကျောက်လင်းယွီက ဝမ်းသာလုံးဆို့နေသော်ငြား ရှန်းချိုးရှစ်မှာတော့ အနည်းငယ် တုန်လှုပ်သွားတော့သည်။ 


ရမ်ရှန့်က လင်းယွီရဲ့ မျိုးစေ့တွေကို သူ့ပန်းပွင့်ထဲ ထည့်ခဲ့တယ်လို့ ပြောလိုက်တာလား ... ဘယ်မျိုးစေ့ဆိုတာကတော့ သူမအနေနဲ့ ခန့်မှန်းစရာတောင် မလိုတော့ဘူး ပန်းပွင့်ဆိုတာ‌ကတော့ ကလေးမွေးတဲ့နေရာပဲ ဖြစ်ရမယ် ဟုတ်တယ်မဟုတ်လား ဒါဆို လက်တွေ့ကျကျ စဉ်းစားကြည့်ရင် ရမ်ရှန့်ကမှ သူမရဲ့သားကို အခွင့်ကောင်းယူလိုက်တဲ့သူပေါ့ ... 


ဒီချွေးမလေးကတော့ တကယ်ကို အံ့ဩစရာပဲ 


သဘောကျတယ်ဟေ့ ... 


ရမ်ရှန့်အနေဖြင့် ထိုမျိုးစေ့များကို နောက်ထပ် အကြိမ်အနည်းငယ်ခန့် ထည့်နိုင်သေးမလားကိုလည်း သိချင်နေမိသည်။ တစ်အိမ်လုံး ကလေးတွေနဲ့ပဲ ပြည့်သွားလည်း ကိစ္စမရှိပါဘူး တကယ်ပြောတာ ... 


သူမပင် ကြားခဲ့သည့်အတွက် ကျောက်ဖမ်းနှင့် မစ္စတာထန့်တို့သည်လည်း မုချပင် ကြားခဲ့ကြမည်ဖြစ်သည်။ 


ရမ်ရှန့်က ကလေးလေးယောက်ကို မွေဖွားခဲ့ကြောင်း သိလိုက်ရကတည်းက ကျောက်လင်းယွီအပေါ် ထားရှိသော အကြီးအကဲထန့်၏ အမြင်ကောင်းမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူ့ရဲ့ ကိုယ်ဝန်ရှိနေတဲ့ လက်‌တွဲဖော်ကို စစ်မြေပြင်ကို ခေါ်လာနိုင်တဲ့ ယောက်ျားက ယုံစရာမကောင်းဘူး ... 


ဒါပေမယ့် အခု သူတို့ပြောနေတဲ့စကားတွေကို ကြားရသလောက်ကတော့ ... သူ့ဆရာက တကယ်ကို ထူးခြားတာပဲ ... 


ကျောက်လင်းယွီရဲ့ ပုံစံက ကိုယ်ဝန်ရှိနေမှန်းတောင် သိခဲ့ဟန် မတူဘူး ... 


"ရမ် ကျေးဇူးတင်ပါတယ် ..." 


ကျောက်လင်းယွီက သူ့ကို မရေမတွက်နိုင်အောင် နမ်းရှုံ့လိုက်သည်။ စွမ်းအင်ပြတ်တောက်မှုကြောင့် ငိုကြွေးခဲ့သည့် ရမ်ရှန့်ကို အမှတ်ရမိသည့်အခါ သူ့ကို ပို၍ပင် အားနာမိလာတော့သည်။ 


ရှန်းချိုးရှစ်ကတော့ သားဖြစ်သူကို ကြည့်ရင်း ပို၍ပင် စိတ်ရှုပ်ထွေးသွားတော့သည်။ 


အစောလေးတင်ကမှ ဟိုဥတွေကို နမ်းထားတာ မဟုတ်ဘူးလား ... 


ကျောက်ဖမ်းကတော့ သူမကဲ့သို့ အသေးစိတ် လိုက်ကြည့်မနေ။ သူ့ရှေ့ရှိ ဥများကို ဂရုတစိုက်ကြည့်ကာ မေးလိုက်သည်။ 


"သူတို့က ယောကျာ်းလေးလား မိန်းကလေးလား ..." 


သူသည် အမြဲလိုလို သမီးမိန်းကလေးတစ်ဦး လိုချင်ခဲ့သူဖြစ်ရာ အကယ်၍ မိန်းကလေးတစ်ဦး ပါလာပါလျှင် မြေးမ တစ်ယောက် ရလာတော့မည်ဖြစ်သည်။ 


"အကုန်လုံး ယောကျာ်းလေးတွေပါ ..." 


ရမ်ရှန့်က မဆိုင်းမတွ ပြန်ဖြေလိုက်သည်။ 


"ဘာလို့လဲ ..." 


ကျောက်ဖမ်းက ဝမ်းနည်းပက်လက်ဖြင့် မေးလိုက်သည်။ 


"အကုန်လုံးက လင်းယွီရဲ့ ကလေးတွေ ဖြစ်နေလို့လေ ..." 


သူ့မျိုးရိုးဗီဇမှာ လူသားများနှင့် ကွဲပြားသည့်အတွက် ထိုကလေးများမှာ လူသားတစ်ဝက် စိတ်ဝိဉာဉ်တစ်ဝက်ဖြစ်ကြသည်။ သူတို့၏ လူသားဗီဇအားလုံးမှာ လင်းယွီထံမှသာ ရလာခြင်းဖြစ်သည့်အတွက် လိင်အမျိုးအစားမှာလည်း သူနှင့်သာ တူညီမည်ဖြစ်သည်။ 


Xxxxxxxx