Chapter 84
အတွေးစများကို ပြန်ရုတ်သိမ်းရင်း သူက ရမ်ရှန့်ကို ပွေ့ဖက်လိုက်သည်။
"ရမ် ကျေးဇူးအများကြီး တင်ပါတယ် ..."
"ဘာလို့ ကျေးဇူးတင်တာလဲ ..."
ရမ်ရှန့်က အနည်းငယ် ရှုပ်ထွေးသွားသည်။
"ကိုယ့်ကို ကလေးလေးယောက် မွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ..."
သူက ပြောလိုက်သည်။
"ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုပါဘူး ကိုယ့်အတွက်ကိုယ် မွေးခဲ့တာလေ ..."
ရမ်ရှန့်က သူ့ရင်ဘက်ကို ပုတ်ပြလိုက်သည်။
ကျောက်လင်းယွီမှာ ချုပ်တည်း၍ မရစွာဖြင့် သူ့မျက်နှာကို ထိတွေ့လိုက်သည်။
ရမ်ရှန့်မှာ ကိုယ်ဝန်ရှိလာတော့ လူတိုင်းက သူ့ကို သားရဲကောင်ကြီးလို့ ထင်ကုန်ကြပြီလေ အဲဒီအတွေးတွေကို အကောင်အထည် ဖော်လိုက်ရမလား ...
ထိုအကြောင်းကို တွေးမိသည်နှင့်တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပူလာတော့သည်။ သို့သော် ရမ်ရှန့်၏ ရိုးစင်းသော မျက်ဝန်းနက်နက်တို့ဖြင့် ရင်ဆိုင်လိုက်ရချိန်တွင်တော့ သူ့တစ်ကိုယ်လုံး ရေအေးတစ်ဇလုံ လောင်းချခံလိုက်ရသလို ဖြစ်သွားတော့သည်။
ရမ်ရှန့်၏ အာရုံအားလုံးမှာတော့ ဥလေးလုံးထံ ရောက်သွားပြီဖြစ်သည်။ အခန်းထဲ ရောက်သည်နှင့်တစ်ပြိုင်နက် ထိုဥလေးလုံးသည် ရွှေရောင်စွမ်းအင်ခဲပေါ်သို့ ခုန်တက်သွားကြတော့သည်။
"သူတို့က ဒါကို တကယ် သဘောကျနေကြတာပဲ ..."
သူက ပြောလိုက်သည်။
ကျောက်လင်းယွီက လှိုင်းလွန်စက်ဖြင့် သူတို့ကို ကြည့်လိုက်ချိန်တွင် ကလေးများ၏ ကျေနပ်မှု ပြည့်လျှံနေသော မျက်နှာကို တွေ့လိုက်ရသည်။ အခြားကလေးများထံ စက်ကို ပြောင်းကြည့်လိုက်ချိန်တွင်လည်း ထိုနည်းတူပင်ဖြစ်သည်။
"ဒါက သူတို့အတွက် အသုံးဝင်လို့ထင်တယ် ..."
"ဟုတ်လောက်မယ် ..."
ရမ်ရှန့်က ခေါင်းငြိမ့်ပြလိုက်သည်။
"ဒါပေမယ့် အန်တီက သူတို့ကို အနွေးသေတ္တာထဲ ထည့်ခိုင်းထားတာ ..."
"ဒါဆိုလည်း အဲ့ဒီ အနွေးသေတ္တာထဲကို ပုံဆောင်ခဲနည်းနည်းလောက် ထည့်လိုက်ကြမလား ..."
ကျောက်လင်းယွီက အကြံတစ်ခု ရလိုက်သည်။
"ကောင်းသားပဲ ..."
ရမ်ရှန့်က သေတ္တာထဲရှိ ကူရှင်ကို ထုတ်ကာ တုန့်ဆိုင်းခြင်း မရှိဘဲ ဖြဲလိုက်ပြီးနောက် သူ့ကို ပြောလိုက်သည်။
"ပုံဆောင်ခဲတွေကို သွက်သွက်လေး ချိုးလိုက်လေ ဒီထဲကို ထည့်ရအောင် ..."
ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့နှစ်ဦးလည်း ကူရှင်ထဲတွင် ပုံဆောင်ခဲအပိုင်းအစများကို ထည့်ရန် တက်ညီလက်ညီ လှုပ်ရှားလိုက်ကြသည်။ ထိုအခါမှသာ ဥများကလည်း အနွေးသေတ္တာထဲသို့ အသာတကြည် အထည့်ခံကြတော့သည်။
"မင်းအတွက်ရော ကူရှင်လုပ်ဦးမလား ဒါမှမဟုတ် ခန္ဓာကိုယ်ပေါ်မှာပဲ နည်းနည်းလောက် ဆောင်ထားမလား ..."
ရမ်ရှန့်၏ ထိုကျောက်တုံးအပေါ် တွယ်တာမှုကို ပြန်စဉ်းစားရင်း သူက မေးလိုက်သည်။
"အဲ့ဒီအထဲက စွမ်းအင်တွေကို စုပ်ယူလို့ မရဘူးလေ လိုချင်ရင်တောင် ဘာမှ အသုံးမဝင်ဘူး ..."
သူက ပြောလိုက်သည်။
"မင်းက ဒီထဲက စွမ်းအင်တွေကို စုပ်လို့ မရဘူးလား ..."
ကျောက်လင်းယွီက အံ့ဩတကြီး မေးလိုက်သည်။
"ဟုတ်တယ်လေ ဘာလို့လဲ ..."
"ဘာမှမဟုတ်ပါဘူး ..."
သူက ရမ်ရှန့်ကို ဖက်ကာ ပါးကို ငုံ့နမ်းလိုက်သည်။
"စောစောအိပ်ရအောင် ..."
ရမ်ရှန့်က သူ့ရင်ခွင်ထဲသို့ တန်းတန်းမတ်မတ် ဝင်အိပ်လိုက်တော့သည်။
တစ်ညလုံး အိပ်မပျော်ရှာလေသော ရှန်းချိုးရှစ်မှာတော့ မနက်မိုးမလင်းခင်ကပင် သူတို့အခန်းရှေ့သို့ ရောက်နေတော့သည်။
"ဒီလောက်အစောကြီးကို ဘာလုပ်နေတာလဲ ..."
ကျောက်ဖမ်းက သူ့ဇနီးကို ကြည့်ရင်း ဆွံ့အနေမိတော့သည်။
"သားနဲ့ ဆွေးနွေးရမယ့်ကိစ္စတွေ အများကြီး ရှိနေသေးတယ်လေ ရှင့်သားက ဆက်သွယ်ရေးစက်ကို ပိတ်ထားတယ် ဘယ်လောက်တောင် လက်လွတ်စပယ် နိုင်လိုက်သလဲ ..."
သူမသည် ယမန်နေ့ညကတည်းက လက်ထပ်ပွဲအကြောင်း ဆွေးနွေးရန် သားဖြစ်သူကို ဆက်သွယ်ခဲ့သော်ငြား အဆက်အသွယ် မရခဲ့ပေ။
အခန်းတံခါးကို သွားခေါက်လိုက်လို့တော့ ရပေမယ့် ရမ်ရှန့်က အခုမှ မီးတွင်းထဲက ထွက်လာတာလေ ညလယ်ခေါင်ကြီးသာ တံခါးသွားခေါက်မိရင် သူမက ယုတ်မာတဲ့ ယောက္ခမဆိုး ဖြစ်သွားမှာပေါ့ ...
"...."
ကျောက်ဖမ်းက သူမကို ရုတ်တရက် ပွေ့ဖက်လိုက်သည်။
"ကိုယ်ကတော့ သူတို့တွေ အစောကြီး ထလာလိမ့်မယ်လို့ မထင်ဘူး ဒီလိုဆိုမှတော့ ကိုယ်တို့နှစ်ယောက်ပဲ ဘဝရဲ့ အနှစ်သာရအကြောင်း အရင်ဆုံး ဆွေးနွေးကြရင် မကောင်းဘူးလား ..."
"ရှင် လူယုတ်မာအိုကြီး ..."
သူမ၏ မျက်နှာမှာ ရုတ်ချည်း ရှက်သွေးတို့ ဖြာသန်းလာတော့သည်။
"ကိုယ်က မအိုသေးပါဘူးနော် ..."
သူက ခပ်ပြုံးပြုံး ပြောလိုက်သည်။ ဆယ်စုနှစ်ပေါင်းများစွာ စွမ်းအင်မဲ့နေခဲ့သော်ငြား ယခုမူ ပြန်လည် ပြင်ဆင်နိုင်သွားပြီဖြစ်သည်။
သူပြောသည်မှာ အမှန်ပင်ဖြစ်သည်။ ကျောက်လင်းယွီနှင့် ရမ်ရှန့်တို့နှစ်ဦးလုံး နေမြင့်မှသာ နိုးလာခဲ့ကြသည်။ ကျောက်လင်းယွီမှာ သူ့ဘေးနားရှိ အနွေးသေတ္တာများကိုသာ အာရုံစိုက်နေပြီး တစ်ညလုံး အိပ်မပျော်ခဲ့သည့်အတွက် မနက်စောစော မထနိုင်ခြင်းဖြစ်သည်။ ရမ်ရှန့်မှာမူ နိုးခဲ့သော်ငြား သူ့ကို ပွေ့ဖက်ထားသည့် ကျောက်လင်းယွီကို တွေ့လိုက်ရ၍ နောက်တစ်ကြိမ် ပြန်အိပ်မိခြင်းဖြစ်သည်။
ကျောက်မိသားစုဝင်အားလုံး စုံလင်ချိန်တွင်တော့ နေ့လည်စာစားချိန်ပင် ရောက်နေပြီဖြစ်သည်။
တစ်ညလုံး အိပ်မပျော်သည့်အပြင် မနက်စောစောတွင်လည်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပါ ထပ်လုပ်လိုက်ရရှာသည့် ရှန်းချိုးရှစ်သည် စားပွဲပေါ်ရှိ စားစရာအားလုံးကို သိမ်းကျုံးစားသောက်ရင်း မေးလိုက်သည်။
"မင်းတို့တွေ ဘယ်တော့ လက်ထပ်ကြမှာလဲ ..."
"ပိုစောလေ ကောင်းလေပဲ ..."
ကျောက်လင်းယွီက ပြောလိုက်သည်။ မမျှော်လင့်ဘဲ ကလေးရလာခဲ့သော်ငြား မွေးပေးခဲ့သူမှာ သူချစ်ရသူ ဖြစ်သည့်အတွက် အလျင်အမြန် လက်ထပ်လိုပေသည်။
"ကောင်းတယ် နောက်ငါးရက်အကြာက ရက်ရာဇာပဲ ဒါမှမဟုတ် နောက်ဆယ်ရက်နေမှဆိုလည်း ရက်ကောင်းတယ် ..."
သူမက ဒီတစ်လအတွက် ရက်ရာဇာများကို ရွေးထားသော စာရွက်ကို ထုတ်ယူကာ ပြောလိုက်သည်။
ရှေ့တစ်လမှ ဆိုရင်တော့ ... သူမသားက ဘာလို့ ဒီလောက်ကြာတဲ့အထိ စောင့်နေရမှာလဲ ...
"နောက်ငါးရက်အကြာ ..."
ကျောက်လင်းယွီက ပြောလိုက်သည်။
ကျောက်မိသားစုတွင် ယာယီနေထိုင်နေသော အကြီးအကဲထန့်သည်လည်း ထိုနေရာတွင် ရှိနေပေသည်။ သူက ထိုအကြောင်း ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ရမ်ရှန့်ကို မေးလိုက်သည်။
"ဆရာ မင်းရဲ့ အမြင်ကရော ဘယ်လိုလဲ နောက်ငါးရက်အကြာဆိုတာကြီးက မြန်လွန်းမနေဘူးလား ..."
"တကယ်တမ်းတော့ ရက်ရာဇာဖြစ်ဖို့ဆိုတာ အရေးတကြီး မလိုအပ်ပါဘူး ..."
သူက ရှန်းချိုးရှစ်ကို ပြုံးပြလိုက်သည်။
"မနက်ဖြန်ဆိုလည်း အဆင်ပြေပါတယ် ..."
84.2
ထပ်စဉ်းစားရန် တိုက်တွန်းလိုသေးသော အကြီးအကဲထန့်မှာတော့ ပါးစပ်ကိုသာ ပိတ်ထားလိုက်တော့သည်။
အိမ်တော်ထိန်းအိုကြီးကလည်း ထိုမြင်ကွင်းကို နှစ်ထောင်းအားရစွာဖြင့် ကြည့်နေလိုက်သည်။ အားလုံး စားသောက်ပြီးစီးကာမှ သူက အနားတိုးလာကာ အပြင်ဘက်ရှိ အခြေအနေကို အစီရင်ခံလိုက်သည်။
"သခင်ကြီး သခင်လေး မနေ့က ဧည့်ခံပွဲကိုလာတဲ့ ဧည့်သည်အများစုက အခုထိ မပြန်ကြသေးပါဘူး ဒီနေ့လည်း ကျွန်းပေါ်ကို ယာဉ်ပျံတွေ ရာဂဏန်းနီးပါး ရောက်လာကြပြီးတော့ တစ်ချို့တွေက အာဟာရဆေးတောင့် လိုချင်လို့ ရောက်လာကြတဲ့သူတွေပါ ..."
"နားလည်ပြီ ..."
ကျောက်လင်းယွီက ထိုသို့ ပြောကာ သူ့အဖေကို လှမ်းကြည့်လိုက်သည်။ သူသည် ငါးရက်အတွင်း လက်ထပ်တော့မည်ဖြစ်ရာ ထိုသူများနှင့် တွေ့ဆုံနေရန် အချိန်မရှိပေ။ ထို့အပြင် သူ့အဖေလည်း ပြန်ရောက်နေပြီဖြစ်၍ သူ့အလုပ်ကို ထပ်ပြီး အပိုင်စီးထားတော့မည် မဟုတ်ချေ။
သူ့အတွေးတို့ကို ရိပ်မိနေသော ကျောက်ဖမ်းက နှုတ်ခမ်းထောင့်တို့ကို အသာကော့ညွတ်ကာ ပြောလိုက်သည်။
"ငါက မြို့တော်ကြယ်ရဲ့ လက်ရှိ အခြေအနေတွေနဲ့ မရင်းနှီးတော့ဘူး ..."
"မရင်းနှီးလို့ကို ပိုပြီး သွားသင့်တာပေါ့ ကဲပါ ရှင်ပဲ အဲဒီ့လူတွေကို ခပ်သွက်သွက် ပြန်ပို့လိုက်စမ်းပါ ..."
ရှန်းချိုးရှစ်က ဝင်ပြောလိုက်သည်။
"လင်းယွီ မင်းက ရမ်ရှန့် အနားယူနေတာကို အဖော်ပြုပေးရင်း ကလေးတွေကို ကြည့်နေလိုက်ဦး ..."
"ကျွန်တော်က အနားယူဖို့ မလိုပါဘူး ..."
ရမ်ရှန့်က ခေါင်းယမ်းပြလိုက်သည်။ ကလေးမွေးပြီးကတည်းက သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားကာ စိတ်စွမ်းအင်များလည်း ပိုလျှံနေတော့သည်။
သူမက သူ့ကို အရဲမကိုးရန် ပြောလိုက်ချင်သော်ငြား ယွမ်ရှင်းတုန်ကပင်လျှင် သူ့ကို အလွန်ကျန်းမာနေသည်ဟု ပြောခဲ့ကြောင်း အမှတ်ရလိုက်သည့်အတွက် အတင်းအကြပ် တိုက်တွန်းမနေတော့ချေ။
"ဒါဆိုလည်း တို့နှစ်ယောက်ပဲ ကလေးတွေကို ကြည့်နေကြတာပေါ့ လင်းယွီက အဖေ့ကို ကူပေးလိုက် ..."
"ကောင်းပါပြီ ..."
ရမ်ရှန့်က ခေါင်းငြိမ့်ပြလိုက်သည်။ သူ့အသီးများကို တစ်ကြိမ်တစ်ခါမှ အရေးတယူ ဂရုမစိုက်ခဲ့ဖူးသော်ငြား ဤတစ်ကြိမ်မှာတော့ မတူညီပေ။ ထိုအသီလေးလုံးကို အင်မတန်ပင် နှစ်ခြိုက်လှပေသည်။
အနွေးသေတ္တာလေးလုံး ရောက်လာချိန်တွင် ကျောက်သားအဖမှာ စိတ်မပါလက်မပါဖြင့် အပြင်ဘက်သို့ ထွက်သွားရတော့သည်။
ဥလေးလုံးမှာ တုတ်တုတ်မျှပင် မလှုပ်ဘဲ အနွေးသေတ္တာထဲတွင် လဲလျောင်းနေသည်။ သေတ္တာ၏ အပြင်ဘက်မျက်နှာစာတွင် ဥများ၏ စက်ဝိုင်းအချင်းနှင့် အလေးချိန်ကို ပြထားသည်။
ရှန်းချိုးရှစ်က သူမ၏ မြေးများကို ပန်းပွင့်လေးသဖွယ် နုနုနယ်နယ် သဘောထားနေသော်ငြား ရမ်ရှန့်ကမူ လက်ရဲဇက်ရဲ နိုင်လှပေသည်။ သူက သေတ္တယအဖုံးကို လှပ်ကာ ဥတစ်လုံးကို အခင်းဖြင့်ပတ်ပြီး ထုတ်ယူလိုက်သည်။
"ရမ် ကလေးတွေက အနွေးသေတ္တာထဲမှာပဲ သင့်လျော်တဲ့ အပူချိန်နဲ့ ထားရမှာလေ ..."
သူမက အလောတကြီး တားမြစ်လိုက်သည်။
"အန်တီ သူတို့တွေက မနေချင်ကြဘူးလေ ..."
သူက ပြောလိုက်သည်။ ရှန်းချိုးရှစ်နှင့် အခြားသူများက သူတို့ကို နုနယ်သည်ဟု သဘောထားကာ ဂရုတစိုက် ဆက်ဆံကြသော်ငြား ၎င်းတို့၏ ခွန်အားကို သူသာလျှင် အသိဆုံးဖြစ်သည်။
ကလေးများမှာ မဖွံ့ဖြိုးသေးသည့်တိုင် ၎င်းတို့၏ ဖြာထွက်လာသော စွမ်းအင်များမှာ ဖုန့်ခဲ့ရှင်းကိုပင် ဖိနှိပ်နိုင်နေပြီဖြစ်သည်။
ရှန်းချိုးရှစ်လည်း သူ့လက်ထဲရှိ ဥများကို စမ်းသပ်ရေးကိရိယာဖြင့် ဂရုတစိုက် စမ်းသပ်လိုက်သည်။ ရမ်ရှန့်၏ စကားများမှာ မှန်ကန်ကြောင်း ဝန်ခံရပေမည်။ ဥများသည် သူတို့ထင်ထားသကဲ့သို့ နုနယ်မနေပေ။
"ဒါဆို အန်တီရော တစ်လုံးလောက် ချီကြည့်လို့ ရမလား ..."
"ရတာပေါ့ ..."
သူက ခေါင်းငြိမ့်ပြလိုက်သည်။
"ဒါပေမယ့် အောက်က အခင်းနဲ့ တစ်ခါတည်းချီမှ ရမယ်နော် ..."
ပုံဆောင်ခဲထည့်ထားသော ကူရှင်သာ မရှိပါလျှင် ထိုကလေးများသည် သူ့ရင်ခွင်ထဲသို့ ပြန်ဝင်လာကြမည် ဖြစ်သည်။
သူနှင့်အတူ ရှန်းချိုးရှစ်၊ ဖုန့်ခဲ့ရှင်းနှင့် အကြီးအကဲထန့်တို့ကလည်း ဥတစ်လုံးစီကို ချီထားလိုက်ကြသည်။
"ရမ် မင်းက တကယ်ကို သန်မာတာပဲ ကလေးလေးယောက်ကို တစ်ပြိုင်တည်း ကိုယ်ဝန်ဆောင်ထားနိုင်တယ် ဒီဥလေးတွေက သေးတယ်ဆိုပေမယ့် လေးလုံးလုံးဆိုရင်တော့ အရွယ်အစားက သေးမှာ မဟုတ်ဘူးနော် ဘာလို့များ မင်းခန္ဓာကိုယ်အရွယ်အစား ပြောင်းလဲလာတာကို သတိမပြုမိလိုက်လဲ မသိဘူး ..."
ရှန်းချိုးရှစ်၏ အမူအယာမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေဟန်ပင်။
ဘာလို့လဲဆိုတော့ သူ့ခေါင်းပေါ်မှာ ရှိနေလို့လေ ...
ရမ်ရှန့်က ဘယ်လိုဖြေရမလဲ စဉ်းစားရကြပ်နေချိန်တွင် ဖုန့်ခဲ့ရှင်း၏ အာမေဋိတ်သံတိုးတိုးကို ကြားလိုက်ရသည်။
"ခဲ့ရှင်း ဘာဖြစ်လို့လဲ ..."
ရှန်းချိုးရှစ်က မေးလိုက်သည်။
"ချိုးရှစ် ဒီရက်ပိုင်းတွေမှာလေ ငါ အာဟာရဆေးတောင့် သောက်တာတောင်မှ အားမရှိဘဲ ခွန်အားတွေလည်း ကန့်သတ်ခံထားရတယ်လို့ ခံစားနေရတာ ဒါပေမယ့် အခုကျ ချက်ခြင်းလက်ငင်းကြီး သက်သာသွားသလိုပဲ ဒီဥကလေ တကယ်ကို အံ့ဩဖို့ ကောင်းလိုက်တာ ..."
သူမက ပြောလိုက်သည်။ ကိုယ်ဝန်ဆောင်ကာလမှာ အင်မတန် ခက်ခဲရာ ရှန်းချိုးရှစ်က သူမကို ကူညီပေးနေသည့်တိုင် မသက်မသာ ဖြစ်နေရဆဲပင် ဖြစ်သည်။ သိူ့သော် ယခု ထိုဥကို ပွေ့ချီသွားချိန်တွင် မသက်သာမှုအားလုံး လွင့်စင်သွားတော့သည်။
"ငါလည်း အဲ့ဒီလိုမျိုးလေး ခံစားမိတယ် တစ်ကိုယ်လုံး သက်တောင့်သက်သာ ရှိလာသလိုပဲ ..."
အကြီးအကဲထန့်ကလည်း ပြောလိုက်သည်။
"ဒီလိုကိစ္စမျိုးလည်း ရှိတယ်လား ..."
ရှန်းချိုးရှစ်က ဂရုတစိုက် အာရုံခံစားလိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"သိမ်မွေ့တဲ့ အားတစ်ခုကို ခံစားနေရတယ် အဲဒါက ငါ့စွမ်းရည်တွေနဲ့ ပေါင်းစပ်နေသလိုပဲ ..."
ရမ်ရှန့်ကမူ တစ်ခုတစ်လေကိုမှ မခံစားမိသည့်အတွက် ဖုန့်ခဲ့ရှင်း၏ စကားသံကို ကြားလိုက်ရစဉ်က ဥများမှာ သူ၏ စိတ်စွမ်းအင်များ ပြည့်နှက်နေသောကြောင့်ဟုသာ တွေးလိုက်မိသည်။ ယခုမှသာ တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိခြင်းဖြစ်သည်။
xxxxxxxxx