အပိုင်း ၈၃
Viewers 18k

Chapter 83


ရမ်ရှန့်က ကလေးများ၏ လိင်အမျိုးအစားကို ရှင်းပြပြီးသည့်တိုင် ကျောက်ဖမ်းကတော့ မယုံကြည်သေးပေ။ လှိုင်းလွန်စက်ကိရိယာကို ယူစေကာ တရစပ် တုန်ခါနေသော သူ၏ ဆက်စွယ်ရေးစက်ကို လျစ်လျူရှုပြီး ဥ‌လးလုံးကိုသာ တစူးတစိုက် ကြည့်နေလိုက်သည်။ 


သို့သော် သူသိလိုသည့် အကြောင်းအရာကိုတော့ မတွေ့ရ။ ဥထဲရှိ နေရာမှာ ကျဉ်းမြောင်းလွန်းသည့်အတွက် ကလေးများ၏ လိင်အမျိုးအစားကို ကွဲကွဲပြားပြား မမြင်ရချေ။ 


ရှန်းချိုးရှစ်ကပင်လျှင် သူ့ထက်ပိုပြီး တည်ငြိမ်နေသေးသည်။ သူမက အနွေးသေတ္တာလေးလုံးကို မှာယူကာ ရောက်လာသည်နှင့် တစ်ပြိုင်နက် အဆက်မပြတ် မြည်တွန်တောက်တီးတော့သည်။ 


"ရမ်က ကေးလား ကေးတွေရဲ့ဥက ကြီးထွားမလာဘူးဆိုတော့ ကလေးတွေကလည်း အမြဲတမ်း ဒီလိုသေးသေးလေးပဲ ဖြစ်နေမှာလား ..." 


ကလေးတွေသာ ဒီလိုလေးပဲ ဖြစ်နေမယ်ဆိုရင် လက်တစ်ဖက်တည်းနဲ့တောင် ဖျစ်ညှစ်ပစ်လို့ ရနေပြီ ... သူတို့ကို ဘယ်လို စောင့်ရှောက်ပေးရတော့မှာလဲ ဒါတွေအားလုံးက ရွိုင်းရဲ့အမှားတွေပဲ သူက ရမ့်ကို ဒေါသထွက်အောင် လုပ်မိလို့ ဒီလို လမစေ့ဘဲ မွေးလာရတာ ... 


ရွိုင်းကို ပြဿနာရှာရန် ဘယ်သောအခါကမှ မစဉ်းစားခဲ့ဖူးသည့် ရှန်းချိုးရှစ်သည်ပင် ဆုံးဖြတ်ချက်တစ်ခုကို တိတ်တခိုး ချမှတ်လိုက်တော့သည်။ 


"ကျွန်တော်လည်း မသိဘူး ကလေးတွေက နည်းနည်းချင်းတော့ ကြီးထွားလာမှာပါနော် ..." 


ရမ်ရှန့်က မလုံမလဲဖြင့် ပြောလိုက်သည်။ သူငယ်ရွယ်စဉ်အချိန်က လူသားပုံစံအဖြစ်သို့ ပြောင်းလဲရန်ပင် အချိန်များစွာ ကြာမြင့်ခဲ့ပြီး ကြီးထွားရန်အတွက်မှာ ပို၍ပင် ကြာမြင့်ခဲ့သေးသည်။ အကယ်၍ ကလေးများသာ သူ့လို ဖြစ်ခဲ့ပါလျှင် .... ရှန်းချိုးရှစ်သည် သာမန်လူတစ်ဦးသာ ဖြစ်သည့်အတွက် သူ့ကလေးများ မကြီးထွားလာခင်မှာပင် အိုမင်းရင့်ရော်သွားမည်ဖြစ်သည်။ 


ကျောက်လင်းယွီရဲ့ သက်တမ်းကို ဆွဲဆန့်ဖို့အတွက် မြန်မြန်ကူညီပေးမှ ရတော့မယ် တကယ်လို့ သူသာ ကလေးတွေ အရွယ်မရောက်ခင် သေသွားခဲ့ရင် ... 


သူကလည်း တိတ်တိတ်လေး ဆုံးဖြတ်ချက် ချလိုက်တော့သည်။ 


"အရင်ဆုံး စောင့်ကြည့်ကြတာပေါ့ ..." 


သူမက ကျောက်လင်းယွီ၏ လက်ထဲရှိ ဥတစ်လုံးကိုယူကာ အနွေးသေတ္တာထဲ ထည့်လိုက်သည်။ 


၎င်းက အနွေးသေတ္တာထဲတွင် တစ်ခဏမျှ ငြိမ်နေပြီးနောက် ရမ်ရှန့်၏ လက်မောင်းထဲသို့ ရုတ်ချည်း ပြေးဝင်သွားတော့သည်။ 


ရှန်းချိုးရှစ်မှာ ကြက်သေသေသွားတော့သည်။ 


"အားလုံ အဆင်ပြေရဲ့လား ဥတွေရော ဘယ်လိုဖြစ်သွားပြီလဲ ..." 


"အဆင်ပြေပါတယ် သူတို့တွေက အရမ်းကြံ့ခိုင်ကြတယ်လေ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ ထိုဥလေးလုံးသည် သူ၏ စိတ်စွမ်းအင်များကိုသာမက ရွှေရောင်စွမ်းအင်ပုံဆောင်ခဲထဲရှိ စွမ်းအင်များကိုပါ အများအပြား စုပ်ယူထားသည့်အတွက် ပြုတ်ကျရုံမျှဖြင့် ကွဲအက်သွားမည် မဟုတ်ချေ။ 


"ဒါက ဥလေ သေ‌ချာပေါက်ကို ဂရုတစိုက် ကိုင်တွယ်ရမှာပေါ့ ..." 


သူမက ရမ်ရှန့်လက်မောင်းထဲရှိဥကို ပြန်ယူရန် ကြိုးစားလိုက်သည်။ သို့သော် မမျှော်လင့်ထားစွာပင် ၎င်းက ကျောက်လင်းယွီ၏ လက်ထဲသို့ ခုန်ဝင်သွားပြီး သူ့ကို ပွတ်သီးပွတ်သပ် လုပ်နေလိုက်သည်။ 


ဥ၏ ချောမွေ့နေသော မျက်နှာပြင်ကို ထိတွေ့ရင်း သူက ပြောလိုက်သည်။ 


"အမေ ညဉ့်နက်နေပြီဆိုတော့ အမေနဲ့အဖေတို့လည်း အနားယူကြတော့လေ ..." 


သူ့အနေဖြင့် ရမ်ရှန့်ကို မေးလိုသည်များ အများအပြား ရှိနေသော်ငြား မိဘများ ရှိနေသေးသည့်အတွက် မေး၍ မရသေးချေ။ 


ဆယ်စုနှစ်ပေါင်းများစွာ ကလေးမရခဲ့သည့် ရှန်းချိုးရှစ်မှာ ထွက်သွားရန် တုန့်ဆိုင်းနေမိသည်။ သိူ့သော် သားဖြစ်သူနှင့် ချွေးမအကြားတွင် ပြောစရာများ ရှိနေလိမ့်မည်ဟု တွေးမိသဖြင့် ကျောက်ဖမ်းနှင့်အတူ ပြန်ထွက်လာလိုက်သည်။ 


ပြန်လည်သက်သာလာပြီးကတည်းက ကျောက်ဖမ်းတွင် သူမအနားသို့ကပ်ရန် အခွင့်အရေးတစ်စုံတစ်ရာမှ မရှိခဲ့သေးချေ။ အိမ်ပြန်မလာခင်က ဇနီးဖြစ်သူနှင့် နွေးထွေးသော အချိန်အခါလေးတစ်ခု ဖြတ်သန်းကာ နောက်ထပ်ကလေး‌တစ်‌ယောက် ရလာရန်ပါ တွေးခဲ့သော်ငြား ယခုအချိန်တွင်မူ မြေးလေး‌ယောက်ကသာ သူ့အတွေးတို့ကို စိုးမိုးထားတော့သည်။ သူ့ဇနီးသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ 


မည်သို့ပင်ဖြစ်စေ သူမက သူ့ထက် ပိုပြီး သိထားမည် ဖြစ်သည့်အတွက် တအံ့တဩ မေးလိုက်သည်။ 


"ဒီနေ့ ဘာတွေဖြစ်ကုန်တာလဲ ရမ်က ကေးလား တကယ်ပဲ ဘာတွေဖြစ်လို့ ဖြစ်ကုန်မှန်းကို မသိတော့ဘူး ..." 


"ကျွန်မလည်း မသိဘူး ဒါပေမယ့် ကလေးတွေမှာ ပေါင်းစပ်စွမ်းရည်ရှိနေတဲ့အတွက်  လင်းယွီရဲ့ ကလေးတွေဆိုတာကတော့ သေချာ‌တယ် ..." 


သူမက စောင့်ကြည့်ရေးကိရိယာကို ပြလိုက်သည်။ 


"ဒါကို ကြည့်လိုက်ဦး ..." 


"ဟုတ်သားပဲ နောက်ထပ်တစ်ခု ရှိနေသေးတယ် ..." 


"ဘာဖြစ်လို့လဲ ..." 


ကျောက်ဖမ်းက စိုးရိမ်တကြီး ပြန်မေးလိုက်သည်။ 


"လင်းယွီနဲ့ ရမ်တို့က လက်ထပ်မှတ်ပုံမတင်ရသေးဘူး အဲဒါကြောင့် ကလေးတွေ ဥပေါက်လာတဲ့အချိန်အထိ  ကျောက်မိသားစုရဲ့ အိမ်ထောင်စုစာရင်းထဲ ထည့်လို့မရလောက်သေးဘူး ဘယ်လိုလုပ်ကြမလဲ အခုလက်ရှိ လက်ထပ်ရေးလုပ်ငန်းစဉ်အကြောင်း တစ်ယောက်ယောက်ကို မေးကြည့်ဦးမှပဲ ပြီးတော့ လင်းယွီရဲ့ စေ့စပ်ပွဲခွင့်၊ လက်ထပ်ခွင့်နဲ့ မီးဖွားခွင့်အတွက်ရောပဲ ..."

83.2


မျက်မှောက်ခေတ်တွင် ကလေးမွေးဖွားနှုန်းမှာ အလွန်နိမ့်ပါးသည့်အတွက် စုံတွဲတစ်တွဲတွင် ကလေးရလာပါက ဇနီးဖြစ်သူသည် မီးဖွားခွင့်ကို ရက်အတော်ကြာ ယူ၍ရကာ ခင်ပွန်းဖြစ်သူကလည်း မီးဖွားခွင့်ယူ၍ ရပေသည်။ သူမ၏ သားသည် တစ်ခါမှ ခွင့်မယူဖူးရာ ထိုခွင့်များကိုပါ ထပ်ပေါင်းပါလျှင် တစ်နှစ်မှ နှစ်နှစ်ခန့်အထိ ခွင့်ရမည်ဖြစ်သည်။ ထိုအချိန်အတွင်း နောက်ထပ် မြေးအချို့ပင် ရလာနိုင်ပေသည်။ 


ရှန်းချိုးရှစ်က ဆက်သွယ်ရေးစက်ကို ထုတ်ကာ အပေါင်းအသင်းများနှင့်အတူ အပျော်များကို မျှဝေရင်း ဝမ်းသာစကားတို့ကို လက်ခံနေလိုက်သည်။ ကျောက်ဖမ်းသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ 


ကျောက်ဖမ်းကို ဖက်ဒရယ်တစ်ဝှမ်းလုံးက သိကြသည့်အတွက် တစ်ညလုံး မအိပ်ကြဘဲ သူ့ကို ဆက်သွယ်နေကြသည့်တိုင် အနှောင့်အယှက် မဖြစ်မိပေ။ သူနှင့် ဆက်ဆံရေးကောင်းမွန်သူများကိုတော့ လေးမွှာပူးမြေးလေးများကို ထုတ်ပြပြီး ဆက်ဆံရေး မကောင်းလှသူများကိုမူ မြေးများကို ကြွားလုံးထုတ်ရင်း ဤသို့ မေးလိုက်သေးသည်။ 


"မင်းမိန်းမကရော မီးဖွားပြီးပြီလား မင်းချွေးမရော ကလေးရပြီလား မင်းမြေးသားမက်ကရော ကိုယ်ဝန်ဆောင်နေရပြီလား ..." 


သူနှင့် စကားပြောပြီးနောက် လော့ခဲမိသားစုခေါင်းဆောင်၏ မျက်နှာမှာ မဲမှောင်လာတော့သည်။ 


သူ့တွင် သားနှစ်ဦး ရှိသည့်အတွက် မြောက်များစွာသောသူတို့က အားကျခဲ့ကြသည်။ ယခုမူ ...သူ့သားနှစ်ယောက်မှာ မငယ်ရွယ်တော့သည့်တိုင် မြေးမချီရသေးပေ။ ကျောက်ဖမ်းတွင်တော့ တစ်ကြိမ်တည်းဖြင့် မြေးလေးယောက် ရ‌သွားချေပြီ။ 


"အဖေ အာဟာရဆေးတောင့်အကြောင်း မေးကြည့်သေးလား ..." 


အီသန်က မေးလိုက်သည်။ သူနှင့် သူ့ဇနီးအကြား ကိုက်ညီနှုန်းမှာ မြင့်မားလှသော်ငြား အိမ်ထောင်သက်တမ်း နှစ်တစ်ရာကျော်လာသည့်တိုင် ကလေးမရသေးချေ။ ထို့ကြောင့် အီသန်သည် ရင်သွေးကို အရူးအမူး လိုချင်နေသူ ဖြစ်သည်။ 


"ကျောက်ဖမ်းက အဲဒီကိစ္စတွေကို သူသိပ်မသိလို့ အကြီးအကဲထန့်နဲ့ ရမ်ရှန့်ကိုပဲမေးတဲ့ ..." 


မိသားစုခေါင်းဆောင်၏ မျက်နှာတွင် မည်သည့်အမူအယာကိုမှ မတွေ့ရချေ။ 


"အဖေ ဒါဆို သူတို့ကို သွားမေးသင့် ..." 


"မင်းက ငါ့ကို သွားမေးခိုင်းချင်တာလား ..." 


သူ့လက်ထဲမှ အကာအကွယ်ဒိုင်းတစ်ခု ထွက်လာကာ အီသန်ကို ကြိမ်ဖန်များစွာ ရိုက်နှက်လိုက်သည်။ 


"ကျောက်လင်းယွီနဲ့အတူတူ စစ်တိုက်ဖို့ သွားတာက မင်း မဟုတ်ဘူးလား တစ်ခြားသူတွေဆို သူနဲ့ မိတ်ဆွေဖြစ်လာခဲ့ပေမယ့် မင်းက‌ရော မင်းက ဘာများ လုပ်ခဲ့လဲ မင်းက ရမ်ရှန့်ကို ရန်စပြီးတော့ ကျောက်လင်းယွီရဲ့ ဒေါသကိုတောင် ဆွပေးလိုက်သေးတယ်လေ ဒီနေ့ ဖန့်ချန်ကျွင့်တောင် ပွဲကို သွားခဲ့ပေမယ့် မင်းကရော မင်းကကျ ဘာလို့ မသွားတာလဲ ..." 


အီသန်သည်လည်း အလွန်နောင်တရနေပြီဖြစ်သော်ငြား အားလုံးမှာ သူ့အမှားဟုတော့ မခံစားမိပေ။ 


"အကြီးအကဲဖန့်တောင် သွားတယ်လေ အဖေက‌ 

ရော ဘာလို့ မသွားတာလဲ ပြီးတော့ ကျွန်တော်တို့မိသားစုက ဟိုးအရင်ကတည်းက ကျောက်လင်းယွီနဲ့ အတိုက်အခံလုပ်လာတာလေ ..." 


ဇာ့ဂ်ဘုရင်မနှင့် ရင်ဆိုင်နေသော ပထမတပ်ဖွဲ့ကို အခက်ကြုံစေရန် သတင်းပေးပို့မည့်အစီအစဉ်ကို ဟန့်တားခဲ့သူမှာလည်း သူ့အဖေသာ ဖြစ်သည်။ 


လော့ခဲမိသားစုခေါင်းဆောင်မှာ ပြောစရာစကားပင် မရှိတော့။ 


ကိစ္စတွေက ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်တွေးမိခဲ့ပါ့မလဲ ... သူက ပထမတပ်ဖွဲ့ကို နည်းနည်းလောက် အခက်ကြုံစေချင်ရုံလေးတင်လေ ကျောက်လင်းယွီ ထိခိုက်သွားတယ်ဆိုတဲ့ သတင်းကတော့ မျှော်မှန်းမထားတဲ့ ပျော်စရာလေးပေါ့ ... 


ဒါပေမယ့် အခုအချိန်မှာတော့ အဲဒီ့ပျော်စရာတွေလည်း ဘယ်ရောက်သွားမှန်းတောင် မသိတော့ပါဘူး ... 


မြို့တော်ကြယ်ရှိ အထက်တန်းလွှာအများစုမှာ အာဟာရဆေးတောင့် ရောင်းချမည့်အချိန်တွင် ဝယ်ယူနိုင်ရန် ငွေကြေးစီမံခန့်ခွဲမှုများ ပြုလုပ်နေကြသော်ငြား လော့ခဲမိသားစုမှာတော့ ပူပန်နေကြရသည်။ ရန်မိသားစုမှာလည်း ထိုနည်းတူပင်ဖြစ်သည်။ 


ကျောက်မိသားစုက ထိုဆေးကို အမြောက်အများ မရောင်းချမည်ကို စိုးရိမ်နေကြသည်။ သူတို့သည် ပြန်လည်နုပျိုခြင်းကို စိတ်မဝင်စားလှ။ ရင်သွေးကိုသာ လိုအပ်ကြပေသည်။ 


ကျောက်မိသားစု ဧည့်ခံပွဲတွင် ဖြစ်ပျက်ခဲ့သမျှ အားလုံးမှာ မြို့တော်ကြယ်အနှံ့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားတော့သည်။ အထက်တန်းလွှာ အများစုက အွန်လိုင်းတွင် တင်ကာ သတင်းစကား ဖြန့်ဝေရသည်ကို ဝါသနာမပါသော်ငြား အခြားသူများက ထိုကိစ္စကို အွန်လိုင်းမှတစ်ဆင့် ချက်ခြင်း သိရှိသွားကြသည်။ 


ထိုသတင်းများ စတင်ထွက်ပေါ်လာစဉ်က မည်သူမှ မယုံကြည်ကြပေ။ 


မာရှယ်က လက်မထပ်ရသေးတဲ့သူလေ ဘယ်လိုလုပ်ပြီးတော့ ကောက်ကာငင်ကာကြီး ကလေးလေးယောက် ရလာမှာလဲ ... 


သို့သော် သတင်းမှာ တစ်ဖြေးဖြေး ပိုပြီး ပျံ့နှံ့လာသည့်အတွက် လူတိုင်းမှာ သံသယဖြစ်လာကြတော့သည်။ 


မာရှယ်က တကယ်ကြီး ကလေးလေးယောက် ရှိတာလား တကယ်ကို အများကြီးပဲ စိတ်ထားကောင်းရင် ကံကောင်းတယ်ဆိုတဲ့ စကားက အမှန်ပဲကိုး ... 


ထိုအချိန်တွင် ရမ်ရှန့်နှင့် ကျောက်လင်းယွီကတော့ မျက်နှာစုံညီ အစည်းအဝေး လုပ်နေကြသည်။ 


"ခင်ဗျားက လက်မထပ်ချင်ဘူးလေ အကြီးအကဲထန့်က လက်မထပ်သေးဘဲ ကိုယ်ဝန်ရတဲ့သူတွေ အများကြီး ရှိတယ်လို့ ပြောခဲ့လို့ ကျွန်တော်လည်း ကလေးလိုချင်တာနဲ့ ..."


ရမ်ရှန့်က ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်သည်။ သို့သော် ကျောက်လင်းယွီမှာ ယခုအချိန်အထိ သူ့ကိုယ်ဝန်အကြောင်းကို နားမလည်သေးသည့်အတွက် ထပ်‌ဖြည့်ကာ ပြောလိုက်သည်။ 


"ဒါတွေက ခင်ဗျားရဲ့ ကလေးတွေပါလို့ ရှင်းရှင်းလင်းလင်းကြီးကို ပြောခဲ့တယ်လေ ခင်ဗျားက ယုံမှမယုံတာ ..." 


ကျောက်လင်းယွီသည် သူ့အသီးများအပေါ် များစွာ ကောင်းပေးခဲ့သည့်အတွက် အားလုံး သိထားလောက်မည်ဟုသာ ထင်ခဲ့မိသည်။ တစ်လုံးတစ်လေမှ မသိဘဲ နေလိမ့်မည်ဟု လုံးဝ မတွေးခဲ့မိပေ။ 


ဟုတ်တယ် တကယ်လည်း သူ မယုံကြည်ခဲ့ဘူး ဒါပေမယ့် ရမ်ရှန့်က သူ့ကို ဂျင်ဆင်းစေ့တွေ ပေးခဲ့ဖူးတော့ အဲဒီ့အစေ့တွေကနေ သူ့ကလေးဖြစ်လာလိမ့်မယ်လို့ ဘယ်လိုလုပ် တွေးမိပါ့မလဲ ပြီးတော့  ရမ်ရှန့်က အပင်လေ လူမှ မဟုတ်တာ လူနဲ့ လူသားမျိုးနွယ်ပုံစံတူ ဂြိုဟ်သား ပေါင်းစပ်ရင်တောင် သားသမီး မရနိုင်ဘူးလေ ရမ်ရှန့်က အပင်ဆိုတော့ သူတို့နှစ်ယောက်က မျိုးနွယ်မတူဘူးလို့ပဲ တွေးခဲ့မိတာပေါ့ ပြီးတော့ မျိုးနွယ်တူတယ်ဆိုရင်တောင် နှစ်ယောက်လုံးရဲ့ လိင်အမျိုးအစားက အတူတူ ဖြစ်နေတုန်းပဲလေ ... 


ဒီလိုပြောလိုက်ကာမှ အပင်တစ်ပင်ကိုတောင် ကိုယ်ဝန်ရအောင် လုပ်နိုင်တဲ့ စွမ်းရည်က အထင်ကြီးလောက်စရာပါ့လား ...


Xxxxxxx